← Chapters

စတင်ဝင်ရောက်ပြီ

Vol. 29 Ch. 287

စတင်ဝင်ရောက်ပြီ

Vol. 29 Ch. 287

စုချန်းကို သတ်ဖြတ်သူလူငယ်အား ပြန်လည်ထိုးကြိတ်ခွင့်ကိုတော့ မိုလီဟန် မပေးနိုင်။

သူ့အနေနှင့် မျိုးဆက်သစ်အယောက်၄၀အနက် ၃၉ယောက်သာ ကျန်တော့မည့်အဖြစ်ကို နည်းနည်းမှမလိုလား။ ထို့ပြင် မျိုးဆက်သစ်တယောက် လျော့နည်းသွားခြင်းကြောင့် တဖွဲ့လုံး စိတ်ဓာတ်ကျသွားနိုင်သည် မဟုတ်ပါလား။

သို့သော် မူလကျောက်တုံး တသောင်းတန်သည့် အခြားပစ္စည်းတမျိုးကို အပျက်အစီးသိုက်အတွင်း ယူဆောင်သွားခွင့်ကိုလည်း သူက မပေးချင်ဖြစ်နေ၏။

တဖက်နှင့်တဖက် အကြိတ်အနယ် ငြင်းခုန်ကြပြီးနောက် စုချန်းအနေနှင့် မူလကျောက်တုံး ၃၀၀၀ကျော်တန် ပစ္စည်းတမျိုးကို အပျက်အစီးသိုက်အတွင်း ယူဆောင်ခွင့် ရသွား၏။ တနည်အားဖြင့် စုချန်းသည် သူ့ဒဏ်ရာနှင့် ဤအခွင့်အရေးကို လှဲလှယ်လိုက်သည့် သဘောပင်။

အပျက်အစီးသိုက်အတွင်း ရောက်ရှိပြီး အန္တရာယ်နှင့်သာ ကြုံတွေ့ရပါက စုချန်းသည် သူ၏ အဂ္ဂိရတ်စွမ်းရည်နှင့် သုံးထောင်တန်ဆေးပင်များကို ထိုထက်အဆပေါင်းများစွာ တန်ကြေးရှိသည့် ဆေးဝါးများအဖြစ် ပြောင်းလဲပစ်နိုင်၏။ အကယ်၍ ဒဏ်ရာရရှိသွားပါကလည်း ထိုဆေးဝါးများ ဖော်စပ်နိုင်ရန် ကုန်ကြမ်းရှိနေသ၍ သူ့အတွက် ပူစရာမလို။ ထို့ကြောင့် ဤအလှဲအလှယ်သည် စုချန်းအတွက် အတော်လေး တန်ကြေးရှိသည့် အလှဲအလှယ်ဟု ဆိုနိုင်၏

မိုလီဟန်ကလည်း ထိုအချက်ကို ကောင်းစွာ သဘောပေါက်လေသည်။ ထို့ကြောင့် လျော်ကြေးကိစ္စကို ဖြေရှင်းပြီးနောက် သူ့နောက်ရှိ သတ်ဖြတ်သူမျိုးဆက်သစ်များဘက်သို့ လှည့်ပြီး သူက ပြောလိုက်သည်။

"ဒီကောင်ကို မင်းတို့တွေ့လား ဟိုထဲရောက်ရင် ဘာကြီးပဲ ပေးဆပ်ရ ပေးဆပ်ရ ဒီကောင့်ကို အရင်သတ်ကြပေတော့ အားလုံး ငါပြောတာကို နားလည်လား ဒီကောင်ဟာ အဂ္ဂိရတ်ပညာရှင်ပဲ ဒီကောင့်မှာ ဘာမူလကိရိယာမှ မပါဘူး ဒါပေမဲ့ ဆေးပင်တွေတော့ အများကြီးပါလာတယ် ဒီကောင့်ကို ဆေးဖော်စပ်ခွင့်သာ ပေးလိုက်လို့ကတော့ သူတို့တဖွဲ့လုံးရဲ့ စွမ်းဆောင်ရည်ကို ဒီကောင်က မြှင့်တင်ပေးလိမ့်မယ်"

"ဟုတ်ကဲ့ပါဆရာ"

သတ်ဖြတ်သူမျိုးဆက်သစ်များ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

အမှန်တော့ မိုလီဟန်အနေနှင့် တိုက်တွန်းနေစရာပင် မလို။ စုချန်း၏ ပုတ်ခတ်စော်ကားသော စကားများကြောင့် သူတို့အားလုံး သူ့ကို အလွန်တရာပင် မုန်းတီးနေကြသည် မဟုတ်ပါလား။

