← Chapters

ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုခြင်း

Vol. 30 Ch. 291

ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုခြင်း

Vol. 30 Ch. 291

"ငါတို့နိုင်ပြီဟေ့ ငါတို့ နိုင်ပြီ"

ကျောက်စင်းသည် စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် စုချန်းဆီသို့ အပြေးသွားကာ ဝမ်းသာအားရနှင့် ပွေ့ဖက်လှုပ်ယမ်းလိုက်၏။ ထိုအချိန်တွင် စုချန်း၏ ကိုယ်ခန္ဓာသည် မသိမသာ ယိမ်းယိုင်သွားပြီး သူ့မျက်နှာမှာလည်း အရောင်ပြောင်းသွားလေသည်။

"စုချန်း မင်း အဆင်ပြေရဲ့လား"

"ရပါတယ်ကွ ငါ နည်းနည်း ပင်ပန်းသွားတာပါ မလွယ်ဘူးဟေ့ ဒီကောင် အတော်လေး အားကောင်းတာပဲကွ ဒီထက်သာ နည်းနည်း တောင့်ခံနိုင်ခဲ့ရင် ငါ မလွယ်ဘူး"

စုချန်းက အသက်ကို ပင်ပန်းကြီးစွာ ရှုရင်း ပြောလိုက်၏။ သူသည် ပြင်းထန်သော တိုက်ပွဲပေါင်းစုံကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ယခုလောက် တခါမှ အာရုံစိုက်၍ မတိုက်ခဲ့စဖူး။ ဤတကြိမ်ကတော့ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။

"သတ်ဖြတ်သူ နှစ်ယောက်ကွ စုချန်း မင်း သူတို့နှစ်ယောက်ကို တခါတည်း သတ်ပစ်လိုက်နိုင်တယ် မင်း တကယ်ကို အင်အားကြီးတာပဲဟ"

ကျောက်စင်းကား စုချန်း၏ အင်အားကြီးမားပုံကို ကြည့်ရင်း စိတ်လှုပ်ရှားနေလေသည်။

သူ့ဘက်တွင် တခြားလူသုံးယောက် ထည့်ပေါင်းပေးလျင်ပင် သတ်ဖြတ်သူတယောက်ကို မယှဉ်နိုင်လေရာ စုချန်း၏ စွမ်းဆောင်ရည်က ကျောက်စင်းအတွက် အံ့သြစရာ ဖြစ်နေသည်မှာ သိပ်တော့မဆန်း။

"မင်း ဘာတွေပြောနေတာတုန်း အင်အားကြီးမားတယ် ဟုတ်လား ဟိုဆေးတွေ ငါ အကုန်သောက်ပစ်လိုက်တာ မင်း မမြင်ဘူးလား"

စုချန်းက ပြန်ပြောလိုက်၏။

"ဟုတ်ပေသားပဲ အဲဒါတွေက ဘာဆေးတွေတုန်း ဘာစွမ်းရည်တွေများ ရှိလို့တုန်း"

ကျောက်စင်းက ပြန်မေးလိုက်ပြန်သည်။

"အဆင့်မြင့် အားတိုးဆေး၊ အဆင့်မြင့် သံမဏိအရေပြားဆေး၊ အဆင့်မြင့် အသက်ကယ်ဆေး၊ အဆင့်မြင့် လေလှိုင်းအမြန်နှုန်းဆေး နောက်ပြီးတော့ စိတ်ကြွဆေး "

စုချန်းက ရှင်းပြလိုက်၏။

"မြတ်စွာဘုရား"

ကျောက်စင်းက အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။

"တယ်ဟုတ်ပါလား ဒီလို ဆေးတချို့ သောက်လိုက်ရုံနဲ့ ဒီလောက်ထိ အားကြီးလာတယ်ပေါ့ ဒါဆိုလည်း ငါ့အတွက် နည်းနည်းပါးပါး ပိုလုပ်ပေးပါလားကွာ ငါလည်း သတ်ဖြတ်သူတကောင်လောက်ကိုတော့ အနိုင်ယူချင်သေးတာပေါ့"

"မင်းအတွက် ပိုလုပ်ပေးပါ ဟုတ်လား ဒီဆေးပုလင်း ငါးပုလင်း ဘယ်လောက်တန်သလဲ မင်းသိရဲ့လား"

