အခန်း (၁၉၉)
Vol. 14 Ch. 199
ဝါးပြားလေးများက ခြံဝန်းနှစ်ခုကြားထဲတွင် ရှိနေသော ရွှံ့နံရံပေါ်တွင် ဆက်လက်တည်ရှိနေပြီး သူတို့သခင်နှင့်အတူ အစောပိုင်းနွေဦးရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို ခံစားနေခဲ့သည်။
ထိုအချိန်တွင် နောက်ထပ်ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့၏။
“တုံရှိုကျင်း…”
ယခင်တုန်းကတော့ သူက သူ၏အတန်းဖော်များဖြစ်ကြသော လီပေါင်ဖျင်တို့နှင့်အတူ တာ့ဆွေတိုင်းပြည်ထဲကို လိုက်မလာချင်ခဲ့ပေ။ ထိုလူငယ်လေးက ဗဟုသုတရှာဖွေရန် ခရီးရှည်ကြီးတစ်ခု သွားလာရန် အခွင့်အရေးကို ပယ်ရှားခဲ့ပြီး မြို့ငယ်လေးထဲတွင် ဆက်နေရန်သာ ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် ဆံပင်ကျစ်ဆံမြီးနှင့် ကလေးမလေး ရှစ်ချွန်ကျားကတော့ သူမ၏မိသားစုနှင့်အတူ မြို့တော်သို့ ပြောင်းရွှေ့သွားရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ဆရာချီ၏ ကျောင်းငယ်လေးထဲမှ နောက်ဆုံးတပည့်(၅)ယောက်က လူချင်းကွဲသွားပြီး ကုန်းမြေအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။
ရောက်လာသူက တုံရှိုကျင်းဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ ချန်းပင်အန်းက သူ့ကို အလျင်အမြန် ဖိတ်ခေါ်လိုက်ပြီး သူ့ကို ထိုင်ရန် နေရာပေးခဲ့သည်။ ပန်းရောင်ဝတ်ကလေးမလေးက စားစရာမုန့်တချို့ ယူဆောင်လာပေး၏။
တုံရှိုကျင်းက အနည်းငယ် တိတ်ဆိတ်နေပြီး ရှက်ရွံ့နေပုံရသည်။ သူက အမှားလုပ်ထားသော ကျောင်းသားငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက စာသင်ခန်းတစ်ခုထဲတွင် ထိုင်နေပြီး ဆရာ အပြစ်ပေးမှာကို စောင့်နေသလို ဖြစ်နေသည်။
သို့သော် တုံရှိုကျင်းက မြို့ငယ်လေးထဲတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်မှာ မှားယွင်းနေသည်ဟု ချန်းပင်အန်းကတော့ မခံစားခဲ့ရပေ။ တာ့ဆွေတိုင်းပြည်သို့ ကလေး(၃)ယောက်နှင့် သွားခဲ့သော ခရီးစဉ်အတောအတွင်း တစ်ညတွင် လီဟွိုင်က အိမ်သာသွားရန် သူ့ကို ခေါ်ခဲ့သည်။
သူတို့စကားပြောနေရင်း လီဟွိုင်က တုံရှိုကျင်း၏ နောက်ကြောင်းနှင့် ပတ်သက်ပြီး သူ့ကို ပြောပြခဲ့သည်။ သူ့အမေက သူ့ကို ကိုယ်ဝန်ရှိနေသည့်အချိန်တွင် ရေခပ်ရန် သံကြိုးရေတွင်းဆီသို့ သွားခဲ့ကြောင်း လူတိုင်းက ပြောခဲ့ကြ၏။ သူမက ရေခပ်ရန် ငုံ့နေစဉ် အတောအတွင်း အံ့ဩစရာကောင်းလောက်အောင် သူ့ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကို တုံရှိုကျင်းဟု နာမည်ပေးခဲ့ခြင်း ဖြစ်၏။
သူ၏ အတန်းဖော်များအားလုံးက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သူ့ကို စနောက်နေခဲ့ကြသည်။ သို့သော် တုံရှိုကျင်းကတော့ မည်သည့်အရာကိုမျှ ရှင်းပြရန် ကြိုးစားခဲ့ခြင်း မရှိချေ။ သူက ထိုလူများကို စိတ်ကြိုက်လုပ်ဆောင်ခွင့်လည်း မပေးခဲ့ပေ။ တုံရှိုကျင်းနှင့် လင်းရှို့ယီတို့က လီဟွိုင်၏အစ်မကို သဘောကျနေသည့်အတွက်ကြောင့် ချန်းပင်အန်းက ထိုအချက်ကို ပို၍ နားလည်နေခဲ့သည်။ သို့သော် ထိုအရာက အမှန်ဟုတ်မဟုတ် သူက စိတ်မဝင်စားချေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် ဖုလုလမ်းကြားနှင့် ရွှံ့ပုလင်းလမ်းကြားထဲတွင် နေထိုင်သော သူတို့နှင့် သက်တူရွယ်တူ သခင်မလေးများက အစေခံများ ဖြစ်လာကြကြောင်း သူ၏အိမ်နီးချင်းက သူ့ကို ပြောခဲ့ဖူးသည်။ အကယ်၍ ထိုအရာကသာ နဂါးစီးလမ်းကြားထဲမှ သခင်လေးတစ်ယောက်ဆိုလျှင်တော့ အောင်သွယ်များက သူတို့အတွက် ဖူးစာဖက်များ ရှာဖွေရန် ကူညီပေးမည် ဖြစ်သည်။ အကယ်၍ သူတို့က တစ်နှစ် နှစ်နှစ်ခန့် ပို၍ အသက်ကြီးမည်ဆိုလျှင် သူတို့က ကလေးအဖေများ ဖြစ်လာကြသည်။
