သေသည်အထိ ရိုက်ပုတ်ခြင်း
Vol. 29 Ch. 290
သစ်ပင်အတွင်းသို့ ဆူးချွန်တခု ဖောက်ထွင်းသွားသည့်ပမာ သံချပ်ကာ ဖြိုခွဲရေးဆူးချွန်သည် ဘာကီ၏ လက်သီးကို ဖောက်ထွင်းသွားပြီး လက်တချောင်းလုံးကို ကွဲအက်သွားစေ၏။
ဘာကီ၏ လက်သည် အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားပြီး အသားပျော့ဖတ်ကြီးဘဝသို့ ရောက်သွားရှာ၏။
ပြင်းထန်လှသော နာကျင်မှုကြောင့် ဘာကီ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တချိန်တည်းမှာပင် သူ့တကိုယ်လုံးရှိ သွေးနီရောဆေးမင်စာများက ဖောင်းကြွလာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်သူအားလှိုင်းများ ထွက်ပေါ်လာ၏။ စုချန်းနှင့် ကျောက်စင်းတို့ နှစ်ယောက်မှာလည်း အဝေးသို့ လွင့်စင်သွားလေသည်။
သတ်ဖြတ်သူများအနက် တချို့သည် ကျန်သတ်ဖြတ်သူများထက် အင်အားကြီးမားကြ၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသည့်တိုင်အောင် ဤမျှ ပြင်းထန်သော အားလှိုင်းများကို ထုတ်လွှတ်နိုင်သည်ကို ကြည့်လျင် ဘာကီသည် အင်အားကြီးမားသူဖြစ်ကြောင်း သိသာနေ၏။
"သေပေတော့"
ဘာကီသည် ဘယ်လက်နှင့် ကျောပေါ်ရှိပုဆိန်ကို ဖြုတ်ယူလိုက်ပြီး စူချန်းဆီသို့ တဟုန်ထိုးခုန်ဝင်ကာ ခုတ်ပိုင်းလိုက်၏။
"စုချန်း သတိထား"
ကျောက်စင်းက စိုးရိမ်တကြီးနှင့် အော်ဟစ်သတိပေးလိုက်လေသည်။
စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကိုသုံးကာ ဘာကီ၏ တိုက်ခိုက်မှုကို ဆင့်ကာဆင့်ကာ ခုန်ပျံရှောင်တိမ်းလိုက်၏။ တချိန်တည်းမှာပင် မီးလျံသိမ်းငှက်နှင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။ မီးလျံသိမ်းငှက်သည် ဘာကီကို ပြင်းထန်စွာထိမှန်သွား၏။ မီးတောက်မီးလျံများက ဘာကီ၏ တကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
ဘာကီ၏ ကိုယ်ပေါ်ရှိ ဆေးမင်စာများက တဖန်ပြန်လည်တောက်ပလာပြန်ပြီး သတ်ဖြတ်သူစွမ်းအင်လ်ှိုင်းများကလည်း တဟုန်ထိုး မြင့်တက်လာ၏။
အနှီ သတ်ဖြတ်သူလူငယ်၏ စွမ်းအင်များသည် တသမတ်တည်း ပေါက်ကွဲထွက်နေပုံရသည်။ စွမ်းအင်များ မြင့်တက်လာသည်နှင့် ၎င်း၏ အင်အားသည် ကြောက်စရာကောင်းလောက်အောင် တိုးပွားလာပြန်၏။
