← Chapters

သုံးရက်တာအလည်ပတ်ခရီးသွားခြင်း

Vol. 29 Ch. 285

သုံးရက်တာအလည်ပတ်ခရီးသွားခြင်း

Vol. 29 Ch. 285

လေ့ကျင့်ရေးကာလကား ပြီးဆုံးသွားခဲ့လေပြီ။

သုံးရက်တာ လေ့ကျင့်ရေးကာလပြီးဆုံးပြီးနောက် ကျောင်းသား၁၀၀အနက် ကျောင်းသား ၅၆ယောက်သာ ကျန်ရှိတော့၏။

ထိုအထဲမှ ကျောင်းသား၁၆ယောက်သည် ဒသမနှစ်ကျောင်းသားများ ဖြစ်ကြပြီး ၁၁ယောက်မှာ နဝမနှစ်ကျောင်းသားများ ဖြစ်ကြသည်။ အဌမနှစ်ကျောင်းသားမှာ ၈ယောက်ဖြစ်ပြီး သတ္တမနှစ်ကျောင်းသားမှာကား ၄ယောက်ဖြစ်သည်။ ဆဌမနှစ်ကျောင်းသားကတော့ ၁ယောက်သာ ပါဝင်၏။

နဝမနှစ်ကျောင်းသားများတွင် စုချန်း အပါအဝင် ကျောင်းသား ၁၁ယောက်နှင့် ဖွဲ့စည်းထား၏။ ထိုကျောင်းသားများထဲတွင် ဟေးနီလျူ၊ တွန့်ကျန့်ချန်း၊ စုချန်း၊ တိမ်တိုက်ကျားသစ်၊ ဝမ်တောက်ရှန်း၊ ကုချိန်းလွှာ၊ ယွဲ့လောင်ရှ၊ ဂျီဟန်းယင်၊ ဝမ်ရှုအန်၊ ယွဲ့မန်းချီ၊ ကျူးတုံးလီတို့ ပါဝင်ကြလေသည်။

အံ့သြစရာကောင်းသည်မှာကား နဝမနှစ်ကျောင်းသားများအနက် တတိယနေရာတွင် ရပ်တည်နေသည့် ကျန့်စီချွေ့ ရွေးချယ်မခံရခြင်းပင်ဖြစ်သည်။

ကျန့်စီချွေ့သည် အတော်လေး အင်အားကြီးမားသလို စိတ်သဘောထားကလည်း သိပ်မဆိုးလှ။ ၎င်းသည် တော်ဝင်မျိုးနွယ်စုဝင်တဦးဖြစ်သော်လည်း ကျန်လူများကဲ့သို့ မောက်မာခြင်းမရှိပေ။ စုချန်းသည် လေ့ကျင့်ရေးကာလတလျှောက် ၎င်းနှင့် အကြိမ်ပေါင်းများစွာ တဖွဲ့တည်းသော်လည်း၊ ဆန့်ကျင်ဘက်အဖွဲ့အဖြစ်သော်လည်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်ဖူး၏။ ထိုသို့ တိုက်ခိုက်သည့်အကြိမ်တိုင်း ကျန့်စီချွေ့တယောက် အင်အားကို အစွမ်းကုန်မထုတ်ဟု စုချန်း ခံစားရလေ့ရှိသည်။ အပျက်အစီးသိုက်အတွင်းသို့ရောက်လျင် ကျန့်စီချွေ့၏ အင်အားကို အကဲဖြတ်ခွင့်ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ယခုတော့ စုချန်း၏ မျှော်လင့်ချက်များ အဆုံးသတ်သွားခဲ့လေပြီ။

သို့သော် ကျန့်စီချွေ့ကတော့ သူ အရွေးချယ်မခံရခြင်းကို အံ့သြဟန်မရှိ။ သူ့အနေနှင့် ဤအခြေအနေမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။

နောက်ဆုံးတွင်တော့ နဂါးကျောင်းတော်သည် ရွေးချယ်ခံထားရသော ကျောင်းသားလေးဆယ်အား ခန်းမကြီးအတွင်း စုဝေးစေပြီး ကျောင်းသားနံပါတ်များ ဝေငှပေးလေသည်။