ထိုအရာက မြို့ငယ်လေးထဲတွင် သာမန်သာဖြစ်သည်။ ရွှံ့ပုလင်းလမ်းကြားကဲ့သို့ အဆင်းရဲဆုံး လမ်းကြားလေးအတွက်တော့ ယောကျ်ားများက အသက် (၃၀) (၄၀)ရောက်သည်အထိပင် တစ်ကိုယ်တည်းသာ နေကြရသည်။
တုံရှိုကျင်းက မြို့ငယ်လေးထဲတွင် ရှိနေသော ကျောင်းအသစ်နှင့် ပတ်သက်ပြီး ချန်းပင်အန်းကို ပြောပြနေခဲ့သည်။ ချန်းပင်အန်းကလည်း တာ့ဆွေတိုင်းပြည်သို့ သွားခဲ့သော ခရီးရှည်ကြီးအကြောင်းကို ပြောပြခဲ့၏။ သို့သော် သူက ထူးခြားသော အဖြစ်အပျက်များကို ပြောပြရဲခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် တုံရှိုကျင်းက ထိုအရာများပေါ် အလွန်အကျွံ တွေးမိမှာ စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။
မည်သို့ဖြစ်စေကာမူ တုံရှိုကျင်းက ရိုးသားသော လူတစ်ယောက်ဖြစ်သည့်အတွက် ရူးမိုက်သော လူတစ်ယောက်တော့ မဟုတ်ပေ။ နောက်ပိုင်းတွင် မြို့ငယ်လေးထဲ၌ ကိုယ်ပိုင်ဆက်သွယ်ရေးစခန်း ရှိလာတော့မည်ဖြစ်ကြောင်း နားလည်သွားသည့်အချိန်တွင် တုံရှိုကျင်းက တာ့ဆွေတိုင်းပြည် ချောက်ကမ်းပါးကျောင်းတော်၏ လိပ်စာကို ချန်းပင်အန်းဆီမှ မေးခဲ့သည်။ ထိုကောင်လေးက အလွန်ဝမ်းသာနေခဲ့၏။ နောက်ပိုင်းတွင် သူက လီပေါင်ဖျင်တို့ဆီသို့ သေချာပေါက် စာရေးမည်ဟု ပြောခဲ့သည်။
ချန်းပင်အန်းက အနည်းငယ် တွေဝေနေခဲ့၏။ စာနှင့် ပစ္စည်းများ ပို့ဆောင်ရခြင်းက ရွှေငွေများ သုံးစွဲရခြင်းနှင့် တူညီနေသည်။ ယခု တုံရှိုကျင်းက တစ်ကိုယ်တည်းဖြစ်နေပြီး အကူအညီလည်း မရှိချေ။ သူက စာပို့ရသည့် တန်ကြေးကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
သို့သော် ချန်းပင်အန်းက ထိုအရာကို ပြောပြခဲ့ခြင်း မရှိချေ။ ထိုအစား သူ့စိတ်ထဲတွင် ရိုးရှင်းစွာ မှတ်သားထားခဲ့သည်။
တုံရှိုကျင်းက အပြုံးနှင့် ဝမ်းမြောက်ဝမ်းသာ ထွက်ခွာသွားခဲ့၏။
စိမ်းပြာဝတ် ကောင်လေးက နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြောလိုက်သည်။
“ဒီအရူးလေးက တော်တော်ထူးခြားတဲ့ လူတစ်ယောက်ပဲ။ သူက စားစရာ အခမဲ့လာတောင်းတာလို့ ကျွန်တော်က တွေးနေတာ။ တကယ်လို့ သူသာ အဲဒီလိုလုပ်ရဲမယ်ဆိုရင် ….”
သူက ချန်းပင်အန်းကို သတိလက်လွတ် လှမ်းကြည့်လိုက်ပြီး နှုတ်ဖျားသို့ ရောက်နေသည့် စကားလုံးများကို မျိုချလိုက်သည်။
သူက ချက်ချင်းပင် လေသံပြောင်းပြီး ပြောလိုက်၏။
“ပြီးရင်တော့ ဒီလိုလုပ်ရပ်မျိုးက သနားကြင်နာတာလို့ ကျွန်တော်က သူ့ကို အားပေးနိုင်တယ်။ ကျွန်တော်က သူ့ကို အကြောင်းပြချက်တွေ သဘောတရားတွေ ရှင်းပြပြီး တခြားသူတွေရဲ့ရှေ့မှာ နှိမ့်ချနေဖို့ အကြံပေးနိုင်တယ်…”
ချန်းပင်အန်းက ထိုကောင်လေး၏ ခေါင်းကို လက်နှင့်ပုတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“တကယ်လို့ အဲဒီလိုဆိုရင်တော့ ငါက မင်းကိုပဲ ဒုက္ခပေးရတော့မယ်…”
နှစ်သစ်၏ ဒုတိယမြောက်နေ့တွင် မြို့ငယ်လေးထဲရှိ လူအများ၏ ဓလေ့ထုံးတမ်းအရ သူတို့နှင့် ရင်းနှီးသော မိတ်ဆွေများ ၊ မိသားစုများဆီသို့ သွားရောက်လည်ပတ်ပြီး ပျော်ရွှင်စရာနှစ်သစ်ကူးဖြစ်ကြောင်း ဆုတောင်းပေးကြခြင်း ဖြစ်သည်။ ချန်းပင်အန်းဆီတွင် ဆွေမျိုးမရှိသည့်အတွက် ကောင်လေးနှင့် ကလေးမလေးတို့ကိုခေါ်ပြီး လော်ပိုတောင်ကိုသာ လာခဲ့ကြသည်။
