← Chapters

ကင်းထောက်ခြင်း

Vol. 29 Ch. 288

ကင်းထောက်ခြင်း

Vol. 29 Ch. 288

အန္တရာယ်များလှသော တောအုပ်ကြီးကား စုချန်း၏ နောက်တွင် ကျန်ရစ်ခဲ့လေပြီ။ ဤတကြိမ်တွင်တော့ သူက အဝေးဆီမှ မှုန်ပြပြ မြင်နေရသော တောင်ကြီးဆီသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။

တောင်ကြီးဟုသာဆိုရသော်လည်း အရွယ်အစားကတော့ ပြင်ပကမ္ဘာမှ တောင်များလောက် မကြီးလှပေ။ မီးခိုးရောင်မြူထုများကား တောင်တတောင်လုံးကို လွှမ်းခြုံရစ်ပတ်လျက် ရှိလေ၏။

သို့သော် တောင်ကြီးနှင့် နီးကပ်လာသည်နှင့်အမျှ ဤတောင်၏ တိတ်ဆိတ်ခြောက်ကပ်ပုံ၊ စိတ်ပျက်ငြီးငွေ့ဖွယ်ရာကောင်းပုံကို ကြည့်ရင်း စုချန်း အံ့သြလာ၏။

စိမ်းလန်းစိုပြေသော မည်သည့်အပင်အခက်မှ ပေါက်ရောက်နိုင်စွမ်းမရှိအောင်ပင် မီးခိုးရောင်နှင့် အဝါရောင်ရောယှက်နေသော လေများသည် တောင်ထွတ်ဖျားဆီသို့ ပြင်းပြင်းထန်ထန် တိုက်ခတ်လျက်ရှိ၏။ မွမွကြေနေသော သဲမြေများမှာကား မည်သည့်ရေကိုမှ စုပ်ယူနိုင်စွမ်းရှိဟန်မတူ။ ကျတ်တီးမြေအလယ်တွင် တောင်ကြီးတလုံးသာ ထီးထီးတည်ရှိလျက်ရှိသည်။ တလောကလုံး စိမ်းစိုနေသောအရာဟူ၍ စုချန်း၏ ခြေထောက်အောက်ရှိ မြက်ပင်များသာလျင် ရှိလေသည်။

သို့သော် စုချန်းကတော့ ဤသို့သော ကျတ်တီးမြေသည်ပင် ကောင်းသေးသည်ဟု ယူဆမိ၏။ အကြောင်းမှာ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် မည်မျှ အင်အားကြီးမားသည့် သတ္တဝါမျိုးပင် ဖြစ်စေ အသက်မရှင်နိုင်သောကြောင့်ပင်။

တောင်ခြေသို့ရောက်သည်နှင့် ထိုနေရာတွင် အခြားကျောင်းသားတယောက် ရောက်ရှိနေကြောင်း စုချန်း တွေ့လိုက်ရသည်။

"ဟေ့ စုချန်း"

ထိုကျောင်းသားက ဝမ်းသာအားရနှင့် လှမ်းခေါ်လိုက်၏။

"ကျောက်စင်းပါလား"

စုချန်းကလည်း ထိုကျောင်းသားကို ချက်ချင်းပင် မှတ်မိလိုက်သည်။

ကျောက်စင်းမှာ သတ္တမနှစ်ကျောင်းသားဖြစ်ပြီး အယောက်၄၀အနက် နံပါတ်၃၈နေရာတွင် ရှိနေသူ ဖြစ်သည်။ အင်အားနည်းသော ကျောင်းသားများအနက် တယောက်ဖြစ်သော်လည်း ကျောက်စင်း၏ စိတ်သဘောထားကတော့ သိပ်မဆိုးလှ။ ထို့ပြင်း ထူးခြားသော စွမ်းရည်နှစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။

ဘာပြောပြော စုချန်း ပထမဆုံး တွေ့ရသူမှာ ရန်သူမဟုတ်၍ တော်သေးသည်ဟု ဆိုနိုင်လေသည်။

စုချန်းက ကျောက်စင်းဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်၏။ ကျောက်စင်း၏ ရင်ဘတ်တခုလုံး ရဲရဲနီနေကြောင်း သူတွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။

"မင်း ဒဏ်ရာရထားတာလား"

"ဟုတ်တယ် ငါ ဒီထဲရောက်တော့ သတ်ဖြတ်သူတယောက်နဲ့တိုးပြီး နဲနဲပါးပါး တိုက်ခိုက်လိုက်ရတယ်"