နံပါတ်၁ရသော ကျောင်းသားမှာ ဟေးယွမ်တုံးဟုခေါ်ပြီး ဒသမနှစ်ကျောင်းသားတယောက် ဖြစ်သည်။ သူသည် အလွန်တရာ အင်အားကြီးမားလှပြီး ကိုယ်ရည်ကိုယ်သွေးကလည်း အေးဆေးတည်ငြိမ်လှ၏။ သူသည် လေ့ကျင့်ရေးကာလတလျှောက်တွင် အတော်ကို အလေးပေးခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူ နံပါတ် ၁နေရာ ရခြင်းကို မည်သူမှ မအံ့သြပေ။ နံပါတ်၂နေရာကို ချိတ်သွားသူမှာ ချီဝေယန်ခေါ် မိန်းကလေးတဦး ဖြစ်သည်။ သူမသည် မိန်းကလေးဖြစ်သော်လည်း ညဏ်ရည်ညဏ်သွေး ကောင်းမွန်လှပြီး ငွေကြေးနောက်ခံအင်အား တောင့်တင်း၏။ သူမ၏ အထူးခြားဆုံး အရည်အသွေးမှာ စကားပြောခြင်းပင် ဖြစ်သည်။ စကားတခွန်းကို ဘယ်တော့မှ အလျင်စလို မပြောတတ်ပဲ ပြောလိုက်တိုင်း တဖက်လူ ခေါင်းမညိတ်ပဲ မနေနိုင်အောင် ပြောတတ်သော ထိုစွမ်းရည်သည် လူအများကို ခေါင်းဆောင်ရာတွင် မဖြစ်မနေ လိုအပ်သော စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်ကြောင့်ပင် အဆင့်၂ နေရာကို သူမ ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းပင်။

စုချန်းကတော့ အဆင့်၃ ရခဲ့လေသည်။

သူတို့အုပ်စုသည် သုံးလတိုင်တိုင် အတူတကွ နေထိုင်လေ့ကျင့်လာခဲ့ကြရာ တယောက်အကြောင်းကို တယောက် အတော်လေး သိရှိနေကြပြီ ဖြစ်သည်။

သူတို့အားလုံး စုချန်း၏ ညဏ်နီညဏ်နက်များလှပုံကို အကြွင်းမဲ့ ယုံကြည်ကြပေ၏။ သို့သော် နံပါတ်၁နေရာကိုကား မပေးခဲ့ချေ။ အကြောင်းမှာ စုချန်းသည် ဖြတ်ထိုးညဏ်အလွန်ကောင်းကာ ညဏ်နီညဏ်နက် များသလောက် ခေါင်းဆောင်မှုစွမ်းရည်ကတော့ အတော်လေး ချို့တဲ့နေသောကြောင့်ပင် ဖြစ်သည်။ ဟေးယွမ်တုံးရော ချီဝေယန်ပါ ညဏ်နီညဏ်နက် များတတ်သူများ မဟုတ်ပေ။ သို့သော် ထိုအတွက်ကြောင့်ပင် သူတို့က သူတို့နှစ်ယောက်ကို ပို၍ ယုံကြည်ကြ၏။ ထို့ကြောင့် ဟေးယွမ်တုံးသည် ခေါင်းဆောင်ဖြစ်လာပြီး ချီဝေယန်က လက်ထောက်ဖြစ်ကာ စုချန်းကတော့ နံပါတ်၃နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ရန်သူများနှင့် ရင်ဆိုင်ကြုံတွေ့ချိန်တွင် ညဏ်နီညဏ်နက် များနေခြင်းထက် အဖွဲ့စိတ်ဓာတ်ထား၍ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ပိုအရေးကြီးကြောင်း နဂါးကျောင်းတော်က ကျောင်းသားများအား ပြသလိုက်ခြင်းပင်တည်း။

