သူတို့နှစ်ယောက်
Vol. 29 Ch. 284
စုချန်းနှင့် ကုချိန်းလွှာသည် အချိန်အတော်ကြာအောင် စကားပြောဆိုနေခဲ့ကြ၏။ အတန်ကြာမှ သူတို့နှစ်ယာက်သည် သက်ဆိုင်ရာ တဲအသီးသီးသို့ ဝင်ရောက်အိပ်ယာဝင်ခဲ့ကြလေသည်။ းး
ကုချိန်းလွှာအနေနှင့် ယခင်အခြေအနေသို့ ပြန်သွားချင်ပါသည်ဟု အတိအလင်း ပြောဆိုခြင်းမရှိသေးသော်ငြား သူမ၏ စိတ်သဘောထား သိသိသာသာ ပြောင်းလဲသွားပြီဟု စုချန်း ခံစားနေရလေသည်။
ထိုအတွက် စုချန်း အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် တညလုံး ကောင်းကောင်းမွန်မွန် အိပ်မပျော်နိုင်ပဲ ရှိလေသည်။ ထိုအခါ ယုချန်းကျို သူတို့တဲအား လာဖျက်ဆီးသည့်အချိန်တွင် စုချန်းက သူ့အား ဖမ်းဆီးနိုင်ခဲ့၏။
နောက်တနေ့ နေထွက်လာသည်နှင့် သူတို့သည် လေ့ကျင့်ခန်းများအား ဆက်လက်ဆောင်ရွက်ကြလေသည်။ ထိုအချိန်တွင် ကျောင်းသားခြောက်ယောက်အား ထုတ်ပယ်လိုက်ပြီဖြစ်လေရာ ကျောင်းသားစုစုပေါင်း ၉၄ယောက်သာ ကျန်တော့၏။
ယုချန်းကျိုက ကျောင်းသားများ၏ ရှေ့တွင် မတ်တပ်ရပ်ရင်း ကျယ်လောင်အက်ကွဲသော အသံနှင့် အော်ဟစ်လိုက်၏။
"ဒီကနေ့မှာတော့ လူတိုင်းဟာ အဖွဲ့တဖွဲ့စီကို မိမိ စိုက်ကြိုက် အဖွဲ့ဝင်ခုနှစ်ယောက်စီနဲ့ ဖွဲ့စည်းခွင့်ရှိမယ်"
လူတိုင်း စိတ်လှုပ်ရှားကုန်ကြ၏။ ဤတကြိမ်တွင်တော့ သူတို့သည် အဖွဲ့ဝင်များကို ကြုံရာကျပန်း ရွေးချယ်ခြင်းမဟုတ်တော့ပဲ အရင်းနှီးဆုံး သူငယ်ချင်းများကို စိုက်ကြိုက်ရွေးချယ် ဖွဲ့စည်းကြလေသည်။
တကယ်တော့ အဖွဲ့များကို ကြုံရာကျပန်း ဖွဲ့စည်းခိုင်းရခြင်း၏ ရည်ရွည်ချက်မှာ တဦးချင်းစီ၏ လိုက်လျောညီထွေရှိမှုကို တိုးတက်လာစေရန် ဖြစ်သည်။ အသင်းများကို စိုက်ကြိုက်ဖွဲ့စည်းခိုင်းခြင်းမှာကား ခင်မင်ရင်းနှီးသူအချင်းချင်း အတူတကွ လုပ်ဆောင်ရာတွင် နားလည်မှုဘယ်လောက်ရှိမရှိ စစ်ဆေးလိုက်သည့်သဘောပင်။
သိပ်မကြာမီ စုချန်း၊ တိမ်တိုက်ကျားသစ်၊ ယွဲ့လောင်ရှနှင့် ဝမ်တောက်ရှန်းတို့သည် အတူတကွ စုဝေးမိကြ၏။ နောက်ဆုံးတော့ သူငယ်ချင်းလေးယောက်သည် လေ့ကျင့်ရေးတာဝန်များကို အတူတကွ ဆောင်ရွက်နိုင်ခဲ့ပေပြီ။ ထိုအတွက် သူတို့ အလွန်ပျော်နေကြ၏။
သို့သော် သူတို့အဖွဲ့တွင် လူလေးယောက်သာ ရှိသေးသည်ဖြစ်လေရာ သုံးယောက်လိုနေသေး၏။