စုချန်းက မေးလိုက်သည်။

ကျောက်စင်း အနည်းငယ် တွေဝေသွား၏။

"ဘယ်လောက်တန်လို့တုန်း"

"အပေါ်က ဆေးပုလင်း တလုံးစီကို မူလကျောက်တုံး ၂၅၀၀ တန်ကြေးရှိတယ်ကွ စိတ်ကြွဆေးဆိုရင် မူလကျောက်တုံး ၃၅၀၀ထိ တန်တယ်"

ဆေးပုလင်းများ၏ တန်ဖိုး သေးလိမ့်မည်မဟုတ်မှန်း ကြိုတင်မျှော်လင့်ထားသည့်တိုင် ကြားလိုက်ရသော စကားကြောင့် ကျောက်စင်း မျက်လုံးပြူးသွား၏။

"ဒီတော့ တထိုင်တည်းနဲ့ မူလကျောက်တုံး ၁၃၅၀၀ သုံးလိုက်တယ်လို့ မင်းက ပြောချင်တာလား"

"မှန်တယ် ဒီလောက်သုံးမှပဲ တော်ကာကျမယ် မဟုတ်ရင် ဒီလို ကြီးမားတဲ့ အကျိုးသက်ရောက်မှုမျိုးကို ဘယ်ရပါ့မလဲကွာ"

အဂ္ဂိရပ်ပညာရှင်များအား ၎င်းတို့၏ ကျွမ်းကျင်မှုပေါ် မူတည်၍ လက်သင်၊ အရည်အချင်းမှီ၊ ခွဲခြားသိမြင်၊ ပညာရှင်၊ ဒဏ္ဍာရီဟူ၍ အဆင့်များ ခွဲခြားထား၏။ ထိုအဆင့်များပေါ် မူတည်၍ ၎င်းတို့ဖော်စပ်နိုင်သော ဆေးဝါးများ၏ တန်ဖိုးမှာလည်း မူလကျောက်တုံး ရာဂဏန်း၊ ထောင်ဂဏန်း၊ သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းဟူ၍ ကွဲပြားသွားလေသည်။

စုချန်းသည် အရည်အချင်းမှီ အဂ္ဂိရပ်ပညာရှင်အဆင့်တွင် ရှိလေရာ သူဖော်စပ်သော ဆေးဝါးများ၏ တန်ဖိုးမှာလည်း မူလကျောက်တုံး ထောင်ဂဏန်းသာ တန်ဖိုးရှိလေသည်။ တဖက်တွင်လည်း စုချန်းသည် ခွဲခြားသိမြင်အဆင့် အဂ္ဂိရပ်ပညာရှင်များသာ ဖော်စပ်နိုင်သည့် ဝိညာဉ်တည်ငြိမ်ခြင်း ဆေးကိုလည်း ဖော်စပ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ တကယ်ဆိုလျင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံသည် မူလကျောက်တုံး သုံးသောင်းမှ လေးသောင်းအထိ တန်ဖိုးရှိသော်လည်း စုချန်း၏ အဆင့်က အရည်အချင်းမှီအဆင့်သာ ဖြစ်လေရာ ဈေးနှုန်းမှာ ထောင်ဂဏန်းထက် ပိုယူ၍ မဖြစ်ပေ။ ထိုသို့သာ မဟုတ်လျင် ရှင်သန်ခြင်းကျောင်းတော်သည် စုချန်းနှင့် အဘယ်ကြောင့် ညှိုနှိုင်းနေမည်နည်း။ ဝိညာဉ်တည်ငြိမ်ခြင်းဆေးပုလင်း သုံးသောင်းဆိုပါက တခြား ခွဲခြားသိမြင်အဆင့် အဂ္ဂိရပ်ပညာရှင်နှင့်ဆိုလျင် မူလကျောက်တုံး သိန်း၁၀၀ထိ ကျသင့်သွားနိုင်သည် မဟုတ်ပါလား။ စုချန်း ကနဦး ဖော်စပ်ထားခဲ့သော ဒဏ်ရာပျောက်ကင်းစေသည့် ဆေးဝါးများမှာ အဆင့်နိမ့်ဆေးဝါးများသာ ဖြစ်၍ တန်ဖိုးမရှိလှပေ။

