← Chapters

ဆေးရည်ကန်

Vol. 29 Ch. 281

ဆေးရည်ကန်

Vol. 29 Ch. 281

ကျောက်စိမ်းမျက်လုံးတိမ်တိုက်သဝေသတ္တဝါကြီးကား ထွက်ခွာသွားလေပြီ။

အမှန်တကယ် ထွက်ခွာသွားခြင်း ဖြစ်သည်။

တကယ်တော့ ဤတကြိမ် လေ့ကျင့်ရေး အစီအစဉ်ဝယ် ထွက်မပြေးနိုင်သူတိုင်း သေချာပေါက်သေရမည်ဟု မည်သူမှ တပ်အပ်သေချာပြောနိုင်သည်မဟုတ်ပေ။

သတ္တဝါကြီးသည် သူ့ကို သတ်ရန်ဟန်ပြင်နေပြီးမှ အဘယ်ကြောင့် ကောက်ခါငင်ခါ လက်လျှော့လိုက်လေသနည်း။

စုချန်း ဘယ်လိုမှ နားမလည်နိုင်ပဲ ဖြစ်နေ၏။ ထိုအချိန်မှာပင် တောအုပ်အတွင်းမှ လူတယောက် ထွက်ပေါ်လာ၏။

ထိုလူမှာ ရှီကိုင်းဟွမ် ဖြစ်သည်။

"ဆရာ"

ရှီကိုင်းဟွမ်က ရယ်ကာမောကာ လမ်းလျှောက်လာရင်း ပြောလိုက်၏။

"ကောင်းတယ် သိပ်ကောင်းတယ် အရင်တုန်းက မင်းဟာ ကြောက်တတ်တယ်လို့ ပြောခဲ့ဖူးတယ် ဒါပေမဲ့ ဒီတခေါက် လုပ်လိုက်တာကတော့ အတော်ကို ရဲရင့်ပါပေတယ်"

စုချန်း မှိုင်တွေသွား၏။ ထို့နောက် သူက တစုံတရာ ပြောဆိုရင် ဟန်ပြင်လိုက်သည်။ သို့သော် စကားတလုံးမှ ထွက်မလာချေ။

စုချန်း ဘာပြောရန် ကြိုးစားနေမှန်း ရှီကိုင်းဟွမ် ချက်ချင်းနားလည်လိုက်၏။ ထိုအခါ သူက ပြောလိုက်၏။

"ဒါကို မိန်းကလေးအတွက် လုပ်ခဲ့တာလို့ ပြောမလို့လား ဘာမှ စိတ်မပူနဲ့ အကြောင်းပြချက်က သိပ်အရေးမကြီးဘူး ဘာကြောင့်ပဲလုပ်လုပ် ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေအတွက် အသက်ပေးရဲတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ"

"ဒီတော့ အမဲလိုက်ခံရတယ်ဆိုတာ စကတည်းက လိမ်ဆင်ကြီးပေါ့ ဟုတ်လားဆရာ သေရေးရှင်ရေးအခြေအနေတွေမှာ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စစ်ဆေးတာပေါ့ ဟုတ်လား"

ရှီကိုင်းဟွမ်က ရှင်းပြလိုက်၏။

"စစ်မြေပြင်ဆိုတာ သေရေးရှင်ရေးပဲလေကွာ အဲဒီအချိန်ကျမှ သွားပြီးစမ်းသပ်နေဖို့ အချိန်မရှိတော့ဘူးကွ ဒါကြောင့် ငါတို့က မင်းတို့အားလုံးကို ဒီ ပို့လိုက်ပြီး အသင့်တော်ဆုံးကျောင်းသားတွေကို ရွေးထုတ်တဲ့သဘောပဲ အသင့်တော်ဆုံးလူဆိုတာ အင်အားအကြီးမားဆုံးလူလို့ ဆိုလိုတာ မဟုတ်ဘူးကွ အသင့်တော်ဆုံးလူဆိုတာ ရဲရင့်ရမယ် စိတ်ဓာတ်ခိုင်မာရမယ် ကိုယ့်ရဲဘော်ရဲဘက်တွေအတွက် ဘယ်တော့မှအရှုံးမပေးရဘူး ဒီလိုလူမျိုးမှသာလျင် ဒီလို ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တော့မှာပေါ့"

