← Chapters

ရန်စခြင်း

Vol. 29 Ch. 286

ရန်စခြင်း

Vol. 29 Ch. 286

သုံးရက်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ အားလပ်ချိန် ပြီးဆုံးသွားလေပြီ။

ဤယနေ့တွင်တော့ ရွေးချယ်ခံကျောင်းသားလေးဆယ်သည် အတူတကွ စုဝေးနေကြ၏။ ဆရာများသည် သူတို့အား စစ်သင်္ဘောပျံများပေါ်တွင် တင်ဆောင်ပြီး ရွှေရောင်ရေအပျက်အစီးသိုက်ဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။

စစ်သင်္ဘောပျံများမှာ အလွန်ပင် မြန်ဆန်လှ၏။ ထို့ပြင် အပျက်အစီးသိုက်၏ တည်နေရာကလည်း နဂါးကျောင်းတော်နှင့် မဝေးလှရာ နေ့တဝက်အကြာမှာပင် ရည်မှန်းချက်နေရာသို့ သူတို့အားလုံး ရောက်ရှိလာခဲ့ကြ၏။

ရွှေရောင်ရေအသိုက်သို့ ရောက်သည်နှင့် များပြားလှသော စစ်တန်းလျားများကို ကျောင်းသားများ မြင်တွေ့လိုက်ရ၏။ အလံတော်များမှာလည်း လေထဲတွင် တလူလူလွင့်နေကြလေသည်။ သံချပ်ကာဝတ်ဆင်ထားသည့်် စစ်သားများသည် ညီညီညာညာ တန်းစီထားကြ၏။ ကောင်းကင်တခွင်လုံးတွင်တော့ အခြားစစ်သင်္ဘောပျံများနှင့် ပြည့်နှက်နေလေသည်။

သူတို့နှင့် ကန့်လန့်ဖြတ်နေရာတွင်တော့ အခြားစစ်တပ်များ ရှိနေ၏။ မရေမတွက်နိုင်သော သတ်ဖြတ်သူများသည် အရိုင်းအစိုင်းများပမာ အော်ဟစ်နေကြပြီး တခါတရံတွင် သူတို့၏ စုပေါင်းအော်ဟစ်သံက မိုးကြိုးပစ်ချလိုက်သည့်ပမာ ကျယ်လောင်စွာ ထွက်ပေါ်လာလေ့ရှိသည်။

စည်းကမ်းစနစ်ကျနသော လူသားစစ်တပ်များနှင့် ယှဉ်လျင် သတ်ဖြတ်သူစစ်သားများမှာ အသိညဏ်ခေါင်းပါးလှကြောင်း သိသာနေ၏။ သူတို့အားလုံးသည် ဟိုတစု သည်တစုနှင့် ကစဉ့်ကလျား မတ်တပ်ရပ်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့အားလုံးတွင် ကြောက်စရာကောင်းသည့် အရှိန်အဝါတမျိုးကို ပိုင်ဆိုင်ထားသည်ကတော့ မေးခွန်းထုတ်နေစရာမလို။ သူတို့သည် ရိုင်းစိုင်းစွာ အော်ဟစ်နေကြသလို တခါတရံတွင် တယောက်နှင့်တယောက် ရိုင်းစိုင်းစွာ သတ်ပုတ်နေကြ၏။

စစ်တပ်နှစ်တပ်၏ ကြားတွင်တော့ ကြီမားလှသော အုတ်ပုံကြီး ရှိနေ၏။ အုတ်ပုံကြီးကို ကြည့်လျင် သာမာန်ဟု ထင်ရလောက်သည်။ သို့သော် အနီးကပ်ကြည့်လိုက်ပါက အထဲတွင် မီးတောက်လောင်နေသကဲ့သို့ အုတ်ကျိုးများ၏ အပေါ်တွင် လေများတိုးထွက်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