ဆန့်ကျင်ဘက်အနေနှင့် လူသားများဘက်တွင်တော့ စုချန်းကို လူတိုင်းလိုလိုက အထူးပင် လေးစားကုန်ကြ၏။

ရှောက်ဖိန်းနန် ကိုယ်တိုင်ကပင် စုချန်းကို သေသေချာချာစိုက်ကြည့်ကာ ရယ်မောရင်း ပြောလိုက်၏။

"တယ်လဲသတ္တိရှိတဲ့ ကောင်လေးပါလား တကယ်လို့များ ဟိုအထဲမှာ တိုက်ပွဲဖြစ်လာခဲ့ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာ စိတ်မပူဘူးလားကွ"

"သီအိုရီအရဆိုရင်တော့ ကျွန်တော့အနေနဲ့ ဒီလို ရန်စတာမျိုးကို မလုပ်သင်ပါ့ဘူးပေါ့ခင်ဗျာ"

စုချန်းက ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ ခုချိန်မှာ ဒီ တဝက်သီးခြားလေဟာနယ်ရဲ့ တည်ငြိမ်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ် ဒီတော့ အသိုက်ထဲကို ဝင်တဲ့လူအားလုံး တနေရာတည်းမှာရှိနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး နောက်ပြီး ကျွန်တော့အနေနဲ့ မျက်နှာချင်းဆိုင်တိုက်ရတဲ့ ဘယ်တိုက်ပွဲမျိုးကိုမဆို ရင်ဆိုင်ရဲတယ် တချို့အရာတွေဟာ စွန့်စားရပေမဲ့ ဒီစွန့်စားမှုတွေကို ရင်မဆိုင်လို့မှ မရပဲကိုး ဘာပဲပြောပြော ခုဆိုရင် မိုလီဟန်ဟာ နောက်ထပ် မူလကျောက်တုံး သုံးထောင်ဖိုး ယူခွင့်ပြုလိုက်ရပြီ မဟုတ်ဘူးလား ကျွန်တော်ကတော့ ရလာမဲ့ အကျိုးအမြတ်ဟာ ထိုက်တန်နေရင် စွန့်စားရကျိုးနပ်တယ်လို့ ထင်တာပဲ"

စုချန်း၏ စကားကို ကြားရသောအခါ ရှောက်ဖိန်းနန်က သဘောကျဟန်ဖြင့် ခေါင်းညိတိလိုက်၏။

"သိပ်ကောင်းတယ် မင်းကိုကြည့်ရတာ ဘယ်အရာကိုမဆို စဉ်းစဉ်းစားစားနဲ့ လုပ်တတ်ဟန်တူတယ် ငါဟာ ဒီနေရာမှာတော့ တာဝန်ခံပဲ ဒီတော့ မင်းကို ဆုချတဲ့အနေနဲ့ အပျက်အစီးသိုက်ထဲ ပထမဦးဆုံး ဝင်ခွင့်ပြုလိုက်မယ်"

အပျက်အစီးသိုက်အတွင်း ပထမဦးဆုံး ဝင်ရောက်နိုင်ခြင်းကြောင့် တိုက်ပွဲများကို ရှောင်ရှားနိုင်ပြီး လုံခြုံစိတ်ချမှုရှိသည့် နေရာတနေရာကို ရှာဖွေရန် အခွင့်အရေး ရလာမည်ဖြစ်သည်။ စုချန်းလို လူစားမျိုးက ဒီလို အခွင့်အရေးမျိုးကို ဘယ်မှာ ငြင်းမည်နည်း။

ထိုအချိန်တွင် နှစ်ဖက်လုံးသည် အပျက်အစီးသိုက်၏ ဝင်ပေါက် ပွင့်လာစေရန် ကြိုးစားအားထုတ်နေကြပြီ ဖြစ်သည်။ သိပ်မကြာမီ နှစ်ဖက်လုံး၏ ကြိုးစားမှုကြောင့် အုတ်ခဲကျိုးပုံကြီး၏ အပေါ်၌ ပွင့်အန်စပြုလာပြီး ရေကဲ့သို့ ကြည်လင်သော အကြားအလပ်တခု ပေါ်ပေါက်လာ၏။

ထိုအခြင်းအရာကို မြင်သည်နှင့် ရှောက်ဖိန်းနန်က ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။

"ဝင်ကြတော့"

အပေါက်ထဲသို့ ဝင်လိုက်သည်နှင့် စုချန်း၏ အမြင်အာရုံသည် ရုတ်ချည်းဝေဝါးသွား၏။ ထို့နောက် သူ့ရှေ့တွင် မြက်ခင်းများဖုံးလွှမ်းနေသော နေရာကွက်လပ်တခု ပေါ်ပေါက်လာလေသည်။