စုချန်း နားလည်သွားပေပြီ။ လက်စသတ်တော့ ဤလေ့ကျင့်ရေးတာဝန်တခုလုံးသည် စမ်းသပ်ခြင်းပေတကား။ ကျောင်းတော်မှ ဆရာများသည် သေရေးရှင်ရေးအခြေအနေတွင် ကျောင်းသားများ၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် လှည့်ကွက်ဆင်ထားခြင်းပင်။

"ဒါဆို နတ်ဆိုးသတ္တဝါတိုင်းကို အင်အား၁၀ရာခိုင်နှုန်းစီပဲ လျော့ထားတာလားဆရာ"

စုချန်းက မေးလိုက်ခြင်း ဖြစ်သည်။

ရှီကိုင်းဟွမ် အားရပါးရ ရယ်မောလိုက်၏။

"မဟုတ်ဘူးကွ ဒီကောင်တွေ အကုန်လုံးဟာ နဂါးကျောင်းတော်က ဖမ်းပြီး လေ့ကျင့်ပေးထားတဲ့ကောင်တွေပဲ ဒါကြောင့် ဘာဆေးမှတိုက်ပြီး အင်အားလျှော့နေစရာမလိုဘူး ဒီကောင်တွေဟာ လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ် ဘာပြောပြော မင်းနဲ့ တိုက်ခဲ့တဲ့ ကောင်ကြီးကတော့ မင်းကို လျှော့တွက်မိပုံရတယ် ဒီကောင့်နှာခေါင်းမှာ ဒဏ်ရာရသွားတယ်လေ ဒဏ်ရာက သေးတယ်ဆိုပေမဲ့ ဒီကောင့်အတွက်တော့ အရှက်ရစရာပဲကွ"

"ဆရာကတော့ ပြောနေ...ကျွန်တော်လည်း အတော်ခံလိုက်ရတယ်ဗျ"

စုချန်းက နာကျင်နေသော ရင်ဘတ်ကိုဖိရင်း ပြောလိုက်၏။

"ဒီလောက်ကတော့ စိတ်မပူစမ်းပါနဲ့ကွာ ငါ ကုပေးပါမယ်"

ပြောပြောဆိုဆို ရှီကိုင်းဟွမ်က လက်မြှောက်လိုက်ရာ စုချန်း၏ ကိုယ်ခန္ဓာသည် လေပေါ်သို့ ကြွတက်လာ၏။ တချိန်တည်းမှာပင် ရှီကိုင်းဟွမ်၏ လက်ချောင်းများက စုချန်း၏ ကိုယ်ပေါ်သို့ မှန်မှန်ကြီး ပုတ်ပေးနေလေရာ အချိန်အနည်းငယ်အတွင်း အရိုးများ ပြန်ဆက်လာကြောင်း အံ့သြသင့်စဖွယ် တွေ့ရှိရ၏။ တဖန် ရှီကိုင်းဟွမ်က စုချန်းကို ဆေးတမျိုး တိုက်လိုက်ပြန်သည်။ အနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေသည့် ဆေးဖြစ်သည်။

ထို့နောက် ရှီကိုင်းဟွမ်က စကားဆက်လိုက်ပြန်၏။

"ကဲ ဒီအတိုင်းဆိုရင် မင်းဒဏ်ရာတွေက ခနလေးနဲ့ ပျောက်ကင်းသွားလိမ့်မယ် ဘာပြောပြော ဒီကနေ့ မင်းလုပ်ခဲ့တာ ကောင်းတယ် လေ့ကျင့်ရေးအစီအစဉ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် နတ်ဆိုးသတ္တဝါကိုပါ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ် ဒီအောင်မြင်မှုကို မှတ်တမ်းတင်ပြီးပြီ လေ့ကျင့်ခန်းပြီးဆုံးသွားရင် မင်းတို့အားလုံးရဲ့ လုပ်ဆောင်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့ရှိတယ် ပြီးရင် နံပါတ်တွေ သတ်မှတ်ပေးလိမ့်မယ် အဲဒီအချိန်ကျရင် မင်းရဲ့ အနေအထားက ကျောင်းသားအများစုထက် သာနေလိမ့်မယ်လို့ ယူဆရတာပဲဟေ့"

အပျက်အစီးသိုက်အတွင်း ဝင်ရောက်မည့် ကျောင်းသားလေးဆယ်အား ရွေးထုတ်ရန် နဂါးကျောင်းတော်သည် ထူးခြားသောနည်းလမ်းတခုကို အသုံးပြုထား၏။ ၎င်းမှာ ကျောင်းသားများအား ၁မှ ၄၀ထိ နံပါတ်များ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သေးငယ်သော နံပါတ်ကိုရလေလေ ထိုကျောင်းသားအတွက် အခြေအနေ ကောင်းလေလေပင်။