ထိုအနေအထားမှာ လေဟာနယ်ပျက်စီးခြင်းဖြစ်ပြီး အနီးအနားတွင် လေဟာနယ်ဆုံမှတ်တခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အကယ်၍ လေဟာနယ်အမျိုးအစားမူလစွမ်းရည်သာ ပိုင်ဆိုင်ထားပါက လေဟာနယ်နောက်ကွယ်ရှိ အရာများကိုပင် မြင်တွေ့နိုင်ပေသည်။

အုတ်ခဲပုံကြီး၏ ထိပ်ဖျားတွင်တော့ စင်မြင့်ကြီးတခု ရှိနေ၏။ စင်မြင့်ပေါ်တွင်တော့ လူသားခေါင်းဆောင်များနှင့် သတ်ဖြတ်သူဗိုလ်ချုပ်များ ထိုင်နေကြလေသည်။

ထိုအချိန်တွင် စစ်သင်္ဘောပျံတခု ဆင်းသာလာပြီး သတ်ဖြတ်သူမျိုးဆက်သစ်များ စင်မြင့်ပေါ်တွင် စုဝေးမိကြ၏။ အနှီသတ်ဖြတ်သူမျိုးဆက်သစ်များသည် ညိုညိုမောင်းမောင်းနှင့် ထွားကျိုင်းသန်မာလှပြီး အရွယ်အစားမှာ တောင်ရိုးကမ်းပါးလူမျိုးတယောက်၏ အရွယ်ပင် ရှိလေသည်။ ၎င်းတို့၏ ဝတ်စုံမှာကား တရိစ္ဆာန်အရေခွံများနှင့် ဖန်တီးထားလေသည်။ ကိုယ်ပေါ်တွင်တော့ အဆန်းတကြယ်နိုင်လှသော စာလုံးများကို ပုံစံအမျိုးမျိုးနှင့် ရေးထိုးထား၏။

စုချန်းတို့လူစုသည် စစ်သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် သတ်ဖြတ်သူမျိုးဆက်သစ်များကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင်တော့ သွေးဆာသော အရိပ်အယောင်များ ယှက်သန်းလာလေသည်။

သိပ်မကြာမီ သူတို့ ရန်သူများ ဖြစ်လာကြမည်ကို နှစ်ဖက်လုံးက ကောင်းကောင်းသိထားကြသည်မဟုတ်ပါလား။ သူတို့အကြားတွင် ယခင်က ဘာရန်ညိုးမှ မရှိသော်လည်း အခွင့်အရေး ရလျင်ရသလို တဖက်နှင့်တဖက် သတ်ဖြတ်ရန် ကြိုးစားကြမည်သာ။

ထိုအချိန်မှာပင် အရပ်ရှည်ရှည်နှင့် သတ်ဖြတ်သူစစ်ဗိုလ်တယောက်က စကားစလိုက်သည်။

"ကဲ လူတွေလည်းစုံနေပြီဆိုတော့ စပြီး စစ်ဆေးကြရအောင်"

လောင်စန်းနိုင်ငံတော်ဘက်မှ အရာရှိက ပြန်ပြောလိုက်သည်။

"ကန့်ကွက်စရာ မရှိပါဘူးဗျာ"

အမှန်တော့ သတ်ဖြတ်သူများနှင့် လူသားများဟူသည် အာကင်နာကျေးကျွန်ဘဝတွင် အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်၏။ ထို့ကြောင့် တဖက်နှင့်တဖက် ပြောဆိုဆက်သွယ်ရာတွင်လည်း ဘာသာစကားတမျိုးတည်းနှင့်သာ ပြောဆိုဆက်ဆံလေ့ရှိကြလေသည်။ သူတို့အနေနှင့်် နောက်ပိုင်းကာလများတွင် ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ဖွံ့ဖြိုးတိုးတက်လာကြသော်လည်း ထိုဘာသာစကားများကို မေ့လျော့သွားသည်မဟုတ်။ ထို့ကြောင့် သူတို့အကြား ပြောဆိုဆက်ဆံရာတွင်လည်း အထူးတလည် ပြသနာတော့ မရှိလှ။

