← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

ချန်းပင်အန်း၏ အိမ်ထဲတွင် ထိုင်ခုံငယ်လေး (၃)ခုသာ ရှိသည်။ ထို့ကြောင့် ပန်းရောင်ဝတ် ကလေးမလေးက သူမ၏ထိုင်ခုံကို အလျင်အမြန် နေရာထပေးလိုက်ပြီး လူငယ်ဓားသမားကို ပေးလိုက်သည်။

သို့သော် လူငယ်ဓားသမားက ထိုထိုင်ခုံတွင် အလျင်စလို ထိုင်ခဲ့ခြင်းမရှိဘဲ အပြုံးနှင့် ပြောလိုက်၏။

“ငါက နှစ်သစ်ကူးမှာ လာလည်မှတော့ လက်ဗလာနဲ့လာတာ အဓိပ္ပာယ်မရှိဘူးလေ။ ငါက မင်းတို့အတွက် ပစ္စည်းလေး(၂)ခု ယူလာခဲ့တယ်…”

သူက လက်ကို ဆန့်လိုက်သည့်အချိန်တွင် သူ၏လက်ဖဝါးပေါ်၌ စကားလုံးများ ထွင်းထုထားခြင်းမရှိသည့် ကျောက်စိမ်းပြားလေးနှစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုကျောက်စိမ်းပြား၏ ထောင့်(၄)ထောင့်တွင်တော့ တာ့လီအင်ပါယာ နန်းတွင်းစုန့်ကလန်ဟူသော ထူးခြားသည့် တိမ်တိုက်ပုံစံကွက်များ ထွင်းထုထားသည်။

“ဒါက ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်း တံဆိပ်ပြားလို့ခေါ်တယ်။ မင်းတို့ရဲ့ ခါးမှာ ချိတ်ထားလို့ရတယ်။ နောက်ပိုင်း မင်းတို့က ဒီနေရာမှာ အခြေချရင် မင်းတို့နှစ်ယောက်လုံးအတွက် နည်းနည်း အကျိုးရှိလိမ့်မယ်။ တကယ်လို့ မင်းတို့က ခရီးရှည်ကြီးတစ်ခု သွားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်တောင် ဒီကျောက်စိမ်းပြားတွေက တာ့လီအင်ပါယာထဲမှာ မင်းတို့ ခရီးသွားလာဖို့အတွက် ပိုပြီးတော့ လွယ်ကူအဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်…”

စိမ်းပြာဝတ် ကောင်လေးက ထိုအရာကို ရယူရန် အတော်လေး ဆန္ဒစောနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုကျောက်စိမ်းပြား၏ အဖိုးတန်မှုကို နားလည်နေခြင်းကြောင့် ဖြစ်၏။

ပန်းရောင်ဝတ် ကလေးမလေးကတော့ ထိုကျောက်စိမ်းပြားနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မသိခဲ့ပေ။ ထို့ကြောင့် သူမက ချန်းပင်အန်းကို ရိုးရှင်းစွာ လှည့်ကြည့်လိုက်၏။ ထိုလက်ဆောင်များကို လက်ခံခြင်း၊ မခံခြင်းက သူတို့၏ဆရာအပေါ်တွင်သာ မူတည်နေသည်။

ချန်းပင်အန်းက ခဏကြာစဉ်းစားပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။

“မင်းတို့ လက်ခံလို့ရတယ်…”

စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ နှစ်ယောက်လုံးက ထိုကျောက်စိမ်းပြားကို လက်ခံလိုက်ပြီးနောက် လူငယ်ဓားသမားကို ကျေးဇူးတင်စကား ပြောလိုက်သည်။

လူငယ်ဓားသမားက သူတို့ကို လက်ဆောင်များ ပေးလိုက်ပြီးနောက် နှုတ်ဆက်ပြီး ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ ချန်းပင်အန်းက သူ့ကိုဆက်နေရန် မည်သို့ပြောရမှန်းမသိသောကြောင့် သူ့ကို ခြံဝန်းတံခါးဆီသို့ လိုက်ပို့ပေးခဲ့သည်။

ထိုအချိန်တွင် ချောင်ကလန်၏ ဘိုးဘေးနေအိမ်၌ အဘိုးအိုက အိမ်ထဲတွင် ရှိနေသော ရေကန်ဘေးတွင် ရပ်နေခဲ့သည်။ ရေကန်ဘေးတွင် အနီရောင်မြေခွေးတစ်ကောင် ထိုင်နေပြီး ချောင်ကျွင်းကတော့ ထိုင်ခုံတစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက သူ၏ဘိုးဘေးကို မျက်စောင်းထိုး၍ ကြည့်လိုက်ပြီး သူ့ပုံစံက နှုတ်ဆက်စကားပြောရန်ပင် အလွန်ပျင်းရိနေပုံရသည်။

