← Chapters

ညဖက်စကားပြောခြင်း ၁

Vol. 29 Ch. 282

ညဖက်စကားပြောခြင်း ၁

Vol. 29 Ch. 282

ညကောရောက်လာခဲ့ချေပြီ။ ကောင်းကင်ပေါ်တွင်တော့ ကြယ်များ ဟိုမှသည်မှ လင်းလက်လျက်ရှိလေသည်။

တနေကုန်အောင် ဖတ်ဖတ်မောနေခဲ့ကြရရှာသော ကျောင်းသားများမှာကား ညရောက်သည်နှင့် ထုံးစံအတိုင်း အိပ်မောကျသွားကြပြန်သည်။

သို့သော် ကုချိန်းလွှာတယောက်မှာကား အိပ်မပျော်နိုင်ရှာပဲ ရွက်ဖျင်တဲအတွင်းဝယ် ဟိုလှိမ့်သည်လှိမ့်လျက် ရှိရှာသည်။ သူမ၏ မျက်လုံးထဲတွင်တော့ စုချန်းတယောက် သူမအတွက် အသက်စွန့်ကာ ကျောက်စိမ်းမျက်လုံးနတ်ဆိုးကြီးကို မျှားခေါ်သွားပုံကို ပြန်လည်မြင်ယောင်နေ၏။

သူမ၏ နှလုံးသားမှာ တသိမ့်သိမ့်နှင့် တုန်ခါလာ၏။

သွားပြီ။ ဒီညတော့ အိပ်လို့မရတော့မှန်း သေချာသွားလေပြီ။ ထိုအခါ ကုချိန်းလွှာသည် အဝတ်အစားများကို လှဲလှယ်ကာ တဲပြင်သို့ ထွက်လိုက်၏။ ထို့နောက် သူမသည် အလင်းပြန်ကျောက်ဆောင်ပေါ်တွင် ဒူးကွေးလျက်ထိုင်ကာ အဝေးဆီသို့ ငေးမျှော်ကြည့်နေရှာ၏။ သူမ၏ မျက်လုံးထဲတွင်တော့ နေ့ခင်းမှ ပုံရိပ်များကို အစီအရီ မြင်ယောင်လျက်ရှိလေသည်။

"အိပ်လို့မပျော်ဘူးလား"

စကားသံတသံက ရုတ်တရက် ထွက်ပေါ်လာ၏။

အသံရှင်မှာ စုချန်းပင်။

မမျှော်လင့်ပဲ စုချန်း ရုတ်တရက်ရောက်ရှိလာ၍ ကုချိန်းလွှာ ထိတ်လန့်ကာ ကျောက်ဆောင်ပေါ်မှ ပြုတ်ကျတော့မည်ကဲ့သို့ ဖြစ်သွား၏။

ထိုအချိန်တွင် လက်တစုံက ကုချိန်လွှာ၏ ကိုယ်ခန္ဓာကို မြဲမြံစွာ ဖမ်းဆုပ်ထားလိုက်လေသည်။

ကုချိန်းလွှာ ထိတ်လန့်တကြားနှင့် မော့ကြည့်လိုက်၏။ စုချန်း၏ မျက်နှာသည် သူမနှင့် အလွန် နီးကပ်လျက်ရှိလေသည်။ ကြည်လင်အေးမြသော လရောင်အောက်ဝယ် စုချန်း၏ မျက်နှာတခုလုံးကို ကုချိန်းလွှာ ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရ၏။

စုချန်းက ငြင်သာစွာ ပြုံးရင်း ကုချိန်းလွှာကို ဖေးမလိုက်သည်။

"သတိထား"

ထို့နောက် သူက ကုချိန်းလွှာ၏ ဘေးတွင် ထိုင်ချရင်း ပြောလိုက်သည်။

"ကျုပ်လည်းအတူတူပဲ အိပ်လို့မပျော်ဘူး ဒီတော့ စကားလေးဘာလေးပြောကြရအောင်လား"

