← Chapters

ချုပ်နှောင်ခံရခြင်း

Vol. 64 Ch. 1026

ချုပ်နှောင်ခံရခြင်း

Vol. 64 Ch. 1026

“ရှင် ခန့်မှန်းမိပြီသား မဟုတ်လား။”

ပါဆာလီ၏ မေးခွန်းကို ကြားရာ ယူဒိုရာက ပုံမှန်အတိုင်း ပြန်ဖြေ၏။

ထိုစကားဝိုင်းက ထိတ်လန့်စရာ လျှို့ဝှက်ချက်များစွာကို ဖော်ပြခဲ့သော်လည်း သူနှင့်ပါဆာလီ အကြားတွင် အစောပိုင်းနှစ်များက အထူး စာချုပ်တစ်ခု ရှိခဲ့သည်ဖြစ်ရာ တစ်ဖက်လူ လျှို့ဝှက်ချက် ဖော်ထုတ် မည်ကို ယူဒိုရာ မစိုးရိမ်ခဲ့ပေ။

ပါဆာလီက ထိတ်လန့်သွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင် ဖြစ်နေသော အမူအရာ ရှိနေ၏။ “မင်းရူးနေပြီ။ မင်းက တကယ်ပဲ ကိုယ့်ရဲ့သမီးကို အသုံးချခဲ့တယ်…”

“ကျွန်မမှာ အဲဒီလိုသမီးမျိုး မရှိဘူး။” ယူဒိုရာ မုန်းတီးစွာ ပြောလိုက်၏။ “သူသာ မရှိခဲ့ရင် ကျွန်မ ဒီလို အရှက်ရမှုကို ဘာလို့ ခံစားခဲ့ရမှာလဲ။ ကျွန်မ အဲဒီအရှက်ရမှုနဲ့ မုန်းတီးမှုကို ဘဝတလျှောက်လုံး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။”

“မင်းရဲ့ မုန်းတီးမှုကို အပြစ်မရှိတဲ့ ကလေးတစ်ယောက်အပေါ် ဘာလို့ ပုံချလိုက်လဲဆိုတာကို ငါ မသိဘူး။ ငါ သိတာက အဲဒီကလေး မင်းကို ကြည့်တဲ့ အကြည့်က ရင်းနှီးမှုနဲ့ ယုံကြည်မှု အပြည့်ပဲ။ မင်း ဆီကို လာဖို့ သူ ဘယ်လောက်ထိ ခက်ခဲပြီး စိတ်ပိုင်းဖြတ်ထားခဲ့ရလဲ ဆိုတာကို စိတ်ကူးလို့ရတယ်။” ပါဆာလီက လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်ပြီး အသံကျယ်ကျယ်နှင့် မေးလိုက်၏။ “မင်း ဘာလုပ်ခဲ့လဲ ဆိုတာကို သိရဲ့လား။ သူ့စွမ်းအား လိုချင်တာကို ထားလိုက်ဦး။ ဒါပေမဲ့ ဘာလို့ သူကို သတ်ပစ်ဖို့ လိုအပ်တာလဲ။ အဲဒီ ကူးပြောင်းအစီအရင်က သူရဲ့အသက် စွမ်းအင်ကို လုံးဝ ကုန်ဆုံးစေမှာ။”