လော်ပိုတောင်က လုံချွမ်စီရင်စု၏ အနောက်တောင်ဘက်တွင် တည်ရှိနေသည်။ အနားတွင်တော့ အမြင့်အသီးသီး ရှိနေသော တခြားတောင် (၃)တောင် ရှိနေ၏။ သို့သော် ထိုတောင်များအားလုံးက လော်ပိုတောင်ထက် အဆပေါင်းများစွာပို၍ သေးငယ်ကြ၏။ သူတို့ကတော့ ခုန်ပျံခြင်းငါးတောင် ခုန်ပျံခြင်းငါးတောင်၊ လျင်မြန်မြင်းတက်တောင်နှင့် ကောင်းကင်မြို့တော်တောင်ထိပ်တို့ ဖြစ်ကြသည်။
သူတို့အားလုံးကို တာ့လီအင်ပါယာ၏ အပြင်ဘက်မှ အင်မော်တယ်အဖွဲ့အစည်းများက ဝယ်ယူခဲ့ကြခြင်းဖြစ်ပြီး ထိုတောင်များပေါ်တွင် အလွန်အံ့ဩစရာကောင်းပြီး ထူးခြားသော စံအိမ်များကို တည်ဆောက်ခဲ့ကြသည်။ နှစ်သစ်ကူးချိန် မရောက်ခင် သူတို့က နေ့ရောညပါ ဆောက်လုပ်ရေးနှင့် အလုပ်များနေကြခြင်း ဖြစ်၏။
ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်တို့က ကောင်းကင်မြို့တော် တောင်ထိပ်ကို ဖြတ်လျှောက်လာကြသည့်အချိန်တွင် ထိုတောင်ကြီးက တိတ်ဆိတ်သွားခဲ့ကြောင်း တွေ့ခဲ့ရသည်။ လွန်ခဲ့သော နှစ်အတွင်း တောင်ပေါ်၌ ထူးဆန်းပြီး ကြီးကျယ်ခမ်းနားသော အဆောက်အအုံအမျိုးစုံ ပေါ်လာခဲ့သည်။ ရဲတိုက်များ၊ ကျောင်းဆောင်များ၊ စံအိမ်များ၊ စေတီများနှင့်ခြံဝန်းများ စသည့်အရာများ ဖြစ်ကြသည်။ သူတို့အားလုံးကို အလွန်အံ့ဩဖွယ်ရာ တည်ဆောက်ထားကြ၏။
ချန်းပင်အန်း၏ လော်ပိုတောင်ထိပ်ကတော့ ပတ်ပတ်လည်တွင် ရှိနေသော တောင်မြင့်ကြီးများထက် အဆပေါင်းများစွာ ပို၍ကြီးမားသော်လည်း တိတ်ဆိတ်ပြီး ခြောက်ကပ်နေသည်။ ထိုအရာကလည်း တည်ဆောက်မှု အားလုံးနီးပါးကို တာ့လီအင်ပါယာတစ်ခုတည်းကသာ တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်။ ထိုတောင်၏ ပိုင်ရှင်ဖြစ်သော ချန်းပင်အန်းကတော့ နောက်ထပ်ဆောက်လုပ်မှုများ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။
ထို့ကြောင့် တောင်တန်းနတ်ဘုရားတစ်ပါး ရှိနေသော လော်ပိုတောင်ကတော့ ရတနာတောင် ၊ တိမ်တိုက်နီတောင်နှင့် အင်မော်တယ်မြက်ပင်တောင်တို့ထက်ပင် အခြေအနေပို၍ ဆိုးရွားနေခဲ့သည်။ ထိုတောင်တန်းများက လူမရှိဘဲ အသက်ကင်းမဲ့နေသော်လည်း အနီးအနားတောင်ထိပ်များပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ကြပ်နေသည့် ကျင့်ကြံသူများ ရှိနေကြသေးသည်။
သူတို့က အနီးအနားတောင်ထိပ်ကို ကြည့်နေမိသည့်အချိန်တိုင်း ပြုံးနေမိကြ၏။ ထိုလူက တောင်တန်းများကို ဝယ်ယူရန် ချမ်းသာသော်လည်း ထိုတောင်တန်းများကို တိုးတက်အောင် လုပ်ဆောင်ရန် အလွန်ဆင်းရဲနေခြင်းပေလော။ ထိုအရာက အလွန်ထူးဆန်းလှသည်။
ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က လော်ပိုတောင်၏ အနားသို့ ရောက်လာသည့်အချိန်တွင် ဝေ့ပိုက သူတို့၏ ရှေ့တွင် ထူးဆန်းစွာ ပေါ်လာခဲ့သည်။ ချန်းပင်အန်းက ဝေ့ပိုကို အိတ်ငယ်လေးတစ်လုံးပေးလိုက်ပြီး ထိုအိတ်ထဲတွင်တော့ ထိပ်တန်းအရည်အသွေးရှိနေသည့် မြွေကျောက်တုံးတစ်တုံး ရှိနေသည်။ လူငယ်လေးက ထိုမြွေကျောက်တုံးကို သွားစားပွဲတောင်မှ အနက်ရောင်စပါးအုံးမြွေဆီသို့ ပေးရန် ဝေ့ပိုကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
ဝေ့ပိုက ထိုအန်ပေါင်းကို အပြုံးနှင့် လက်ခံလိုက်ပြီး အနက်ရောင်စပါးအုံးမြွေဆီသို့ သေချာပေါက်ပေးလိုက်မည်ဟု ပြောခဲ့၏။ သူက ထိုအရာကို ခိုးယူထားမည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။