ဓားသမားလူငယ် ဝင်လာပြီးနောက် အဘိုးအိုက အပြုံးနှင့် မေးလိုက်၏။

“မင်းက အဲဒီကောင်လေးနဲ့ တော်တော်လေး ရင်းနှီးတာလား…”

ဓားသမားလူငယ်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အကြီးအကဲချောင်ရဲ့အဆင့်အတန်းမျိုးနဲ့ ဒီလိုမထင်မရှား လမ်းကြားလေးထဲက ကောင်လေးတစ်ယောက်ကို ပစ်မှတ်ထားဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား..”

ချောင်ကျိက ရယ်ရင်း ပြောလိုက်သည်။

“ငါက သူ့ကို အပြစ်ပေးတာ နည်းနည်းလေးပါ။ အများဆုံး သူက တစ်နှစ်လောက်ပဲ ကံဆိုးမှုတွေ ကြုံရမှာ။ ဒါက ဘာမှမဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ဘိုးဘေးကောင်းချီးတွေ နည်းနည်းပိုများတဲ့ သာမန်လူတွေဆိုရင်တောင် ဒီလိုကံဆိုးမှုမျိုးကို ခံနိုင်ရည်ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဝင်ပြီး နှောင့်ယှက်ခဲ့တယ် မဟုတ်လား။ မင်းက အဲဒီကောင်လေးရဲ့ ကံဆိုးမှုတချို့ကို ဖယ်ရှားဖို့ ကူညီပေးခဲ့တာပဲလေ…”

ဓားသမားလူငယ်က ခေါင်းခါပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ ထိုအရာက ဤလောကကြီး၏ သဘာဝပင်ဖြစ်သည်။

ရှဲ့ရှစ်နှင့် ချောင်ကျိတို့နှစ်ယောက်လုံးက လီကျူးသုခဘုံထဲတွင် ကြီးပြင်းလာခဲ့ပြီး အပြင်ကို ထွက်သွားနိုင်ခဲ့သူများ ဖြစ်ကြသည်။

ရှဲ့ရှစ်ကတော့ ပို၍ကြီးမားသော ကုန်းမြေကြီးပေါ်တွင် ရိုးသားပြီး ပွင့်လင်းသည့် လူတစ်ယောက်အဖြစ် နာမည်ကျော်ကြားသည်။ ရှဲ့ရှစ်ကို လူအများက သိုင်းသခင်တစ်ယောက်အဖြစ် သတ်မှတ်ကြပြီး သူက ပြည့်စုံကျူပင်ကုန်းမြေကြီးတွင် အလွန်ထင်ရှားသော လူတစ်ယောက် ဖြစ်၏။

တစ်ဖက်တွင်တော့ ချောင်ကျိက အလွန်ထူးဆန်းသော အကျင့်စရိုက်ရှိနေသည့် လူတစ်ယောက်ဖြစ်သည်။ သူ့ဆီတွင် နာမည်ကောင်း မရှိပေ။ သူက သနားကြင်နာမှု မရှိသလို ရက်ရောတတ်သော လူတစ်ယောက် မဟုတ်ဟုလည်း လူတိုင်းက ပြောနေကြ၏။

သူက ယခုလို မရပ်မနား တိုးတက်လာရသည်မှာ အလွန်ကောင်းမွန်သော ကံတရားတစ်ခုနှင့် တွေ့ကြုံခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု သူတို့က ပြောခဲ့ကြ၏။ သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်၍ ဓားသခင် ချောင်ကျိက တာ့လီအင်ပါယာဘက်တွင် ရပ်တည်နေခဲ့သည်။ ထိုအချိန်တွင် ရှဲ့ရှစ်ကတော့ အတော်လေးကို အဆင်မပြေနိုင်သော အရာတစ်ခုကို လုပ်ဆောင်နေခဲ့၏။

ချောင်ကျွင်းက မတ်တပ်ရပ်ပြီး အပြုံးနှင့် ပြောလိုက်၏။

“မင်း ဘယ်သူလဲဆိုတာ ငါ သိတယ်။ မင်းက မိုကလန်က ရှုယောင်ပဲ။ မင်းက အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှာ နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာခဲ့တယ်။ မင်းက အဲဒီမှာလည်း အရမ်းနာမည်ကျော်ကြားတယ်။ လူတွေကတော့ မင်းကို လူသားတွေကြားထဲက ရေနဂါးတစ်ကောင်အဖြစ်တောင် သတ်မှတ်ကြတယ်…”