ကုချိန်းလွှာ၏ မျက်နှာသည် ရှက်သွေးဖျန်းကာ ရဲရဲနီသွား၏။ သူမက ကိုယ်ကိုတွန့်လိန်ကာ စုချန်း၏ လက်ထဲမှ ရုန်းထွက်လိုက်လေသည်။ သို့သော် ကျေးဇူးတင်စကားပြောရန်ကား မေ့သွားပုံမရ။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်"

"မလိုပါဘူးကွာ ဘာပဲဖြစ်ဖြစ် ဒါက လိမ်ဆင်ကြီးပဲဟာ ကျုပ်မရှိရင်လည်း ဒီကောင်ကြီးက ခင်ဗျားကို မသတ်ပါဘူး"

"ဒါပေမဲ့ အဲဒီတုန်းက ဒါ လိမ်ဆင်ကြီးမှန်း ရှင် မသိဘူးလေ"

"မှန်တယ် ဒါပေမဲ့ မသိတော့ ဘာဖြစ်သလဲ အဲဒီအတွက် ခင်ဗျားအနေနဲ့ ကျုပ်က်ို ကျေးဇူးကြွေးတင်သွားပြီလို့ ခံစားနေရတာလား ထားလိုက်ပါဗျာ"

ကုချိန်းလွှာ ပါးစပ်ပိတ်သွား၏။

စုချန်း၏ စကားကို သူမ မည်သို့မည်ပုံ တုံ့ပြန်ရမှန်းမသိပဲ ဖြစ်နေရှာ၏။

သူမအနေနှင့် စုချန်းကို ကျေးဇူးတင်ကြောင်း အမှန်တကယ် ပြောပြချင်၏။ သို့သော် ဘာကြောင့်မှန်းမသိ နောက်သို့သာ တရွေ့ရွေ့ ဆုတ်မိနေ၏။ သို့သော် စုချန်းကား ဘာကိုမှ ဂရုမစိုက်ပဲ သူမအနီးသို့ လျင်မြန်စွာ တိုးကပ်လာလေသည်။

စုချန်းဟူသည် ရည်မှန်းချက်ကို ရောက်ရှိရန် အမြဲတစေ ကြိုးစားအားထုတ်နေတတ်သူမျိုး ဖြစ်သည်။ ဤတချက်ကို သူမ အဘယ်ကြောင့် မေ့လျော့သွားရလေသနည်း။

ကုချိန်းလွှာ ကိုယ့်ကိုယ်ကို ကြိတ်၍ ကျိန်ဆဲမိ၏။

ထိုအချိန်တွင် စုချန်းက ပြောလိုက်ပြန်သည်။

"ကျုပ် စကားပြောတာ နည်းနည်းကြမ်းသွားတယ် ခင်ဗျားကို ဝမ်းနည်းအောင်လုပ်မိတယ်ဆိုရင် ကျုပ် တောင်းပန်ပါတယ်ဗျာ"

"မလိုပါဘူးရှင်"

ကုချိန်းလွှာက ခေါင်းကို ခပ်မြန်မြန်ပင် ခါပြလိုက်၏။

စုချန်းက စကားဆက်ပြန်သည်။

"တကယ်တော့ ကျုပ်က သေခြင်းတရားဟာ ကြောက်စရာအကောင်းဆုံးအရာ မဟုတ်သေးဘူးလို့ ပြောချင်တာပါ...ကျုပ် စိတ်ထဲမှာ အဲဒီလိုပဲ ခံစားမိတယ် ဘာကြောင့်လဲဆိုတော့ ဒီလိုအန္တရာယ်မျိုးကို ကျုပ် မကြာခနဆိုသလို ရင်ဆိုင်ဖူးလို့ပဲ"