ယခု သူတို့ ရည်ညွှန်းနေသည့် စစ်ဆေးမှုဟူသည်မှာ မူလကျောက်တုံး တသောင်းထက် တန်ဖိုးကြီးမားသော ပစ္စည်းများ ပါမပါ စစ်ဆေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသို့ စစ်ဆေးရာတွင်လည်း ပစ္စည်းတိုင်းလိုလိုကို စစ်ဆေးရပေလိမ့်မည်။ အကြောင်းမှာ အဆင့်၉ရှိ မူလကိရိယာတမျိုးသည်ပင် မူလကျောက်တုံး ရှစ်ထောင်ခန့် တန်ဖိုးရှိပြီး အသုံးများသည့် ဆေးတဖုံသည်ပင် မူလကျောက်တုံး ၅၀၀ တန်ကြေးရှိနေသောကြောင့်ပင်။

သို့သော် သိုလှောင်ရေးလက်စွပ်များနှင့် အခြား အသက်ကယ်ပစ္စည်းတချို့ကိုတော့ ဤစစ်ဆေးခြင်းတွင် ထည့်မတွက်ချေ။

သတ်ဖြတ်သူမျိုးဆက်သစ်များမှာကား သူတို့နှင့်အတူ လက်နက်များကိုသာ ယူဆောင်လာကြ၏။ လက်နက်အများစုမှာလည်း စစ်ပွဲသုံး ပုဆိန်များသာ ဖြစ်ကြလေသည်။ အနှီ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်သူများသည် သူတို့၏ ပုဆိန်များနှင့် ရန်သူ့ဦးခေါင်းကို ဖရဲသီးပမာ ထက်ခြမ်းခွဲပစ်ရသည်ကို အလွန် သဘောကျကြကုန်၏။

သူတို့၏ ပုဆိန်များမှာ ကျောက်ပုဆိန်ကြီးများဖြစ်သည်။ ကျောက်ပုဆိန်ဆိုသော်လည်း နှယ်နှယ်ရရတော့မဟုတ်။ ဟာဗေးသစ်တောမှ ထွက်သည့် သွေးသံမဏိကျောက်တုံးဖြင့် ပြုလုပ်ထားကြခြင်းဖြစ်လေရာ အလွန်မာကျောလှ၏။ သွေးနီရောင်စာတမ်းများမှာကား သူတို့၏ ကိုယ်ခန္ဓာနှင့် ပုဆိန်များပေါ်တွင် ရွေ့လျားနေလေသည်။ ၎င်းမှာ ပုဆိန်၏ စွမ်းအားကို ဆထက်တံပိုး မြှင့်ပေးနိုင်သည့် သတ်ဖြတ်သူများ၏ ထူးခြားသော နည်းစနစ်တမျိုး ဖြစ်သည်။

သူတို့နှင့်စာလျင် လူသားများကတော့ အမျိုးမျိုးအဖုံဖုံသော ပစ္စည်းများကို ယူဆောင်လာကြလေသည်။ ထိုအထဲတွင်မှ တချို့သည် လက်နက်များ၊ တချို့သည် ကာကွယ်ရေးပစ္စည်းများ၊ တချို့သည် မူလပုံစံ ငွေပြားများ စသည်တို့ကို ယူဆောင်လာကြ၏။

အားလုံးထဲတွင် ပစ္စည်းပစ္စယအများဆုံး ယူလာသူကတော့ စုချန်း ဖြစ်နေ၏။

သတ်ဖြတ်သူစစ်ဗိုလ်သည် စုချန်း၏ လက်စွပ်ကို ဖွင့်ကြည့်လိုက်သည်နှင့် မျက်လုံးပြူးသွား၏။ မျက်လုံးမပြူးလည်း ခံနိုင်ရိုးလား။ စုချန်း ယူလာသည့် ပစ္စည်းများကို ကြည့်ပါ။ များပြားလှသော ဆေးပုလင်းများ၊ ပန်းများ၊ ဆေးပင်များသာမက သူ၏ဓာတ်ခွဲစမ်းသပ်ရာ စာပွဲခုံကြီးပင် ပါလာသေး၏။ ထိုအခါ သတ်ဖြတ်သူစစ်ဗိုလ်က ပြောလိုက်၏။