“သူက ကျွန်မရဲ့ သမီးဆိုရင် ရှင့်မှာ ဘာ ဝင်စွက်ဖက်စရာ အကြောင်း ရှိလဲ။ အဲဒီမသိနားမလည်တဲ့သူတွေရဲ့ ပါးစပ်ထဲက ‘တရားမျှတမှု’ နဲ့လား။ ကျွန်မ အရှေ့မှာ တရားမျှတမှု အကြောင်း ပြောခွင့်မရှိဆုံးက ရှင်ပဲ ဆိုတာကို မမေ့နဲ့။” ယူဒိုရာက လှောင်ပြုံးပြုံးလိုက်သည်။ “အယ်လီဇာရဲ့ တာဝန်က ပြီးသွားပြီ။ ဒီည သူ ရှင့်ဆီကို ပြန်လာလိမ့်မယ်။ သူ ဘာမှ မဖြစ်ဘူးဆိုတာကို ကျွန်မ အာမခံနိုင်တယ်။ ဒီတစ်ခေါက်ပြီးရင် ကျွန်မ နှစ်ယောက်လုံး လုံးဝ ကျေသွားပြီဆိုတာ ကတိပေးတယ်။ အခုတော့ ဆာ-ပါဆာလီ၊ ရှင်က ကျွန်မနဲ့အတူ အတိတ်ကို ‘အမှတ်ရ’ဖို့ ဒီမှာနေမလား၊ ဒါမှမဟုတ် ပြန်ပြီး ရှင့်သမီးကို စောင့်နေမလား။”

ယူဒိုရာ၏ ခနဲ့မှုကြောင့် ပါဆာလီ မျက်လုံးများက နာကျင်နေသောပုံစံ ဖြစ်စေခဲ့သည်။ သူ၏ ဆုပ်ထားသော လက်သီးက တုန်ယင်နေခဲ့ပြီး လက်ဆစ်များက ဖြူနေခဲ့သည်။ “မင်းလိုချင်တယ်လို့ ထင်တဲ့အရာကို ရတဲ့အခါ ပိုပြီးဆုံးရှုံးတယ် ဆိုတာကို တွေ့လာလိမ့်မယ်။”

ထိုစကားကို ပြောပြီးသည့်နောက် ပါဆာလီက ဆက်မနေတော့ဘဲ လှည့်ပြီး ထွက်သွားလိုက်သည်။

ယူဒိုရာက ပါဆာလီ၏ ဝေးကွာ နေသော ကျောပြင်ကို ကြည့်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ သိဒ္ဓိ ကျက်သရေ စင်မြင့်ဘက်သို့ ကြည့်လိုက်သည်။

“မင်း ဒီလောကမှာ မမွေးလာ ခဲ့သင့်ဘူး။ ပြီးတော့ ငါ့ရဲ့ အနားမှာ မပေါ်လာခဲ့သင့်ဘူး။”

“မင်းက ငါ့ဘဝရဲ့ အကြီးမားဆုံး အမည်းစက်ပဲ။ မင်းရဲ့ တည်ရှိမှုကို ငါ လက်မခံဘူး။ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်မှာတောင်ပဲ။”

“မင်းက ငါ့လို အသုံးချခံ တစ်ခုပဲ။”

“အစကတော့ မင်းရဲ့ တန်ဖိုးကို နတ်ဆိုးလောကနဲ့ လူသားလောကတို့ ကြားက တံခါးဖွင့်မယ့် နှစ်၁၀၀ကျော် ကြာခဲ့အထိ ထိန်းထားမလို့။ ဒါက ငါ့အတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခု ‘အာသာ’ ပေါ်လာတဲ့အတွက် ငါ့မှာ ရွေးစရာ မရှိတော့ဘူး။”

“ဒီတော့ မင်းရဲ့တန်ဖိုးကို အခု ပြသရတော့မယ်။ အပြစ်တင်ချင်ရင် မင်းရဲ့နှလုံးသားထဲမှာရှိတဲ့ အလှပဆုံး ပူဖောင်းကို ကြိုဖျက်ဆီးလိုက်တဲ့ အဲဒီ ‘အာသာ’ကို အပြစ်တင်လိုက်...”