"မင်း ဘယ်လိုလွတ်လာတာလဲ"

"ငါက သူ့ပြိုင်ဘက်မဟုတ်ဘူးလေကွာ ဒီတော့ ထွက်ပြေးလာရတာပေါ့"

ကျောက်စင်းက မကွယ်မဝှက်ပဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

စစ်မှန်သော တိုက်ပွဲများတွင် အရှက်နှင့်လူလုပ်သည်ဟူသော စကားရပ်ကို မေ့လျော့ထားရန် လေ့ကျင့်ရေးကာလတလျှောက် ဆရာများက သူတို့အား အထပ်ထပ်အခါခါ နားသွင်းပေးခဲ့၏။ မိမိ၏ အင်အားကို အထင်ကြီး၍သော်လည်းကောင်း၊ ပြိုင်ဘက်၏ အင်အားကို မှားယွင်းတွက်ချက်မိ၍သော်လည်းကောင်း အမှားအယွင်းကြုံရတတ်ကြောင်း သမိုင်းကြောင်းတလျှောက် သင်ခန်းစာများက များပြားလှပြီ ဖြစ်သည်။ အရှုံးဟူသည် အရှုံးသာဖြစ်သည်။ ထိုအရှုံးကို ဖုံးကွယ်ရန် ကြိုးစားသည် ဖြစ်စေ၊ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ငြင်းခုန်ရန် ကြိုးစားသည်ဖြစ်စေ ထိုလုပ်ရပ်သည် ကိုယ့်အသက်ကိုယ်ကို ဆော့ကစားနေသည်နှင့် တူ၏။

သတ်ဖြတ်သူများဟူသည် မွေးရာပါ ခွန်အားကြီးမားသူများ ဖြစ်သည်။ အပြင်အားချင်းသာ ယှဉ်ပါက ညဏ်ရည်မြင့်မျိုးစိတ်အတော်များများသည် သူတို့အား မယှဉ်နိုင်ပေ။

ကိုယ်ခန္ဓာစွမ်းအင် နိမ့်ပါးသူ အချင်းချင်း တိုက်ခိုက်ရချိန်ဝယ် ထိုအချက်သည် များစွာ တာသွားလှ၏။

ထို့ကြောင့် ချီစုဆောင်းခြင်းနယ်ပယ် လူသားများအနေနှင့် သတ်ဖြတ်သူများကို တဦးချင်း မယှဉ်နိုင်သည်မှာ ဘာမှ ရှက်စရာမရှိ။ ၎င်းသည် သာမာန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ထို့ပြင် သူတို့၏ ပြိုင်ဘက်များသည်လည်း သူတို့ကဲ့သို့ပင် လက်ရွေးစင်များ ဖြစ်ကြသည်မဟုတ်ပါလား။

တဖက်မှပြန်တွေးလျင် လူသားများကိုယ်တိုင်ကလည်း သတ်ဖြတ်သူများနှင့် ယှဉ်ပြိုင်ရာတွင် ခွန်အားထက် ဦးနှောက်ကိုသာ အားကိုးလေသည်။ ဆေးဝါးများ၊ မူလပုံစံများ၊ အသင်းလိုက်တိုက်ခိုက်မှုများသည် လူသားများဖက်မှ အားသာချက်များ ဖြစ်ကြ၏။

ထို့ကြောင့် ပွဲစကတည်းကိုက လူသားများအနေနှင့် သတ်ဖြတ်သူများနှင့် တဦးချင်း တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းမရှိ။ သူတို့အနေနှင့် အရေးကြုံလာပါက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုက်ပွဲများတွင် ညဏ်ကိုလွှာသုံးရန်သာ အာရုံစိုက်ထားကြ၏။ အကယ်၍ သူတို့ထဲက တယောက်သာ သတ်ဖြတ်သူတဦးနှင့် မျက်နှာချင်းဆိုင် ဆုံမိပါက နောက်ဆုတ်ရှောင်ပြေးခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဟု ဆိုနိုင်၏။

ကျောက်စင်း ရင်ဆိုင်ခဲ့ရသည့် သတ်ဖြတ်သူသည် အလွန်အင်အားကြီးမားသူဖြစ်ပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ စာအမှတ်များကလည်း ကိုယ်တွင်းချီစွမ်းအင်ကို နှိုးဆွပေးနိုင်ပြီး သူ့တကိုယ်လုံးကို သံတုံးသံခဲကဲ့သို့ မာကျောလာစေရန် ပြောင်းလဲပေးနိုင်၏။