ထိုအချိန်တွင် ဘာကီက ပုဆိန်ကို ဝေ့ယမ်းလိုက်၏။ ပုဆိန်သည် အလင်းရောင်များ တောက်ပဝင်းလက်သွားပြီး ထူးခြားသော စွမ်းအင်လှိုင်းတခုက လေထုကို ဖြတ်သန်းကာ စုချန်းဆီသို့ ပြေးဝင်လာ၏။ ထိုအခါ စုချန်း၏ ကိုယ်ခန္ဓာသည် တုံ့ဆိုင်းသွားပြီး လှုပ်ရှားရာတွင်လည်း ကန့်သတ်ချက်များ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
သတ်ဖြတ်သူပုဆိန်တွင် ရန်သူ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေနိုင်သော စွမ်းရည်ရှိပုံရသည်။
ယုတ်စွအဆုံး အနှီစွမ်းအင်လှိုင်းကြောင့် စုချန်းသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းစွမ်းရည်ကိုပင် ထုတ်သုံးနိုင်စွမ်းမရှိတော့ပေ။
ပုဆိန်ချက် တိုးဝင်လာသည်ကို စိုက်ကြည့်ရင်း စုချန်းသည် လက်တဖက်ကို လှုပ်ရှားပြီး မိုးကြိုးဓားနည်းစနစ်ကို ထုတ်သုံးလိုက်၏။ တဆက်တည်းမှာပင် သူ့ကိုယ်ခန္ဓသည်လည်း ရွှေရောင်များ တောက်ပဝင်းလက်လာ၏။
အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်ပေတည်း။
ပုဆိန်သွားသည် ကြောက်စရာအရှိန်အဟုန်နှင့် တိုးဝင်လာပြီး မိုးကြိုးဓားကို နှစ်ခြမ်းကွဲသွားစေ၏။ ၎င်း၏ အရှိန်အဟုန်သည် မည်မျှထိ ပြင်းထန်သနည်းဆိုသော် ပတ်ပတ်လည်ရှိ လေထုသည်ပင် ပျောက်ကွယ်သွားပြီး လေဟာနယ်တခု ဖြစ်ပေါ်လာသကဲ့သ်ု့ိပင် ထင်မှတ်ရသည်။ ၎င်း၏ အင်အားကြောင့် ကောင်းကင်ပြင်တွင် အပေါက်ကြီးတပေါက်ပမာ ပေါ်ပေါက်လာပြီး မိုးကြိုးဓားအစအနများသည် ရှိခဲ့သည်ဟုပင် မထင်မှတ်ရလောက်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ ထပ်ဆင့်ဖြစ်ပေါ်လာသော အားလှိုင်းများကား စုချန်းကို ပြင်းထန်စွာ လာရောက်ထိမှန်၏။
မက်ခ်အကာအကွယ် သုံးလွှာလုံးသည် ကျိုးပဲ့ကုန်ပြီး စုချန်း နောက်ဘက်သို့ လွင့်စင်သွား၏။ အားလှိုင်းများရိုက်ချက်ကြောင့် စုချန်း၏ ရင်ဘတ်သည်ပင် မသိမသာ ချိုင့်ဝက်သွားလေသည်။
ထိုအချိန်တွင် ဘာကီ၏ ကိုယ်ခန္ဓာသည်လည်း မသိမသာ တုန်ယင်စပြုနေ၏။
အကြောင်းမှာ...