သူတို့က တောင်ပေါ်သို့ အတူတူတက်သွားခဲ့ပြီးနောက် မြို့ငယ်လေးထဲရှိ ကျောင်းအသစ်နှင့် ပတ်သက်ပြီး ချန်းပင်အန်းက မေးမြန်းခဲ့သည်။ ဝေ့ပိုက တုံရှိုကျင်းထက် ပို၍ သိနေခဲ့သည့်အတွက် ချန်းပင်အန်းကို အသေးစိတ် ရှင်းပြနိုင်သည်။
ထိုအရာက လုံဝေတိုင်းပြည် ချန်းကလန်မှ တည်ထောင်ထားသော ကျောင်းတစ်ခု ဖြစ်နေခဲ့သည်။ သို့သော် ထိုကျောင်းက လူတိုင်းသင်ကြားရန်အတွက် ဖြစ်ပြီး ကုန်ကျစရိတ် လုံးဝမရှိချေ။
“အမှန်အတိုင်းပြောရရင် လုတိုင်းပြည်က အကျဉ်းသားတွေနဲ့ ဒုက္ခသည်တွေတောင် အဲဒီကျောင်းကို တက်နိုင်ကြတယ်။ ဒီဆုံးဖြတ်ချက်က လူပေါင်းများစွာရဲ့ အသက်ကို ကယ်လိုက်တာနဲ့ အတူတူပဲ။ မဟုတ်ရင် ပိန်ပိန်ပါးပါးနဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးတွေက ဒီနှစ်ဆောင်းရာသီကိုတောင် ကျော်နိုင်ကြမှာ မဟုတ်ဘူး…”
လုံချွမ်စီရင်စုက တဖြည်းဖြည်း တဖြည်းဖြည်း စည်ကားလာပြီး အနီးအနားတိုင်းပြည်နှင့် စီရင်စုမှ ကလန်ပေါင်းများစွာ ရွှေ့ပြောင်းလာခဲ့ကြသည်။ သူတို့၏ အရေအတွက်က အတော်လေးကို များပြားသည့်အပြင် ကြွယ်ဝချမ်းသာပြီး ကြီးကျယ်ခမ်းနားသော အစွမ်းထက်ကလန် အရေအတွက်ကလည်း များပြားလာသည်။
ထိုကလန်များက မြို့ငယ်လေး၏ ပတ်ပတ်လည်တွင် ရှိနေသော နေအိမ်များနှင့် နယ်မြေများကို ငွေကြေးအကုန်အကျခံ၍ ဝယ်ယူကြသည်။ သူတို့က ဖုလုလမ်းကြားနှင့် မက်မွန်ရွက်လမ်းကြားထဲတွင် ရှိနေသော စံအိမ်ကြီးများကို အဓိက အလေးထားနေကြ၏။ ယခု နဂါးစီးလမ်းကြားနှင့် မက်မွန်ရွက်လမ်းကြားထဲတွင် ရှိနေသော စံအိမ်ကြီးများစွာကပင် ပိုင်ရှင်အသစ်များ ပြောင်းလဲသွားကြသည်။
တစ်နှစ်အတောအတွင်း ကျောင်းငယ်လေးတွင် ကျောင်းသား(၁၀၀)ကျော် ရှိလာခဲ့၏။ ကျောင်းတွင် သင်ကြားနေသော ဆရာများအားလုံးကလည်း နာမည်ကျော် စာသင်သားများ ဖြစ်ကြသည်။
ထိုအရာများအားလုံးကို ရှင်းပြလိုက်ပြီးနောက် ဝေ့ပိုက အပြုံးနှင့် မေးလိုက်၏။
“အဲဒီလူတွေက သစ်ကြားစေ့ ခွဲဖို့ ဧရာမတူကြီးတစ်လက် သုံးနေတယ် (အသုံးမဝင်တဲ့အရာတွေ လုပ်နေတယ်)လို့ မင်းက ခံစားမိလား။ ဘာလို့ မောက်မာပြီး သဘောထားသေးတဲ့ စာသင်သားတွေက သူတို့မွေးရပ်မြေကနေ ထွက်လာပြီး ဒီနေရာမှာ ဒုက္ခလာခံနေကြတာလဲ။ ပြီးတော့ ဘာလို့ သူတို့က ဒီလိုကလေးတွေ၊ လူငယ်တွေကို သင်ကြားပေးချင်နေရတာလဲ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“လုံဝေတိုင်းပြည် ချန်းကလန်က သူတို့ကို ငွေကြေးတွေ အများကြီးနဲ့ ကမ်းလှမ်းထားလို့လား…”
ဝေ့ပိုက အားရပါးရ ရယ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းပြီး ရှင်းပြလိုက်၏။
“ဒါက ငွေကြေးနဲ့ ဘာမှမဆိုင်ဘူး။ အဲဒီစာသင်သားတွေထဲမှာ နှစ်ယောက်က စံပြ စံပြစာသင်သားတွေပဲ။ သူတို့ကို ငွေကြေးနဲ့ မြှူဆွယ်လို့ ရပါ့မလား။ အဲဒီလူတွေက အဲဒီလူတွေက ပိယွင်တောင်ကို ဝင်နိုင်ဖို့ မျှော်လင့်နေကြတာ။ ဘာလို့ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ တောသမင်ကျောင်းတော်လို့ခေါ်တဲ့ စိတ်ဝင်စားစရာနေရာတစ်ခု ပေါ်လာတော့မှာမလို့ပဲ…”
စိမ်းပြာဝတ် ကောင်လေးက ဝင်ပြီး မေးလိုက်သည်။
“ခင်ဗျားက ပိယွင်တောင်ပေါ်မှာနေတယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင်တော့ ခင်ဗျားက ပိယွင်တောင်ပေါ်မှာ ထူးဆန်းတဲ့အလုပ်တွေ လုပ်ရတာလား…”
“ဝေးဝေးကို သွားနေစမ်း။ ငါက မင်းရဲ့ဆရာနဲ့ အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးနေတာ.”