ကုချိန်းလွှာသည် စုချန်းအား မျက်လုံးပြူးကာ စိုက်ကြည့်လျက်ရှိသည်။ သူမ၏ စိတ်ထဲတွင် ယခင်က စုချန်း ပြောဆိုခဲ့သည့် စကားလုံးများကို တလုံးချင်း ပြန်လည်ကြားယောင်လာ၏။

ထိုအခါ အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်နေပြီးမှ စိတ်ထိန်းနိုင်တော့ဟန်ဖြင့် သူမက စုချန်းကို မေးလိုက်၏။

" နေ့ခင်းတုန်းက ဟိုမိန်းကလေးဟာ ရှင့်ကို သတ်ဖို့လာတာလို့ ရှင် ပြောခဲ့တယ် နတ်ဆိုးဧကရာဇ်သွေးဗီဇတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောခဲ့သေးတယ် ရှင် ဘာတွေဖြစ်နေတာလဲဟင်"

ကုချိန်းလွှာ၏ မေးခွန်းကို ကြားလိုက်ရသောအခါ စုချန်း ဝမ်းသာအားရ ပြုံးလိုက်၏။

သူ အမှန်တကယ် ပျော်သွားခြင်းဖြစ်သည်။

သူမ၏ စကားအရ ကုချိန်းလွှာသည် စုချန်းအား ယခင်ကဲ့သို့ပင် ပြန်လည် ဂရုစိုက်လာပြီဖြစ်ကြောင်း ပေါ်လွင်နေ၏။ တချိန်လုံး ချိုးနှိမ်ထားခဲ့သော ခံစားချက်များ ပြန်လည်ပွင့်အံလာသည့်သဘောပင်။

သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ရသော အချစ်ပင်ပေါက်ကလေး အညှောင့်ပြန်ထွက်လာချေပြီတည်း။

ထိုအခါ စုချန်းသည် ဇုမျိုးနွယ်စုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကုချိန်းလွှာအား ခရေစေ့တွင်းကျ ရှင်းပြလိုက်၏။

သူတို့နှစ်ယောက်သည် နဂါးကျောင်းတော်တွင် အတူတကွ ကျောင်းတက်နေခဲ့သော်လည်း လူချင်း ဝေးကွာနေခဲ့သည်မှာ ကြာပြီ။ ထို့ကြောင့် စုချန်း ဘာတွေဖြစ်နေသနည်းဟူသည်ကို ကုချိန်းလွှာ လုံးဝမသိခဲ့ချေ။

ဤနှစ်များအတွင်းဝယ် စုချန်း ဘာတွေသုတေသန လုပ်နေသနည်း၊ စုချန်း ဘာတွေကို အောင်မြင်အောင် ကြိုးစားနေသနည်း ဟူသည်ကို ကုချိန်းလွှာ မသိ။ ယုတ်စွအဆုံး စုချန်းကို ရှီကိုင်းဟွမ်၏ တပည့်ဖြစ်မှန်းပင် သူမ မသိ။ ထိုသို့ မသိအောင်၊ ဂရုမစိုက်မိအောင်လည်း ကုချိန်းလွှာ ကြိုးစားနေထိုင်ခဲ့လေသည်။ အကယ်၍ စုချန်းအပေါ် ဂရုစိုက်မိပါက ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တော့မည်ကို သူမ စိုးရိမ်နေခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် စုချန်း ဇာတ်စုံခင်းပြသည်ကိုနားထောင်ရင်း ကုချိန်းလွှာတယောက် မျက်ကလူးဆန်ပြာ ဖြစ်နေရှာ၏။