အရည်အချင်း တူညီသော ကျောင်းသားနှစ်ဦးအား ရွေးချယ်ဖို့ရာ ခက်နေပါက နံပါတ်အကြီးရထားသော ကျောင်းသားသာ ဖယ်ရှားခံရဖို့ လမ်းများ၏။

အရိုးရှင်းဆုံး ပြောရလျင် ဤနည်းလမ်း၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ဆင့်ကဲခေါင်းဆောင်မှုစနစ်ကို ဖန်တီးရန်ပင် ဖြစ်သည်။ လူဦးရေများပြားသော အခြေအနေတွင် တစုံတယောက်ကတော့ ဦးဆောင်မှုပေးရမည် မဟုတ်ပါလား။ သို့သော် နဂါးကျောင်းတော်ကတော့ ခေါင်းဆောင်မည်သူမည်ဝါဟု သီးခြားရွေးချယ်ထားခြင်းမရှိ။ အကြောင်းမှာ အပျက်အစီးသိုက်အတွင်းဝယ် အခြေအနေသည် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားနိုင်သောကြောင့်ပင်။ အကယ်၍ ခေါင်းဆောင်မရှိတော့လျင်၊ သို့တည်းမဟုတ် ခေါင်းဆောင် သေဆုံးသွားလျင် မည်သို့ရှိမည်နည်း။ ထိုအခါ ကျောင်းသားများကို နံပါတ်လိုက် စီထားခြင်းဖြင့် ဆင့်ကဲခေါင်းဆောင်မှုစနစ်ကို ပေါ်ပေါက်လာစေမည်ဖြစ်သည်။ နံပါတ် ၁ မရှိတော့ပါက အဖွဲ့ကို နံပါတ် ၂က ဆက်လက်ဦးဆောင်မှုပေးသွားနိုင်ပေလိမ့်မည်။

သို့သော် စုချန်းကတော့ ရှီကိုင်းဟွမ်ပြောနေသော စကားများကို အာရုံမရှိလှ။ သူက ပျင်းတွဲတွဲလေသံနှင့် ပြောလိုက်၏။

"ကျွန်တော်က လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ဟာမျိုးကိုမှ ပိုကြိုက်တာ ဆရာရဲ့"

စုချန်း၏ စကားကြောင့် ရှီကိုင်းဟွမ် ရယ်မောလိုက်၏။

"သူတောင်းစားလေး မင်းဒီလိုပြောမယ်ဆိုတာ ငါ သိသားပဲ စိတ်မပူနဲ့ မင်းအတွက် အကျိုးရှိမဲ့ဟာတချို့လည်း ရှိပါသေးတယ်ကွ"

စကားဆုံးသည်နှင့် သူက စုချန်း၏ လက်ကိုဆုပ်ကိုင်ပြီး လေထဲသို့ ခုန်ထွက်ပျံသန်းလိုက်လေသည်။ ရှီကိုင်းဟွမ်သည် အလင်းတုန်ခါခြင်းနယ်ပယ်တွင် ရှိလေရာ မည်သည့်မူလစွမ်းရည်မှ မလိုပဲ လေထဲတွင် ပျံသန်းနိုင်၏။ မျက်စေ့တမှိတ်အတွင်း သူတို့နှစ်ယောက်သည် အလင်းပြန်ကျောက်ဆောင်သို့ ရောက်ရှိသွားလေသည်။

အလင်းပြန်ကျောက်ဆောင်ကို ကွေ့ဝိုက်တည်ရှိနေသော ရေကန်ငယ်တကန်ရှိ၏။ ထိုရေကန်တခုလုံးတွင် အနက်ရောင်နှုန်းမြေများနှင့် ပြည့်နှက်နေလေသည်။

ရှီကိုင်းဟွမ်က စုချန်းကို ရေကန်အတွင်း ပစ်ချပြီး ပြောလိုက်၏။

"နေဝင်တဲ့အထိ မင်း ဒီမှာပဲ နေရမယ် အချိန်ကို အလဟသ မဖြုန်းတီးနဲ့ အကျိုးရှိရှိ အသုံးချပေတော့"