ထိုအချိန်တွင် ဂျီဟန်းယင်က သူတို့ဆီသို့ လျှောက်လာပြီး မေးလိုက်သည်။
"ရှင်တို့ ကျွန်မကို မလိုချင်ဘူးလား"
"ခင်ဗျားကို"
စုချန်းက မျက်လုံးပြူးကာ မေးလိုက်သည်။
"ဘာလဲ မလိုချင်ဘူးပေါ့လေ"
ဂျီဟန်းယင်က ပြန်မေးလိုက်၏။
"အဲဒီလိုမဟုတ်ရပါဘူးဗျ ခင်ဗျားက ကျုပ်တို့အဖွဲ့ထဲ ဝင်မယ်ဆိုလို့ အံ့သြသွားတာပါ"
စုချန်းက ဟေးနီလျူဘက်သို့ မေးငေါ့ပြီး ပြောလိုက်၏။
"ကျွန်မထက်သာတဲ့လူနဲ့ တဖွဲ့တည်း မလုပ်ချင်ဘူးရှင့်"
စုချန်း ပါးစပ်ပိတ်သွား၏။
ဂျီဟန်းယင်၏ စရိုက်က အမှန်တကယ်လည်း ထိုအတိုင်းပင်။
ထိုအချိန်တွင် ကျန့်စီချွေကလည်း သူတ်ု့ိထံသို့ လျှောက်လာပြီး ပြောလိုက်ပြန်၏။
"ငါ့ကိုလည်း မင်းတို့အဖွဲ့ထဲ ထည့်လိုက်ကွာ"
ဂျီဟန်းယင်ရှိသည့်နေရာတွင် ကျန့်စီချွေ့လည်း ရှိနေပေလိမ့်မည်။ ၎င်းမှာ မပြောလည်း လူတိုင်း သိထားသည့် စည်းမျဉ်းဖြစ်သည်။
ဂျီဟန်းယင် မည်သို့ မျက်မှောင်ကုတ်နေစေကာမူ စုချန်းကတော့ ကျန့်စီချွေ့ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်၏။ ဘာပြောပြော ကျန့်စီချွေသည် အမှန်တကယ် အင်အားကြီးမားသူ မဟုတ်ပါလား။
"အဖွဲ့ဝင်တယောက် လိုနေသေးတယ်ဟေ့"
ဝမ်တောက်ရှန်းက ဝင်ပြောလိုက်ပြန်၏။
စုချန်းက ကုချိန်းလွှာကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက သူမဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"ခင်ဗျားကို ကျုပ်တို့အဖွဲ့ထဲမှာ ပါစေချင်တယ်"
ကုချိန်းလွှာက စုချန်းနောက်ဘက်တွင် ရပ်နေသော အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"အဖွဲ့ဝင်တယောက် အနေနဲ့ပဲလား"
စုချန်းက ကြင်နာသော လေသံနှင့် ပြန်ပြောလိုက်သည်။
"အဖွဲ့ဝင်တယောက်အနေနဲ့ပါပဲ"
စုချန်းအနေနှင့် ကုချိန်းလွှာကို ဖိအားပေးလိုစိတ်မရှိ။ ထိုအခါ ကုချိန်းလွှာ၏ နှလုံးသားထဲတွင် တင်းကျပ်နေသော ခံစားချက်များ လျော့ပါးသွားသလို ခံစားလိုက်ရ၏။
ကုချိန်းလွှာ ပြုံးလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော အပြုံးဖြစ်သည်။
"ကောင်းပြီလေ"
သူမက ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
ထိုနေ့မှစ၍ စုချန်းနှင့် ကုချိန်းလွှာသည် နောက်တကြိမ် အတူတကွ ရှိနေနိုင်ခဲ့ပြန်ပြီတကား။
