← Chapters

နောက်ဆုံးမိနစ် ပြင်ဆင်ခြင်း

Vol. 30 Ch. 292

နောက်ဆုံးမိနစ် ပြင်ဆင်ခြင်း

Vol. 30 Ch. 292

ကျိယွာယု။

ကျိယွာယုသည် ဆဌမနှစ်ကျောင်းသား ဖြစ်ပြီး အပျက်အစီးသိုက်အတွင်း ဝင်လာသူများအနက် အငယ်ဆုံးကျောင်းသား ဖြစ်သည်။ အငယ်ဆုံးဖြစ်သည်နှင့်အမျှ အင်အားအနည်းဆုံးလည်း ဖြစ်၏။ သူ၏ ကျောင်းသားနံပါတ်မှာ ၄၀ ဖြစ်လေရာ နောက်ဆုံးပိတ်ပင် ဖြစ်သည်။ သူ့အား ကျန်ကျောင်းသားများက လေးဆယ်ကလေး ဟု ခေါ်ဝေါ်ကြလေသည်။

သို့သော် စုချန်းကတော့ ဤနေရာတွင် ကျိယွာယုကို အရေးအကြီးဆုံး လူတယောက်အဖြစ် သတ်မှတ်ထား၏။

နဂါးကျောင်းတော်၏ လူရွေးချယ်ပုံစနစ်အရ အင်အားအနည်းဆုံးသူသည် အလကား ရွေးချယ်ခံရခြင်းမဟုတ်။ ထူးခြားသော ပါရမီတစုံတရာ ရှိ၍သာ ရွေးချယ်ခံရခြင်း ဖြစ်သည်။

ကျိယွာယုသည်လည်း ထိုအတိုင်းသာ ဖြစ်သည်။ သူ့တွင် ထူးခြားသော မွေးရာပါ သွေးဗီဇစွမ်းရည်တမျိုးကို ပိုင်ဆိုင်ထား၍ အင်အားအနည်းဆုံးသူ ဖြစ်လျက် အယောက်၄၀စာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းရည်မှာကား လေဟာနယ်အာရုံခံခြင်းစွမ်းရည်ပင်တည်း။

လေဟာနယ်အမျိုးအစားစွမ်းရည်မျိုးမှာ အလွန်ရှား၏။ သွေးဗီဇအရ ဆက်ခံရသည့် စွမ်းရည်မျိုး ဖြစ်သည့်တိုင်အောင် အသုံးပြုသူသည် သင့်တော်သော အင်အားမျိုး ပိုင်ဆိုင်ထားမှသာလျင် ထိုစွမ်းရည်မျိုးကို ကောင်းမွန်စွာ ဖော်ထုတ်အသုံးပြုနိုင်၏။

ကျိယွာယု၏ မူလစွမ်းရည်သည်လည်း ထိုအတိုင်းပင်။ သူသည် လေဟာနယ်ပို့ဆောင်ခြင်း၊ လေဟာနယ်ထက်ခြမ်းခွဲခြင်း၊ ကိုယ်ခန္ဓာကျုံ့ဝင်ခြင်း စသည့်နည်းစနစ်တို့ကို လုံးဝမသိ။ ယုတ်စွအဆုံး စုချန်းသည်ပင် တနေရာမှ တနေရာကို ပြောင်းလဲနိုင်သည့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို တတ်ကျွမ်းထားသေးသည်။ ကျိယွာယုကတော့ ထိုနည်းစနစ်များကို တလုံးတပါဒမှ မသိ။

သူလုပ်နိုင်သည့် တခုတည်းသောအရာမှာ လေဟာနယ်အတွင်းရှိ မတည်ငြိမ်မှုများနှင့် အနှောင့်အယှက်များကို အာရုံခံစားနိုင်ခြင်းပင် ဖြစ်သည်။ ထိုစွမ်းရည်သည် ရုတ်တရက်ကြားလိုက်လျင် ဘာမှအသုံးမဝင်ဟု ထင်စရာရှိသော်လည်း အပျက်အစီးသိုက်ကဲ့သို့သော နေရာမျိုးတွင်တော့ ပြောမပြတတ်လောက်အောင် အသုံးဝင်၏။