စုချန်းသည် အပျက်အစီးသိုက်အတွင်းသို့ ဆေးဖော်ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကိုသာ ယူဆောင်လာခဲ့၏။ သို့သော် အနှီ ပါဝင်ပစ္စည်းများသည် တန်ဖိုးမရှိဟုတော့ မဆိုလိုပေ။

၁၃၅၀၀တန်ဖိုးရှိ ဆေးဝါးများအတွက် မူလကျောက်တုံး ၃၀၀၀တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်းများ လိုအပ်၏။ ယခု စုချန်း ယူဆောင်လာသည့် ပစ္စည်းစုစုပေါင်း တန်ဖိုး ၁၃၀၀၀အနက် ၁၁၀၀၀ဖိုးခန့်မှာ ဆေးဘက်ဝင်ကုန်ကြမ်းပစ္စည်းများသာ ဖြစ်ကြလေသည်။

တဖက်တွင်လည်း စုချန်းသည် ထိုကဲ့သို့သော ဆေးမျိုးကို စုစုပေါင်း သုံးသုတ်သာ ပြုလုပ်နိုင်မည် ဖြစ်သည်။ ယခု လောလောလတ်လတ်မှာပင် စုချန်းတယောက် ပထမဆုံး ဆေးတသုတ်ကို အသုံးပြုခဲ့ပြီးလေပြီ။

စုချန်းက စကားဆက်လိုက်ပြန်၏။

"တကယ်တော့ ငါက ဒီဆေးတွေကို ဝမ်တောက်ရှန်းနဲ့ တိမ်တိုက်ကျားသစ်တို့အတွက် စီမံထားတာကွ ငါဟာ အနီးကပ်တိုက်ပွဲတွေမှာ သိပ်ပြီး ကျွမ်းကျင်သူမဟုတ်ဘူးလေ ဒီတော့ ဒီဆေးတွေရဲ့ အစွမ်းအစကို အပြည့်အဝ ထုတ်မသုံးနိုင်ဘူးပေါ့ကွာ ဒါပေမဲ့ ဒီဆေးတွေကို သုံးလိုက်ပြီဆိုရင်တော့ သတ်ဖြတ်သူ နှစ်ယောက်ကနေ သုံးယောက်လောက်အထိတော့ ရင်ဆိုင်နိုင်တယ်ကွ လောလောဆယ်မှာတော့ ငါ သိပ်ကံမကောင်းဘူးပဲ ဆိုရမှာပေါ့"

ပြောပြောဆိုဆို စုချန်းက နှမြောတသကြီးစွာနှင့် သက်ပြင်းချလိုက်၏။ သူ့လက်ချက်ကြောင့် အသက်ပျောက်သွားရှာသော ဘာကီတို့နှစ်ယောက်သာ ဤစကားကို ကြားရလျင် မည်သို့နေမည်မသိ။

"ဒါဆိုရင် မင်းအနေနဲ့ ဒီလိုဆေးမျိုးကို နောက်နှစ်ကြိမ်စာပဲ ဖော်စပ်နိုင်တော့မှာပေါ့"

"မဟုတ်ဘူးကွ တကယ်က တကြိမ်ကျော်စာပဲ ကျန်တော့တာ"

"ဟေ ဘာကြောင့်တုန်း မင်းဆီမှာ မူလကျောက်တုံး ရှစ်ထောင်ဝန်းကျင် တန်ဖိုးရှိတဲ့ ကုန်ကြမ်းတောင် မကျန်တော့ဘူးလား"

"ဘာကြောင့်လဲဆိုတော့ ငါယူလာတဲ့ ကုန်ကြမ်းတွေဟာ စကတည်းကိုက ဆေးဖော်စပ်ဖို့ မလုံလောက်လို့ပေါ့ကွာ ဥပမာအနေနဲ့ အဆင့်မြင့်အားဖြည့်ဆေးဟာဆိုရင် တောင်ရိုးမြက်နဲ့ သွေးကြာပန်းလိုတယ်ကွာ ဒါပေမဲ့ တောင်ရိုးမြက်ကိုကျတော့ ငါက ဆေးလေးကြိမ်ဖော်စာ ယူလာတယ် ဒါပေမဲ့ သွေးကြာပန်းကိုတော့ နှစ်ကြိမ်စာပဲ ယူလာခဲ့တယ် ခုဆိုရင် ငါ့မှာ သွေးကြာပန်း တပွင့်ပဲ ကျန်တော့တယ် ဒီတော့ တောင်ရိုးမြက် ပိုလျှံနေရင်တောင် ဆေး တကြိမ်ထက် ဖော်လို့မရတော့ဘူး"