စုချန်းကိုယ်တိုင်ကလည်း သူကိုယ်သူ ခေါင်းဆောင်လုပ်ရန် မထိုက်တန်မှန်း နားလည်ထားပြီးသားပင်။ ထို့ကြောင့်် သူက ထိုကိစ္စကို အရေးမထားလှ။

နံပါတ်များ ဝေငှပြီးသကာလ စကားပြောရန် အချိန်ဖြစ်သည်။

ထုံးစံအတိုင်း ကျောင်းသားများ ရှေ့မှောက်သို့ရောက်လာသူမှာ အဖိုးကြီးစီမင်းလီပင် ဖြစ်နေပြန်၏။ သူက ကျယ်လောင်သောအသံနှင့် အော်ဟစ်ပြောဆိုလိုက်လေသည်။

"ဒီကနေ့မှာတော့ အပျက်အစီးသိုက်ထဲမှာ ဘာတွေရှိသလဲဆိုတာ မင်းတို့ကို တိတိကျကျ ပြောပြမယ်"

ဤမတိုင်ခင်က အပျက်အစီးသိုက်အတွင်း ရှိနေသည့်အရာများမှာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ နောက်ဆုံးကျောင်းသား၄၀အား ရွေးချယ်ပြီးသည့်အချိန်ထိ ထိုအကြောင်းကို မည်သူမှ သိခွင့်မရှိသေးပေ။

အဖိုးကြီးစီမင်းလီ စကားစလိုက်သည်နှင့် ထိုအပျက်အစီးရတနာသိုက်သည် အာကန်နာနိုင်ငံတော်ကြီး ကောင်းစာစဉ်အခါက ကျန်ရစ်ခဲ့သော ပစ္စည်းအကြွင်းအကျန်များ ဖြစ်ကြောင်း ကျောင်းသားတိုင်းလိုလိုက နားလည်သဘောပေါက်လိုက်ကြ၏။ ထိုအပျက်အစီးသိုက် ထိုနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်း သုံးသောင်းတိုင်တိုင် ကြာမြင့်နေခဲ့ချေပြီတကား။ နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် ထိုနေရာအကြောင်းကို မည်သူမှ မသိကြသည်မှာ အနှီအပျက်အစီးရတနာသိုက်သည် တဝက်သီးခြားလေဟာနယ်နှင့် ကာရံထားခြင်းကြောင့်ပင်။

တဝက်သီးခြားလေဟာနယ်ဟူသည် အာကာသအက်ကြောင်းအတွင်းတွင် တည်ရှိ၏။ ယခု အချိန်တခု ကြာမြင့်လာသောအခါ လေဟာနယ်စွမ်းအားက ပျက်ပြယ်စပြုလာ၍ အပျက်အစီးသိုက်ကလည်း တစွန်းတစ ပေါ်ထွက် ာခြင်းပင်တည်း။

အမှန်တော့ မူလကမ္ဘာကြီးအတွင်းရှိ ရတနာသိုက်အများစုမှာ ထိုအနေအထားအတိုင်းပင် ဖြစ်သည်။ ထိုရတနာသိုက်များကို ကာရံထားသည့် စွမ်းအင်တည်မြဲနေသမျှ နှစ်သန်းပေါင်းများစွာတိုင်အောင် လူမသိသူမသိနှင့် တည်ရှိနေနိုင်ကြပြီး စွမ်းအင်ပြယ်သွားသည့်အချိန်မှ လူအများက ရှာဖွေခွင့်ရကြခြင်း ဖြစ်သည်။

အပျက်အစီးသိုက်၏ ဝင်ပေါက်သည် ရွှေရောင်မြစ်ဝကျွမ်းပေါ် အမှိုက်ပုံကြီးအနီးတွင် တည်ရှိ၏။ ထို့ကြောင့် ထိုသိုက်ကို ရွှေရောင်ရေ အပျက်အစီး ရတနာသိုက်ဟုပင် လူအများက ခေါ်ဝေါ်ကြလေသည်။ ထိုနေရာတခုလုံးကို လောင်စန်းနိုင်ငံနှင့် ကျောက်တုံးပုတ်သင် သတ်ဖြတ်သူအသိုက်က ပူးပေါင်းပိတ်ဆို့ထားပြီး မည်သူမှ ဝင်ထွက်ခွင့်မရှိပေ။