လေဟာနယ်တံခါး ပွင့်သွားသည်နှင့်တပြိုင်နက် လေဟာနယ်မတည်ငြိမ်မှုများ အစပျိုးနေခဲ့ပြီ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပို၍သာ ဆိုးသွားဖွယ်ရာရှိနေပြီး နောက်ဆုံးတွင် လေဟာနယ်တခုလုံး ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် လေဟာနယ်မတည်ငြိမ်မှုများကို အာရုံခံစားနိုင်သူများသာလျင် လေဟာနယ်ပျက်စီးမည့်အချိန်ကို ခန့်မှန်းနိုင်မည်ဖြစ်ပြီး စိတ်ချရမည့် ထွက်ပေါက်ကို ရှာဖွေနိုင်မည် ဖြစ်သည်။ လေဟာနယ်ပျက်စီးမည့်အချိန်ကို ကြိုတင်သိရှိထားခြင်းသည် အလွန်အရေးကြီး၏။ ထိုသို့ သိထားမှသာလျင် ရသမျှအချိန်အတောအတွင်းဝယ် ဘယ်သူ ဘာလုပ်မည်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မည် မဟုတ်ပါလား။

သင့်အနေနှင့် လေဟာနယ်အတွင်း ရက်ပေါင်း၃၀တိုင်တိုင် နေထိုင်မည်ဟု အစီအစဉ် ဆွဲထားသည်ဆိုပါစို့။ သို့သော် လေဟာနယ်၏ တည်မြဲမှုက ၁၀ရက်ခန့်သာ ကြာမြင့်မည်ဟု သိထားလိုက်ပါက လုပ်စရာရှိသည်တို့ကို တက်သုပ်ရိုက်၍ လုပ်ရတော့မည် ဖြစ်သည်။ ထိုသို့မလုပ်ပါက ယခင် ကြိုးစားထားသမျှအားလုံး ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။ ထို့ပြင် ထွက်ပေါက်ကို ကြိုတင်မရှာဖွေထားပါက အရေးအကြောင်းဆိုလျင် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေပေလိမ့်မည်။

ထိုအတွက်ကြောင့်ပင် စုချန်းက ကျိယွာယု၏ လုံခြုံရေးကို အလေးအနက်ထား၍ ဂရုစိုက်ရန် ကျောက်စင်းအား မှာကြားနေခြင်း ဖြစ်သည်။ တကယ်တော့ မှာသာမှာရသည်။ ကျိယွာယု၏ လုံခြုံရေးသည် လက်ရှိအချိန်ထိတော့ စိတ်ပူစရာ မလိုသေးဟု စုချန်းက ယူဆထား၏။ ဆရာများကိုယ်တိုင်ကလည်း ကျိယွာယုက်ို အသက်ရှင်အောင်နေထိုင်ရန်၊ တိုက်ပွဲများကို ရှောင်လွှဲထားရန် အထပ်ထပ်အခါခါ မှာကြားထားသည် မဟုတ်ပါလား။ သူ့လက်စွပ်အတွင်း၌လည်း သယ်ယူပို့ဆောင်ရေးစာလိပ်များ၊ ကာကွယ်ရေးစာလိပ်များ၊ အလင်းအကာအကွယ်အဆောင်လက်ဖွဲ့များ စသည့် ကာကွယ်ရေးပစ္စည်းများနှင့်သာ ပြည့်နှက်နေ၏။ ထို့ကြောင့် ကံသာမဆိုးပါက လက်ရှိအချိန်ထိ ကျိယွာယုတယောက် အသက်ရှင်နေအုံးမည်ဟု စုချန်းက ယုံကြည်ထား၏။

ကျောက်စင်းအား မှာစရာရှိသည်တို့ကို မှာကြားပြီးသည်နှင့် စုချန်းသည် အဆင့်နိမ့်လေလှိုင်းအမြန်နှုန်းဆေး၂ပုလင်းနှင့် အနာကျက်ဆေး ၂ပုလင်းကို ကျောက်စင်းလက်ထဲသို့ ထည့်ပေးလိုက်ကာ ကျန်ကျောင်းသားများကို ရှာဖွေရန် စေလွှတ်လိုက်၏။

ထို့နောက် သူသည် လှိုဏ်ဂူဆီသို့ ပြန်လာကာ ကျန်ကျောင်းသားများကို စောင့်ဆိုင်းနေ၏။ ဒီကြားထဲ ဘာအလုပ်မှာ မရှိလေရာ ကြာတော့ စုချန်း ပျင်းလာ၏။ ထိုအခါ သူသည် သတ်ဖြတ်သူ အလောင်း၂လောင်းကို လှိုဏ်ဂူထဲဆွဲသွင်းကာ သုတေသန လုပ်တော့သည်။ စုချန်း ကံကောင်း၏။ နေ့တဝက်မှာပင် ထူးခြားမှုတချို့ကို သူ ရှာဖွေတွေ့ရှိခဲ့လေသည်။