ယူဒိုရာ၏ အသံက အတော်လေး တိုးနေတယ်။ ထိုအရာက သူ့ကိုယ်သူ ပြောနေသလိုမျိုးနှင့် ပိုတူနေသည်။ ခဏကြာပြီးနောက် သူက လှည့်ထွက် သွားလိုက်သည်။

[တိတ်တဆိတ်] ပညာရပ်ဖြင့် ဘေးနားတွင် ပုန်းနေခဲ့သော ချန်လွေ့ (စိတ်ပုံရိပ်)က မျက်မှောင်ကြုတ် လိုက်သည်။ ယခုတစ်ခေါက်တွင် ခိုး၍ နားထောင်ခဲ့သော သတင်းပမာဏက ကြီးမားရုံသာမက အတော်လေးကို အံ့ဩစရာ ကောင်းလှပေသည်။ သူ ကြားခဲ့ရသော အစိတ်အပိုင်း အမျိုးမျိုးကို စုစည်းပြီးနောက်တွင် အကြောင်းအရာ အကျဉ်းချုပ်က အောက်ပါအတိုင်းပင်။

ပါဆာလီနဲ့ ယူဒိုရာတို့ ထိုစဉ်က ချစ်သူများ ဖြစ်ခဲ့၏။ ပါဆာလီတွင် ယူဒိုရာ၏ ပြိုင်ဘက်လည်းဖြစ်သော သိဒ္ဓိမိန်းမပျို ဒူရူယာ အမည်ရသော ညီမတစ်ယောက် ရှိခဲ့သည်။

ဒူရူယာ၏ လှည့်စားမှုကြောင့် ယူဒိုရာက နတ်ဆိုးလောကထဲကို ရောက်သွားခဲ့ပုံရ၏။ သူကို စေတန်က ဖမ်းမိခဲ့ပြီး ရိုင်ဇန်နဲ့ အတင်းအကျပ် အတူနေစေခဲ့သည်။အလင်းအမှောင် ခန္ဓာရှိသော တစ်ဖနီက စေတန်၏ ထူးဆန်းသော စွမ်းအား အချို့ အောက်တွင် မွေးဖွားလာခဲ့သည်။

ထို့နောက် ယူဒိုရာက ရိုင်ဇန်ဆီမှ လွတ်မြောက်ရန်အတွက် နည်းလမ်း အချို့ကို အသုံးပြုခဲ့ပြီး အမျိုးသား အဖြစ် ဟန်ဆောင်ကာ အပြစ် ကင်းစင်သော အစ်ဇဘယ်လာနှင့် တွေ့ဆုံခဲ့သည်။ ယူဒိုရာက အခွင့်ကောင်းယူကာ အစ်ဇဘဲလားကို လှည့်စားပြီး အရိပ်လေပြေဘွတ်ဖိနပ် လှည့်ဖြားရယူကာ အစ်ဇဘယ်လာ၏ စွမ်းအားအပြင် လျှို့ဝှက် ရတနာ ‘မီးလျှံမိုးကြိုးနှလုံးသား’ကို ဝါးမျိုရန် လျှို့ဝှက် အစွမ်းကို အသုံးပြုခဲ့ပြီး ထိုအရာက ကုသ၍ မရနိုသော ‘အတွင်းဒဏ်ရာ’ ဖြစ်စေခဲ့သည်။

နတ်ဆိုးဘုံမှ လူသားလောကကို ပြန်လာပြီးနောက်တွင် ယူဒိုရာက အရိပ်လေပြေဘွတ်ဖိနပ်နှင့် ကြီးမြတ်သော အောင်မြင်မှုများကို ရယူနိုင်ခဲ့လေသည်။ သူက ဒူရူယာနှင့် ကျန်ပြိုင်ဘက်များကို အောင်မြင်စွာ အလဲထိုးနိုင်ခဲ့ပြီး တဖြည်းဖြည်းချင်း ခေါင်းဆောင်ကြီး သုံးဦးထဲမှ တစ်ဦး ဖြစ်လာခဲ့လေသည်။