ဘာကီ၏ ကနဦးတိုက်ခိုက်မှုများသည် အလွန်ပင် ပြင်းထန်လှ၏။ ထိုအတွက် များပြားလှသော စွမ်းအင်များကို သူ ထုတ်သုံးခဲ့ရလေသည်။ ထို့ကြောင့် သူ စွမ်းအင် လျော့ပါးစပြုနေခဲ့လေပြီ။ သူ့ကိုယ်ပေါ်ရှိ ဆေးမင်များမှာလည်း မှေးမှိန်ဖျော့တော့စ ပြုလာ၏။
စုချန်းက နာကျင်နေသော ရင်ဘတ်ကို ဖိရင်း မတ်တပ်ရပ်ကာ ပြောလိုက်၏။
"မင်းအစွမ်း ဒါ အကုန်ပဲလားကွ"
"ရွံစရာကောင် ခိုးကြောင်ခိုးဝှက် တိုက်တဲ့ကောင်"
ဘာကီက ဒေါသတကြီးနှင့် အော်ဟစ်ဟိန်းဟောက်လိုက်သည်။
"မင်းကိုက တုံးအလွန်းနေတာကိုးကွ ဒီနေရာမှာ လူတယာက်ထက် ပိုရှိနေမှန်း မင်းသိတယ် ဒါပေမဲ့ ဘာကာကွယ်မှုမှ မင်း မလုပ်ထားဘူး"
စုချန်းက ပြန်ပြောလိုက်၏။ စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲတွင် နောက်ထပ် မီးလျံသိမ်းငှက်တကောင် ပေါ်ပေါက်လာပြန်သည်။
ဆေးမင်များ အားနည်းလာသည်နှင့်အမျှ ဘာကီ၏ အမြန်နှုန်းသည် စုချန်းကို မှီနိုင်စရာ အကြောင်းမရှိတော့ပေ။ စုချန်းသည် မီးလျံငှက်တမျိုးတည်းနှင့်ပင် ဘာကီကို ဘဝတပါးသို့ ပို့ဆောင်ပေးနိုင်၏။
ထိုအချိန်မှာပင် ကျောက်စင်းက ကြောက်အားလန့်အားနှင့် ထအော်လိုက်လေသည်။
"နောက်တယောက်ဟေ့ စုချန်း နောက်တယောက် သတ်ဖြတ်သူ နောက်တယောက် ဒီဘက်ကို လာနေတယ် မင်း မြန်မြန်လုပ်မှရမယ် သေစမ်း ဒီကောင် အတော်ကို မြန်တယ်ဟေ့ သိပ်မကြာခင် ဒီအနားကို ရောက်လာနိုင်တယ်"
သေစမ်း....
အခြေအနေမှာ ရုတ်တရက် ဆိုးဝါးသွားပြီမှန်း စုချန်း သဘောပေါက်လိုက်သည်။ နောက်ထပ်ရောက်လာသော သတ်ဖြတ်သူလူငယ်သည် ဤနေရာမှ ဖြတ်သန်းသွားပါက သူတို့ တိုက်ပွဲဖြစ်နေသောအသံကို မကြားပဲ နေမည်မဟုတ်။ ထို့ပြင် သူ၏ မီးလျံငှက်ကလည်း အသံကျယ်လွန်းသည်။ တော်ရုံတန်ရုံ ဝေးကွာသောနေရာမှပင် ဤတိုက်ခိုက်မှုမျိုးကို သတိထားမိသွားနိုင်သည်။ သတ်ဖြတ်သူလူငယ်သည်လည်း တခြားလူများကဲ့သို့ပင် သတိထားမိသွားလိမ့်မည်သာ။
"ငါတို့ ဘာလုပ်ကြမလဲ"
ကျောက်စင်း၏ လေသံမှာကား အတော်ပင် တုန်လှုပ်နေဟန်ရှိလေသည်။
သတ်ဖြတ်သူလူငယ်တယောက်သည်ပင်လျင် ဤမျှ တိုက်ခိုက်ရခက်နေလျင် နောက်တယောက်သာ ထပ်ရောက်လာပါက ဘယ့်နှယ် လုပ်ကြမည်နည်း။ ခက်ချေပြီတကား။
စုချန်း သက်ပြင်းချလိုက်သည်။
"ငါတော့ ဒါကို ထုတ်သုံးရတော့မယ် ထင်တာပဲကွာ"