သို့သော် ထိုထူးခြားမှုများကို သက်သေပြရန်တော့ ကုန်ကြမ်းတချို့ လိုအပ်နေသေး၏။

ကံကောင်းထောက်မစွာပင် စုချန်သည် မူလအစီအစဉ်အရ ဤနေရာမှာတော့ ထွက်ခွာရမည်သာ။ ထိုအခါ သူက အချိန်ကုန်မခံတော့ပဲ လှိုဏ်ဂူထဲတွင် စာတစောင်နှင့် သူ၏ အမှတ်အသားတံဆိပ်ကို ထားပစ်ခဲ့ကာ တောအုပ်ဆီသို့ ထွက်ခွာလာခဲ့၏။ စာထဲတွင်တော့ ကျောင်းသားများအနေနှင့် လှိုဏ်ဂူအတွင်းမှာပင် သူ့က်ု်ိ စောင့်ဆိုင်းနေရန် မှာကြားထားခဲ့လေသည်။

တောအုပ်ဆီသို့ ရောက်သည်နှင့် စုချန်းသည် အလျင်စလို ဝင်ရောက်ခြင်းမပြုပေ။ ထိုအစား သူက လေတိုက်ခတ်ရာ အရပ်ကို ပထမဦးစွာ စစ်ဆေးလိုက်၏။ ထို့နောက် တောအုပ်၏ ထောင့်တထောင့်တွင် အမွှေးတိုင်တတိုင်ကို ထွန်းညှိလိုက်၏။

ထိုအမွှေးတိုင်မှာ သားရဲညှို့ငင်အမွှေးတိုင် ဖြစ်သည်။ ၎င်းသည် သားရဲညှို့ငင်ဆေးရည်ထက် ပို၍ အသုံးဝင်၏။ ၎င်း၏ အမွှေးနံ့ကိုလည်း စနစ်တကျ ထိန်းချုပ်ထားလေသည်။ တနည်းအားဖြင့် ၎င်းသည် ရိုင်းစိုင်းကြမ်းတမ်းသော သားရဲသတ္တဝါဆိုးများကိုသာ ဆွဲဆောင်ရန် အထူးစီမံထားသော အမွှေးတိုင် ဖြစ်သည်။

သိပ်မကြာမီ ရှည်လျားသော အဖြူရောင်နားရွက်များရှိသည့် သတ္တဝါဆိုးကြီးတကောင် တောအုပ်အတွင်းမှ ထွက်လာကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။

ထိုသတ္တဝါသည် မည်သည့် သတ္တဝါမှန်း စုချန်း ဂဃနဏ မသိချေ။ နှစ်ပေါင်း သောင်းနှင့်ချီ၍ ကြာမြင့်အောင် မျိုးဆက်ပွားလာခဲ့ပြီးနောက် ဤသတ္တဝါကြီး၏ ပုံသဏ္ဍာန်မှာ ပြင်ပကမ္ဘာရှိ သတ္တဝါများနှင့် များစွာ ကွဲပြားခြားနားသွားခဲ့လေပြီ။ ထို့ကြောင့် ဤကိစ္စမှာ အထူးတလည် အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် ဤအချိန်ကတော့ သတ္တဝါကြီး၏ ပုံပန်းသွင်ပြင်ကို ဆန်းစစ်နေရန် အချိန်မဟုတ်ပေ။

စုချန်းသည် ပုဆိန်ကို လက်တဖက်နှင့်ကိုင်ပြီး ကျန်လက်တဖက်ကို ဝေ့ယမ်းကာ သတ္တဝါကြီးကို မြှားခေါ်လိုက်၏။ သို့သော် အဖြူရောင်နားရွက်ရှည်သတ္တဝါကြီးကား စုချန်းဆီသို့ ပြေးဝင်လာရမည့်အစား မျက်လုံးပြူးကာ စိုက်ကြည့်နေ၏။ ကြည့်ရသည်မှာ သတ္တဝါကြီးသည် အမွှေးတိုင်ရှိရာသို့ သွားရကောင်းနိုးနိုး၊ စုချန်းဆီသို့ လာရကောင်းနိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေဟန် ရှိသည်။

နောက်ဆုံးတွင်တော့ သတ္တဝါကြီးသည် စိတ်ကို မထိန်းနိုင်တော့ပဲ စုချန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။ ထိုအချိန်မှာပင် စုချန်းကလည်း ပုဆိန်ကို ချိန်သားကိုက် လှုပ်ရှားလိုက်ရာ ပုဆိန်သွားမှ ကြောက်စရာ အားလှိုင်းများ ထွက်ပေါ်လာ၏။