"ဒါတွေက ဘာတွေတုန်း"

"ဒါက သုံးမြောင့်ပုံ ဓာတ်ခွဲခန်းသုံးပုလင်း၊ ဒါက အစက်ချပုလင်း၊ ဒါကတော့ တိုင်းတာရေးပုလင်း၊ ဒါကျတော့ သားရဲသတ္တဝါအရွတ်တွေ.........."

စုချန်းကလည်း ခပ်တည်တည်နှင့် လက်စွပ်အတွင်းမှ ပစ္စည်းများကို ဆွဲထုတ်ကာ တခုချင်း ရေတွက်ပြလိုက်၏။ စုချန်း ရှင်းပြသည်ကို နားထောင်ရင်း သတ်ဖြတ်သူစစ်ဗိုလ် ခေါင်းကြီးလာသလို ခံစားလိုက်ရ၏။ သူက စုချန်းက ရက်စက်ကြမ်းကြုတ်စွာ ကြည့်ရင်း ပြောလိုက်သည်။

"ဒီပစ္စည်းတွေနဲ့ ဘာလုပ်ဖို့ စီစဉ်နေတာလည်းလို့ မင်းကို မေးနေတာကွ"

"ဒါက ခင်ဗျားကိစ္စ မဟုတ်ပါဘူးလေ"

စုချန်းက ခပ်မာမာပင် ပြန်ဖြေလိုက်၏။

"ဘာလို့ ငါ့ကိစ္စမဟုတ်ရမှာလဲကွ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်ပေးရမှာက ငါ့တာဝန်ပဲ"

"ဒါကလွယ်ပါတယ်"

စုချန်းက ပြန်ပြောလိုက်၏။

"ဒီဆေးပုလင်းတွေကို ကြည့်လိုက် အထဲမှာ ဘာမူလစွမ်းအင်မှ မရှိဘူး ပုလင်းတွေကလည်း သာမာန်ကြေးနီနဲ့လုပ်ထားတဲ့ ပုလင်းတွေ ဒီတော့ သူတို့ကို အသက်ကယ်ပစစည်းဆိုတဲ့ ခေါင်းစဉ်အောက် ထည့်လိုက်လို့ ရတယ် ဆေးပင်တွေ ပန်းတွေကတော့ ဈေးကွက်တန်ဖိုးအတိုင်း သတ်မှတ်ပြီး ရေတွက်လိုက်ပေါ့"

သတ်ဖြတ်သူစစ်ဗိုလ်က စုချန်း ဘာကိုဆိုလိုနေမှန်း နားလည်သွားပုံရသည်။ ထိုအခါ သူက ပြောလိုက်၏။

"မင်းကြည့်ရတာ အဂ္ဂိရတ်ပညာရှင်နဲ့တူတယ် ဟုတ်လား ကောင်လေး ဒီပစ္စည်းတွေနဲ့ အထဲရောက်မှ ဆေးဖော်ဖို့ စဉ်းစားနေတယ်ပေါ့ ကောင်းလိုက်တဲ့ စိတ်ကူး သာမာန်အသုံးများဆေးတဖုံဟာ မူလကျောက်တုံး ၅၀၀ပဲတန်တယ် ဒါပေမဲ့ ဒီဆေးပင်တွေကိုသာ ယူသွားရင် ဒီထက် အဆပေါင်းများစွာ တန်ဖိုးကြီးတဲ့ ဆေးဝါးတွေ ဖော်စပ်နိုင်တာပေါ့"

"ဒါကို ခင်ဗျား စိတ်ပူနေဖို့မလိုပါဘူးလေ ကျုပ်လုပ်တာ စည်းမျဉ်းနဲ့ ညီသားပဲဟာ"