ကျောက်စင်း အံ့သြသွား၏။

"မင်း ဘာကြောင့် ဒီလိုလုပ်ရတာလဲ"

"ရှင်းပါတယ်ကွ ဒီနေရာမှာ သွေးကြာပန်းတွေ ရှိနိုင်မယ်လို့ ယူဆထားလို့ပေါ့"

ကျောက်စင်း မယုံသင်္ကာ ဖြစ်သွား၏။

"မင်းက ဘယ်လိုလုပ် သိနေတာလဲ ဒီအထဲကိုဝင်တာ လူတိုင်းလိုလိုဟာ ပထမဆုံးပဲ မဟုတ်ဘူးလား"

စုချန်း ပြုံးလိုက်၏။

"မင်းအနေနဲ့ တချို့အရာတွေကို ကိုယ်တိုင် မဝင်သေးပဲနဲ့လည်း သိနိုင်ပါတယ်ကွ ဥပမာ အနေနဲ့ ဒီအပျက်အစီးသိုက်ဟာ ဒီနေရာမှာ တည်ရှိနေတာ နှစ်ပေါင်း ၃၆၀၀၀ကျော် ကြာပြီဆိုတာမျိုးပေါ့ကွာ ဒါကြောင့် ဒီအဖြစ်အပျက်တွေဟာ အပျက်အစီးခေတ်ရဲ့ ၄၁ထောင်စုနှစ်မှာ အစပျိုးခဲ့တာ ဖြစ်နိုင်တယ် အဲဒီအချိန်မှာ အာကင်နာတွေဟာ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာကို တီထွင်ပြီး သွေးဗီဇတွေကို အကြီးအကျယ် ခွဲခြမ်းစိတ်ဖြာ သုတေသနလုပ်နေတဲ့ ကာလပဲကွ သွေးကြာပန်းတွေဟာ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာအတွက် အင်မတန် အရေးကြီးတဲ့ ပစ္စည်းပဲ ဒီတော့ အာကင်နာပညာရှင်တိုင်းလိုလိုဟာ သူတိုရဲ့ ကိုယ်ပိုင် လေဟာနယ်တွေထဲမှာ သွေးကြာပန်းတွေ အများအပြား စိုက်ပျိုးထားတတ်တယ် ထပ်ပြောရရင် အဆင့်မြင်လေလှိုင်းအမြန်နှုန်းဆေး ဖော်စပ်ရာမှာ လိုအပ်တဲ့ လေလှိုင်းဆိတ်ငြိမ်မြက်ပင်ဟာဆိုရင် လေဟာနယ်တွေအတွက် အရေးကြီးတဲ့ ဇီဝရုပ်တမျိုးပဲကွ သူက အသက်ရှုလို့ရနိုင်မဲ့လေကို ဖန်တီးပေးနိုင်တယ်လေ ဒီတော့ လေဟာနယ်တွေ အသက်ရှင်ဖို့ အလွန်အရေးကြီးတဲ့ ပစ္စည်းပဲပေါ့ ပြီးတော့ ငါ မြင်ခဲ့တဲ့ တောအုပ်မှာ လေလှိုင်းဆိတ်ငြိမ်မြက်ပင်တွေ ရှိနေတယ်ဆိုတာ ငါတွေ့ခဲ့ပြီးပြီကွ ဒါပေမဲ့ ကံဆိုးတာက အဲဒီနေရာမှ နတ်ဆိုးသတ္တဝါ ရှိနေတယ် ဒီတော့ မြက်ပင်ကို ခူးဆွတ်လို့မရသေးဘူး ဒါကြောင့် ငါပြောတာပေါ့ ဒီနေရာမှာ ငါလိုအပ်မဲ့ ဆေးပင်မြက်ပင်တွေ ရှိနေတယ်ဆိုတာကို သိရဖို့ ဒီအထဲကို ဝင်နေစရာ မလိုပါဘူးကွာ"