ထိုအချိန်တွင် မိမိဘက်မှ စစ်ကူရောက်လာနေမှန်း သိလိုက်သော ဘာကီသည် စုချန်းဆီသို့ ခုန်ဝင်လာ၏။ သို့သော် စုချန်းက အံ့သြစရာကောင်းလောက်အောင်ပင် ဘာကီကို လုံးဝဂရုမစိုက်ပဲ လက်စွပ်အတွင်းမှ ဆေးပုလင်းငယ်ကို ဆွဲထုတ်လိုက်၏။
ထိုအချိန်တွင် ဘာကီ၏ တိုက်ခိုက်မှုက ဝင်ရောက်လာပြီ ဖြစ်သည်။ စုချန်းက အဖြုရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကာ ဘာကီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ တချိန်တည်းမှာပင် ဆေးပုလင်းကို မော့သောက်လိုက်လေသည်။
ဘာကီကား အရူးပမာ စုချန်းကို လိုက်လံတိုက်ခိုက်နေ၏။ စုချန်းသည် မြွေခြေလှမ်းကို အသုံးပြုလိုက်ပြန်သည်။ သူ့ကိုယ်ခန္ဓာသည် မီးခိုးငွေ့ပမာ လေထဲတွင် လှစ်ခနဲ ပျောက်ကွယ်သွား၏။ ထိုသို့ ရှောင်တိမ်းနေစဉ်မှာပင် စုချန်းသည် လက်စွပ်အတွင်းမှ ဆေးပုလင်းများကို ဆွဲထုတ်ကာ အဆက်မပြတ် သောက်ချနေ၏။
ကျောက်စင်းကား မျက်လုံးပြူးနေ၏။ ထိုအချိန်တွင် စုချန်းသည်း ဆေးပုလင်း ငါးပုလင်းတိတိ သောက်ခဲ့ပြီးလေပြီ။
ထိုအချိန်တွင် စုချန်း၏ အင်အားသည် ကြောက်စရာကောင်းလောက်အောင် မြင့်မားလာကြောင်း ဘာကီရော၊ ကျောက်စင်းပါ မြင်တွေ့လိုက်ရသည်။ အနီရောင်အလင်းတန်းများကား သူ့တကိုယ်လုံးကို ပျံ့နှံ့လာ၏။ ဘာကီ၏ လက်ချက်ကြောင့် ချိုင့်ဝင်နေသော ရင်ဘတ်သည်ပင် ချက်ချင်းလိုလို ပြန်လည်ကောင်းမွန်လာကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။
ဘာကီသည် သူ့မျက်လုံးသူ မယုံနိုင်ပဲ ဖြစ်နေ၏။
စုချန်းက ဟက်ခနဲ တချက်ရယ်မောကာ ပြောလိုက်၏။
"မင်း ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား ဒီလက်သီကို ခံကြည့်စမ်း"
လက်သီးချက်သည် လေထုကို ဖောက်ထွင်းပျံသန်းသွား၏။
ဘာကီကား မိုက်ရူးရဲဆန်လှသည်။ သူသည် စုချန်း၏ လက်သီးကွက်ကို ဝါးလုံးထိုး ပြေးဝင်ရင်ဆိုင်လိုက်၏။ ဤတကြိမ်သည်ကား အလွန်အရေးကြီးမှန်း ဘာကီ သဘောပေါက်လေသည်။ ထို့ကြောင့် သူ့တကိုယ်လုံးရှိ ဆေးမင်စာလုံးများသည် ပြန်လည်တောက်ပလာ၏။ လေထဲတွင်လည်း သွေးညှီနံ့များ ဖုံးလွှမ်းလာလေသည်။
ထိုအချိန်တွင် စုချန်း၏ လက်သီးကလည်း ဘာကီထံသို့ ကျရောက်သွား၏။
ဘုန်းခနဲ မြည်သံနှင့်အတူ ဘာကီ၏ ရင်ဘတ်တွင် အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာလေသည်။ လက်သီးချက်နှင့်အတူ ပါလာသော စွမ်းအင်များသည် ဘာကီကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အဆက်မပြတ် ပေါက်ကွဲမှုများကို ဖြစ်ပေါ်လာစေ၏။