"ဘယ်ဟုတ်မတုန်းကွ ဒီဆေးပုလင်းတွေက်ို ငါ့အနေနဲ့ အသက်ကယ်ပစ္စည်းခေါင်းစဉ်အောက်မှာ ထည့်ပြီး မစဉ်းစားပေးနိုင်ဘူး"

"ဒါကတော့ မင်းဘက်က တဖက်သတ်တွေးနေတာပဲ မိုလီဟန်"

လောင်စန်းအရာရှိတယောက်က ရှေ့သို့ ထွက်လာပြီး ပြောလိုက်ခြင်း ဖြစ်သည်။

"ငါ့အမြင်အရတော့ ဒီလူငယ်ဟာ နေရာအမျိုးမျိုးကရေကို စမ်းသပ်သောက်ကြည့်ချင်တဲ့ ပုံစံမျိုးနဲ့ တူနေတယ် စည်းမျဉ်းအရဆိုရင် မူလစွမ်းအင်မပါတဲ့ ပစ္စည်းတွေဟာ တိုက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲနိုင်စွမ်းမရှိတဲ့အတွက် ဘာကန့်သတ်ချက်မှ မထားပဲ အသက်ကယ်ပစ္စည်းခေါင်းစဉ်အောက်မှာ ထားပေးရမှာဖြစ်တယ် ဒါကြောင့် ဒီပစ္စည်းတွေကို မင်း တားခွင့်မရှိဘူး ယူသွားခွင့်ပေးရလိမ့်မယ်"

"မင်းတို့လူတွေဟာ အမြဲတမ်းကလိန်ကျဖို့ ကြိုးစားနေတာပဲ ရှောက်ဖိန်းနန် ဒီလိုအသာစီးယူတာနဲ့ အနိုင်ရပြီလို့ မင်းထင်နေတာလား"

မိုလီဟန်က ဒေါသတကြီးနှင့် ပြောလိုက်၏။

"ရှုံးတယ် နိုင်တယ်ဆိုတာ ကျုပ်တို့ကိစ္စပါ ဆရာကြီးမိုလီဟန် အရေးကြီးတာက စည်းမျဉ်းပဲဗျ စည်းမျဉ်းအရတော့ ဒီပစ္စည်းတွေကို ယူသွားခွင့်ပေးရမယ် တကယ်လို့ သတ်ဖြတ်သူငကြောက်တွေအနေနဲ့ ကြောက်တယ်ဆိုရင် ဒီနေရာကနေ တခါတည်း လှည့်ပြန်သွားလို့ ရတာပဲဗျ"

စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်၏။

စကားဆုံးသည်နှင့် သူက သတ်ဖြတ်သူမျိုးဆက်သစ်များကို လှမ်းကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင်တော့ မထီတရီ အပြုံးတမျိုး ပေါ်ပေါက်နေလေသည်။

"စကားပြောတာ သတိထားစမ်း ခွေးမသား"

သတ်ဖြတ်သူမျိုးဆက်သစ်များက စုချန်းကို ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ကြလေသည်။

သို့သော် စုချန်းက အနည်းငယ်မျှပင် ဂရုမစိုက်ပဲ ထပ်မံပုတ်ခတ်လိုက်ပြန်သည်။

"မင်းတို့အားလုံးဟာ ငကြောက်တွေပဲလို့ ငါ ထပ်ပြောလိုက်အုံးမယ် ငါတို့နဲ့ တယောက်ချင်း ရင်မဆိုင်ရဲလို့ ခုလို ပြသနာရှာနေကြတာမလားကွ"

"ခွေးမသား မင်းကတော့ လက်သီးတောင်းနေတာပဲကွ"

ပြောပြောဆိုဆို ဒေါသအိုးပေါက်ကွဲနေသော သတ်ဖြတ်သူတယောက်သည် ရှေ့သို့ခုန်ထွက်လာပြီး စုချန်းကို လက်သီးနှင့် ထိုးချလိုက်၏။ ဝုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်အားပါသော လက်သီးချက်က စုချန်းကို တည့်မတ်စွာ ထိမှန်သွား၏။ လက်သီးချက်ကြောင့် စုချန်း တကိုယ်လုံး လေထဲသို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။