ဝေ့ပိုက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ကောင်လေးကို မောင်းထုတ်လိုက်သည်။
ခဏကြာပြီးနောက် သူက ဆက်ပြောလိုက်၏။
“အမှန်အတိုင်းပြောရရင် တာ့လီအင်ပါယာက တော်တော်လေး ကြီးကျယ်တဲ့အရာတစ်ခုကို စီစဉ်နေတယ်ဆိုတာ မျက်မမြင်တွေကတောင် သိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောသမင်ကျောင်းတော်က တာ့ဆွေတိုင်းပြည်ရဲ့ ချောက်ကမ်းပါးကျောင်းတော်ကို ယှဉ်ပြိုင်ဖို့ ဖြစ်လာတာပဲ…”
“တာ့လီအင်ပါယာကသာ တောင်ပိုင်းကို သိမ်းပိုက်ဖို့ အောင်မြင်သွားပြီး တာ့ဆွေတိုင်းပြည်ရဲ့ ကောင်းကလန်ကသာ ဖျက်စီးခံလိုက်ရမယ်ဆိုရင် အရှေ့ပိုင်းကုန်းမြေကြီးအတွက် ကွန်ဖြူးရှပ်ကျောင်းတော် (၇၂) ခုထဲက လစ်လပ်နေတဲ့ နေရာ(၂)ခုက ကန်ကြည့်ကျောင်းတော်နှင့် တောသမင်ကျောင်းတော်တို့ဆီကို သေချာပေါက် ရောက်သွားလိမ့်မယ်။ ဒါကြောင့် တောသမင်ကျောင်းတော်ကို စောစောရောက်လေလေ နဂါးကူညီ အရာရှိတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ပိုများလေလေပဲ…”
“နဂါးကူညီ အရာရှိနှင့် နဂါးနောက်လိုက်အရာရှိတို့က စကားလေးတစ်ခွန်းပဲ ကွာခြားသွားတာ။ ဒါပေမဲ့ ကွာဟမှုကတော့ ကောင်းကင်နဲ့ မြေကြီးလို အရမ်းကြီးမားတယ်။ ဒါပေမဲ့ ဒါက အကူအညီမဖြစ်ပါဘူး။ တကယ်လို့ စာသင်သားတစ်ယောက်ကသာ သူတို့ရဲ့တိုင်းပြည်နဲ့ လူမျိုးအတွက် ရည်မှန်းချက်တွေ အကျိုးမြတ်တွေကို နားလည်ချင်တယ်ဆိုရင်တော့ သူတို့က နန်းတော်ထဲမှာ နေရာတစ်ခုရဖို့ အရင်ဆုံးကြိုးစားရမယ်…”
“မဟုတ်ရင် သူတို့ရဲ့ ထင်မြင်ချက်တွေ၊ အတွေးအခေါ်တွေအားလုံးက စကားလုံးသက်သက်ပဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်က အဲဒီအရာတွေကို နန်းတော်ထဲမှာ ဆွဲဆောင်ဖို့ မအောင်မြင်ဘူးဆိုရင်တော့ သူတို့က နောက်တစ်လှမ်းဆုတ်ပြီး သူတို့ရဲ့ကိုယ်ကျင့်တရားကို လေ့ကျင့်ဖို့ လိုလိမ့်မယ်။ သူတို့ရဲ့အသိပညာကို သန့်စင်ရတာက ဆိုးရွားတဲ့ ရွေးချယ်မှုတစ်ခုတော့ မဟုတ်ဘူး။ သူတို့က သူတို့ရဲ့သင်ကြားမှုတွေကို ဖြန့်ကျက်ဖို့ ရွေးချယ်နိုင်တဲ့အပြင် လူတို့ကို ပညာသင်ပေးဖို့လည်း ရွေးချယ်နိုင်တယ်။ အဲဒီကနေ ကောင်းမွန်တဲ့ ဦးတည်ချက်တစ်ခုရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို လမ်းပြနိုင်လိမ့်မယ်။ ဒါပေမဲ့ ပထမရွေးချယ်မှုနှင့် ယှဉ်လိုက်မယ်ဆိုရင်တော့ အဲဒါက အထီးကျန်တဲ့ လမ်းကြောင်းတစ်ခုပဲ…”
ဝေ့ပိုက ထိုအရာများကို တည်ငြိမ်အေးချမ်းစွာ ပြောနေခဲ့သည်။ သူက တောင်ပေါ်သို့ ဆက်တက်သွားနေရင်း အင်္ကျီလက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ အဖြူရောင်တိမ်တိုက်နှစ်ခုက တောင်ထိပ်ပေါ်သို့ ရောက်သွားခဲ့သည်။