“အရှေ့ပိုင်းကုန်းမြေကြီးထဲမှာတစ်ယောက်တည်း သွားလာနေတတ်တဲ့ ဝေ့ကျင်းကတောင် မင်းရဲ့လွှမ်းမိုးမှုကြောင့် တောင်တန်းတွေထဲမှာ နေရတာကို မကြိုက်တော့ဘူးဆိုတာ ငါ ခံစားမိလာခဲ့တယ်။ သူကလည်း မင်း ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အရာတွေကို လိုက်ပြီးတော့ အတုခိုးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်…”

ငယ်ရွယ်ပြီး တက်ကြွသော ဖုန်းရွှယ်ကျောင်းဆောင်မှ ဓားအင်မော်တယ် တစ်ယောက်ကို ရှုယောင်က ပြန်လည်စဉ်းစားမိလိုက်သည်။ သူက ခေါင်းခါပြီး ပြုံးလိုက်၏။

“သူက ငါ့ကို အတုခိုးဖို့ ကြိုးစားနေတာ မဟုတ်ဘူး…”

ချောင်ကျိက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ခြောက်ကပ်နေသော ရေကန်ထဲသို့ ခုန်ဆင်း၍ အပြာရောင်ကျောက်ပြားတစ်ချပ်ကို လှန်လိုက်သည်။ ထိုနေရာတွင် သာမန်ကြေးပြားတစ်ပြား ရှိနေပြီး သံချေးတက်နေခဲ့သည်။

နာမည်ကျော် ဓားအင်မော်တယ်က အားရပါးရ ရယ်လိုက်၏။ သူက ထိုကြေးပြားကို အိတ်ထဲတွင်ထည့်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

“တကယ့်ကို ကံကောင်းမှုကြီးပဲ။ တကယ့်ကို နိမိတ်ကောင်းပဲ…”

ချောင်ကျိက လူငယ်ဓားသမားကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ့အနေနဲ့ ပြောရမယ်ဆိုရင်တော့ အသက်ကြွေထည် ပျက်စီးသွားတာက တာ့လီအင်ပါယာနဲ့ လုံချွမ်တိုင်းပြည်ရဲ့ အမှားကြောင့်ပဲ။ သူတို့ရဲ့ အမှားကြောင့် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာခဲ့တာ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ တာ့လီအင်ပါယာက ပေးသင့်တဲ့ လျော်ကြေးတွေ ပေးပြီးသွားပြီ။ တစ်ဖက်အဖွဲ့ကလည်း အဲဒီလျော်ကြေးကို လက်ခံပြီးသွားပြီ။ ပြောရမယ်ဆိုရင် ဒီကိစ္စက ဒီနေရာမှာပဲ အဆုံးသတ်သွားသင့်ပြီ….”

“ဒါပေမဲ့ အခု အဲဒီဝယ်သူက ဒီကိစ္စကို လျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ကြားထဲမှာ တမင်ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်လာတယ်။ သူက တခြားသူတွေကို ခြောက်လှန့်ဖို့အတွက် နာမည်ကျော် ရှဲ့ရှစ် ကိုတောင် သိမ်းသွင်းခဲ့တယ်။ ကိစ္စတွေက ကျင့်ဝတ်ထုံးတမ်းအတိုင်း မဟုတ်ဘဲ ဖြစ်လာခဲ့ပြီ…”

“အမှန်အတိုင်းပြောရရင် ဒီကိစ္စကို ဖြေရှင်းဖို့က တော်တော်လေးလွယ်တယ်။ ငါတို့က ရှဲ့ရှစ်ကို သေအောင် တိုက်ခိုက်လိုက်ဖို့ပဲ လိုတယ်။ ငါ ရှိမယ်၊ မင်း ရှိမယ်၊ ပြီးတော့ သူတော်စင်ရွမ်ချုံလည်း ရှိတယ်။ တကယ်လို့ ငါတို့(၃)ယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင် ရှဲ့ရှစ်က ရှုံးနိမ့်သွားမဲ့အပြင် ထွက်ပြေးနိုင်မှာလည်း မဟုတ်ဘူး…”

“သေချင်နေတဲ့ သူ့ကို ငါတို့က သတ်လိုက်မယ်ဆိုရင်လည်း ဘယ်သူကမှ ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါတို့သာ ရှဲ့ရှစ်ကို သတ်နိုင်ခဲ့မယ်ဆိုရင် အဆင့်(၁၀) ဒါမှမဟုတ် အထက်ဘုံ(၅)ဆင့်မှာ ရှိနေတဲ့ အဘိုးကြီးတွေက တာ့ဆွေအင်ပါယာထဲမှာ ဆက်ပြီးတော့ နေရဲပါဦးမလား။ အဲဒါက လူ(၅)ယောက်ထက် မပိုဘူးဆိုတာ ငါ လောင်းရဲတယ်။ တကယ်လို့ ငါ မှားသွားမယ်ဆိုရင် ငါက ကျန်နေတဲ့ အဲဒီအဘိုးကြီးတွေအားလုံးကို ရင်ဆိုင်ပေးမယ်။ မင်း ဘယ်လိုသဘောရလဲ…”