လူသားမျိုးနွယ်ကို တဆင့်မြင့်မားစေခဲ့သည့် တိမ်တိုက်လင်းနို့သည် စုချန်း ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝထင်မထား။ ကိုင်းဟွမ်ကောင်းကင်ဘုံကို ဝေငှနိုင်ရန် စုချန်းတယောက် ဖိအားဘယ်လောက်ကို ရင်ဆိုင်ခဲ့ရမှန်း သူမ မျှော်မှန်းနိုင်စွမ်းပင် မရှိတော့။ တဖန် စုချန်းသည် ဇုမျိုးနွယ်နှင့် မျိုးနွယ်စုခြောက်စုအကြား ရန်တိုက်ပေးကာ ကြားမှ အမြတ်ထုတ်ခဲ့ပုံကိုလည်း သူမ အံ့သြ၍ မဆုံးဖြစ်နေ၏။ စုချန်းနှင့် သူမ ဝေးကွာနေစဉ်ကာလအတွင်း ရင်သပ်ရှှုမောစရာ အဖြစ်အပျက်အတော်များများကို ကုချိန်းလွှာ လွဲချော်ခဲ့ပုံရလေသည်။

ကုချိန်းလွှာသည် စုချန်း၏ အံ့သြစရာအဖြစ်အပျက်များကို မျက်လုံးအဝိုင်းသားနှင့် နားထောင်နေရှာ၏။

နားထောင်ရင်းနှင့်ပင် သူမ၏ စိတ်အာရုံသည် မြောက်ပိုင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသွား၏။ မျက်လုံးမမြင်ရှာသော်လည်း မည်သည့်အရာကိုမှ အရှုံးမပေးတတ်သော စုချန်း၊ မိသားစု၏ အပြင်ဘက်သို့ ဖယ်ထုတ်ခံလိုက်ရသော သနားစရာ လူငယ်လေး စုချန်း။ ဤလူငယ်လေးကို သူမ အမှန်တကယ် ဂရုဏာသက်ခဲ့မိ၏။ တွယ်တာခဲ့မိ၏။ ထိုအခါ သူမသည် စုချန်းနှင့်အတူ မားမားရပ်ရင်း ကြုံတွေ့လာသမျှ အန္တရာယ်များ၊ အခက်အခဲများ၊ ဖိအားများကို ရင်ဆိုင်နေသည်ဟု ခံစားလာမိလေသည်။

စုချန်းနှင့် လက်ချင်းချိတ်ကာ ရန်သူများကို ရင်ဆိုင်ခဲ့သည့် ထိုနေ့ရက်များသည် ကုချိန်းလွှာ၏ ဘဝတွင် အပျော်ရွှင်ဆုံးအချိန်များပင် ဖြစ်သည်။

ယခုလည်း စုချန်း၏ ပုံပြင်ကို နားထောင်ရင်း သူမသည် စုချန်းဘေးတွင် နောက်တကြိမ် ရပ်လျက်သားရှိနေပြန်ပြီဟု ခံစားနေရ၏။

ထိုအခါ ကုချိန်းလွှာ၏ နှလုံးသားသည် ပြောမပြနိုင်သော ခံစားချက်တို့ဖြင့် မူးယစ်ရီဝေလာ၏။ သူမ၏ ခိုင်မာသောဆုံးဖြတ်ချက်မှာလည်း ယိမ်းယိုင်စပြုလာ၏။

နောက်ဆုံးတွင် စုချန်းက သူ့ဇာတ်လမ်းကို အောက်ပါအတိုင်း ရိုးရိုးရှင်းရှင်းပင် အဆုံးသတ်လိုက်၏။

"နောက်ဆုံးတော့ ကျုပ်ဟာ သူရဲ့ မှတ်ညဏ်ကို ဖျက်ဆီးပစ်လိုက်တယ် ကိုင်းဟွမ်ကောင်းကင်ဘုံကိုလည်း စိတ်အေးလက်အေးနဲ့ ရောင်းချနိုင်ခဲ့တယ် ဒီအတွက်လည်း မူလကျောက်တုံး အတော်များများ ရခဲ့တယ် ဒါပေမဲ့ ဒီနည်းစနစ်ကို ရောင်းချတာ ငွေလိုချင်လို့မှမဟုတ်ပဲလေ ဒါကြောင့် ဒီနှစ်တွေထဲမှာ နဂါးကျောင်းတော်ရဲ့ အပြင်ဘက်ကို ကျုပ် မထွက်တာပဲ ကုချိန်းလွှာရဲ့...သုတေသနလုပ်ငန်းတွေနဲ့ ကျုပ် အရမ်းအလုပ်ရှုပ်နေတယ်လေ ဘာပဲပြောပြော မျက်မမြင်ဘဝဟာ ကျုပ်ကို ဒုက္ခအတော်များများက ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ကောက်ချက်ချရမှာပဲ"