သူတို့နှစ်ဦး၏ အကြားတွင် ချစ်ခြင်းတရား၏ ကျိန်စာများမရှိသလို ချိုမြိန်သော တီးတိုးစကားများလည်း မရှိ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ချစ်သူများမဟုတ်ဟု ဆိုနိုင်သည်။ သို့သော် သူငယ်ချင်းထက်ပိုသော ရင်းနှီးတွယ်တာမှုကလည်း ရှိနေပြန်၏။
တနည်းအားဖြင့် သူတို့နှစ်ယောက်၏ အနေအထားသည် သူငယ်ချင်းလည်းမပီ ချစ်သူလည်းမဟုတ်။
အခြေအနေသည် မြောက်ပိုင်းမြို့တော်သို့ ပြန်ရောက်သွားသည်နှင့်ပင် တူနေသေး၏။
မည်သို့ဆိုစေ သူတို့၏ အနာဂတ်များမှာကား မျှော်လင့်ချင်းရာ၊ စိတ်လှုပ်ရှားစရာများနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။
____________×××_______________×××_____________
ကျောင်းသားများအကြား မည်သည့်ခံစားချက်များ ဖြစ်ပေါ်နေစေကာမူ လေ့ကျင့်ခန်းမှာကား မူလအတိုင်း ဆက်သွားနေ၏။
နေ့စဉ်နေ့တိုင်းလိုလို ကျောင်းသားများသည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရ၏။ သူတို့သည် ဆရာများ ညွှန်ကြားသည့်အတိုင်း အမျိုးမျိုးအဖုံဖုံသော တိုက်ပွဲများကို နေ့စဉ်ရက်ဆက်လိုလို ဆင်နွဲနေကြရလေသည်။ ထိုအထဲတွင် ကျောင်းသားအချင်းချင်း တိုက်ခိုက်ရသည့် တိုက်ပွဲများသာမက စစ်သားများ၊ သားရဲသတ္တဝါဆိုးများနှင့် သတ်ဖြတ်သူအကျဉ်းသားများနှင့် တိုက်ခိုက်ရသော တိုက်ပွဲများပင် ပါဝင်လာ၏။
ဆရာများသည် ကျောင်းသားများ၏ တိုက်ခိုက်ရေးပုံစံ၊ တဦးနှင့်တဦး အကူအညီပေးနိုင်ပုံနှင့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပုံတို့ကို အဆင်မပြတ် မှတ်တမ်းတင်ကာ အမှတ်ပေးလျက်ရှိသည်။
တခါတရံတွင် ကျောင်းသားများသည် တိုက်ပွဲကြီး အတွေ့အကြုံရစေရန်လို့ငှာ အုပ်စုကြီးများ ခွဲ၍ အချင်းချင်း အပြန်အလှန် တိုက်ခိုက်ရ၏။ တခါတရံတွင်တော့ ထောက်လှမ်းရေးစွမ်းရည်များ တိုးတက်လာစေရန် လေ့ကျင့်ရလေသည်။ ရံဖန်ရံခါတွင်တော့ သူတို့သည် မူလပုံစံများနှင့် ပတ်သက်သည့် ထောင်ချောက်များကို ရှင်းလင်းကြရလေသည်။ အပျက်အစီးသိုက်အတွင်းဝယ် ထောင်ချောင်များ ကြုံတွေ့နိုင်သောကြောင့် ထိုတာဝန်မှာ လုပ်ဆောင်သင့်သည့် တာဝန်တခုပင်။ နောက်ဆုံးတွင်တော့ ကျောင်းသားများသည် စိတ်ကြိုက်အသင်းများ ဖွဲ့စည်းပြီး ဆရာများနှင့် အစမ်းယှဉ်ပြိုင်ကြရ၏။ ဆရာများသည် အလွန်အင်အားကြီးမားသူများ ဖြစ်လေရာ အမျိုးမျိုးသော စွမ်းရည်များကို ပြသပြီး ကျောင်းသားများကို စိတ်ဓာတ်ကျလာစေရန် စွမ်းဆောင်နိုင်ကြပေ၏။