ပါဆာလီကမူ ယူဒိုရာ၏ အစ်မ ပန်ဇာနှင့် ‘ရုတ်တရက်’ ဆက်ဆံရေး ရှိခဲ့သည်။ (အယ်လီဇာ၏အသက်အရ ထိုဆက်ဆံရေးက အတော်လေး ကြာမြင့်ခဲ့ပြီး ထိုကြားထဲ သူတို့က သုံးလေးကြိမ် ပြန်ပေါင်းခဲ့ကြရမည်) ပါဆာလီရဲ့ ကျိန်ဆိုချက်အချို့ကြောင့် သူတို့ နှစ်ယောက်က နောက်ဆုံးတွင် အတူတူ မနေခဲ့ရပေ။ ပန်ဇာက စတီဗင်ဆိုသော လူတစ်ယောက်နှင့် လက်ထပ်ခဲ့လေသည်။ သနားစရာ ‘ကြာခို’ခံရသော စတီဗင်က ရေဖျန်း ဘုန်းတော်ကြီး ရော်ဂျာ၏ညီ ဖြစ်ရပေမည်။ သူက ပါဆာလီ၏သမီး အယ်လီဇာကို ပြုစုပျိုးထောင်ရာတွင် အကူအညီ ပေးခဲ့သည်။ ထို့ကြောင့် အယ်လီဇာက ရော်ဂျာကို ‘ဦးလေး’ဟု ခေါ်ခြင်းပင်။ ပန်ဇာ မသေဆုံးခင် အစ်မဖြစ်သူ ယူဒိုရာကို အမှန်တရား ပြောပြပြီး အယ်လီဇာကို ဂရုစိုက်ရန် တောင်းဆိုခဲ့သည်။ ယူဒိုရာက အယ်လီဇာကို တပည့်တစ်ယောက် အဖြစ် လက်ခံပြီးနောက် ပါဆာလီကို သူ့ဆန္ဒနဲ့ ဆန့်ကျင်သော အရာများကို လုပ်ဆောင်ရန် ၎င်းကို ခြိမ်းခြောက်မှု အဖြစ် အသုံးပြုခဲ့လေသည်။

အယ်လီဇာက ချန်လွေ့အပေါ် အကြံအစည် မအောင်မြင်ခဲ့ဘဲ စိတ် ထိခိုက်သွားပြီးနောက် ပါဆာလီက အယ်လီဇာကို သူ့အနားတွင် ခေါ်ထား ခဲ့လေသည်။ သို့သော် ထိုအချိန်တွင် ယူဒိုရာက သူကို ပြန်ရသွားခဲ့ပြန်၏။ ယူဒိုရာက ‘မီးလျှံမိုးကြိုးနှလုံးသား’ တန်ပြန်မှုကို လုံးဝ ဖယ်ရှားပြီး တိုင်းပြည်အဆင့်သို့ ဝင်ရောက်ရန် အတွက် တစ်ဖနီ၏ စွမ်းအားအချို့ကို ‘ခိုးယူ’ရန် သူ၏ ပါရမီကို အသုံးပြုခဲ့ လေသည်။

ယူဒိုရာ၏ လျှို့ဝှက်စကားသံများမှ သူ၏ မူလရည်ရွယ်ချက်မှာ အနှစ် ၁၀၀ကျော် ကြာပြီးနောက် နတ်ဆိုးဘုံ နှင့် လူသားလောက အကြား စစ်ပွဲ၌ မမျှော်လင့်သော အခန်းကဏ္ဍတစ်ခု၌ တစ်ဖနီကို အသုံးပြုရန် ဖြစ်ပြီး အခု ‘ဒုတိယ အကောင်းဆုံး ရွေးချယ်မှု’ ကိုသော သူ ရွေးနိုင်တော့သည်။

မိမိကို ရှာဖွေရန် ခရီးကြမ်းကို ဖြတ်လာခဲ့သော ထိုသမီးအပေါ် ထားသည့် ယူဒိုရာ၏ သဘောထားက ‘သွေးအေးပြီး ရက်စက်သူ’ ဟူ၍ပင် ဖော်ပြ၍ ရနိုင်ပေသည်။ ယူဒိုရာ၏ အယ်လီဇာကို ဆက်ဆံပုံကလည်း အသင့်အတင့်သာ ဖြစ်သည်။ သူက အယ်လီဇာကို ရက်စက်ကြမ်းကြုတ်သော မိန်းကလေးတစ်ယောက်အဖြစ် မွေးမြူထားခဲ့သည်။