တဖန် သူက ရယ်မောရင်း ပြောလိုက်ပြန်သည်။

"ဒီနှစ်မှာတော့ လှုပ်လှုပ်ရှားရှား လုပ်သင့်ပြီလို့ ကျုပ်တွေးမိတယ် ဒါကြောင့် ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာပဲ ခုကျတော့ ဒီဆုံးဖြတ်ချက် မှန်တယ်လို့ ပြောရမလိုဖြစ်နေပြီ ခုဆိုရင် ကျုပ်ဟာ ခင်ဗျားနဲ့ ဒီနေရာမှာထိုင်ပြီး စကားပြောနေရပြီလေ"

စကားဆုံးသည်နှင့် စုချန်းက ကုချိန်းလွှာကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်လိုက်၏။

ကုချိန်းလွှာကား စုချန်း၏ အကြည့်ကို ရင်မဆိုင်ရဲရှာ။ သူမက မျက်နှာကို တဖက်သို့လွှဲရင်း ပြောလိုက်၏။

"ရှင် ဘာလို့ဒီလိုလုပ်ရတာလဲ ကျွန်မတို့နှစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ ရှင် သိပါတယ်လေ"

စုချန်းက အလွန်လေးနက်သော အမူအရာနှင့် ထပ်မံပြောဆိုလိုက်ပြန်၏။

"ကျုပ်ပြောခဲ့သမျှကို လေလုံးထွားတယ်လို့ ထင်နေတာလား မဟုတ်ဘူး ကုချိန်းလွှာ မဟုတ်ဘူး ကျုပ်ရွေးချယ်ထားတဲ့လမ်းဟာ အန္တရာယ်တွေ ပြည့်နှက်နေတယ်ဆိုတာကိုတော့ ခင်ဗျားကို သိစေချင်တယ် ကျုပ်ဆရာက တခါပြောဖူးတယ် တနေ့နေ့မှာ ကျုပ်ဟာ သွေးဗီဇကန့်သတ်ချက်ကို ဖျက်ဆီးနိုင်ခဲ့ရင် တမိုးအောက်က တော်ဝင်မျိုးနွယ်စုတွေအကုန်လုံးဟာ ကျုပ်ရဲ့ရန်သူတွေ ဖြစ်လာလိမ့်မယ်တဲ့ သူတို့အကုန်လုံးနော် ကုချိန်းလွှာ သူတို့အကုန်လုံး ဒါ ဘာကိုဆိုလိုသလဲဆိုတာ ခင်ဗျား သိတယ်မလား တော်ဝင်မျိုးနွယ်စုအကုန်လုံးနဲ့ ရန်သူတွေ ဖြစ်လာမှတော့ ကုမျိုးနွယ်ကိုမှ ကျုပ်က ဘာလို့ကြောက်နေရမှာလဲ ကျုပ်မှာ ရန်သူတွေ အများကြီးရှိနေမှတော့ တယောက်ပိုလာလို့ ဘာထူးတော့မှာလဲ ဒီအတွက် ကျုပ် သေရင်သေသွားလိမ့်မယ် ဒါပေမဲ့ အမှန်တရားကို ရှာဖွေရင်း သေရမှာဖြစ်လို့ ဘာမှနောင်တရစရာ မရှိဘူးဗျ ဒီလိုပဲ ကျုပ် ချစ်ရတဲ့ မိန်းကလေးအတွက် သေရမယ်ဆိုရင်လဲ ဘာမှထူးပြီး နောင်တရစရာ မရှိပါဘူးဗျာ"