သတ်ဖြတ်သူပုဆိန်များသည် ကြီးမားသလောက် ကိုးရိုးကားယားနိုင်လှပေရာ ကိုင်တွယ်အသုံးပြုရန် အတော်လေး ခက်ခဲ၏။ သို့သော် လှုပ်ရှားမှု နှေးကွေးပြီး ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကိုသာ အားကိုး၍ တိုက်ခိုက်တတ်သော သတ္တဝါကြီးများနှင့် တိုက်ခိုက်ရာတွင်တော့ အလွန် အသုံးဝင်၏။

သတ္တဝါကြီး၏ လက်သည်းများနှင့် ပုဆိန်သွားသည် ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။ တချက်တည်းနှင့် သတ္တဝါကြီး၏ လက်သည်းများ နှစ်ခြမ်းကွဲသွားပြီး သွေးများ တလဟော စီးကျလာလေသည်။

သတ္တဝါကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်း၏ ပုဆိန်က သတ္တဝါကြီးနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွား၏။ ပုဆိန်ချက်ကြောင့် သတ္တဝါကြီး၏ ကိုယ်ခန္ဓာ နှစ်ခြမ်းကွဲသွားတော့သည်။

ပုဆိန်ချက် နှစ်ချက်တည်းနှင့် သတ္တဝါကြီးကို သတ်ဖြတ်ပြီးသည်နှင့် စုချန်းသည် ပုဆိန်ကို ဘေးတွင် ပစ်ချလိုက်၏။ ထို့နောက် သူသည် သတ္တဝါကြီး၏ အလောင်းအနီးသို့ ပြေးကပ်လိုက်ပြီး မူလစွမ်းအင်အမှုန်များကို စတင်စုပ်ယူတော့သည်။

ဒါသည်ပင်လျင် စုချန်း၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန် ဖြစ်သည်။ ဆေးဝါးများ ဖော်စပ်ခြင်းသည် စုချန်းအ

စီအစဉ်၏ တစိတ်တဒေသမျှသာ ဖြစ်သည်။ သူ၏ တကယ့်ရည်ရွယ်ချက်အမှန်မှာကား ကိုယ်ခန္ဓာစွမ်းအင်အဆင့်ကို တိုးပွားစေပြီး သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန်ပင် ဖြစ်သည်။

လူသားများနှင့် သတ်ဖြတ်သူများအကြား သွေးဆူပွက်ခြင်းနယ်ပယ်အဆင့် ပညာရှင်များ လေဟာနယ်အတွင်း မဝင်ရောက်စေရန် သဘောတူညီထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြင်းထန်သော စွမ်းအင် မတည်ငြိမ်မှုများက လေဟာနယ်ကို ထိခိုက်စေပြီး အပျက်အစီးသိုက်ကြီးတခုလုံး မြန်မြန်ဆန်ဆန် ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ ထို့ကြောင့် ရွေးချယ်ခံရသူများသည် အဝါရောင်ကြယ် ၉၀ သို့မဟုတ် ထိုထက်နည်းရမည်ဟု စည်းကမ်း သတ်မှတ်ထားခြင်းပင်။

တကယ်တော့ နောက်ထပ် အဝါရောင်ကြယ်ဆယ်လုံး ထပ်ရလျင် သွေးဆူပွက်ခြင်းနယ်ပယ် လမ်းခွဲသို့ ရောက်လုပြီ ဖြစ်သည်။ သို့သော် ထိုအဝါရောင်ကြယ်ဆယ်လုံးရရှိရန်မှာ လွယ်ကူလှသည်တော့မဟုတ်။ သာမာန်လူတယောက်အနေနဲ့ ထိုအဆင့်သို့ရောက်ရန် တနှစ်ခန့် လေ့ကျင့်ယူရပေလိမ့်မည်။ ပါရမီရှင်များပင်လျင် အဝါရောင်ကြယ်ဆယ်လုံးအတွက် နှစ်ဝက်ခန့် အချိန်ယူရဖွယ်ရာ ရှိနေ၏။

ဤအပျက်အစီးသိုက်မှာကား ထိုမျှလောက်ထိ အချိန်ကြာမြင့်စွာ တည်ရှိနိုင်မည်မဟုတ်။ ထို့ကြောင့် အပျက်အစီးသိုက်အတွင်း ရောက်ရှိနေစဉ်ကာလအတွင်း ကျောင်းသားတယောက်ယောက်က သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားမည့်အရေးကို သူတို့အနေနှင့် စိတ်ပူနေစရာ မလိုတော့။