ရှုယောင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။

“မင်းနဲ့ ရှဲ့ရှစ်ရဲ့ ကြားထဲမှာ တော်တော်လေး ကြီးကျယ်တဲ့ ရန်ငြိုးတစ်ခု ရှိနေလို့လား…”

ချောင်ကျိက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“မရှိပါဘူး။ ငါတို့က တစ်မြို့တည်းသားတွေပဲလေ။ ငါတို့က မျိုးဆက်တစ်ခုတည်းတော့ မဟုတ်ဘူး။ ပြီးတော့ အချင်းချင်းလည်း လုံးဝမတွေ့ဖူးဘူး။ ငါတို့ရဲ့ ဘိုးဘေးတွေကလည်း ဘာရန်ငြိုးရန်စမှ မရှိဘူး။ ဒါပေမဲ့ ရှဲ့ရှစ်က သူ့ရဲ့အစွမ်းထက်ကျင့်စဉ်ကို အားကိုးပြီး တာ့လီအင်ပါယာကို အနိုင်ကျင့်တာမျိုး ငါ လက်မခံနိုင်ဘူး။ သူက သူ့ရဲ့မွေးရပ်မြေတိုင်းပြည်အပေါ် ကျေးဇူးမသိတတ်ရာကျတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် သူက တာ့လီအင်ပါယာထဲမှာ မွေးဖွားလာတာ။ တကယ်လို့ သူ့ကို ကျွေးမွေးပြုစုပျိုးထောင်ခဲ့တဲ့ တိုင်းပြည်အပေါ် ကျေးဇူးမသိတတ်ဘူးဆိုရင်လည်း ထားလိုက်ဦး။ ဒါပေမဲ့ သူက တာ့လီအင်ပါယာကို ဆန့်ကျင်နေတာ မဟုတ်လား။ ငါ ချောင်ကျိကတော့ အဲဒီလိုလူစားမျိုး မဟုတ်ဘူး…”

“အပိုတွေ ပြောနေတဲ့ ခွေးအိုကြီးပဲ…”

ရေတွင်းပေါ်တွင် ရှိနေသော အနီရောင်မြေခွေးက ချောင်ကျိ၏ အစစ်အမှန်ရည်ရွယ်ချက်များကို ထုတ်ဖော်ပြီး ပြောလိုက်သည်။

“တောင်ပိုင်းဝဲကတော့ကုန်းမြေရဲ့သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်မှာ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးကို အခြေစိုက်ထားတဲ့ ကလန်ခွဲတစ်ခု ရှိတယ်။ ပင်မချန်းကလန်ကတော့ တာအိုဂိုဏ်းနဲ့ ထူးဆန်းတဲ့ ပတ်သက်မှုတွေရှိတယ်။ ဒါကြောင့် ရှဲ့ရှစ်ကို သတ်လိုက်တာက သူတို့အတွက်တော့ အကြီးမားဆုံး လက်ဆောင်ကြီးတစ်ခုလို သတ်မှတ်နိုင်တယ်။ အဲဒီလိုဆိုရင် သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်ရဲ့ တရားဝင်တပည့်တစ်ယောက် မပြောနဲ့၊ သူတို့က အလယ်မြေ နတ်ဘုရားကုန်းမြေကြီးပေါ်မှာရှိတဲ့ ပင်မချန်းကလန်ရဲ့ မျိုးဆက်တစ်ယောက်နဲ့တောင် ချောင်ကျွင်းကို လက်ထပ်ပေးလိမ့်မယ်…”

“မင်းက တော်တော်စကားများတဲ့ မိန်းမပဲ…”

ချောင်ကျိက ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ သူက လက်တစ်ဖက်မြှောက်လိုက်ပြီး အင်္ကျီလက်ကို လှုပ်ခါလိုက်၏။ အနီရောင်မြေခွေးလေးက ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။ ချောင်ကျွင်း၏ဓားပျံကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် မြေခွေးလေးက မူလအခြေအနေသို့ ပြန်ရောက်လာရန် ပို၍အချိန်ပေးရသည်။ ထို့နောက် မြေခွေးလေးက အမိုးအုတ်ချပ်တစ်ခုကို ဖြုတ်လိုက်ပြီး ချောင်ကျိဆီသို့ လှမ်းပစ်လိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်ပြီးနောက် သူက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။