သို့သော် ကုချိန်းလွှာက ခေါင်းကိုငုံ့ရင်း ပြန်ပြောလိုက်၏။

"ဒါ မတူဘူးရှင့် နည်းနည်းလေးမှ မတူဘူး"

"ဘာကိုမတူတာလဲ ကုချိန်းလွှာ ခင်ဗျားရဲ့မျိုးနွယ်စုနာမည်က ကု ဖြစ်နေလို့လား ခင်ဗျားတို့က အလင်းနတ်ဘုရားမင်းဆက်ရဲ့ အဆက်အနွယ်တွေ ဖြစ်နေလို့လား"

ကုချိန်းလွှာ အံ့သြသွား၏။

"ရှင် သိနေတာလား"

"ဟုတ်တယ် ကျုပ် သိနေတယ် လောင်ချီကုမျိုးနွယ်စုဟာ အလင်းနတ်ဘုရားမင်းဆက်ရဲ့ အဆက်အနွယ်တွေဆိုတာ ကျုပ် အစကတည်းက သဘောပေါက်ခဲ့သင့်တယ် အတိအကျပြောရရင် ခင်ဗျား ကျုပ်ကို မြူခိုးကြားက မြွေခြေလှမ်း နည်းစနစ် သင်ပေးတဲ့အချိန်ကတည်းက သဘောပေါက်ခဲ့သင့်တာ"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာ မယုံနိုင်ဖြစ်သွား၏။

"ရှင် ဘာတွေပြောနေတာလဲ ကျွန်မက ရှင့်ကို မြူခိုးကြားထဲက မြွေခြေလှမ်း သင်ပေးတဲ့ အချိန်ကတည်းက သဘောပေါက်ခဲ့သင့်တယ် ဟုတ်လား တကယ်ဆိုရင် ရှင်ဟာ နဂါးကျောင်းတော်သားတယောက် ဖြစ်လာပြီး အလင်းနတ်ဘုရားမင်းဆက်ရဲ့ လျှို့ဝှက်ချက်အသေးစိတ်ကို ကျောင်းတော်မှာ သင်ကြားပြီးတဲ့အချိန်ကျမှ ကျွန်မဟာ အလင်းနတ်ဘုရားမင်းဆက်ရဲ့ အဆက်အနွယ်ဆိုတာ သဘောပေါက်သင့်တာ မဟုတ်ဘူးလား"

ဤတကြိမ် အံ့သြသွားသူမှာကား စုချန်း ဖြစ်သည်။

"ဘာလျှို့ဝှက်ချက်အသေးစိတ်လဲဗျ ကျုပ် ဒါကို သဘောပေါက်လာတာ ခင်ဗျားရဲ့ သွေးဗီဇကြောင့်ပဲ ခင်ဗျား ကျုပ်နဖူးပေါ် သွေးတစက် တင်ပေးလိုက်တဲ့အချိန်ကို မှတ်မိတယ်မလား အဲဒီတုန်းက ခင်ဗျားရဲ့ သွေးဗီဇဟာ ပျံသန်းနေတဲ့မြွေမဟုတ်ပဲ နဂါးတကောင်ဆိုတာ ကျုပ် မြင်လိုက်တယ်"

"နဂါး ဟုတ်လား"

ကုချိန်းလွှာက အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။

ကုချိန်းလွှာ၏ ပုံစံကိုကြည့်ရင်း စုချန်းကိုယ်တိုင် စိတ်ရှုပ်ထွေးလာလေသည်။

ထို့နောက် သူတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်စိုက်ကြည့်ရင်း တစုံတခုကို သဘောပေါက်လာဟန်ဖြင့် ပြိုင်တူရေရွတ်လိုက်ကြသည်။

"ဒါဆို ခင်ဗျား မသိသေးဘူးပေါ့" "ဒါဆို ရှင်မသိသေးဘူးပေါ့"

All Chapters