သတ်ဖြတ်သူလူငယ်၏ လက်သီးချက်ကို စုချန်းက ရှောင်တိမ်းခြင်းမရှိလေရာ ပထမလက်သီးချက်နှင့်ပင် လေထဲသို့ လွင့်စင်သွားခြင်း ဖြစ်သည်။

"စုချန်း"

စုချန်းဘက်မှ ကျောင်းသားများက စုချန်းကို ကပျာကယာ ဖေးမလိုက်ကြ၏။

လူသားများဖက်မှ အရာရှိဖြစ်သူ ရှောက်ဖိန်းနန်သည် ပြင်းစွာ ဒေါသထွက်လာ၏။

"မိုလီဟန် မင်းဘာတွေလုပ်နေတာတုန်း စည်းကမ်းတွေကို ချိုးဖောက်ချင်တဲ့သဘောလား အဲဒါဆိုလဲ လာလေ ခုပဲ တိုက်ခိုက်ကြစို့"

မိုလီဟန်ကိုယ်တိုင်ပင် ကြက်သေသေသွား၏။ သူက တိုက်ခိုက်လိုက်သူ ဖက်သို့ လှည့်ကာ ငေါက်ငမ်းလိုက်သည်။

"ခွေးမသားလေး မင်းကို ဘယ်သူက တိုက်ခိုက်ခိုင်းလို့လဲ"

သတ်ဖြတ်သူလူငယ်ကား အမှားကျူးလွန်မိပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်ပြီဖြစ်လေရာ ခေါင်းငုံ့ကာ ခပ်မဆိတ်သာ ရှိလေ၏။ သို့တိုင်အောင် စုချန်းကို စိုက်ကြည့်နေသော သူ့မျက်လုံးထဲတွင်တော့ အမုန်းတရားများနှင့် ပြည့်နှက်နေလေ၏။

ရှောက်ဖိန်းနန်က စုချန်းကို လှမ်းမေးလိုက်ပြန်သည်။

"မင်း အဆင်ပြေရဲ့လား"

ထိုအခါ စုချန်းက

"ကြည့်ရတာ အတွင်းဒဏ်ရာ ရသွားပြီနဲ့တူတယ် ကျွန်တော့ရဲ့ မူလစွမ်းအင်ကို အလွယ်တကူ ဖော်ထုတ်လို့မရဘူး ဖြစ်နေတယ် ဟိုအဖွဲ့တွေဆီက လျော်ကြေးအဖြစ် တစုံတရာ တောင်းခံလိုက်ဖို့သင့်တယ်"

စုချန်း၏ စကားကြောင့် ရှောက်ဖိန်းနန် မျက်လုံးပြူးသွား၏။ ထို့နောက် သူက စုချန်းကို ကပျာကယာ စမ်းသပ်စစ်ဆေးလိုက်သည်။ စစ်ဆေးပြီးသည်နှင့် အော်ဟစ်ရယ်မောလိုက်ပြီး ရှောက်ဖိန်းနန်က မိုလီဟန်ကို ပြောလိုက်၏။

"မိုလီဟန် ဒါကို မင်းလည်းသိပါတယ် အပျက်အစီးရတနာသိုက်ထဲ မဝင်ခင် တဖက်က တဖက်ကို ထိခိုက်ဒဏ်ရာရစေခဲ့ရင် ဒါဟာ စည်းမျဉ်းကို ချိုးဖောက်တာပဲ လျော်ကြေးအနေနဲ တစုံတရာ ပြန်လည်တောင်းခံပိုင်ခွင့် ရှိတယ်"