လေဟာနယ်တခုလုံးသည် မဲမဲမှောင်နေ၏။ အဝေးဆီတွင် တောင်ကြီးတလုံးကို လှမ်းမြင်နေရပြီး မီးခိုးရောင် တိမ်ထုအမျှင်တန်းများက လေထဲတွင် ဟိုမှသည်မှ ပြေးလွှားလျက်ရှိလေသည်။ ဖျော့တော့သော အလင်းရောင်တချို့က အပြင်ဘက်မှ တိုးဝင်လျက်ရှိ၏။

မြူခိုးများကား ထူထဲလှပေရာ မြင်ကွင်းမှာ ကန့်သတ်ချက်အတော်ပင် များလှသည်။ လောလာဆယ်တော့ မည်သည့်အန္တရယ်မှ မကြုံရသေးသလို မည်သည့် သတ္တဝါဆန်းမှလည်း မတွေ့။ စုချန်း မြင်တွေ့ရသည်မှာ မြင်လေသမျှ မြက်ပင်များနှင့် အဝေးဆီမှ ထူးခြားဆန်းကြယ်လှသော တောင်ကြီးပင် ဖြစ်လေသည်။

သူ့အနေနှင့် ကြိုတင်ပြင်ဆင်မှုများ အတော်ပင် ပြုလုပ်ထားသော်လည်း လေဟာနယ်ထဲ ဝင်ဝင်ချင်းတွင် တိုက်ပွဲများကို ရှောင်ရှားနိုင်လိမ့်မည်ဟုတော့ စုချန်းက မျှော်လင့်ထား၏။ ကြည့်ရသလောက်ကတော့ လက်ရှိအချိန်ထိ သူ့ကံတရားက အတော်လေး ကောင်းနေသေးဟန်ပေါ်သည်။

စုချန်းက ချက်ချင်းဆိုသလိုပင် လက်စွပ်အတွင်းမှ ပစ္စည်းတမျိုးကို ဆွဲထုတ်လိုက်၏။ ထိုပစ္စည်းမှာ အသက်ရှိနေသော မျက်လုံးတလုံးကဲ့သို့ သူ့လက်ပေါ်တွင် လှည့်ပတ်လျက်ရှိသည်။

သူက မျက်လုံးကို လေထဲသို့ လွှင့်ပစ်လိုက်ရာ ထိုမျက်လုံးသည် ပတ်ဝန်းကျင်တခုလုံးကို စစ်ဆေးလျက်ရှိသည်။ ထိုမျက်လုံး မြင်နေသမျှ မြင်ကွင်းများကို စုချန်းလည်း မြင်တွေ့နေရလေသည်။

ထိုမျက်လုံးမှာ ထူးခြားသော အမြင်အာရုံကို ပေးစွမ်းနိုင်သည့် စစ်ဆေးခြင်းမျက်လုံး ဖြစ်သည်။ ၎င်းကို အသုံးပြု၍ စုချန်းအနေနှင့် ပတ်ဝန်းကျင်ကို စစ်ဆေးနိုင်၏။ ဆေးဝါးဖော်စပ်ရန် သင်တော်မည့် နေရာတနေရာကို ရှာဖွေရာတွင်လည်း သုံးနိုင်ပေသည်။ ထိုမျှသာမကသေး သတ်ဖြတ်သူများကို ရှောင်ရှားရန်နှင့် သူ့အဖွဲ့သားများကို ရှာဖွေရန်လည်း အသုံးပြုနိုင်သေး၏။

စစ်ဆေးခြင်းမျက်လုံးသည် ဤနေရာမျိုးတွင်တော့ အလွန်အသုံးဝင်သော ပစ္စည်းတမျိုးပင် ဖြစ်သည်။ သုံးကြိမ်သာ အသုံးပြုခွင့်ရှိသော်လည်း ပစ္စည်းတန်ဖိုးမှာကား မသေးလှ။ မူလကျောက်တုံး ၅၀၀အထိပင် ရှိလေသည်။

စစ်ဆေးခြင်းမျက်လုံးကို အသုံးပြုပြီး စုချန်းသည် သူ့ညာဖက်ခြမ်းရှိ သစ်တောများ ဖုံးလွှမ်းနေသော နေရာကို မြန်မြန်ဆန်ဆန်ပင် သတိထားမိလိုက်၏။ ထိုနေရာသည် ပုံဖျက်ပုန်းကွယ်ရန် အကောင်းဆုံး အနေအထားတွင်ရှိကြောင်း သူက သတ်မှတ်လိုက်လေသည်။