ကျောက်စင်း၏ လျပ်တပြက်မိုးဖွဲအပ်ချောင်းများ မည်မျှပြင်းထန်မှန်း စုချန်း ကောင်းကောင်းသိထား၏။ အပ်တချောင်းစီတိုင်းသည် အင်အားပြင်းထန်ရုံမက ဝက်ဝံ၁၃ကောင်အာနှင့်ပင် ညီမျှလေသည်။ အပ်ချောင်းများလာလေလေ အင်အားမှာ ထိုထက်ပို၍ ပြင်းထန်လေလေပင် ဖြစ်သည်။ ထို့ကြောင့် အပ်ချောင်းများက ပစ်မှတ်ကို မဖောက်ထွင်းနိုင်ခဲ့သည်ကို ထောက်လျင် ပြိုင်ဘက်၏ ခုခံအားက အနည်းဆုံး ဝက်ဝံ၁၃ကောင်ထက် များနေသည်ဟု ဆိုနိုင်၏။

ထိုခုခံအားသည် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်ထက်ပင် သာလွန်နေ၏။ ကျောက်စင်း၏ စကားအရ ၎င်းသတ်ဖြတ်သူသည် သူ၏ ခွန်အားကို အပြည့်အဝ ထုတ်မသုံးရသေးဟု ဆိုထား၏။

ကျောက်စင်း၏ ဒဏ်ရာကို အကဲခတ်ရင်း စုချန်းက ဆေးပုလင်းတလုံးကို လက်စွပ်အတွင်းမှ ဆွဲထုတ်ကာ ကမ်းပေးလိုက်၏။

"ရော့ မင်းအတွက်"

ကျောက်စင်းက ဝမ်းမြောက်ဝမ်းသာပင် လှမ်းယူလိုက်သည်။

"ကျေးဇူးပါပဲဗျာ အဂ္ဂိရပ်ပညာရှင်တယောက်နဲ့ အတူရှိနေရတာ ဒီတခါတော့ ကံကောင်းတာပဲ"

"ဒါပြသနာမဟုတ်ပါဘူးကွာ အရေးကြီးတာက မင်း မြန်မြန်ကောင်းသွားဖို့ပဲ ငါတို့အနေနဲ့ မင်းရဲ့ ရွှေတောင်ပံသိမ်းငှက်မျက်လုံးကို အမြန်ဆုံးနှိုးဆွဖို့ လိုအပ်နေတယ်ကွ"

ကျောက်စင်း၏ သွေးဗီဇသည် ရွှေတောင်ပံသိမ်းငှက်သွေးဗီဇဖြစ်လေရာ ရွှေတောင်ပံသိမ်းငှက်မျက်လုံးစွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ထိုစွမ်းရည်ကြောင့် သူ၏ အမြင်အာရုံသည် အလွန်စူးရှထက်မြက်သလို အရာဝတ္တုတချို့ကိုလည်း ထွင်းဖောက်မြင်နိုင်စွမ်းရှိလာ၏။ ထို့ပြင် သူသည် နဂါးကျောင်းတော်မှ စေလွှတ်လိုက်သော ကျောင်းသားများအနက် အမြန်ဆုံးထဲတွင် တယောက်အပါအဝင် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်တိုက် ထွက်ပြေးလာနိုင်ခြင်းပင်။

အသင်း၏ အစိတ်အပိုင်းအနေနှင့် ကျောက်စင်း၏ အဓိကတာဝန်မှာ ရန်သူများကို ထောက်လှမ်းရန်နှင့် မြေပုံကြမ်းတခု ရေးဆွဲရန်ပင် ဖြစ်သည်။

"ဒါလုပ်ဖို့ ငါ ဒီကို ရောက်နေတာကွ"

ကျောက်စင်းက ရယ်မောရင်း ပြောလိုက်၏။ စကားဆုံးသည်နှင့် သူက တောင်ထိပ်ပေါ်သို့ တဟုန်ထိုး ပြေးတက်လိုက်လေသည်။ တောင်ထိပ်ပေါ် ရောက်သည်နှင့် သူက ရွှေရောင်သိမ်းငှက်မျက်လုံး သွေးဗီဇကို နှိုးဆွလိုက်ရာ သူ့မျက်လုံးအစုံသည် အရောင်များ ဝင်းလက်တောက်ပလာ၏။ ထိုအချိန်တွင် မီးခိုးရောင်မြူထုက သူ့အမြင်အာရုံကို ပိတ်ဆို့နိုင်စွမ်း မရှိတော့ပေ။