ညဖက်ရောက်လျင်တော့ ကျောင်းသားများသည် သူတို့ ရွေးချယ်ထားသော သီးသန့်ဘာသာရပ်များကို လေ့လာသင်ယူကြရပြန်သည်။
ဤသို့နှင့် သူတို့ ဖြတ်သန်းနေရသည့် နေ့ရက်တိုင်းလိုလိုတွင် လေ့ကျင့်ခန်းများ၊ သင်ခန်းစာများနှင့်သာ ပြည့်နှက်နေ၏။ သို့သော် ကျောင်းသားတိုင်းလိုလိုသည် ပျော်ရွှင်နေကြ၏။
အနည်းဆုံးတော့ စုချန်း ပျော်ရွှင်နေ၏။
သူ့အနေနှင့် လေ့ကျင့်ရေး တာဝန်များ ခက်ခဲပင်ပန်းသည်ကို ဂရုမစိုက်။ ထိုနည်းတူစွာ နောင်အနာဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကိုလည်း မမှု။ သူ ချစ်ရသော မိန်းကလေး သူ့ဘေးနားတွင် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ အလွန်ပျော်နေ၏။
အချိန်တိုင်းလိုလိုတွင် သူသည် စိတ်ကြိုက်အဖွဲ့ ဖွဲ့၍ လုပ်ဆောင်ရသည့် တာဝန်များကိုသာ မျှော်လင့်နေလေ့ရှိသည်။ ထိုသို့ အဖွဲ့ဖွဲ့လိုက်တိုင်းလည်း သူ့အဖွဲ့တွင် ကုချိန်းလွှာ ပါလာစမြဲ။ တာဝန်များ ထမ်းဆောင်ရာတွင်လည်း သူသည် ကုချိန်းလွှာကို အထူးပင် ဂရုစိုက်လေသည်။ ထိုအတွက် သူ အပြစ်ပေးခံရလျင်ပင် ဂရုမစိုက်။
အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းလိုလိုသည် ဘာတွေဖြစ်နေမှန်း သဘောပေါက်လာကြ၏။ သို့သော် စုချန်းက တခွန်းမှ မဟလေရာ လူတိုင်းကလည်း ဘာမှမသိသလိုပင် ဟန်ဆောင်ထားကြကုန်၏။
သုံးလဟူသောအချိန်မှာ မျက်စေ့တမှိတ်အတွင်း မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ လေ့ကျင့်ရေးကာလ၏ အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လေ့ကျင့်ရေးကာလ နောက်ဆုံးရက်တွင် ဆရာများ၏ ညွှန်ုကြားချက်အရ ကျောင်းသားများသည် မိမိတို့စိတ်ကြိုက်လူခုနှစ်ယောက်စီနှင့် အဖွဲ့ကိုယ်စီ ဖွဲ့လိုက်ကြ၏။ ဤယနေ့အတွက် တာဝန်မှာ အဖွဲ့လိုက် ကြိုက်နှစ်သက်ရာ ရတနာတမျိုးစီ ရှာဖွေရန် ဖြစ်သည်။