စုချန်း ဒဏ်ရာအပြင်းအထန် ရသွားသည်ဟု ကြားလိုက်ရသောအခါ မိုလီဟန် အံ့သြသွား၏။

"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ပြောပြောဆိုဆို သူသည် စုချန်းဆီသို့ လျှောက်သွားပြီး လက်တဖက်ကို ဆွဲကာ စမ်းသပ်စစ်ဆေးလိုက်၏။ ဒဏ်ရာက သိပ်မပြင်းထန်လှ။ သို့သော် ဒဏ်ရာရသွားသည်ကတော့ အမှန်ပင်။

"ဘယ်လောက်တောင်အသုံးမကျလိုက်တဲ့ကောင်လဲလို့ ကျုပ်က သူကို နည်းနည်းပါးပါးလောက်ပဲ ဆုံးမပေးလိုက်တာကို"

လက်သီးနှင့်ထိုးလိုက်သည့် သတ်ဖြတ်သူက မကြားတကြားနှင့် ရေရွတ်လိုက်လေသည်။

"လူမိုက် မင်းပါးစပ်ကို ပိတ်ထားစမ်း"

မိုလီဟန်က ဒေါသထွက်ထွက်နှင့် သတ်ဖြတ်သူလူငယ်ကို လက်ပြန်ရိုက်ချလိုက်ရာ ၎င်းမှာ နောက်ဘက်သို့ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွား၏။ ထို့နောက် သူက စုချန်းဘက်သို့ လှည့်ကာ မေးလိုက်၏။

"မင်းက ဘာလျော်ကြေးလိုချင်တာလဲ"

"ကျုပ်လိုချင်တာက ရှင်းပါတယ် ဒီကောင် ကျုပ်ကို တချက်ထိုးတယ် ဒီတော့ ကျုပ်က သူ့ကို တချက်ပြန်ထိုးမယ် ဒါမှမဟုတ် မူလကျောက်တုံး တသောင်းတန်ကြေးရှိတဲ့ အခြားပစ္စည်းတမျိုး အထဲကို ယူသွားခွင့်ပေးရမယ်"

စုချန်းကို ပြန်ထိုးခွင့်ပြုရမည်တဲ့လား...

သတ်ဖြတ်သူလူငယ်သည် စုချန်းအား ဆုံးမသည့်သဘောနှင့် ထိုးလိုက်ခြင်းဖြစ်လေရာ အင်အားအပြည့် သုံးစွဲထားခြင်းမရှိ။ ဤအခြေအနေတွင် စုချန်း ဒဏ်ရာရသွားသည့် တခုတည်းသော အကြောင်းရင်းမှာ သူက ကိုယ့်ကိုယ်ကို လုံးဝကာကွယ်ထားခြင်းမရှိ၍ ဖြစ်သည်။

စုချန်းကသာ ပြန်လည်တိုက်ခိုက်ခဲ့ပါက အခြေအနေသည် တမျိးတဖုံ ပြောင်းသွားဖွယ်ရာ ရှိသည်။

သူ့ရှေ့ရှိ လူသားတွင် သတ်ဖြတ်ရေးစွမ်းရည် တစုံတရာ ပိုင်ဆိုင်ထားပါက တချက်တည်းနှင့် သတ်ဖြတ်သူမျိုးဆက်သစ်တဦးကို သတ်ပစ်လိုက်နိင်ဖွယ်ရာ ရှိကြောင်း မိုလီဟန် သိထား၏။ ထိုအခါ သူက ပြောလိုက်သည်။

"မင်းက ဒါကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာပေါ့ ဟုတ်လား ပထမဆုံး ငါတို့ကို ဒေါသထွက်လာအောင် ဆွပေးပြီး ဒီအခြေအနေကို ဖန်တီးယူလိုက်တာပေါ့လေ"

"ကျုပ်ဟာကြောင့် ဘာရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် အရေးမကြီးဘူး အရေးကြီးတာက ကျုပ် ဒဏ်ရာရသွားတယ် ဒီတော့ ခင်ဗျားဘက်က လျော်ကြေးပေးရမယ် ခင်ဗျားအနေနဲ့ ကျုပ်ပြောတဲ့ နည်းလမ်းနှစ်မျိုးထဲက တမျိုးကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်"

All Chapters