ကျောက်စင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။

"ဒီတော့ မင်းဟာ အစကတည်းက ဒီနေရာက ကုန်ကြမ်းတွေကိုပဲ အသုံးပြုပြီး ဆေးဖော်စပ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးသားပေါ့ ဟုတ်လား"

"မင်းပြောတာမှန်တယ် အဲဒီအတိုင်း ငါ စဉ်းစားထားတာပဲ"

"ဒါတွေအကုန်လုံးကို မင်း ဘယ်လိုလုပ် သိနေတာလဲ"

ကျောက်စင်းက မေးလိုက်၏။ သူ့မျက်နှာပေါ်တွင်တော့ စုချန်းကို အထင်ကြီးလေးစားနေဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။

"မင်းတို့တတွေ မိန်းမလှလေးတွေရှိတဲ့ အိမ်မှာ အချိန်ဖြုန်းရတာ ပျော်သလို ငါကလည်း စာကြည့်တိုက်မှာ အချိန်ဖြုန်းရတာ ဝါသနာပါတယ်လေကွာ"

မိန်းမလှအိမ်ဟူသော အသံကို ကြားလိုက်သည်နှင့် ကျောက်စင်း၏ မျက်နှာက ရဲခနဲ ဖြစ်သွား၏။ ထို့နောက် သူက ရှက်ကိုးရှက်ကန်းနှင့် ရယ်မောရင်း ပြောလိုက်သည်။

"ဒီတော့ ကုန်ကြမ်းသာစုံရင် မင်းအနေနဲ့ ဆေးအားလုံး လေးကြိမ်စာရတဲ့အထိ ဖော်စပ်နိုင်တယ်ပေါ့"

"တကယ်တော့ ငါ့အနေနဲ့ ခြောက်ကြိမ်စာအထိ ဖော်စပ်နိုင်တယ်ကွ"

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ကျောက်စင်းတယောက် မျက်လုံးပြူးသွားရပြန်သည်။

"မင်းပြောတော့ လေးကြိမ်စာဆိုတာ မဟုတ်ပြန်ဘူးလား"

"တကယ်တော့ တိမ်တိုက်ကျားသစ်နဲ့ တခြားလူတွေကလည်း ငါ့အတွက် ပစ္စည်းတွေ ပိုသယ်လာပေးကြတယ်ကွ"

ထိုအချိန်တွင် စုချန်း၏ ပုံစံမှာ သက်သာလာဟန်ရှိ၏။ နဂိုအမူအရာအတိုင်း ပြန်လည်သွက်လက်ဖြတ်လတ်လာလေသည်။ သူက ပြောလိုက်ပြန်၏။

"ခုလောလောဆယ် အရေးအကြီးဆုံးကတော့ သူတို့ကို အမြန်ဆုံး ရှာတွေ့ဖို့ပဲဟေ့ ငါ့မှာ အစီအစဉ်ရှိတယ် ဒါပေမဲ့ မင်း ကူညီမှရမယ်"

"ပြောသာပြောပါကွာ ငါ လုပ်ပေးပါမယ်"

ကျောက်စင်းက ကတိပြုလိုက်၏။ သူသည် စုချန်းအပေါ် အလွန်တရာ လေးစားနေခဲ့ပြီ ဖြစ်လေရာ စုချန်းတယောက် နံပါတ် ၃ ကျောင်းသား မဟုတ်သည့်တိုင် အမိန့်နာခံရန် အသင့်ရှိနေခဲ့လေပြီ။

ထိုအခါ စုချန်းက

"မင်းမှာ ရွှေရောင်သိမ်းငှက်မျက်လုံးစွမ်းရည်ရှိတဲ့အတွက် ငါ့အနေနဲ့ မင်းကို ဒီနေရာက ထွက်ခွာပြီး တခြားလူတွေကို လိုက်ရှာစေချင်တယ် မင်းရဲ့စွမ်းရည်က ပတ်ဝန်းကျင်ကို စစ်ဆေးနိုင်တဲ့အတွက် တော်ရုံတန်ရုံ အန္တရာယ်ကျရောက်ဖို့ ခဲယဉ်းသလို ကိုယ့်လူတွေကိုလည်း အမြန်ဆုံး ပြန်ရှာတွေ့နိုင်ချေရှိတယ် သူတို့ကို တွေ့ရင် အချက်နှစ်ချက်ကို ပြောလိုက်ပါ ပထမတချက်က ငါ ဒီနေရာမှာ ရှိနေတယ်ဆိုတာရယ် ဒဏ်ရာရသူ တယောက်တလေ ရှိနေရင် အဲဒီလူကို ငါ့ဆီကို ခေါ်လာဖို့ရယ် မင်းက သူတို့ကို ပြောလိုက်ပါ"