ထို့နောက် ကျောက်စင်းသည် အဖြူရောင်စာရွက်တရွက်ကို ဆွဲထုတ်ပြီး လက်နှင့် ငြင်သာစွာ ပွတ်ဆွဲလိုက်ပြန်၏။ သူမြင်တွေ့နေရသမျှ အရာအားလုံးသည် သူ့ရှေ့ရှိ စာရွက်ပေါ်တွင် အစီအရီ ပေါ်ပေါက်လာလေသည်။ သိပ်မကြာမီပင် ကျောက်စင်းသည် သေသပ်သော မြေပုံတခုကို ရေးဆွဲပြီးသွား၏။ ထို့နောက် သူက မြေပုံကို စုချန်းအား လှမ်းပေးလိုက်လေသည်။

"သိပ်ကောင်းတယ်ဗျို့"

စုချန်းက ချီးကျူးလိုက်သည်။

"ဒါကြောင့်မို့လို့ပဲ ဒီအဖွဲ့ထဲမှာ ပါဝင်လာဖို့ ငါ အရွေးခံရတာပေါ့"

ကျောက်စင်းက ရယ်မောရင်း ပြောလိုက်၏။

စုချန်းက မြေပုံကို အနီးကပ် ကြည့်ရှုလိုက်လေသည်။ တချက် ကြည့်လိုက်ရုံနှင့် ကျောက်စင်း၏ မြေပုံသည် လေဟာနယ်တခုလုံးကို လွှမ်းခြုံနိုင်စွမ်းမရှိမှန်း ချက်ချင်းလိုလို သဘောပေါက်လိုက်သည်။ သူ့မြေပုံတွင် ဤနယ်မြေ၏ တစိတ်တပိုင်းသာ ပါဝင်၏။ ဘာပြောပြော လေဟာနယ်သည် အလွန်ကြီးမားကျယ်ဝန်းလှမှန်း ယုံမှားသံသယရှိနေစရာမလိုတော့။

သူတို့နှစ်ယောက်သည် ဆရာများ သင်ကြားပေးထားသည့်အတိုင်း မြေပုံပေါ်ရှိ အခြေခံအကျဆုံး လမ်းကြောင်းများကို မှတ်သားလိုက်ကြ၏။ ထို့နောက် တောင်ကြီးကို သူတို့ရောက်ရှိနေသော နေရာ၏ အလယ်ဗဟိုအဖြစ် သတ်မှတ်လိုက်ကြလေသည်။ စုချန်းလာခဲ့သည့် တောအုပ်သည် အနောက်ဘက်တွင် ရှိနေပြီး အရှေ့ဘက်တွင် မြစ်တမြစ်ရှိနေကြောင်း မြင်တွေ့ရ၏။ ကျောက်စင်းကား တောင်ဘက်မှ လာသူဖြစ်သည်။ ထိုနေရာတွင် ကျတ်တီးမြေမှတပါး အခြားမရှိချေ။ မြောက်ဘက်တွင်ကား မြင့်မားသော တောင်ကြီးတတောင်ကို ရေးရေးမျှ မြင်တွေ့နေရပြီး ၎င်းသည် လေထဲတွင် ပေါလောပေါ်နေသကဲ့သို့ ထင်မှတ်ရ၏။

စုချန်းက မြောက်ဘက်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"အဲဒီနေရာဟာ ငါတို့ အရင်ဆုံး စုံစမ်းထောက်လှမ်းရမဲ့ နေရာပဲ အဲဒီတောင်သာ ဒီနေရာရဲ့ အလယ်ဗဟို ဖြစ်နေခဲ့ရင် ငါတို့ဟာ လေဟာနယ်စက်ဝိုင်းရဲ့အပြင်ဘက်ကို ရောက်နေပြီလို့ ပြောလို့ရတယ်"

"ဒါဆို ငါတို့ဘာကို စောင့်နေတာလဲ သွားကြမယ်လေ"

ကျောက်စင်းက လောဆော်လိုက်ခြင်း ဖြစ်သည်။ သို့သော် စုချန်းက ဟန့်တားလိုက်၏။

"နေအုံးကွ အဲဒီလောက်ထိ လောစရာမလိုဘူး ငါ အရင်ဆုံး ဆေးနည်းနည်း ဖော်လိုက်အုံးမယ်"