ချောင်ကျိက အမိုးအုတ်ချပ်ကို ဖမ်းထားလိုက်ပြီး မူလနေရာသို့ ပြန်ပစ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် အမိုးအုတ်ချပ်က အပိုင်းပိုင်းအစစ ပျက်စီးနေပြီးသားဖြစ်သည်။

မိုကလန်မှ သူရဲကောင်းတစ်ယောက်ဖြစ်သော ရှုယောင်က ချောင်ကျိ၏ အကြံပေးချက်ကို ငြင်းဆန်လိုက်သည်။

“ဒါက ငါဆုံးဖြတ်လို့ရတဲ့ အရာတစ်ခုမဟုတ်ဘူး…”

ချောင်ကျိက မျက်ခုံးပင့်၍ မေးလိုက်သည်။

“ဒါဆိုရင် တာ့လီအင်ပါယာထဲမှာ ဘယ်သူက ဒီလိုဆုံးဖြတ်ချက်မျိုး လုပ်နိုင်လဲ..”

ရှုယောင်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“လူ(၃)ယောက်ပဲ ရှိတယ်။ စုန့်ချန်ကျင့်၊ ဘုရင်ကြီး၊ ပြီးတော့ တော်ဝင်နန်းဆရာ ချွေးချန်းတို့ပဲ…”

“ဒါဆိုလည်း သူတို့တွေထဲက တစ်ယောက်ကို လာဖို့ပြောလိုက်လေ…”

ချောင်ကျိက ဒေါသတကြီး ပြောလိုက်၏။

“မင်းက ဘာမှမလုပ်ဘဲ ဒီကို ပြပွဲတစ်ခုကြည့်ဖို့သက်သက် ရောက်လာတာလား။ အဲဒါက ဘာအဓိပ္ပာယ်ရှိလို့လဲ။ ရှဲ့ရှစ်ကတောင် ဒီကို တစ်ယောက်တည်း လာရဲမှတော့ သူ့ဆီမှာ သေချာပေါက် အားကိုးစရာလူတစ်ယောက် ရှိတယ်ဆိုတာ သေချာတယ်။ တကယ်လို့ ငါတို့(၃)ယောက် ပူးပေါင်းတိုက်ခိုက်တာကိုတောင် သူက ထွက်ပြေးသွားနိုင်မယ်ဆိုရင်၊ ပြီးတော့ သူရဲ့ရည်ရွယ်ချက် ပြည့်သွားပြီး ပြည့်စုံကျူပင် ကုန်းမြေကြီးကို ပြန်ပြေးသွားခဲ့မယ်ဆိုရင် ငါတို့ သနားစရာ ဘိုးဘေး(၃)ယောက်နဲ့ တာ့လီအင်ပါယာရဲ့ နန်းတွင်းစုန့်ကလန်က လုံးဝကို အရှက်ကွဲရလိမ့်မယ်…”

“သူတို့လာပါလိမ့်မယ်…”

ရှုယောင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

ချောင်ကျိက ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက တခြားသူများ၏ အားနည်းချက်အပေါ် ဖိနှိပ်ရသည်ကို သဘောကျသည်။ တာ့လီအင်ပါယာက ရှဲ့ရှစ်ကို ဖျက်ဆီးလိုက်ပြီးနောက် သူ့ကို ပစ်မှတ်ထားမှာကိုလည်း အလွန်ကြောက်လန့်နေသေး၏။

အထူးသဖြင့် တာ့လီအင်ပါယာ စုန့်ကလန်က အဆင့်အတန်းမြင့်သော မိသားစုတစ်ခု မဟုတ်ချေ။ သူနှင့် ရှဲ့ရှစ်ထက်ပင် အဆပေါင်းများစွာ ပို၍အစွမ်းထက်ပြီး အဆင့်အတန်းမြင့်သည့် လူတချို့ကတော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူက ဤမြို့ငယ်လေးထဲတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်၏။

တာ့လီအင်ပါယာက သစ္စာမရှိသည့်အတွက် မည်သူ့ကိုမျှ အပြစ်တင်၍မရသလို ဘုရင်ကြီးက ပြဿနာကို ကြောက်လန့်နေသည့်အတွက်လည်း မည်သူကမျှ အပြစ်တင်၍ မရနိုင်ပေ။ သို့သော် ထိုအရာက အလွန်ဆိုးရွားသော နိမိတ်ဆိုးတစ်ခု ဖြစ်မည်ဟု ချောင်ကျိက ခံစားမိနေခဲ့၏။