ထိုအခိုက်မှာပင် နှုန်းမြေများတွင် အလွန်တရာ စွမ်းအားကြီးမားသော ဆေးရည်များ ပျော်ဝင်နေကြောင်း စုချန်း သတိထားမိလိုက်၏။ စုချန်းကလည်း ဆရာဖြစ်သူ၏ စကားအတိုင်း စုပ်ယူခြင်းနည်းစနစ်ကို စတင်နှိုးဆွလိုက်ရာ သူ့လက်ချောင်းများကို ဖြတ်၍ များပြားလှသော စွမ်းအင်စီးကြောင်းကြီးတခုက သူ့ကိုယ်တွင်းသို့ စီးဝင်လာ၏။

စုချန်းကား ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ ထို့ကြောင့် ရွှံံ့နွံများအတွင်း အမျိုးအစား သုံးရာထက်ပိုနိုင်သည့် ရှားပါးဆေးဘက်ဝင် သစ်မြစ်သစ်ဥသစ်ဖုတို့ ပျော်ဝင်ပျံ့နှံ့နေကြောင်း သဘောပေါက်လိုက်သည်။ ဆေးဘက်ဆိုင်ရာစွမ်းအင်များမှု ပျော်ဝင်နှုန်းမှာကား မြင့်မားလှ၏။ ထိုအခါ စုချန်းသည် အချိန်မဖြူန်းတော့ပဲ စုပ်ယူခြင်းနည်းလမ်းကို အစွမ်းကုန်နှိုးဆွကာ စွမ်းအင်များ စုဆောင်းနေတော့သည်။ တချိန်တည်းမှာပင် ဒဏ်ရာကိုလည်း ကုသနေ၏။

အချိန်မည်မျှ ကြာသွားသည်မသိ။ ရေကန်အနီးသို့ ချည်းကပ်လာသော တခြားကျောင်းသားများ၏ ခြေသံများ၊ စကားပြောသံများကို စုချန်း ကြားလိုက်ရ၏။ သို့သော် စုချန်းကတော့ ၎င်းတို့ကို အာရုံမထား။ ရေကန်အတွင်းရှိ စွမ်းအင်များကို စုပ်ယူနိုင်သမျှ စုပ်ယူရန်သာ အာရုံစိုက်လျက်ရှိသည်။

လူသံစကားပြောသံများ တဖြည်းဖြည်း ပို၍ ဆူညံလာ၏။ ရေကန်အတွင်းရှိ စွမ်းအင်မှာလည်း နည်းသထက် နည်းလာခဲ့ပြီ ဖြစ်သည်။ စုချန်းကိုယ်တိုင်ပင် မိမိ၏ စုပ်ယူခြင်းနည်းလမ်းကို သံသယ ပြန်ဝင်လာသည်အထိပင်။

ထိုအချိန်မှာပင် ကျယ်လောင်သော စကားပြောသံတသံ ထွက်ပေါ်လာ၏။

"ကဲ ကဲ ရေကန်ထဲက ကျောင်းသားတွေ ထွက်လာကြတော့"

ထိုအခါကျမှ စုချန်းက မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ ကျောင်းသားဆယ်ယောက်ခန့်ကလည်း သူ့ကဲ့သို့ပင် ရေကန်အတွင်း ထိုင်လျက် လေ့ကျင့်နေကြကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ အံ့သြစရာကောင်းသည်မှာ ထိုကျောင်းသားများထဲတွင် တိမ်တိုက်ကျားသစ်လည်း ပါဝင်နေခြင်းပင်။

ကန်အတွင်းရှိ အနည်ရောင်နှုန်းမြေများမှာကား အညိုရောင်သန်းကာ စေးကပ်မှုမရှိတော့ပဲ သဲကဲ့သို့ ဖွယ်တယ်တယ် ဖြစ်ကုန်၏။ အထဲရှိ စွမ်းအင်များ ကုန်ခန်းသွား၍ ထိုသို့ဖြစ်သွားရကြောင်း စုချန်း နားလည်လိုက်လေသည်။

ရေကန်အပြင်ဘက်တွင်ကား ကျောင်းသားအတော်များများသည် သက်တောင့်သက်သာထိုင်ကာ အနားယူနေကြ၏။ တချို့ကျောင်းသားများမှာ မိုးကြိုးပြစ်ဒဏ်ကို ခံယူနေကြရရှာသည်။

ကျောင်းသား ခြောက်ယောက်မှာကား အခြေအနေအဆိုးဆုံးဖြစ်သည်။ ထိုခြောက်ယောက်သည် သစ်ပင်တွင် တွဲလောင်းအချိတ်ခံထားရပြီး ကျာပွတ်နှင့် အရိုက်ခံနေရသကဲ့သို့ တဖက်တွင်လည်း မိုးကြိုးပြစ်ဒဏ်ကို ခံယူနေရလေသည်။