စုချန်း၏ ဤတကွက်သည် သံချပ်ကာဖြိုခွဲရေးဆူးချွန်တော့ မဟုတ်ပေ။ သို့သော် သူ့တကိုယ်လုံးရှိ အင်အားများကို ဖြည့်စွက်အသုံးပြုထားလေရာ ဘာကီတယောက် ဤမျှ အခြေအနေ ဆိုးသွားရခြင်းပင်။ လက်သီး၏ ပြင်းထန်မှုကို ကြည့်ရင်း ကျောက်စင်းပင်လျင် ထိတ်လန့်တုန်လှုပ်သွား၏။
ဘာကီ၏ တကိုယ်လုံးသည် ပုခက်လွှဲနေသည့်ပမာ ယိမ်းထိုးနေ၏။ သတ်ဖြတ်သူများသည် အသက်ပြင်းလွန်း၍သာ ဘာကီ ယခုအချိန်ထိ အသက်ရှင်နိုင်ခြင်း ဖြစ်သည်။ ထို့ပြင် သတ်ဖြတ်သူများတွင် နှလုံးနှစ်ခုရှိ၍ တခု ပျက်စီးသွားလျင်ပင် ဆက်လက်တိုက်ပွဲဝင်နိုင်၏။
ဘာကီသည် ပုဆိန်ကို ထပ်မံဝေ့ယမ်းလိုက်ပြန်၏။
ဤတကြိမ်တွင်တော့ စုချန်းက ရှေ့သို့ခုန်ဝင်ပြီး ဘာကီ၏ အကောင်းပကိကျန်နေသော နှလုံးသားကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ ဘာကီ၏ ဘယ်ခြမ်း နှလုံးသားသည် စုချန်း၏ လက်သီးချက်ကြောင့် အက်ကွဲပျက်စီးကုန်လေသည်။ တဆက်တည်းမှာပင် စုချန်းက ဘာကီ၏ ခေါင်းကို ခြေထောက်နှင့် ကန်လိုက်လေသည်။
ပြင်းထန်လှသော ကန်ချက်ကြောင့် ဘာကီ၏ ခေါင်းသည် လည်ပင်းမှပင် ပြုတ်ထွက်သွား၏။ ဘာကီ၏ ကြီးမားလှသော ကိုယ်လုံးကြီးမှာလည်း မြေကြီးပေါ်သို့ တအိအိနှင့် လဲပြိုသွားလေသည်။
"မလုပ်နဲ့"
ဒေါသတကြီးနိုင်လှသော ဟိန်းဟောက်သံကြီးတသံ စုချန်းတို့ နောက်ကျောမှ ထွက်ပေါ်လာ၏။
ဘာကီအတွက် စစ်ကူတော့ ရောက်လာခဲ့လေပြီ။ သို့သော် သူရောက်လာသောအချိန်တွင် ဘာကီသည် စုချန် ခြေကန်ချက်ကြောင့် ခေါင်းတခြားကိုယ်တခြား ဖြစ်သွားခဲ့ရရှာပြီ ဖြစ်သည်။
ခြေထောက်မှ ဆေးမင်စာများ တောက်ပဝင်းလက်လာပြီး နောက်ထပ်ရောက်လာသော သတ်ဖြတ်သူလူငယ်သည်လေထဲသို့ ခုန်တက်လိုက်၏။ ၎င်း၏ ပုဆိန်မှလည်း အလင်းရောင်များ ထွက်ပေါ်လာပြီး စုချန်း၏ လှုပ်ရှားမှုများ တုံ့ဆိုင်းသွားရပြန်သည်။ စုချန်းအနေနှင့် ရှောင်တိမ်းရန် အခွင့်အလမ်း မရှိတော့။
သို့သော် စုချန်းကိုယ်တိုင်လည်း ရှောင်တိမ်းရန် စိတ်ကူးထားသည်မဟုတ်။ သူသည် ဘာကီ၏ ပုဆိန်ကို ဖြတ်ခနဲ ကောက်ကိုင်လိုက်ပြီး သတ်ဖြတ်သူလူငယ်ဆီ ဝါးလုံးထိုး ခုန်ဝင်လိုက်၏။