ပန်းရောင်ဝတ် ကလေးမလေးက ထိုအရာကို ငေးကြည့်နေမိခဲ့သည်။ သူမက နောက်ကျောတွင် အစိမ်းရောင်ဝါး စာအုပ်သေတ္တာလေးကို သယ်ဆောင်ပြီး သူမတို့၏ ဆရာကလည်း နောက်ပိုင်းတွင် ထိုကဲ့သို့ ထူးခြားလာမည့်အကြောင်းကို တွေးတောကြည့်နေမိခဲ့သည်။
“ဝေ့ပို …
အခုခင်ဗျားက တောင်တန်းနတ်ဘုရားတစ်ပါးလား…”
ချန်းပင်အန်းက ရုတ်တရက်မေးလိုက်သည်။
ဝေ့ပို၏ မျက်နှာပေါ်တွင် နားလည်သော အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်၏။
“ချန်းပင်အန်း …
မင်း ဒီမေးခွန်းကို မေးလာဖို့ ငါ စောင့်နေတာ…”
စိမ်းပြာဝတ် ကောင်လေးက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ့မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“တောင်တန်းနတ်ဘုရားလား။ ငါကတော့ မဟာမြစ်နတ်ဘုရားရဲ့ ညီအစ်ကိုပဲ…”
ဝေ့ပိုက လက်တစ်ဖက်မြှောက်ပြီး ပိယွင်တောင်ကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါက ပိယွင်တောင်ရဲ့ ယာယီတောင်တန်းနတ်ဘုရားတစ်ပါးပဲ…”
သူက ပန်းရောင်ဝတ် ကလေးမလေး၏ အနားသို့ လမ်းလျှောက်သွားသည့်အချိန်တွင် စိမ်းပြာဝတ် ကောင်လေးကတော့ ခေါင်းကုတ်ချင်ယောင်ဆောင်ခဲ့သည်။
“တကယ်လို့ အရာအားလုံးကသာ အစီအစဉ်အတိုင်းဖြစ်မယ်ဆိုရင် သိပ်မကြာခင် ပိယွင်တောင်က တာ့လီအင်ပါယာရဲ့ မြောက်ပိုင်းတောင်အဖြစ် အဆင့်မြင့်သွားလိမ့်မယ်.”
ဝေ့ပိုက ထပ်ဖြည့်ပြောလိုက်သည်။
ချန်းပင်အန်းက ရပ်ပြီး မေးလိုက်၏။
“မြောက်ပိုင်းတောင် ဟုတ်လား။ ဒါက တောင်ပိုင်းတောင် ဖြစ်သင့်တာမဟုတ်လား..”
ဝေ့ပိုက ခေါင်းခါပြီး ပြောလိုက်သည်။
“မဟုတ်ဘူး၊ ဒါက မြောက်ပိုင်းတောင်…”
ပန်းရောင်ဝတ်ကလေးမလေးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်လည်း လေးစားမှုများ ပြည့်နှက်နေခဲ့၏။
‘တောင်(၅)တောင်ထဲမှ တစ်တောင်၏ တရားဝင်နတ်ဘုရား…’
ထိုအရာက အလွန်အံ့ဩစရာကောင်းပြီး အဆင့်မြင့်သော ရာထူးတစ်ခု ဖြစ်သည်။ ထို့ပြင် သူက တာ့လီအင်ပါယာ၏ တောင်(၅)တောင်မှ တရားဝင်နတ်ဘုရားတစ်ပါး ဖြစ်နေ၏။
စိမ်းပြာဝတ် ကောင်လေးက တံတွေးမျိုချလိုက်ပြီး ဝေ့ပို၏အနားသို့ လျင်မြန်စွာ လျှောက်သွား၍ အပြုံးနှင့် မော့ကြည့်လိုက်သည်။
“အင်မော်တယ်ဝေ့ လမ်းလျှောက်ရတာ ပင်ပန်းနေပြီလား။ တစ်နေရာရာမှာ ထိုင်ပြီး အနားယူဖို့ လိုသေးလား။ ကျွန်တော်က အင်မော်တယ်ဝေ့ရဲ့ ပုခုံးတွေ၊ ခြေထောက်တွေကို နှိပ်ပေးရဦးမလား…”
ဝေ့ပိုက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဘာလဲ..မင်းက ငါ့ကို ထပ်ပြီးတော့ ပေါက်တတ်ကရတွေ မပြောတော့ဘူးလား..”