ချန်လွေ့က တစ်ဖနီ အတွက် အစိုးရိမ်ဆုံး ဖြစ်သည်။ ယူဒိုရာနှင့် ပါဆာလီတို့ကြား စကားဝိုင်းမှ ယူဒိုရာသည် တစ်ဖနီ၏ စွမ်းအားကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီး သူ၏ ကိုယ်ထဲမှ ‘မီးလျှံမိုးကြိုးနှလုံးသား’ တန်ပြန်မှုကို လုံးဝနီးပါး ဖယ်ရှားနိုင် ခဲ့ကြောင်းကို မြင်တွေ့ ခဲ့ရသည်။ သူက သိပ်မကြာခင် အထူးအဆင့်ထဲ ဝင်ရောက်တော့မည်ဖြစ်သည်။ ထိုစဉ် တစ်ဖနီက စွမ်းအားများ ဆုံးရှုံးခဲ့ရုံသာ သာမက သိဒ္ဓိကျက်သရေ စင်မြင့်ရှိ တိုးမြှင့်မှု မှော်စက်ဝိုင်းတစ်ခုလုံး၏ စွမ်းအင်ဗဟိုချက် ဖြစ်လာခဲ့သည်။ ခုနက စမ်းသပ်မှုက သူ၏ အသက် စွမ်းအင် တစ်စိတ်တစ်ပိုင်း အသုံးပြု ခဲ့ရလေသည်။

ဘွဲ့ခံယူခြင်း အခမ်းအနားတွင် နတ်ဘုရားကျောင်း စစ်သည်တော် အယောက်၁၀၀ကို တပြိုင်နက်တည်း ပြောင်းလဲခဲ့မည်ဆိုရင် တစ်ဖနီက အသက်ကုန်ဆုံးပြီး လုံးဝ ချေမှုန်းခံရ ပေလိမ့်မည်။ ကံကောင်းစွာပင် ထိုသို့ လျှို့ဝှက်ချက်ကို ကြိုသိခဲ့ရ၏။

ယူဒိုရာနှင့် ပါဆာလီတို့ လျှို့ဝှက် စကားပြောဆိုရာ၌ ကျန်သောသူများ အားလုံးကို ထွက်သွားခိုင်းခဲ့သည့် အတွက်ကြောင့် ချန်လွေ့က [သရုပ်ခွဲမျက်လုံး]ကို အသုံးပြုပြီး သိဒ္ဓိကျက်သရေစင်မြင့်တစ်ခုလုံး၏ မှော်စက်ဝိုင်းကို စတင်၍ လေ့လာ နေခဲ့ခြင်း ဖြစ်သည်။

ရှေးမှော်စာများအပေါ်တွင် အခြေခံထားသော ထိုစိတ်ဝိညာဉ် စုစည်းမှု မှော်စက်ဝိုင်းကို ရာဖယ်ရယ် ကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။ ၎င်းက အလွန်နက်နဲပြီး နတ်ဘုရား-ယောင် အဆင့် အရှိန်အဝါ ပါဝင်နေသည်။ လက်ရှိအဆင့်ဖြင့် ချန်လွေ့က ၎င်းကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူ၏ စိတ်ပုံရိပ်က အချိန် အကန့်အသတ်ရှိပြီး မိနစ်၃၀ခန့်သာ ကျန်တော့သည်။

[သရုပ်ခွဲမျက်လုံး]ထဲ တစ်ဖနီနှင့် ပတ်သက်သော အချက်အလက်များ မရှိပေ။ တစ်ဖနီကို အလွန်ဝေးသော နေရာတွင် ချုပ်နှောင်ထားခြင်း မဟုတ်လျှင် သူကို နေရာလွတ် စွမ်းအားအချို့ဖြင့် ချိပ်ပိတ်ထားခြင်း ဖြစ်လောက်သည်။