ပုဆိန်နှစ်လက်သည် လေထဲတွင် ပြင်းထန်စွာ ထိခတ်မိကြကုန်၏။ ကြောက်စရာအားလှိုင်းများ ပတ်ဝန်းကျင်တခုလုံးကို ပျံ့နှံ့သွားပြီး စက်ကွင်းမလွတ်သူ ကျောက်စင်းမှာကား ရိုက်ခတ်မှုကို ကျကျနနပင် ခံစားလိုက်ရရှာသည်။ သူသည် နောက်ဘက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွား၏။
လေထဲသို့ လွင့်စင်သွားရင်းနှင့်ပင် ပုဆိန်နှစ်လက် ပြုတ်ကျလာကြောင်း ကျောက်စင်း အတိုင်းသား မြင်တွေ့နေရ၏။ ထိုအချိန်တွင် စုချန်းသည် သတ်ဖြတ်သူလူငယ်ကို မျက်စေ့တမှိတ်အတွင်းမှာပင် အချက်ပေါင်းများစွာ လက်သီးနှင့် ထိုးနှက်ခဲ့ပြီးလေပြီ။ တချိန်တည်းမှာပင် သူသည် အက်ဒမန်တင်းကိုယ်ခန္ဓာနှင့် မိုးကြိုးဓားကို တွဲဖက်အသုံးပြုထားလေရာ မိုးခြိမ်းသံများ၊ အလင်းရောင်များ ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းသွားပြီး အလင်းတန်းများသည် အလင်းပင်လယ်ပြင်ကြီးပမာ သတ်ဖြတ်သူလူငယ်ထံ လွင့်ပျံသွား၏။
အား!!!!
သတ်ဖြတ်သူလူငယ်သည် နောက်ဘက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွား၏။
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလို ပထမတချီတည်းနှင့်ပင် ခံလိုက်ရလေပြီ။ သတ်ဖြတ်သူလူငယ်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
"ဒါ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
လူသားတယောက်က သူ့ကို လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်၍ သတ်ဖြတ်သူလူငယ်မှာ မယုံနိင်ပဲ ဖြစ်နေရှာ၏။
"ဒီလောကကြီးမှ မဖြစ်နိုင်တာ ဘာမှမရှိဘူးကွ"
စုချန်းက ပြန်အော်လိုက်သည်။ သူ့ကိုယ်ခန္ဓာမှာကား သတ္တုအစုအဝေးနှင့်ပင် တူနေသေး၏။ ယခင်က သူသည် အက်ဒမန်တင်းနည်းစနစ်ကို ထုတ်သုံးလျင် လှုပ်ရှားမှုများ နှေးကွေးသွားလေ့ရှိသည်။ ဤတကြိမ်တွင်တော့ ထိုကန့်သတ်ချက်များမှာ လုံးဝပျောက်ကွယ်သွားသယောင် ထင်ရ၏။ သူ့သည် လေထဲတွင် လှစ်ခနဲ လှစ်ခနဲ သွားလာလှုပ်ရှားနေလေရာ ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်တယောက်က ဤစွမ်းရည်မျိုးကို ထုတ်ဖော်နိုင်သည်ဟု ယူဆရန်မှာ ခဲယဉ်းလှ၏။
သံချပ်ကာဖြိုခွဲရေးစူးချွန်။
စုချန်းကား သူ၏ ဝှက်ဖဲကို နောက်တကြိမ် ထုတ်သုံးလိုက်ပြန်ပြီ။
သတ်ဖြတ်သူလူငယ်သည် စွမ်းအင်လှိုင်းများကို နိုးဆွကာ စုချန်း၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။ သို့သော် အချည်းနှီးသာတည်း။
သူသည် စူးရှစွာ အော်ဟစ်ရင်း လေထဲသို့ နောက်တကြိမ် ပြန်လည်လွင့်စင်သွားပြန်၏။