ကနဦး စုံစမ်းထောက်လှမ်းမှုများအရ တဝက်သီးခြားလေဟာနယ်ဟူသည် ကြီးမြတ်သောအာကင်နာပညာရှင်ကြီးတချို့၏ သီးသန့်သုတေသနနေရာဌာနကြီး ဖြစ်သည်ဟူ၏။

တကယ်တော့ ထိုအနေအထားမှာ ပုံမှန်သာ ဖြစ်သည်။ အာကင်နာနိုင်ငံတော် ကောင်းစားစဉ်က နာမည်ကြီး အာကင်နာပညာရှင်တိုင်းလိုလိုသည် သူတို့၏ တဝက်သီးခြားလေဟာနယ်ကို သုတေသနဌာနများအဖြစ် ပြောင်းလဲထားတတ်ကြ၏။ ထို့ကြောင့် ရွှေရောင်ရေရတနာသိုက်သည် တွေ့ရလေ့ရှိသည့် ရတနာသိုက်မျိုးဟု ဆိုနိုင်ပေသည်။

ထိုအနေအထားမျိုးတွင် ရတနာသိုက်အတွင်းရှိ ပစ္စည်းများ တန်ဖိုးရှိမရှိ အတိအကျ ပြောရခက်၏။ ၎င်းသည် မူလပိုင်ရှင်ဖြစ်သူ၏ ချမ်းသာကြွယ်ဝမှုနှင့်သာ ဆိုင်လေသည်။

သို့သော် အပျက်အစီးရတနာသိုက်တိုင်းလိုလိုသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ တန်ဖိုးကြီးမားလာတတ်သည်မှာကား မငြင်းနိုင်သော အမှန်တရားတခုပင်။

ယခု စုချန်းတို့ ဝင်ရောက်ရမည့် အပျက်အစီးရတနာသိုက်မှာကား နှစ်ပေါင်း သုံးသောင်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တန်ဖိုးရှိမည်ကတော့ ဧကန်ပင်။ တဖက်တွင်လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၍ လေဟာနယ်၏ တည်မြဲမှုက စိုးရိမ်ဖွယ်ရာ အနေအထား ရှိနေ၏။ တဖန် မူလစွမ်းအင် ရိုက်ခတ်မှုများ များပြားလွန်းပါကလည်း လေဟာနယ်၏ တည်မြဲမှုကို ထိခိုက်သွားစေနိုင်၍ အလွန်တရာ အင်အားကြီးမားသူများအနေနှင့် အပျက်အစီးသိုက်အတွင်း ဝင်ရောက်ရန် မဖြစ်နိုင်။

ထို့ကြောင့် သွေးဆူပွက်ခြင်းနယ်ပယ်အောက်အဆင့်ရှိသူများသာ အပျက်အစီးသိုက်အတွင်းဝယ် ကြာကြာနေနိုင်ပြီး ရတနာများ စိတ်ကြိုက်ရှာဖွေနိုင်မည်ဟု လောင်စန်းနိုင်ငံနှင့် ကျောက်တုံးပုတ်သင်အသိုက်ကြား သဘောတူထားကြ၏။

ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းနှင့် လူဦးရေကန့်သတ်ချက်အပြင် အခြားစည်းမျဉ်းတခု ရှိနေသေး၏။ ထိုစည်းမျဉ်းမှာ မူလကျောက်တုံးတသောင်းထက် တန်ဖိုးကြီးမားသော ပစ္စည်းမျိုးကို အပျက်အစီးသိုက်အတွင်း ယူဆောင်မလာရ ဟူသော စည်းမျဉ်းပင်။ ၎င်းမှာ လေဟာနယ်နှင့် ပတ်သက်သည့် ကန့်သတ်ချက်တော့ မဟုတ်ပေ။ သို့သော် ထိုစည်းမျဉ်းကို နှစ်ဖက်လုံးက စိတ်တူကိုယ်တူ သဘောတူထားကြ၏။ ထိုစည်းမျဉ်းကိုသာ မချမှတ်ထားပါက ငွေကြေးက တိုက်ပွဲရလဒ်များကို အဆုံးအဖြတ်ပေးသွားနိုင်ဖွယ်ရာရှိသည်ဟု သူတို့ ယူဆထားကြသည် မဟုတ်ပါလား။