ချန်လွေ့က စိတ်ကို တည်တည် ငြိမ်ငြိမ် ထားလိုက်ပြီး ယရင်က ယူဒိုရာရဲ့ လျှို့ဝှက်စကားပြောခဲ့သော ဦးတည်ဘက်ကို သတိရလိုက်သည်။ [အထူးစိစစ်မှု] လျှို့ဝှက်ချက်ကို အသုံးချန်ပြီး အတတ်နိုင်ဆုံး ကြိုးစား ရှာဖွေတော့သည်။ အသေအချာပင် သူက ပုန်းကွယ်နေသော နေရာလွတ် မတည်ငြိမ်မှုတစ်ခုကို ရေးရေးလေး ဆုပ်ကိုင်နိုင်ခဲ့သည်။

ရာဖယ်ရယ်က ရှေးမှော်စာများကို အတော်လေး ကျွမ်းကျင်ရပေမည်။ စွမ်းရည်နဲ့ စွမ်းအားအရ ချန်လွေ့က ထိုရှေးမှော်စာဖွဲ့စည်းပုံ ချိပ်ပိတ်ကို သေချာပေါက် ဖွင့်နိုင်မည် မဟုတ်။ သို့သော်လည်း ရွှေရောင်လင်းလက် မြေအောက်နန်းတော်ရှိ အကြောက်တရား ယဇ်ပလ္လင် တိုက်ပွဲတွင် သူက ရာဖယ်ရယ်နှင့် အကြောက်တရားအရှင်သခင် ဆိုစဘတ်တို့၏ တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ရာဖယ်ရယ်၏ အဆုံးသတ်တိုက်ကွက် ဖြစ်သော ‘ကောင်းကင်စတေးပလ္လင်’က သမိုင်းဝင်ကဗျာများကဲ့သို့ ရှေးမှော်စာများ ဖြစ်သည်။ ထိုစဉ်က ချန်လွေ့သည် ထိုရှေးမှော်စာများကို [အထူးစိစစ်မှု]ဖြင့် မှတ်တမ်းတင် နိုင်ခဲ့သည်။ ၎င်းကို လုံးဝနားမလည် နိုင်ခဲ့သော်လည်း ဝိသေလက္ခဏာနှင့် နည်းစနစ်အချို့ ကျွမ်းကျင်ခဲ့တယ်။ ၎င်းအပေါ်တွင် အခြေခံပြီး သူက အထူးနည်းလမ်းတစ်ခုကို စတင်၍ အသက်သွင်းလိုက်သည်။

ထိုနည်းလမ်းက အမှန်တကယ်၌ မှော်စာစွမ်းအားကို ပြောင်းပြန် ဖြစ်စေသော အဆင့်မြင့် မှော်စာ အသုံးပြုမှု တစ်ခု ဖြစ်သည်။ ၎င်းက မှော်စာအချို့၏ သက်ရောက်မှု အထူးသဖြင့် လျှို့ဝှက်မှော်စာများ၏ သက်ရောက်မှုကို တားဆီးနိုင်သည်၊ ပြန်ပြင်နိုင်သည်။ ချန်လွေ့က ရာဖယ်ရယ်၏ ပုံစံအတိုင်း လိုက်ပြီး ထိုစွမ်းအားကို ဂရုတစိုက် အသက်သွင်းခဲ့သည်။ အချိန် အတော် ကြာပြီးနောက် မှော်စာဖွဲ့စည်းပုံ တစ်ခုလုံးကို မနှောင့်ယှက်ဘဲ ပြောင်းပြန်စွမ်းအားကို အသက်သွင်းရာတွင် နောက်ဆုံး၌ အောင်မြင်ခဲ့လေသည်။