ထိုအရာက အလွန်သံသယဝင်စရာကောင်းသည်။ ထို့ပြင် သူက ဤနေရာသို့ လာခဲ့သော လမ်းတစ်လျှောက်တွင် တာ့လီအင်ပါယာ လီကျူးသုခဘုံနှင့် ပတ်သက်သော သတင်းများကို ကြားခဲ့ရ၏။ သတင်းအချက်အလက်တစ်ခုကတော့ သူ၏ဘိုးဘေးနေအိမ်က ပျက်စီးသွားခဲ့ပြီး ပြန်လည်ပြင်ဆင်လိုက်သည်ဟူသော အရာဖြစ်သည်။ ထို့ကြောင့် သူ၏ခံစားချက်များက ပို၍ဆိုးရွားလာခဲ့၏။

အကယ်၍ သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်ကသာ တောင်းဆိုနေခဲ့ခြင်း မဟုတ်လျှင် သူက ဤကဲ့သို့ ပြဿနာမျိုး၌ ကိုယ်တိုင်ဝင်ပါလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ချောင်ကျိက ချီကျင့်ချွန် သေဆုံးသွားရသည့် ပြဿနာ၏ အရင်းအမြစ်ကို ယခုအချိန်ထိ ဖော်ထုတ်၍ မရသေးခြင်းဖြစ်သည်။

ရလဒ်အနေနှင့် သူက မြို့ငယ်လေးထဲသို့ ခြေချလိုက်သည်နှင့် အလွန်အမင်း မသက်မသာ ခံစားလာခဲ့ရ၏။ ထို့ကြောင့် ရှဲ့ရှစ်၏ သေဆုံးမှုက အဓိကတရားခံကို ဖော်ထုတ်နိုင်ရန် သူက မျှော်လင့်နေခဲ့မိသည်။

အကယ်၍ ထိုအချိန်တွင် သူ့စိတ်ထဲ၌ တွေးထားခဲ့သော အဆိုးဆုံးအခြေအနေများ ဖြစ်လာလျှင် တာ့လီအင်ပါယာ စုန့်ကလန်၊ သူတော်စင်ရွမ်ချုံနှင့် ဖုန်းရွှယ်ကျောင်းဆောင်၊ ထို့ပြင် သူ၏အထောက်အပံ့များဖြစ်ကြသော သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်နှင့် အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှ ချန်းကလန်တို့ကလည်း အတူတကွ စွန့်စားကြရမည်ဖြစ်သည်။ စွန့်စားမှုနှင့် ဆုလာဘ်ဟူသည်မှာ အတူတကွ ရောက်လာတတ်သည်။ ထိုအရာက သာမန်လူသားကမ္ဘာကြီးထဲတွင်ဖြစ်စေ၊ ကျင့်ကြံရေးကမ္ဘာကြီးထဲတွင်ဖြစ်စေ အတူတူသာ ဖြစ်၏။

ရှဲ့ကလန်၏ ဘိုးဘေးစံအိမ်က မက်မွန်ရွက်လမ်းကြားထဲတွင် ရှိနေပြီး ကလန်၏မျိုးဆက်များကတော့ အရေအတွက်များပြားသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် ရှဲ့ကလန်က အတော်လေးနိမ့်ကျနေခဲ့ပြီဖြစ်သည်။ အကယ်၍ မျက်ခုံးရှည်လူငယ်လေးကသာ ရွမ်ချုံ၏ တရားမဝင်တပည့်တစ်ယောက် ဖြစ်လာခဲ့ခြင်းမရှိလျှင် ရှဲ့ကလန်က သူတို့၏ ဘိုးဘေးနေအိမ်ကို ရောင်းချရန် ဆုံးဖြတ်ခဲ့ရသည်မှာ ကြာလောက်ပါပြီ။

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဘိုးဘေးစံအိမ်တံခါးကို ခေါက်လိုက်သည်။ မိန်းကလေးတစ်ယောက်က တံခါးလာဖွင့်ပြီး မေးလိုက်၏။

“ရှင်က ဘယ်သူလဲ…”

“ငါက မင်းတို့ရဲ့ဘိုးဘေးပဲ…”

သက်လတ်ပိုင်းအရွယ်လူကြီးက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

မိန်းမပျိုဆီတွင် အလွန်တောက်ပသော မျက်လုံးများ ရှိနေပြီး ရှည်လျားသော မျက်ခုံးများ ရှိသည်။ သူမ၏ပုံစံက လှပသော်လည်း တိတ်တိတ်ဆိတ်ဆိတ် နေထိုင်တတ်သော မိန်းကလေးတစ်ယောက်နှင့် တူသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူမက အလွန်ဒေါသကြီးသော မိန်းကလေးတစ်ယောက်ဖြစ်၏။