ရွေးချယ်ခံကျောင်းသားများသည် ယနေ့မှစ၍ လာမည့်သုံးရက်အတွင်း အပျက်အစီးသိုက်အတွင်းသို့ ဝင်ရောက်ရပေလိမ့်မည်။ အချိန်သုံးရက်ခန့် ကျန်ပေသေးသည်။ ထိုအချိန်သုံးရက်အတွင်း ကျောင်းသားများအနေနှင့် မိမိတို့စိတ်ကြိုက် အချိန်ဖြုန်းပိုင်ခွင့် ရှိကြ၏။

ဤသည်မှာ ရွေးချယ်ခံကျောင်းသားများအား နဂါးကျောင်းတော်က အထူးဆုချလိုက်ခြင်း ဖြစ်သည်။ ဤခရီးမှ မည်သူ အသက်ရှင်လျက် ပြန်လာရမည်မှန်း တန်ခိုးရှင်သာလျင် သိနိုင်မည် မဟုတ်ပါလား။

ကျောင်းသားများအားလုံးသည် ခွင့်ရပြီဟေ့ ဆိုသည်နှင့် ကိုယ့်အတွေးနှင့်ကိုယ် အလျှိုလျှို ထွက်ခွာသွားကြလေ၏။

စုချန်းကတော့ ရှီကိုင်းဟွမ်ဆီသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့၏။

ရှီကိုင်းဟွမ်ကို တွေ့သည်နှင့် သူက မေးလိုက်၏။

"ဆရာ ရွှေရောင်ရေအပျက်အစီးသိုက်နဲ့ ပတ်သက်နေတဲ့ ထူးထူးခြားခြား ပစ္စည်းတွေများ ရှိသလား"

ရုတ်တရက်မို့ ရှီကိုင်းဟွမ် အံ့သြသွား၏။ သူက ပြန်မေးလိုက်သည်။

"မင်းက ဘာပစ္စည်းတွေ လိုချင်လို့လဲ"

"ရနိုင်သမျှ အကုန်လုံးပေါ့ ဆရာရယ်"

စုချန်း ဘာကို ပြောပြရန် ကြိုးစားနေမှန်း ရှီကိုင်းဟွမ် ချက်ချင်း နားလည်သဘောပေါက်သွား၏။

"လက်စသတ်တော့ မင်းက အပျက်အစီးသိုက်ထဲ မဝင်ခင် အဲဒီနေရာနဲ့ ရင်းနှီးအောင် လုပ်ထားချင်နေတာကိုး ဒီမတိုင်ခင်က အဲဒီထဲ ဘယ်သူမှ မဝင်ဖူးဘူးကွ ဒီတော့ အထဲမှာ ဘာတွေရှိသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိဘူး ဒီတော့ မင်းအတွက် သိပ်ပြီး များများစားစား အသုံးဝင်မယ်မဟုတ်ပါဘူးကွာ"

"ဘာမှမသိတာထက်စာရင် နည်းနည်းသိထားတော့ ကောင်းတာပါ့ဆရာရယ်"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"အဲဒါဆိုရင်လည်း မင်းသဘောပဲလေကွာ မင်းလေ့လာလို့ရအောင် တယောက်ယောက်ကို အမှုတွဲ ပြင်ဆင်ခိုင်းထားလိုက်မယ်"

"သိပ်ကောင်းတာပါ့ ဆရာ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်က ပစ္စည်းမျိုးတွေ လေ့လာခွင့်ရရင်တော့ အကောင်းဆုံးပဲပေါ့"