သို့သော် ထိုနေ့တွင် စုချန်းနှင့် ကုချိန်းလွှာတို့သည် ဘာမှမလုပ်ချေ။ သူတို့နှစ်ယောက်သည် ရတနာရှာဖွေရန်ဟု အကြောင်းပြကာ တောအုပ်အတွင်းဝယ် လှည့်လည်အချိန်ဖြုန်းနေကြ၏။ ဤအချိန်လေးသည် သူတို့နှစ်ယောက် နောက်ဆုံး အတူတကွ နေထိုင်ရသည့် အချိန် ဖြစ်ကောင်းဖြစ်သွားနိုင်သည် မဟုတ်ပါလား။
အမှောင်ရိပ်သန်းလာသည်နှင့် ကုချိန်းလွှာက ပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက် ရေကန်ဘေးမှာ သွားထိုင်ရအောင်လေ"
ထို့နောက် သူတို့နှစ်ယောက်သည် ရှေးဟောင်းမနီလာရေကန်ဘေးသို့ ရောက်ရှိလာကြ၏။ ရေကန်တဝိုက်သည် အလွန်တိတ်ဆိတ်ငြိမ်သက်လျက် လှပနေလေသည်။ ဝင်လုဆဲ နေရောင်ခြည်သည် ရေပြင်ပေါ်ကို ဖြာသက်ဆင်းနေ၏။ အပြာရောင်နှလုံးသားကြာပန်းမှာကား ရေပြင်ပေါ်တွင် တွဲလွဲခိုလျက် ရှိလေသည်။
ကုချိန်းလွှာသည် အပြာရောင်နှလုံးသားကြာပန်းကို ငေးကြည့်နေ၏။ ထို့နောက် သူမက သက်ပြင်းချကာ ပြောလိုက်၏။
"လှလိုက်တာနော်"
"ခင်ဗျားက သဘောကျလို့လား"
ကုချိန်းလွှာ ခေါင်းညိတ်ပြလိုက်သည်။
"သဘောကျတာပေါ့ရှင်"
"သဘောကျရင် ကျုပ်သွားယူပေးမယ်လေ"
"မနောက်စမ်းပါနဲ့ရှင် ရေထဲမှာ နဂါးငါး ရှိတယ် ရှင် သူ့ကိုမှ မနိုင်တာ"
"ဒီကောင်ကြီးနဲ့ တိုက်ခိုက်မယ်လို့ ဘယ်သူပြောသလဲ"
စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"ကျုပ် လုပ်ပြမယ် ခင်ဗျား စောင့်ကြည့်နေ"
ပြောပြောဆိုဆို သူက ရေကန်ဆီသို့ လျှောက်သွားလိုက်၏။ သူ့ကိုကြည့်ရင်း ကုချိန်းလွှာ စိတ်ပူလာလေသည်။
"စုချန်း ဒါ နောက်စရာမဟုတ်ဘူးနော် နဂါးငါးဆိုတာ အလွယ်တကူ ရင်ဆိုင်လို့ရတဲ့ သတ္တဝါမျိုး မဟုတ်ဘူးရှင့်"
"ကျုပ်က နဂါးငါးနဲ့ ရင်ဆိုင်ဖို့ အစီအစဉ် မရှိပါဘူးကွာ"
စကားဆုံးသည်နှင့် စုချန်းက လေချွန်သံတချက် ပြုလိုက်ရာ မည်သည့်နေရာက ပေါ်လာမှန်းမသိသော သေးငယ်သည့် ကာပိုင်ဘာရာသတ္တဝါငယ်တကောင်သည် ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာ၏။
ကာပိုင်ဘာရာသတ္တဝါလေးသည် ချစ်စဖွယ် ကောင်းလှ၏ စုချန်းကိုလည်း အနည်းငယ်မှ ကြောက်ပုံမရ။
စုချန်းက အသားခြောက်တချို့ကို ထုတ်ကာ သတ္တဝါလေးအား ကျွေးမွေးလိုက်လေသည်။ သတ္တဝါလေးသည် အသားခြောက်များကို လျင်မြန်စွာ စားသောက်ပြီး တွတ်တီးတွတ်တာအသံနှင့် အော်ဟစ်လိုက်သည်။ စုချန်းကိုလည်း အကြိမ်ပေါင်းများစွာ လှည့်ပတ်နေ၏။ အသားခြောက် ထပ်တောင်းနေခြင်းပင်။