စိမ်းပြာဝတ် ကောင်လေးက အမှန်တရားဆန်သော အမူအရာနှင့် ကြေညာလိုက်သည်။
“အင်မော်တယ်ဝေ့က ကျွန်တော့်ဆရာနဲ့ မိတ်ဆွေကောင်းတွေလေ။ ကျွန်တော်ကလည်း ဆရာ့ရဲ့မိသားစု တစ်စိတ်တစ်ပိုင်းပဲ။ ဒီလိုဆိုမှတော့ ကျွန်တော်တို့နှစ်ယောက်ကလည်း မိတ်ဆွေတွေလို့ သတ်မှတ်နိုင်တယ်မဟုတ်လား။ ဒီတော့ ကျွန်တော်က အင်မော်တယ်ဝေ့ကို ကူညီပေးသင့်တယ်မဟုတ်လား…”
ဝေ့ပိုက ထိုရေမြွေလေး၏ ပါးကို လက်နှင့် ဆွဲဖျစ်လိုက်သည်။ သူက သူကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပြောလိုက်၏။
“မင်းက တော်တော်ရယ်ရတာပဲ…”
ထိုကောင်လေး၏ မျက်နှာပေါ်တွင် ခက်ထန်တည်ကြည်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူက ခုခံရဲခြင်း မရှိချေ။ တခြားထင်မြင်ချက်လည်း မရှိပေ။ အကယ်၍ ဝေ့ပိုက အမှန်အတိုင်းပြောနေသည်ဆိုလျှင် သူနှင့် သူ့ဆရာက သူ၏ လက်ခုပ်ထဲတွင် ရှိနေသည်။ ချန်းပင်အန်းက တောင်တန်း မည်မျှပိုင်ဆိုင်စေကာမူ သူတို့ကသာ လုံချွမ်စီရင်စုထဲတွင် ရှိနေသေးသ၍ ဝေ့ပို၏အမိန့်ကို နာခံရန် လိုအပ်သည်။
တောင်(၅)တောင်ထဲမှ တစ်တောင်၏ တရားဝင်နတ်ဘုရားတစ်ပါးဖြစ်သော ဝေ့ပိုက သူ့ပိုင်နက် ကြည့်လိုက်ရုံနှင့် သူ့ပိုင်နက်ထဲတွင် ရှိနေသော တောင်တန်းများအားလုံးကို လှုပ်ခါနိုင်စွမ်း ရှိသည်။ အကယ်၍ သူသာ ဆန္ဒရှိလျှင် စွမ်းအားပေါင်းများစွာကို ထိန်းချုပ်ပြီး တောင်တန်းအုတ်မြစ်များကို တူးဖော်နိုင်သည်။ တခြားအကြောင်းအရာများစွာကိုလည်း လုပ်ဆောင်နိုင်သေး၏။ ထို့ပြင် သူက မည်သူမျှ သတိမထားမိဘဲ ထိုအရာများအားလုံးကို လုပ်နိုင်သည်။
ဝေ့ပိုက အပြုံးနှင့် မေးလိုက်၏။
“ရှန်ရှို့တောင်ပေါ်မှာ ကိစ္စတွေ အများကြီး ဖြစ်နေတယ်။ ဒီနေ့အထိအောင် အလုပ်တွေက မရပ်သေးဘူး။ ချန်းပင်အန်း မင်းက အဲဒီကို သွားကြည့်ချင်လား။ အဲဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်…”
ချန်းပင်အန်းကလည်း စိတ်ဝင်စားနေသည့်အတွက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းတာပေါ့… ကျွန်တော်လည်း အဲဒီကို သွားကြည့်ချင်နေတာ…”
ဝေ့ပိုက လေချွန်လိုက်ပြီး သိပ်မကြာခင် တောင်ကုန်းပေါ်ရှိ တစ်နေရာမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်လာခဲ့သည်။ ခဏကြာပြီးနောက် ဗိုက်တွင် ရွှေရောင်မျဉ်းကြောင်းတစ်ခု ရှိနေသော ဧရာမအနက်ရောင်စပါးအုံး မြွေကြီးတစ်ကောင် ထွက်လာပြီး သူတို့၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့နှစ်ယောက်လုံးက အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရ၏။ ရေနဂါးမျိုးဆက်များက အချင်းချင်း ရန်လိုနေကြသည်မှာ သာမန်သာဖြစ်သည်။ ထိုအနက်ရောင်စပါးအုံးမြွေကတော့ ကျင့်စဉ်အဆင့် တိုးတက်နေပြီး နောက်ပိုင်းတွင် သူက ရေနဂါးတစ်ကောင် ဖြစ်လာနိုင်သည့် ပါရမီမျိုး ပြသနေသည်။
အလွန်ရှုပ်ထွေးသော သွေးမျိုးဆက်များ ရှိနေသည့် ရေနဂါးမျိုးဆက်များတွင် အတော်များများကတော့ အဆင့်(၇) သို့မဟုတ် အဆင့်(၈)သို့ တက်လှမ်းနိုင်လျှင်ပင် ရေနဂါးပုံသဏ္ဌာန်ပြောင်းလဲနိုင်ခြင်း မရှိချေ။ ရေနဂါး ပုံသဏ္ဌာန်ပြောင်းလဲနိုင်လျှင်ပင် လူသားပုံသဏ္ဌာန် ပြောင်းလဲနိုင်ခြင်း မရှိချေ။
အမှန်အတိုင်းပြောရလျှင် ထိုအရာက အစွမ်းထက်သော အဆင့်(၉) မျိုးဆက်များအတွက်ပင် အတူတူသာ ဖြစ်သည်။ စိမ်းပြာဝတ် ကောင်လေးကတော့ ပါရမီနှင့် အရည်အချင်းကို အားကိုးပြီး ရလာခဲ့ခြင်း ဖြစ်သည်။ သူက ငြင်းရဲခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် ထိုအရာက တစ်ဝက်သာ မှန်ကန်သည်။
ဝေ့ပိုက အိတ်ကလေးကို အနက်ရောင်စပါးအုံးမြွေဆီသို့ ပစ်ပေးပြီး ပြောလိုက်သည်။