သို့သော် စုချန်းက ထိုနေရာသို့ မြန်မြန်ဆန်ဆန် သွားရမည့်အစား သူ့အလုပ်စားပွဲကို ဆွဲထုတ်ပြီး ဆေးဖော်စပ်ရန် ဟန်ပြင်လိုက်၏။ ယခုအချိန်ထိ သူ့နေရာသို့ မည်သူမှ ရောက်မလာသေး။ ကြည့်ရသည်မှာ တခြားလူများအနေနှင့် မတူညီသော နေရာများသို့ ကွဲပြားစွာ ရောက်ရှိသွားကြပုံပေါ်သည်။

ထို့နောက် စုချန်းသည် ဒဏ်ရာပျောက်ကင်းစေသော ဆေးတဖုံကို မြန်မြန်ဆန်ဆန်ပင် ဖော်စပ်ပြီး သောက်ချလိုက်၏။ ထိုအခါ သူ့ဒဏ်ရာသည် တဖြည်းဖြည်း သက်သာပျောက်ကင်းစ ပြုလာလေသည်။ သူ့ဒဏ်ရာက ပျောက်ကင်းစေရန် အချိန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် စုချန်းက အရန်အနေနှင့် ဆေးကို လိုလိုပိုပို ဖော်စပ်ထားလိုက်၏။ လိုအပ်သလောက်ဆေးကို လုံလောက်အောင်ဖော်စပ်ပြီးသည်နှင့် စုချန်းသည် တောအုပ်ဆီသို့ ဦးတည်လျှောက်လာခဲ့လေသည်။

လမ်းတလျှောက်တွင် မည်သည့်လူသားမှ မတွေ့သလို မည်သည့်သတ်ဖြတ်သူမှလည်း မတွေ့။ ဆိုလိုသည်မှာ လေဟာနယ်သည် အလွန်ကြီးမားသောကြောင့် ဝင်လာသည့် အယောက်၈၀သည် တယောက်တကွဲစီ ဖြစ်သွားသည့်သဘောပင်။

နေရာ၏ အရွယ်အစားက ကြီးမားလေလေ ပိုကောင်းလေလေပင်။ နေရာကြီးမားခြင်းကြောင့် သူ့အနေနှင့် ရတနာပစ္စည်းများ ရှာဖွေတွေ့ရှိရန်၊ စူးစမ်းလေ့လာရန် ပို၍ အခွင့်အလမ်းများသည်မဟုတ်ပါလား။

စုချန်းကား သူ့အတွေ့အကြုံကို စိတ်ချယုံကြည်ထား၏။ နေရာနှင့်ပတ်ဝန်းကျင်ပေါ် လိုက်လျောညီထွေစွာ အသုံးချနိုင်ပုံတွင် သူ့လောက် မည်သူမှ မထူးချွန်ဟု သူ အပြည့်အဝ ယုံကြည်ထား၏။

တောအုပ်အနီးသို့ ရောက်သည်နှင့် စုချန်းသည် တောအုပ်အတွင်းသို့ မြန်မြန်ဆန်ဆန်ပင် ပြေးဝင်လိုက်၏။ သို့သော် သူ့ခြေလှမ်းများက ဗြုန်းခနဲ ရပ်တန့်သွားရ၏။ အကြောင်းမှာ ကြီးမားလှသော မြွေကြီးတကောင်သည် သစ်ပင်တပင်ကို ရစ်ပတ်ကာ သူ့ကို လျှာတစ်လစ်ထုတ်ရင်း စိုက်ကြည့်နေသောကြောင့်ပင်။

တောအုပ်အတွင်းဝယ် မြွေတွေ့သည်မှာ ဘာမှမဆန်း။ ဆန်းသည်က မြွေ၏ ဖြစ်တည်မှုကြောင့် ဤလေဟာနယ်တွင် ထူးခြားသော ဂေဟစနစ်တခု ဖြစ်ပေါ်နေပြီး သက်ရှိသတ္တဝါပုံစံများ မွေးဖွားလာစေရန် ထောက်ပံ့ပေးနေနိုင်ပြီဟူသော သဘောကိုဆောင်နေသောကြောင့်ပင်။

ထို့ကြောင့် သတ်ဖြတ်သူနှင့်လူသားများအပြင် တခြားသက်ရှိများကိုလည်း ဤနေရာတွင် ရင်ဆိုင်ရဖွယ်ရှိသည်ဟု စုချန်းအနေနှင့် ကြိုတင်မျှော်တွေးထားရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် လူတိုင်းကတော့ ဤအခြေအနေမျိုးကို ကြိုတင်မျှော်တွေးထားပြီးသားပင်။ လူသားသမိုင်းတလျှောက် ရှာတွေ့ခဲ့ဖူးသည့် အပျက်အစီးသိုက်များတွင်လည်း ဤသို့သော သက်ရှိပုံစံများနှင့် သူတို့ ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။