ရိုးရှင်းပြီး မဆုတ်မနစ်သော တိုက်ခိုက်ဟန်ဖြင့် ကျော်ကြားသည့် သတ်ဖြတ်သူမျိုးစိတ်ဝင်တဦးသည် စုချန်းနှင့် စစ်မှန်သော ခွန်အားခြင်း ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သွားခဲ့လေပြီ။
စုချန်းသည် သတ်ဖြတ်သူလူငယ်ကို လက်သီးနှင့် အဆက်မပြတ် ထိုးနှက်နေ၏။
ကျယ်လောင်လှသော မိုးခြိမ်းသံများနှင့်အတူ မုန်တိုင်းကြီးတခု တိုက်ခတ်နေသည်နှင့်ပင် တူနေသေး၏။
သို့တိုင်အောင် သတ်ဖြတ်သူလူငယ်ကလည်း ခေါင်းငုံ့ခံနေသည်တော့မဟုတ်။ ကိုယ်ပေါ်ရှိ ဆေးမင်စာများကို အစွမ်းကုန်နှိုးဆွကာ စုချန်းကို ပြန်လည်တိုက်ခိုက်နေလေသည်။ ၎င်း၏ ပြန်လည်တိုက်ခိုက်မှုကြောင့် စုချန်း၏ ကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ရရှိနေခဲ့လေပြီ။ သိူ့သော် ထိုဒဏ်ရာများသည် ပေါ်သည်ဆိုရုံသာ ပေါ်လာပြီး ချက်ချင်းလိုလို ပြန်လည်ပျောက်ကွယ်သွား၏။ စုချန်းသည် ထိုဒဏ်ရာများကို အနည်းငယ်မှ ဂရုမစိုက်ပဲ အရူးတယောက်ပမာ သတ်ဖြတ်သူလူငယ်အား အဆက်မပြတ် လိုက်လံတိုက်ခိုက်နေ၏။
တကယ့်ကို ကြောက်စိတ်ကင်းမဲ့သော တိုက်ခိုက်ဟန် ဖြစ်သည်။
ထိုအခိုက်အတန့်ဝယ် စုချန်းသည် စိတ်လွတ်နေသော အရူးတယောက်နှင့် တူနေပြီး သူ၏ တိုက်ခိုက်ပုံမှာလည်း သတ်ဖြတ်သူထက်ပင် ရက်စက်ကြမ်းကြုတ်လှသည်။
အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်သူလူငယ်မှာ တောင့်ခံနိုင်စွမ်း မရှိတော့။
သူ၏ တကိုယ်လုံးမှ သွေးများစီးကျလာပြီး သူ၏ မာကျောသော အရေပြားမှာ ဘတ်လဘိုင်လိုက်နေခဲ့လေပြီ။ သူ၏ နှလုံးသားများမှာလည်း ခံနိုင်ရည်မရှိတော့။ ဤတပွဲတွင် အသက်ရှင်လိုလျင် သတ်ဖြတ်သူလူငယ်အနေနှင့် နောက်ထပ် နှလုံးသားနှစ်ခု အသစ်ဖန်တီးနိုင်မှသာလျင် ဖြစ်ပေတော့မည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများ လုံးဝ ရပ်တန့်သွား၏။
စုချန်းကား အေးစက်သော မျက်လုံးအစုံနှင့် သတ်ဖြတ်သူကို စိုက်ကြည့်နေလေသည်။
သတ်ဖြတ်သူလူငယ်သည် ပါးစပ်မှသွေးများကို ပွက်ခနဲ အန်ထုတ်လိုက်၏။
သူတကိုယ်လုံး အင်အားမရှိတော့လေရာ ဤအချိန်တွင် မတ်တပ်ရပ်နေနိုင်သည်ကပင် အံ့သြစရာ ကောင်းလှသည်။
"မင်း.......နိုင်သွားပြီ"
စကားဆုံးသည်နှင့် သတ်ဖြတ်သူလူငယ်သည် မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသွား၏။
ဤတကြိမ်တွင်တော့ သူ ပြန်ထမလာနိုင်တော့။