"မင်းက ဒီနေရာမှာ နေခဲ့မယ် ဟုတ်လား"

ကျောက်စင်းက စုချန်းနှင့် ခွဲခွာရန် ဆန္ဒမရှိဟန်ဖြင့် မေးလိုက်သည်။

"ဒီလိုကွ ငါက ဟိုတောအုပ်ထဲ ပြန်သွားပြီး ဆေးဘက်ဝင်ပါဝင်ပစ္စည်းတချို့ သွားရှာမလို့ ရတာနဲ့ အသုံးဝင်မဲ့ ဆေးတချို့ ဖော်စပ်ရမယ် ပြီးတော့ ဒဏ်ရာရထားတဲ့လူတွေကို ပြုစုကုသဖို့ နေရာတနေရာ လိုနေတယ်ကွ ဒါကြောင့် ငါတို့ အဖွဲ့သားတွေကို လိုက်ရှာရမဲ့တာဝန် မင်းကို ပေးလိုက်ရတာပဲ ဒီအခွင့်အရေးကို အသုံးချပြီး မင်းအနေနဲ့ မြေပုံကို ပြည့်စုံအောင် ရေးဆွဲနိုင်လိမ့်မယ်"

"ကောင်းပြီလေ"

ဤတကြိမ်တွင်တော့ ကျောက်စင်းက လိုလိုလားလားနှင့်ပင် လက်ခံလိုက်လေသည်။

"ဒုတိယအချက်အနေနဲ့ကတော့ ငါ ဒီကုန်ကြမ်းတွေ လိုအပ်တယ်လို့ သူတို့ကို ပြောလိုက်"

စုချန်းက ကျောက်စင်းလက်ထဲသို့ စာရွက်တရွက် ထည့်ပေးရင်း ပြောလိုက်၏။ စာရွက်ထဲတွင်တော့ စုချန်း လိုအက်သမျှ ဆေးပင်များ၏ အမည်ကို ရေးသားထားလေသည်။

"ဒီစာရင်းထဲက ဘာပင်ပဲတွေ့တွေ့ သူတို့ ငါ့ဆီ ယူလာပေးဖို့ ပြောလိုက်ကွာ"

"ကောင်းပြီ"

ကျောက်စင်းက ခေါင်းကို အားရပါးရပင် ညိတ်ပြလိုက်၏။

ထိုကုန်ကြမ်းများ ရရှိရန် မည်မျှ အရေးကြီးမှန်း ကျောက်စင်း သဘောပေါက်သွားပြီဖြစ်သည်။ ကုန်ကြမ်း စုံလင်အောင် စုဆောင်းနိုင်ခဲ့ပါက စုချန်းအနေနဲ့ အဆင့်မြင့်ဆေးဝါးဟခြောက်ဖုံစာစီ ဖော်စပ်နိုင်မည်ဖြစ်လေရာ ထိုဆေးဝါးများသည် သတ်ဖြတ်သူများကို တိုက်ခိုက်ရန် အရေးပါသော လက်နက်များ ဖြစ်လာပေလိမ့်မည်။

"နောက်ဆုံးအနေနဲ့ မင်းကို လုပ်ခိုင်းစရာ တခုပဲ ကျန်တော့တယ်"

ဤတကြိမ်တွင်တော့ စုချန်းက မကွယ်မဝှက်ပဲ တည့်တည့်ပင် ပြောလိုက်၏။

"ဘာလုပ်ခိုင်းမှာလဲ"

"ကျိယွာယုကို တွေ့အောင်ရှာပါ ဘာကြီးပဲ ဖြစ်နေပါစေ သူ့ကို မထိခိုက်ပါစေနဲ့"

All Chapters