ယေဘုယျ ဆင့်ကဲစည်းမျဉ်းဥပဒေအရ ပို၍ အင်အားကြီးမားသော သတ္တဝါများ ပေါ်ပေါက်လာရန် ပို၍ နေရာကျယ်ကျယ် လိုအပ်၏။ ယခု တဝက်သီးခြားလေဟာနယ်သည် မည်မျှပင် ကျယ်ဝန်းသည်ဆိုစေကာမူ အကန့်အသတ်ကတော့ ရှိသည်သာ။ ထို့ကြောင့် အလွန့်အလွန် အင်အားကြီးမားသော သက်ရှိပုံစံများ တွေ့ရန်ကတော့ အလွန်ခဲယဉ်း၏။

ဤနေရာတွင် "အလွန့်အလွန်"ဟူသော စကားလုံးကို သတိချပ်ရန် လိုအပ်၏။ ချီစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်များအတွက်ကတော့ တော်ရုံတန်ရုံ သတ္တဝါဆိုးမျှလောက်နှင့်ပင် အန္တရာယ်များနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤလေဟာနယ်တွင် အလွန့်အလွန်အင်အားကြီးမားသော သက်ရှိပုံစံများ မရှိဆိုရုံနှင့် သတိပေါ့၍မရ။ သတိပေါ့ပါက ခံသွားရပေလိမ့်မည်။

ထို့ပြင် စုချန်းအဖို့ သတိထားစရာ နောက်တချက်လည်း ရှိနေသေး၏။ ၎င်းမှ တချို့အာကင်နာပညာရှင်ကြီးများသည် ၎င်းတို့ လေဟာနယ်အတွင်း ပြင်ပမှ သတ္တဝါကြီးများကို ခေါ်ယူထည့်သွင်းထားတတ်၏။ ထိုသတ္တဝါများ၏ သားစဉ်မြေးဆက်များ ရှိနေနိုင်သည်ဟူသည်မှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်တချက်ပင်ဖြစ်သည်။

တခါတရံတွင် လူသားများသည် သီးခြားလေဟာနယ်များအတွင်းဝယ် အလွန်တရာ အင်အားကြီးမားသည့် နတ်ဆိုးသတ္တဝါများနှင့်ပင် ကြုံတွေ့ရလေ့ရှိ၏။ ဤရလဒ်မျိုးမှာကား ကြုံတွေ့နိုင်ဖွယ် ရလဒ်များအနက် အဆိုးဆုံးပင် ဖြစ်သည်။

ထို့ကြောင့် စုချန်းက မြွေကြီးကိုတွေ့သည်နှင့် သူ့ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ခြင်း ဖြစ်သည်။ မည်သည့်အန္တရာယ်မရှိမှန်း သေချာမှ သူ့အနေနှင့် တောအုပ်အတွင်းသို့ ဝင်ရောက်သင့်သည် မဟုတ်ပါလား။

ထို့နောက် ခေတ္တစဉ်းစားပြီး စုချန်းသည် သူ့အလုပ်စားပွဲကို ဆွဲထုတ်ကာ ဆေးတမျိုး မြန်မြန်ဆန်ဆန် ဖော်စပ်လိုက်ပြန်သည်။ ဆေးဖော်ပြီးသည်နှင့် စုချန်းက ဆေးပုလင်းကို ခပ်လှမ်းလှမ်းသို့ ပစ်ပေါက်လိုက်၏။ ထူးခြားသော ရနံ့တမျိုးက လေနှင့်အတူ ပျံ့လွင့်သွားလေသည်။

ချက်ချင်းလိုလိုပင် သားရဲသတ္တဝါဆိုးများ၏ အော်ဟစ်သံများ၊ အူသံများ ထွက်ပေါ်လာ၏။

ထိုအော်ဟစ်ဟိန်းဟောက်သံများထဲမှ အသံတသံကို စုချန်း ရှင်းလင်းပီသစွာ ကြားလိုက်ရသည်။

သူ ရင်တုန်သွား၏။

သေစမ်း....ဒါ နတ်ဆိုးသတ္တဝါပဲ....

နောက်သို့ ချာခနဲ လှည့်ပြီး စုချန်း ခြေကုန်သုတ်တော့သည်။

ပြေပေအုံးတော့ စုချန်း...ပြေးပေအုံးတော့...

All Chapters