ထိုအချိန်မှာပင် ဝမ်တောက်ရှန်းသည် စုချန်းဆီသို့ လျှောက်လာ၏။ စုချန်းက သစ်ပင်တွင် တွဲလောင်းချိတ်ခံထားရသော ကျောင်းသားခြောက်ယောက်ကို လက်ညှိုးထိုးပြီး မေးလိုက်၏။

"ဒီကောင်တွေက ဘာလုပ်မိလို့လဲဗျ"

ဝမ်တောက်ရှန်းက ပြန်ဖြေလိုက်သည်။

"ဒီခွေးမသားခြောက်ကောင်ဟာ သူတို့အသက်ရှင်ဖို့ ရဲဘော်ရဲဘက်တွေကို သစ္စာဖောက်တယ်လေကွာ"

ပြောပြောဆိုဆို ဝမ်တောက်ရှန်းက မသတီဟန်ဖြင့် မြေကြီးပေါ်သို့ တံထွေး ထွေးချလိုက်၏။

သူတို့ အသက်ရှင်သန်ခွင့်ရရန် ရဲဘော်ရဲဘက်များအား သတ္တဝါကြီး၏ လမ်းကြောင်းပေါ် တွန်းပို့လိုက်ကြောင်း သိလိုက်ရသည့်အခါ စုချန်းက ထိုကျောင်းသားများကို မသနားတော့။ သူက မေးလိုက်ပြန်၏။

"ပြစ်ဒဏ်ဘယ်လောက်ကျခံရမလဲ"

"သုံးရက် မိုးကြိုးပြစ်ဒဏ်ခံယူရမယ် ပြီးတာနဲ့ ကျောင်းက နှင်ထုတ်ခံရလိမ့်မယ်"

"ဒီကောင်တွေကကော ဘာလုပ်မိလို့လဲ"

စုချန်းက မိုးကြိုးပြစ်ဒဏ် သီးသန့်ခံယူနေသည့် ကျောင်းသားများကို လက်ညှိုးထိုးရင်း မေးလိုက်ပြန်သည်။

"ဒီကောင်တွေကတော့ အသင်းဖော်တွေကို ပစ်ထားပြီး ကိုယ်လွတ်ရုန်းဖို့ ကြိုးစားခဲ့ကြတယ်လေ"

ဝမ်တောက်ရှန်းက ပြန်ဖြေလိုက်ပြန်၏။

စုချန်း ခေါင်းညိတ်လိုက်၏။ အခြေအနေကို သူ သဘောပေါက်လိုက်လေပြီ။

"ဒီတော့ အစ်ကိုကြီးဝမ်...ခင်ဗျားတို့က အပြစ်ပေးမခံရဘူးဆိုတော့ ကြီးကြီးမားမား ဘာအမှားမှ မလုပ်ခဲ့သလို ဆုချီးမြှင့်တာလည်း မခံရဘူးဆိုတော့ ထူးထူးခြားခြား စွမ်းဆောင်ရည်လည်း မပြနိုင်ခဲ့ဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား"

စုချန်းက မေးလိုက်ပြန်၏။ ထိုအခါ ဝမ်တောက်ရှန်းက..

"ငါတို့က မင်းလို မိန်းမတယောက်အတွက် ကိုယ့်အသက်ကိုမှ မစတေးခဲ့ပဲကိုးကွ ဘာဖြစ်ဖြစ် နောက်ဆုံးတော့ မင်းအနေနဲ့ အကျိူးရှိခဲ့သားပဲလေ"

စုချန်း ပါးစပ်ပြဲသွား၏။ သူက ရုတ်ချည်းပင် ခေါင်းစဉ်ပြောင်းလိုက်လေသည်။

"ဒါဆိုရင် တိမ်တိုက်ကျားသစ်ကျတော့ ဘယ်လိုဖြစ်တာလဲ သူကကော ဘယ်သူ့အတွက် ကိုယ့်ကိုယ်ကို စတေးခဲ့တာလဲ"

"သူကတော့ မင်းနဲ့မတူဘူးကွ သူတင်မကဘူး ဒီရေကန်ထဲက ဘယ်သူမှ မင်းလိုမျိုး သူများအတွက် ကိုယ့်အသက်ကိုယ် မစတေးခဲ့ကြဘူး ဒါပေမဲ့ သူတို့ဟာ နတ်ဆိုးသတ္တဝါအမဲလိုက်တာကနေ လွတ်အောင် ထွက်ပြေးနိုင်ခဲ့ကြတယ်"