အစပိုင်း၌ ခွက်နေခဲ့သော ရှေ့မှ နေရာလွတ်က တဖြည်းဖြည်းနှင့် ဖောင်းလာခဲ့ပြီး ပုံရိပ်တစ်ခု စတင် ပေါ်လာသည်။ အရင်းအမြစ် စွမ်းအား တစ်မျိုးမျိုး၏ အလင်းယိုင်မှုကြောင့် ချန်လွေ့၏နေရာကသာ ထိုပုံရိပ်ကို မြင်ရပြီး သာမန်လူများ မမြင်နိုင်ပေ။

ချန်လွေ့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့သော်လည်း နေရာလွတ်ထဲ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏စိတ်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

အထင်ရှားဆုံးကတော့ ‘သစ်ပင်’ တစ်ပင်ပင်ထဲ ထည့်သွင်းထားသလို ဖြစ်သော ပိန်သွယ်သွယ် အမျိုးသမီး ကိုယ်ခန္ဓာပင်။ သူ၏ လက်များနှင့် ခြေထောက်များက ‘သစ်ပင်’ နှင့် ပေါင်းစပ်နေ၏။ မရေမတွက်နိုင်သော အမြစ်များလည်း ထွက်ပေါ်လာပြီး သွေးသွင်းပိုက်များ ကဲ့သို့ပင် သူ၏ အသက်ကို စုပ်ယူနေခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားကို သိဒ္ဓိကျက်သရေ စင်မြင့်တစ်ခုလုံးဆီ စဉ်ဆက်မပြတ် ပို့လွှတ်နေခဲ့သည်။

တကယ် တစ်ဖနီပဲ!

နဂို အပြာနုရောင် ဆံပင်က မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပို၍ အံ့ဩစရာကောင်း သည်မှာ ချန်လွေ့က သူ၏ အသက် စွမ်းအားကို သေသေချာချာ ခံစားမိ နေသော်လည်း ထိုအပြာရောင် မျက်လုံးများက သေဆုံးနေသလိုမျိုး လုံးဝ မှုန်မှိုင်းနေခဲ့ခြင်းပင်။

နှလုံးသား သေဆုံးခြင်းထက် ပို၍ ဝမ်းနည်းစရာ မရှိပေ။ ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် ယှဉ်လျှင် နှလုံးသား ဒဏ်ရာများက အထိခိုက်ဆုံးပင်။

ချန်လွေ့က တစ်ဖနီတွင် စရိုက် နှစ်မျိုးရှိကြောင်း သိခဲ့သည်။ တစ်ခုက အပြစ်ကင်းပြီး ဆွဲဆောင်မှု ရှိသည့် ပုံစံဖြစ်ပြီး နောက်တစ်ခုမှာ သန်မာပြီး ဇွဲရှိသော ပုံစံပင်။ မည်သည့်စရိုက်ပင် ဖြစ်နေပါစေ သူ၏ စိတ်ထဲတွင် အကြီးမားဆုံး စွဲလမ်းမှု တစ်ခုသာ ရှိသည်။ ထိုအရာအတွက် သူက သော့တစ်ချောင်း ဖြစ်လာခဲ့ပြီး ငွေသေတ္တာကို ရယူရန် လျှို့ဝှက် နယ်မြေထဲသို့ ဝင်ရန် ဆန္ဒရှိခဲ့သည်။ ချန်လွေ့က ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေကို သူနှင့် အတူ ဖြတ်သန်းခဲ့ ရသည့်အတွက် သူ့ကို အသက်ရှင်ဖို့ ထောက်ပံ့ပေးနေသော လှုံ့ဆော်မှုက လူသားလောကကို သွားပြီး အမေဖြစ်သူကို သွားရှာရန် ဖြစ်ကြောင်း ချန်လွေ့ သိသည်။ သူ၏ လွတ်လပ်မှုကို ရရှိပြီးနောက် သူက သွေးရောင်အင်ပါယာ၏ ထီးနန်းကို ငြင်းပယ်ခဲ့ပြီး မရင်းနှီးသော လူသား လောကကို ရောက်လာခဲ့ပြီး ဒုက္ခများ ဖြတ်သန်းပြီးနောက် မိခင်ဖြစ်သူကို ရှာတွေ့သွားခဲ့သည်။ သို့သော်…