"မင်းအနေနဲ့ စာကြည့်တိုက်မှာ သွားလေ့လာလည်းရသားပဲကွ ဒီရက်ပိုင်းအတွင်း စာကြည့်တိုက်ကို မင်းအတွက် ဖွင့်ထားပေးလိမ့်မယ် ဘာထောက်ပံ့ကြေးအမှတ်မှ ပေးနေစရာမလိုဘူး"

"ကောင်းသားပဲဆရာ"

"ဒါနဲ့ မင်းမှာ တခြားဘာပျော်စရာ အစီအစဉ်မှ မရှိဘူးလားကွ"

ရှီကိုင်းဟွမ်က ကောက်ခါငင်ခါနှင့် မေးမြန်းလိုက်၏။

စုချန်း အံ့သြသွား၏။

"ဘာကို ပျော်စရာအစီအစဉ်တုန်းဆရာရဲ့"

ရှီကိုင်းဟွမ်က အဓိပ္ပါယ်ပါပါနှင့် ပြောလိုက်၏။

"ယောကျာ်းတယာက်အနေနှင့် ခံစားသင့်တဲ့ ပျော်စရာပေါ့ကွာ နဂါးကျောင်းတော်က မင်းတို့အတွက် ဝိုင်အရက်ဆိုင်တွေ ပြည့်တန်ဆာအိမ်တွေ ဖွင့်ပေးထားတယ်ကွ မင်းအနေနဲ့ ကြိုက်တဲ့နေရာကို သွားနိုင်တယ် ကြိုက်တာ လုပ်နိုင်တယ် ငွေတပြားမှ ကုန်စရာမလိုဘူး နဂါးကျောင်းတော်က ရှင်းပေးလိမ့်မယ်...ဟေ့ကောင် ခုချိန်ထိ မင်း လူပျိုပဲ မလား"

စုချန်း၏ မျက်နှာမှာ ရဲခနဲဖြစ်သွား၏။

"ဆရာ ကျွန်တော်က ကျောင်းသားပဲ ရှိသေးတာလေ"

ရှီကိုင်းဟွမ်က မုတ်ဆိတ်မွှေးများကို လက်ဖြင့်သပ်ရင်း မှင်သေသေနှင့် ပြောလိုက်သည်။

"မင်းအရွယ်တုန်းကဆိုရင် ငါဟာ ဒီလိုအတွေ့အကြုံမျိုးကို ကြုံဖူးပြီးသွားပြီကွ"

"......"

စုချန်း ပါးစပ်ပြဲသွား၏။

သို့သော် ရှီကိုင်းဟွမ်၏ စကားကို စဉ်းစားမိသောအခါ သူ့နှလုံးသားမှာ မီးကဲ့သို့ ပူလောင်လာ၏။ သူ့အနေနှင့် တခြားမိန်းကလေးများကို စဉ်းစား၍မရခြင်းမှာ ကုချိန်းလွှာကြောင့်သာ ဖြစ်သည်။ သူ့အနေနှင့် ကုချိန်းလွှာကို နမ်းရှုပ်ရန်ပင် မကြိုးစားနိုင်ခဲ့လေရာ လူပျိုဘဝကို စွန့်လွှတ်ဖို့ဆိုသည်မှာ အလွန်ဝေးကွာသော ခရီးရှည်ကြီးသာ ဖြစ်လေသည်။ ထိုအတွေးကြောင့် သူ့ပါးစပ်ထဲတွင် ခါးသက်သော အရသာတရပ်ကို ခံစားလိုက်ရ၏။

ကျောင်းသားများသည် အချိန်သုံးရက်အတွင်း မိမိတို့ ဝါသနာပါရာကိစ္စများနှင့် အချိန်ဖြုန်းနေကြ၏။

ကျောင်းသားတချို့သာ အစွမ်းကုန်လေ့ကျင့်နေကြပြီး ကျောင်းသားအများစုမှာ မြူးထူးပျော်ပါးနေကြလေသည်။