"အမဲလိုက်တာကနေ လွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ် ဟုတ်လား"

စုချန်း မျက်လုံးပြူးသွား၏။ မျက်လုံးမပြူးပဲလည်း အဘယ်မှ နေနိုင်အံ့နည်း။ နတ်ဆိုးသတ္တဝါများသည် ဆေးဝါးများနှင့် လှည့်စား၍မရသလို အင်အားကလည်း ကြောက်စရာကောင်းလှသည်မဟုတ်ပါလား။ ထို့ကြောင့် ဤသတ္တဝါမျိုးလက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်သူ ရှိလိမ့်မည်မဟုတ်ဟု စုချန်း တထစ်ချယုံကြည်ထားခဲ့၏။ ယခုကျတော့ တိမ်တိုက်ကျားသစ်တို့လူစုက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည် ဆိုပါကလား။

သို့သော် ဝမ်တောက်ရှန်း ရှင်းပြလိုက်မှ စုချန်းက အခြေအနေကို နားလည်သဘောပေါက်သွား၏။ တကယ်တော့ တိမ်တိုက်ကျားသစ်သည် ကိုယ်ပိုင်အရည်အချင်းအသီးသီးရှိကြကုန်သော လူများနှင့် တဖွဲ့တည်းကျသွား၍ ကံကောင်းသွားခြင်းပင်။ တိမ်တိုက်ကျားသစ်၏ အဖွဲ့ဝင်များအနက် တယောက်မှာ မူလပုံစံများတွင် ကျွမ်းကျင်၏။ တယောက်မှာ အဂ္ဂိရတ်ပညာရှင် ဖြစ်သည်။ ကျန်တယောက်မှာကား တသင်းလုံး၏ အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည့် မူလစွမ်းရည်မျိုးကို တတ်ကျွမ်းထား၏။ ထိုအထဲတွင် တိမ်တိုက်ကျားသစ်၏ ထောက်လှမ်းရေးစွမ်းရည်ကို ပေါင်းထည့်လိုက်သောအခါ သူတို့အဖွဲ့သည် ပြီးပြည့်စုံသော အဖွဲ့တဖွဲ့ ဖြစ်လာခဲ့လေသည်။

ထို့ပြင် နတ်ဆိုးသတ္တဝါများသည် အင်အားကြီးမားလှသော်လည်း မြန်ဆန်မှုကို အသားပေးသည့် သတ္တဝါများမဟုတ်။ ထိုအခြေအနေတွင် တိမ်တိုက်ကျားသစ်တို့အဖွဲ့သည် ထွက်ပြေးရာလမ်းတလျှောက်တွင် ထောင်ချောက်များ အဆင့်ဆင့်ပြုလုပ်ကာ သတ္တဝါကြီးကို နှောင့်နှေးစေနိုင်ခဲ့၏။ နောက်ဆုံးတွင် သူတို့အဖွဲ့သည် တနေ့လုံး ဖမ်းဆီးခံရခြင်းမရှိပဲ ထွက်ပြေးနေနိုင်ခဲ့လေသည်။

သူတို့အဖွဲ့သည် သတ္တဝါကြီး၏ ဖမ်းဆီးခံရခြင်းမရှိပဲ အသက်ရှင်နိုင်ခဲ့သည့် တခုတည်းသော အဖွဲ့ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထူးထူးခြားခြား စတေးခြင်း မရှိခဲ့သော်ငြား ဆေးရည်ကန်အတွင်း စိမ်ခွင့်ရခဲ့ခြင်းပင်။

ဝမ်တောက်ရှန်း၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ စုချန်းတယောက် ဘာပြောရမှန်းမသိပဲ ဖြစ်သွားလေသည်။ နတ်ဆိုးသတ္တဝါများလက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော အရည်အချင်းမှာ နှယ်နှယ်ရရ မဟုတ်ပေ။ တိမ်တိုက်ကျားသစ်တို့အဖွဲ့အား သူ မချီးကျူးပဲ မနေနိုင်တော့။

သို့သော် ထိုလူများထက် သူ ပို၍ ဂရုစိုက်သည်မှာကား ကုချိန်းလွှာဖြစ်သည်။

ထိုအခါ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

All Chapters