“အခုက နှစ်သစ်ကူးအချိန်ပဲ။ ဘာလို့ဒီလိုမျိုး လာပြီးတော့ နှောင့်ယှက်ရတာလဲ။ ရှင့်ကို တံမြက်စည်းနဲ့ ရိုက်ထုတ်စေချင်နေတာလား…”

သူမက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

သက်လတ်ပိုင်းအရွယ်လူကြီးက မျက်နှာပျက်သွားပြီး ပြန်ဖြေလိုက်၏။

“မင်းက ကလန်ရဲ့မျိုးရိုးမှတ်တမ်းစာအုပ်ကို သွားလှန်ကြည့်လိုက်။ အဲဒီမှာ ကျားရှုဆိုတဲ့ စာအုပ်ကို ရှာကြည့်။ အဲဒီမှာ ရှဲ့ရှစ်ဆိုတဲ့ လူတစ်ယောက်အကြောင်း မှတ်တမ်းတင်ထားတာကို တွေ့ရလိမ့်မယ်။ အဲဒါက ငါပဲ။ ပြီးတော့ ရှစ်ဆိုတဲ့ စကားလုံးမှာ အစက်တစ်ခု ပျောက်နေတယ်…”

(၁၅) မိနစ်ကြာပြီးနောက် ရှဲ့ကလန်တွင် ရှိနေသော လူတိုင်းက ဘိုးဘေးခန်းမ၏ အပြင်ဘက်ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ ရှဲ့ရှစ်က တကိုယ်လုံး တုန်ယင်နေကြသော သူ၏မျိုးဆက်များကို လျစ်လျူရှုထားပြီး အမွှေးတိုင် (၃)တိုင်ထွန်းရန် ဘိုးဘေးခန်းမထဲသို့ တိတ်တဆိတ် လမ်းလျှောက်သွားခဲ့သည်။

သူက တည်ငြိမ်စွာ ပြောလိုက်၏။

“မျက်ခုံးရှည်လူငယ်လေးပဲ အမွှေးတိုင် ပူဇော်ဖို့ ဝင်လာလို့ရတယ်။ မင်းတို့ကျန်တဲ့သူတွေအားလုံး ပြန်လို့ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေက အမွှေးတိုင်ပူဇော်ဖို့ မလိုအပ်ဘူး။ မင်းတို့ကို မြင်ရတာနဲ့တင် ငါတို့ဘိုးဘေးတွေရဲ့ ရင်ဘတ်ထဲမှာ မီးတောက်တွေ လောင်နေပြီ…”

ဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် အမျိုးသမီးတစ်ယောက်ကတော့ အနည်းငယ် ဝမ်းသာနေခဲ့သည်။ သူမ၏မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာနေခဲ့၏။ သူမက သူမ၏သားကို ကိုင်ထားလိုက်ပြီး တစ်ချိန်တည်းတွင် အသံမထွက်စေရန် ပါးစပ်ကို ပိတ်ထားခဲ့သည်။

မျက်ခုံးရှည်လူငယ်က ပင့်သက်ရှိုက်လိုက်၏။ သူ့အမေ သူ့ကို လွှတ်ပေးလိုက်ပြီးနောက် သူလည်း မတ်တပ်ရပ်ပြီး ဘိုးဘေးခန်းမထဲသို့ ဂရုတစိုက် လျှောက်သွားခဲ့သည်။ သူက အစွမ်းထက်သော ထိုလူကြီးဆီသို့ လျှောက်သွားခဲ့၏။

…………..

မြို့ငယ်လေး၏ အပြင်ဘက်လမ်းမကြီးပေါ်တွင် မြင်းလှည်းတစ်စီးက ဖြည်းညင်းစွာ မောင်းနှင်လာခဲ့၏။ မြင်းလှည်းသမားက လျှူယုဖြစ်ပြီး ထိုအရာက သွားစားပွဲတောင်တွင် ဓားသမားကို တားဆီးခဲ့သောသူလည်းဖြစ်သည်။ မြင်းလှည်း၏ အတွင်းထဲတွင်တော့ စာသင်သားတစ်ယောက်ပုံစံရှိသော အဘိုးအိုတစ်ယောက် ရှိသည်။ သူ့အနားတွင်တော့ အလွန်ထက်မြက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပုံရသော ကလေးမလေးတစ်ယောက် ရှိသည်။

သူတို့ကတော့ တော်ဝင်နန်းဆရာ ချွေးချန်းနှင့် မိန်းမပျိုကျစ်ကွေးတို့ ဖြစ်ကြ၏။ သူတို့ကို အဘိုးအိုချွေးချန်းနှင့် ဝမ်ကျူးဟုခေါ်လျှင် ပို၍သင့်တော်ပါလိမ့်မည်။

ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် စိမ်းပြာဝတ်ကောင်လေးက ခေါင်းကို လက်နှင့် ပိုက်ထားပြီး နာနာကျင်ကျင် အော်ဟစ်နေခဲ့၏။ ဘာကြောင့် ဤမြို့ငယ်လေးက အလွန်စိတ်ရှုပ်စရာကောင်းနေရသနည်း။ ယခုအချိန်က နှစ်သစ်ကူး၏ ပထမဆုံးနေ့သာ ရှိသေးသော်လည်း ကျင့်စဉ်အဆင့်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသော လူနှစ်ယောက် ရောက်လာခဲ့သည်။

ထိုလူနှစ်ယောက်က မည်မျှအစွမ်းထက်ကြောင်း သူက သိနေခဲ့၏။ သူတို့က လက်သီးတစ်ချက်တည်းနှင့် သူ့ကို ဖျက်ဆီးပစ်နိုင်လောက်အောင် သေချာပေါက် အစွမ်းထက်ကြသည်။

အတိတ်တွင်တော့ စိမ်းပြာဝတ်ကောင်လေးက သူ့ကိုယ်သူ မုန်တိုင်းကြီးများစွာ ကြုံခဲ့ဖူးသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့၏။ သို့သော် ဤမြို့ငယ်လေးထဲသို့ ရောက်လာခဲ့ပြီးနောက် ထိုမုန်တိုင်းကြီးများက ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် ရှိနေသော ဗွက်အိုင်လေးတစ်ခုထက်ပင် ပို၍နိမ့်ကျကြောင်း နားလည်သွားခဲ့၏။

သူက ချန်းပင်အန်းကို အလွန်လေးစားလာမိခဲ့သည်။ သူက ယခုအချိန်ထိ အသက်ရှင်နိုင်နေသည်မှာ အတော်လေး အံ့ဩစရာကောင်းခြင်းဖြစ်သည်။ ထိုလူငယ်လေးကလည်း သေချာပေါက် သာမန်လူတစ်ယောက်မဟုတ်နိုင်ပေ။ ထို့ကြောင့်လည်း သူ့ဆီတွင် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တပည့်တစ်ယောက် ရှိနေရခြင်းဖြစ်၏။

စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာပေါ်မှနေ၍ မျက်ရည်များ စီးကျလာပြီး ချန်းပင်အန်း၏လက်ကို ကိုင်၍ ရင်ထဲမှလာသော စကားလုံးများကို ပြောလိုက်သည်။ “ဆရာ …

နောက်ပိုင်း ကျွန်တော်က ဆရာ့ကို သေချာပေါက် ကောင်းကောင်းဆက်ဆံပါ့မယ်…”

ချန်းပင်အန်းက သူ့ခေါင်းကို ဘေးသို့တွန်းပြီး ရယ်လိုက်သည်။

“မင်းက အရာအားလုံးကို ကြောက်နေတာပဲ။ ဘာတွေကြောက်နေတာလဲ…”

စိမ်းပြာဝတ်ကောင်လေးက နားမလည်နိုင်ဖြစ်နေသော အရူးမလေးကို လှည့်ကြည့်လိုက်သည်။ သူကတော့ အမှန်တကယ်ကို ရှက်ရွံ့နေသလို ခံစားရ၏။ သူက ထိုင်ခုံလေးပေါ်တွင် တိတ်တဆိတ်ပြန်ထိုင်ပြီး တစ်ယောက်တည်း ငြိမ်သက်နေခဲ့သည်။

ပန်းရောင်ဝတ် ကလေးမလေးကတော့ သူ့ထက်ပို၍ ရိုးရှင်းသော စိတ်ထားမျိုးရှိသည်။ သူမက လက်ထဲတွင် နူးညံ့ပြီး ချောမွေ့သော တည်ငြိမ်ခြင်းနှင့် လုံခြုံခြင်းတံဆိပ်ပြားကို ကိုင်ထားခဲ့၏။ သူမက ထိုအရာလေးကို အလွန်သဘောကျနေခဲ့၏။

သို့သော် သူတို့ထဲတွင် အရိုးရှင်းဆုံးကတော့ သူတို့၏ဆရာ ချန်းပင်အန်းသာ ဖြစ်နေသေးသည်။ သူက စကားလုံးများ ထွင်းထားသော ဝါးပြားလေးများကို ယူလိုက်ပြီး သူ၏ခြံဝန်းနှင့် စုန့်ကျိရှင်း၏ ခြံဝန်းကြားထဲတွင် ရှိနေသော ရွှံ့နံရံပေါ်တွင် ကပ်လိုက်သည်။ ထိုအရာများက စာအုပ်များကို နေပြထားသလိုမျိုး ဖြစ်နိုင်၏။

Translated by Hein Htet.

All Chapters