"မင်းက ဆေးတွေ ဖော်ထားပြီးသားမလား"

စုချန်းက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးကွ ငါ အရင်ဖော်ထားတာက သာမာန် အနာကျက်ဆေးတွေ ပိုကောင်းတဲ့ ဆေးမျိုးတွေ ဖော်ဖို့လိုနေသေးတယ် ဥပမာ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြင့်မားလာစေတဲ့ ဆေးဝါးမျိုးတွေပေါ့ ဒါပေမဲ့ ဒီဆေးတွေက ဖော်စပ်ရတာ အလွန်ရှုပ်ထွေးတယ် အချိန်လည်းပိုယူရတယ် ဒါကြောင့် ငါ့ဘေးနားမှ အစောင့်တယောက်လိုတယ်"

"ဒါဆိုလည်း ငါစောင့်ပေးပါမယ်ကွာ"

ကျောက်စင်းက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်၏။

ထို့နောက် စုချန်းသည် ဂူတဂူ ရှာပြီး ဆေးဝါးများ စတင်ဖော်စပ်လေသည်။ ယခုအချိန်တွင် စုချန်းသည် ခွဲခြားသိမြင်နိုင်သော အဂ္ဂိရပ်ပညာရှင် တယောက်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေရာ အဆင့်မြင့်ဆေးဝါးတချို့ကို ဖော်စပ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

စုချန်း ဆေးဖော်နေစဉ်အတွင်း ကျောက်စင်းသည် အလကား ထိုင်နေသည်မဟုတ်။ ရွှေရောင်သိမ်းငှက်မျက်လုံးကို အသုံးပြုကာ အခြားကျောင်းသားများကို လိုက်လံရှာဖွေနေ၏။

အမှန်တော့ ကျောက်စင်းအနေနှင့် ကျောင်းသားတချို့ကို တွေ့ရှိခဲ့၏။ သို့သော် ထိုကျောင်းသားများ၏ တည်နေရာက ဝေးကွာလွန်းနေ၍ သူ ဘာမှ မတတ်နိုင်ပဲ ဖြစ်နေလေသည်။ လှမ်းအော်လိုက်လျင်လည်း သတ်ဖြတ်သူများကို ဆွဲဆောင်သလို ဖြစ်နေမှာ ကြောက်ရသေး၏။ ဤနေရာတွင် တတ်နိုင်သမျှ သတိထားခြင်းသည် အကောင်းဆုံးနည်းလမ်းပင် မဟုတ်ပါလား။

အကယ်၍ ချီဟွမ်းလီသာ ရှိနေရာ အရာအားလုံး အဆင်ပြေသွားလောက်သည်။ ချီဟွမ်းလီသည် သတ္တမနှစ် ကျောင်းသားလေးယောက်အနက် တယောက်ဖြစ်ပြီ စိတ်ချင်းဆက်သွယ်နိုင်သည့် စွမ်းရည်တမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုစွမ်းရည်အတွက် တခုတည်းသော လိုအပ်ချက်မှာ လူအချင်းချင်း တယောက်နှင့် တယောက် မြင်တွေ့နေရန်သာ ဖြစ်သည်။

ကျောက်စင်းနှင့် ချီဟွမ်းလီသည် ကျောင်းသားများအနက် အကောင်းဆုံး အတွဲအဖက်ဟု ဆိုနိုင်၏။

ယခု သူတို့နှစ်ယောက် လူချင်းကွဲသွားလေရာ ထိုစွမ်းရည်များမှာ အသုံးမဝင်တော့။

ထိုမျှသာမကသေး ကျောက်စင်းသည် သတ်ဖြတ်သူတချို့ကိုလည်း ထောက်လှမ်းမိနေ၏။

အကယ်၍ ကျောက်စင်းအနေနှင့် ၎င်းတို့ကို သတ်ဖြတ်နိုင်စွမ်းရှိလျင် တခါတည်း သတ်ပစ်လိုက်မည်သာ။

ထိုအခိုက်မှာပင် ပြသနာတော့တက်ပြီဟု ကျောက်စင်း တွေးမိလိုက်၏။

အကြောင်းမှာ သတ်ဖြတ်သူမျိုးဆက်သစ်တယောက်သည် သူတို့ဆီသို့ ဦးတည်လာနေသောကြောင့်ပင်တည်း။

All Chapters