သို့သော် ဤကန့်သတ်ချက်က စုချန်း၏ မျက်စေ့ထဲတွင် မှုစရာမဟုတ်ပဲ ဖြစ်နေလေသည်။ လေ့ကျင့်ရေးကာလကတည်းက သူသည် အဝါရောင်ကြယ် အလုံး၉၀အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် ကန့်သတ်ချက်နှင့် ညိနေမည်စိုး၍ သူက စွမ်းအင်တိုးမြင့်နှုန်းကို စနစ်တကျ ထိန်းချုပ်ထားခဲ့၏။

အပျက်အစီးသိုက်အတွင်းသို့ ရောက်ရှိပြီး နောက်ပိုင်းတွင်တော့ သူ့အနေနှင့် ဘာကိုမှ ထိန်းချုပ်နေစရာမလိုတော့။ အဝါရောင်ကြယ်ဆယ်လုံးဟူသည် သားရဲသတ္တဝါဆိုး အကောင် ၁၀၀မှ ၂၀၀ထိ သတ်ဖြတ်လိုက်လျင် ရရှိသွားပေလိမ့်မည်။

စုချန်းအနေနှင့် ကျိယွာယုကို လိုအပ်နေရခြင်းမှာ ဤအချက်ကြောင့်လည်းပါသည်။ ကျိယွာယုကို တွေ့လျင် လေဟာနယ် ရက်ပေါင်းဘယ်လောက်ကြာကြာ တည်မြဲနိုင်မည်ကို သူ သိရှိနိုင်ပေလိမ့်မည်။ ထိုအခါ လေဟာနယ်တည်မြဲမည့်အချိန်သည် သွေးဆူပွက်ခြင်းနယ်ပယ်သို့ သူ ဝင်ရောက်နိုင်မည့် အခြေအနေကို မည်သို့သက်ရောက်မည်ကို တွက်ဆလာနိုင်မည် မဟုတ်ပါလား။ ဥပမာအနေနှင့် လေဟာနယ်သည် နောက်ထပ်သုံးရက်သာ တည်ရှိနိုင်တော့မည် ဆိုပါက စုချန်းသည် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့် သူ၏ စီမံကိန်းကို လက်လျော့ပြီး ရတနာများကိုသာ လိုက်လံရှာဖွေတော့မည် ဖြစ်သည်။ ထိုအစား လေဟာနယ်သည် ဆယ်ရက်ကျော်ထိ တည်မြဲနေမည်ဆိုပါက စုချန်းအနေနှင့် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ပြင်ဆင်နိုင်ပေလိမ့်မည်။

မူလစွမ်းအင်အလင်းမှုန်များကို စုပ်ယူပြီးသည်နှင့် စုချန်းသည် သတ္တဝါကြီး၏ ကိုယ်ခန္ဓာကို သိမ်းဆည်းလိုက်၏။ ဤသတ္တဝါသည် လေဟာနယ်၏ ဆင့်ကဲဖြစ်စဉ်မှ ပေါ်ပေါက်လာသော သတ္တဝါဖြစ်လေရာ ပြင်ပကမ္ဘာမှ သတ္တဝါများနှင့် များစွာ ကွာခြား၏။ ဤသတ္တဝါမျိုးကိုသာ သုတေသန လုပ်လိုက်ရပါက ထူးခြားသော ရှာဖွေ့တွေ့ရှိမှုတချို့ကို စုချန်း မျှော်လင့်နိုင်ဖွယ်ရာ ရှိနေ၏။

ထိုအချိန်မှာပင် တောအုပ်အတွင်းမှ နောက်ထပ် သားရဲသတ္တဝါဆိုးတကောင် ထွက်လာပြန်၏။ စုချန်း၏ လက်ရှိအဆင့်အတန်းအရ ရွှံံဘီလူးကဲ့သို့သော သတ္တဝါမျိုး မဟုတ်လျင် သိပ်ပြီး ကြောက်စရာမလိုတော့။

စုချန်းသည် ဒုတိယရောက်လာသော သတ္တဝါဆိုးကိုပါ သတ်ဖြတ်ပြီး စွမ်းအင်အလင်းမှုန်များကို စုပ်ယူလိုက်၏။

စုချန်းကား သူ၏ စီမံကိန်းကို ချောချောမွေ့မွေ့ပင် စတင်နိုင်ခဲ့လေပြီတည်း။

All Chapters