ဝမ်တောက်ရှန်းသည် သုံးရက်တိုင်တိုင် မိန်းမများနှင့်သာ အချိန်ဖြုန်းနေ၏။ သူသည် နဂါးကျောင်းတော်သို့ မဝင်ခင်ကတည်းက လူပျိုဘဝက်ို ဆုံးရှုံးပြီးသားဖြစ်လေရာ ဤကိစ္စမျိုးတွင် ဆရာကြီးဟု ဆိုနိုင်ပေသည်။ သူသည် တယောက်တည်းပျော်ရုံနှင့်ပင် အားမရပဲ အသည်းအသန် လေ့ကျင့်နေသော တိမ်တိုက်ကျားသစ်ကိုပါ ဇွတ်ဆွဲခေါ်ကာ မိန်းကလေးများနှင့် ပျော်မြူးစေ၏။ နောက်ဆုံးတော့ တိမ်တိုက်ကျားသစ်သည် သူသဘောကျသော မိန်းကလေးတယောက်ကို ရွေးချယ်ပြီး ထိုမိန်းကလေးနှင့်ပင် သုံးရက်လုံးလုံး အချိန်ဖြုန်းနေခဲ့၏။ ဤနည်းအားဖြင့် တိမ်တိုက်ကျားသစ်တယောက် သူ၏ လူပျိုဘဝကို အဆုံးရှုံးခံလိုက်ရရှာသည်။ မမြင်ဖူး မူးမြစ်ထင်သော တိမ်တိုက်ကျားသစ်ကား အနှီမိန်းကလေးကို သဘောကျသွားပြီး ဝယ်ယူရန် ကြိုးစားသည်ဟူ၏။ သို့သော် မိန်းကလေးက ငြင်းပယ်လိုက်၍ တိမ်တိုက်ကျားသစ်ခမျာ အသဲကွဲသွားရှာသည်။ ဤအဖြစ်အပျက်သည် သူငယ်ချင်းများအကြားတွင် ကာလအတော်ကြာအောင် ဟာသဖြစ်နေခဲ့၏။

စုချန်းကတော့ စာကြည့်တိုက်ထဲတွင်ပင် သုံးရက်လုံး အချိန်ကုန်ဆုံးခဲ့လေသည်။

သူသည် ရွှေရောင်ရေအပျက်အစီးသိုက်နှင့် ပတ်သက်ဖွယ်ရာရှိသော အကြောင်းအရာများကို အလေးထား၍ ဖတ်ရှုခဲ့၏။ တချိန်တည်းမှာပင် အာကင်နာနိုင်ငံတော်ကြီး၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု စသည်တို့ကို လေ့လာနေခဲ့လေသည်။

ကုချိန်းလွှာသည်လည်း သူနှင့်အတူ ရှိနေခဲ့၏။ သူမသည် ရံဖန်ရံခါတွင် စုချန်း အလိုရှိသည့် စာအုပ်မျိုးကို ကူညီရှာဖွေပေး၏။ ကျန်အချိန်များတွင်တော့ ထိုင်ခုံတွင်ထိုင်လျက် ငြိမ်ငြိမ်လေး စာဖတ်နေသည်က များလေသည်။

ရံဖန်ရံခါတွင် စုချန်းက ခေါင်းမော့ကာ ကုချိန်းလွှာကို လှမ်းကြည့်တတ်၏။ ကုချိန်းလွှာ ပြန်ကြည့်ပါက အကြည့်ချင်းဆုံသွားပြီး သူတို့၏ စိတ်ဝိညာဉ်များသည် ပူးကပ်သွားသကဲ့သို့ ထင်မှတ်ရ၏။

ထိုအခါ သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် ပြုံးပြကြပြီး စာဆက်ဖတ်ကြပြန်၏။

အခြေအနေမှာကား ထူးထူးခြားခြား တိုးတက်လာခြင်းမရှိ။ သို့သော် စုချန်း အလွန်ပျော်နေခဲ့လေသည်။

All Chapters