စုချန်းက ၎င်း၏ ခေါင်းကိုပုတ်ပေးရင်း ပြောလိုက်သည်။
"မင်းက ထပ်စားချင်သေးတာလား ကောင်းပြီ စားချင်ရင် ကျုပ်အတွက် အဲဒါကို ယူပေးရမယ်"
သူက အပြာရောင်ကြာပန်းကို ညွှန်ပြကာ ပြောလိုက်ခြင်း ဖြစ်သည်။
ကာပိုင်ဘာရာသတ္တဝါလေးသည် အသံတချက်ပြုပြီး ရေထဲသို့ လျင်မြန်စွာ ခုန်ဆင်းသွား၏။ ထို့နောက် ရေထဲရှိ ကြာပန်းကို ပါးစပ်နှင့်ကိုက်ပြီး စုချန်းဆီသို့ ပြန်လာလေသည်။ နဂါးငါးကား လုံးဝ ထွက်ပေါ်လာခြင်းမရှိ။
စုချန်းက သတ္တဝါလေးကို ဆုချသည့်အနေနှင့် အသားခြောက်များ ထုတ်ကျွေးလိုက်၏။ ထို့နောက် သူက အပြာရောင်အသည်းနှလုံးကြာပန်းကို ကုချိန်းလွှာ၏ ရှေ့သို့ ယူသွားပြီး ပြောလိုက်သည်။
"ဒီကြာပန်းက ခင်ဗျားအတွက်ပါ ကုချိန်းလွှာ"
ဤအခိုက်အတန့်ဝယ် အပြာရောင်အသည်းနှလုံးကြာပန်းဟူသည် တန်ဖိုးကြီးဆေးဘက်ဝင်အပင် မဟုတ်တော့။ ချစ်ရသူအတွက် ရည်ရွယ်ခူးဆွတ်လိုက်သည့် သာမာန်ပန်းတပွင့်မျှသာ ဖြစ်သွား၏။
ကုချိန်းလွှာ အံ့သြတုန်လှုပ်နေ၏။ သူမက ပန်းကို ကယောင်ကန်းနှင့် လှမ်းယူရင်း မေးလိုက်မိ၏။
"ရှင်...ရှင် ဒါကို ဘယ်လိုလုပ်လ်ိုက်တာလဲ"
"သိချင်လား သိချင်ရင် ကျုပ်ကိုနမ်းလေ ပြောပြမယ်"
ကုချိန်းလွှာ ရှက်သွေးဖြန်းသွား၏။ သူမက စုချန်းကို ခြေထောက်နှင့် ခုန်ကန်ကာ အော်ဟစ်လိုက်လေသည်။
"ပြောစမ်း ရှင် ဒါကို ဘယ်လိုလုပ်လိုက်သလဲဆိုတာ"
စုချန်းက အားရပါးရ ရယ်မောကာ ခြေကန်ချက်ကို ရှောင်တိမ်းလိုက်၏။
ကုချိန်းလွှာကလည်း လေထဲတွင် ခုန်ပျံကာ စုချန်းနောက်သို့ ထပ်ချပ်မကွာလိုက်ရင်း ခြေထောက်နှင့် ကန်ကျောက်နေ၏။ စုချန်းကလည်း ထပ်မံ ရှောင်တိမ်းပေးရပြန်သည်။ ထို့နောက် သူက ကပျာကယာ အော်ဟစ်ပြောဆိုလိုက်၏။
"ဟေ့ ဟေ့ တော်တော့ ကျုပ်ပြောပြမယ် ဒါဘာမှမခက်ဘူး နဂါးငါးဟာ မူလစွမ်းအင်မရှိတဲ့ သာမာန်သက်ရှိတွေကို မစားဘူးလေ ဒါကို ခင်ဗျား သိတယ်မလား ဒီတော့ သာမာန်သက်ရှိသတ္တဝါတကောင်ကောင်ကို လေ့ကျင့်ပြီး ခင်ဗျား လိုချင်တာကို ယူခိုင်းလို့ရတာပေါ့ ဒီသတ္တဝါကို ဘယ်လိုလေ့ကျင့်မလဲ ဟုတ်လား သိချင်ရင် ကျုပ်ကိုနမ်းလေ....ဟေ့ ဟေ့ ခင်ဗျား သိချင်တာ ကျုပ်ပြောပြပြီးပြီလေ ဘယ့်နှယ်ကြောင့် ဆက်ကန်နေတာတုန်း"
သူမသည် စုချန်း၏ နောက်မှ တလမ်းလုံး ပြေးလိုက်ကာ ကန်ကျောက်နေလေ၏။