“ဒါက ချန်းပင်အန်းဆီက အန်ပေါင်းပဲ။ မင်းက အဲဒါကို အလျင်အမြန်စားဖို့မလိုဘူး။ အရင်ဆုံး ငါတို့ကို ရှန်ရှို့တောင်ဆီ လိုက်ပို့ပေးဦး…”
အနက်ရောင်စပါးအုံးမြွေ၏ မျက်လုံးများက အလွန်အမင်းကို တည်ငြိမ်နေသည်။ သူ၏မျက်လုံးထဲတွင် မကျေမနပ်ဖြစ်မှုများ၊ ခုခံလိုမှုများ လုံးဝမရှိချေ။ သူက ဖြည်းညင်းစွာ ခေါင်းငုံ့နေပြီး သိမ်မွေ့နူးညံ့မှုကို ပြသနေခဲ့၏။
သူတို့(၄)ယောက်က အနက်ရောင်စပါးအုံးမြွေ၏ ကျောပေါ်သို့တက်ပြီး လော်ပိုတောင်ပေါ်မှ မြောက်ဘက်ကို သွားလာခဲ့သည်။
သွားစားပွဲတောင်မှ ထွက်လာပြီး လော်ပိုတောင်ကို ရောက်လာပြီးနောက် ကြမ်းတမ်းခက်ထန်ခဲ့သော အနက်ရောင်စပါးအုံးမြွေက ယခင်တုန်းကထက် ပို၍ တည်ငြိမ်လာခဲ့သည်။ ထိုအရာကလည်း ဝေ့ပို၏ ကျေးဇူးကြောင့်သာ ဖြစ်၏။
သူတို့က တောင်တန်းများကို လျင်မြန်စွာ ဖြတ်သန်းလာခဲ့ပြီး တစ်နေရာတွင်တော့ အဖြူဝတ် ဝေ့ပိုက တောင်ခြေတွင် ရပ်နေသော အဖွဲ့တစ်ဖွဲ့ကို လက်ညှိုးထိုးပြပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
“သူတို့က စက်ယန္တရားတွေကို အရမ်းကျွမ်းကျင်တဲ့ မိုအတွေးအခေါ်ဂိုဏ်းက တပည့်တွေပဲ။ ပြီးတော့ မြေမျက်နှာသွင်ပြင်နှင့် ဖုန်းရွှေကျွမ်းကျင်တဲ့ သဘာဝပညာရှင်တွေလည်း ရှိသေးတယ်။ သူတို့အားလုံးကို လုံချွမ်စီရင်စုထဲမှာရှိတဲ့ တောင်တန်းကြီးတွေထဲကို ဖိတ်ခေါ်ထားတာ။ အဲဒီအဖွဲ့နှစ်ဖွဲ့က မကြာခဏပေါ်လာပြီး သူတို့တွေရဲ့ ပူးပေါင်းမှုကလည်း အရမ်းအဆင်ပြေတယ်…”
“အမှန်အတိုင်းပြောရရင် အင်မော်တယ်စံအိမ်တွေနဲ့ တောင်တန်းနတ်ဘုရားကျောင်းဆောင်တွေ တည်ဆောက်တဲ့နေရာမှာ အဲဒီလူတွေက အရမ်းအရေးပါတယ်…”
ထို့နောက် သူတို့က ဗိုက်ဖောင်းနေသော မီးခိုးရောင်ဖားကြီးများကို တောင်ကုန်းတစ်ခုပေါ်တွင် တွေ့လိုက်ရသည်။ ထိုအရာကတော့ ဗိုက်ထဲတွင် မြစ်ရေလီတာ တစ်သောင်းခန့်ကို သိုလှောင်ထားနိုင်သော မြစ်ဝါးမျိုဖားများ ဖြစ်ကြသည်။ သူတို့၏ ဦးတည်ချက်သို့ ရောက်ပြီးသွားလျှင် သူတို့၏ပါးစပ်ကို ဖွင့်လိုက်ရုံနှင့် သူတို့က ရေကန်တစ်ခုကို တူးလိုက်နိုင်သည်။ ထို့နောက် ရေများက သူတို့၏ ဗိုက်ထဲမှနေ၍ ရေကန်ထဲသို့ ရောက်သွားမည် ဖြစ်၏။
ထိုအရာမျိုး သေးငယ်သော ဖားအမျိုးအစားလည်း ရှိနေသေးသည်။ သူတို့ကိုတော့ လမ်းရှင်းဖားဟု ခေါ်ကြသည်။ သူတို့၏ ဗိုက်ကတော့ အလွန်အမင်းကို မာကျောပြီး သူတို့က ခြေထောက်အောက်တွင် ရှိနေသော မြေကြီးကို တူးဖော်၍ ပြန်ပြူးသော လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်သည်။
ထို့ပြင် ဝေ့ပိုက တာ့လီအင်ပါယာနန်းတော်ထဲတွင် မွေးမြူထားသော တောင်ရွှေ့လူဝံငယ်လေးများအကြောင်းလည်း ပြောပြခဲ့သည်။ ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်ကတော့ ယခုတစ်ကြိမ် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိချေ။
ပန်းဝါတောင်ထိပ်ကို ဖြတ်သန်းလာသည့်အချိန်တွင် ချန်းပင်အန်းတို့က ရွှေရောင်ချပ်ဝတ်အင်္ကျီဝတ်ဆင်ထားသော စစ်သည်များနှင့် အလုပ်များနေသော တာအိုသခင်အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့က တောင်တန်းများကို တူးဖော်ပြီး ဧရာမကျောက်တုံးကြီးများကို သယ်ပို့နေကြသည်။
အင်မော်တယ်စံအိမ်များ တည်ဆောက်ရာတွင် တာအိုအဆောင်ကျင့်ကြံသူများကို အားကိုးရမည် ဖြစ်သည်။ ထိုကျင့်ကြံသူများက သူတို့၏အဆောင်ကို အမိန့်နားလည်နိုင်သော ဉာဏ်ရည်ရှိနေသည့် ရုပ်သေးများအဖြစ် ပြောင်းလဲနိုင်ကြသည်။ ထိုရုပ်သေးများက အနားယူရန်၊ အိပ်စက်ရန် မလိုအပ်ဘဲ သူတို့၏အမိန့်ကို လုပ်ဆောင်နိုင်ကြ၏။ သူတို့၏ စွမ်းအားများ ကုန်ဆုံးသွားသည့်အချိန်အထိ လုပ်ဆောင်နိုင်ကြသည်။ ထိုအချိန်တွင်တော့ သူတို့က ပြာမှုန့်များအဖြစ် အလိုလို ပြောင်းလဲသွားမည် ဖြစ်၏။
Translated by Hein Htet.