သူ၏ စိတ်ထဲရှိ တန်ဖိုးအရှိဆုံး စွဲလမ်းမှုက ‘အမေ’ ဆိုသူကြောင့် ကွဲကြေသွားသောအခါ မည်သို့သော ထိခိုက်မှု ဖြစ်စေခဲ့မည်ကို ချန်လွေ့ စိတ်ကူးကြည့်နိုင်ပေသည်။

“တစ်ဖနီ။ ငါပြောတာ ကြားလား။” သာမန်ပြောဆိုမှုကို နေရာလွတ်ဖြင့် ပိတ်ဆို့ ခံထားရနိုင်သည် ဖြစ်ရာ ချန်လွေ့က [သရုပ်ခွဲမျက်လုံး] မှ တစ်ဆင့် သူနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ခဲ့သည်။

“ကြားလား မကြားလားတော့ ငါ မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ကို မလျှော့လိုက်နဲ့။”

“ဟိုးအရင်က မိတ်ဆွေဟောင်း တစ်ယောက်ကို မှတ်မိလား။”

“ငါ မင်းကို လာကယ်တာ။”

“ပြောတာ ကြားလား။”

“…”

ချန်လွေ့ မည်သို့ပင် ကြိုးစားပါစေ [သရုပ်ခွဲမျက်လုံး]က တိတ်ဆိတ်ပြီး မည်သည်ကိုမှ မခံစားရပေ။ အခြေခံ အကျဆုံး စိတ်ဝိညာဉ် အတက်အကျ များပင် မရှိခဲ့ပေ။ သူက အသက်မရှိ သလိုမျိုးပင်။

စွမ်းအားဖြစ်စေ၊ အစွမ်းဖြစ်စေ၊ ထိုဖွဲ့စည်းမှုက ချန်လွေ့ ယခုတွင် ဖောက်ထွင်းနိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။ သူက ကျက်သရေ မျှော်စင်ကို လွတ်လပ်စွာ အသုံးပြုနိုင် လျှင်ပင် ထိုသို့ ချုပ်နှောင်ခံရသော တစ်ဖနီကို တစ်ခါတည်း ခေါ်သွား နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ယခုတွင် ပိုကောင်းသော အချိန်တစ်ခု အတွက် စိတ်ရှည်ရှည် စောင့်ဆိုင်း နေရပေမည်။

တစ်ဖနီ၏ ပုံရိပ်က စတင်၍ မှိန်ဖျော့လာခဲ့၏။ ထိုသို့ ပြောင်းပြန် စွမ်းအားက အချိန်အကန့်အသတ် ရှိပြီး ချန်လွေ့၏ စိတ်ပုံရိပ်ကလည်း အချိန် ကုန်တော့မည် ဖြစ်ကာ တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

“ငါ့ကို စောင့်နေ။ မင်းကို ဒီကနေ ခေါ်ထုတ်သွားပေးမယ်…” ထိုစကား ပြောပြီး စိတ်ပုံရိပ်က ပျောက်ကွယ် သွားခဲ့တော့သည်။

“ရအောင်ကယ်မယ်။” သိဒ္ဓိအလင်း ခန်းမရှိ တကယ့် ကိုယ်ခန္ဓာက လက်သီးကို ကျစ်ကျစ် ဆုပ်ပြီး ပြောလိုက်လေသည်။ သူ့၏ မျက်လုံးများက နှိုင်းယှဉ်၍မရအောင် ပြတ်သားသောပုံစံ ပြသနေခဲ့၏။

All Chapters