နတ်ဝင်သည်
Vol. 64 Ch. 1031
ချန်လွေ့က ပလ္လင်ပေါ်မှ ထရပ်ပြီး ရှေ့မှ ဗာရိုနီကာကို အံ့အားသင့်စွာ ကြည့်နေလိုက်သည်။
ဗာရိုနီကာက ခီလီယာနာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသော အခါတွင် သူရဲ့ဝိညာဉ်ကို ဆုံးရှုံးလု နီးပါး ဖြစ်ခဲ့သည်။ ဝိညာဉ် အပိုင်းအစများကို သိဒ္ဓိခွက်ထဲတွင် ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် နာလန်ထူရန်အတွက် အရှိန်မြှင့်ရန် အလင်းဒြပ်စင်များစွာကို စတေးခဲ့ပြီး သူက တစ်စိတ်တစ်ပိုင်းသာ ပြန်လည် ကောင်းလာခဲ့သည်။
ထို့ကြောင့် သူက ပြန်လည်၍ နာလန်ထူလာခဲ့သည့်တိုင် ယခင်လို အသိစိတ် အပြည့်အဝ ပြန်ရနိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ ဗာရိုနီကာရဲ့ အခုလက်ရှိ အခြေအနေကို ကြည့်ရတာ သူက အပြည့်အဝ ပြန်ကောင်းလာတာ ရှင်းနေတာပဲ။ ဒါက ‘ဖန်တီးခြင်း’ စွမ်းအားရဲ့ အာနိသင်လား။ ဒါမှမဟုတ် စူပါစနစ်ရဲ့ အရည်အသွေး အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ လျှို့ဝှက်စွမ်းအားကြောင့်လား။
ချန်လွေ့ကို ပိုပြီးပင် နားမလည်နိုင် ဖြစ်စေသည်က စူပါစနစ်ထဲသို့ ဝင်ရောက်လာသော ‘အပြင်လူ’ တိုင်း ခြွင်းချက်မရှိ ထုတ်ဖယ်ခံရမည်သာ ဖြစ်သည်။ သူတို့က ထိုကြယ်စင်စု နတ်ဘုရားကျောင်းထဲ ရောက်နိုင်မည် မဟုတ်ပေ။ ကြယ်အပ်နှင်းခံ ဇိုလာနှင့် အစ်ဇဘယ်လာတို့ပင် ကြယ်အပ်နှင်းစင်မြင့်အတွင်းမှာသာ လှုပ်ရှားသွားလာနိုင်ကြသည်။
ဗာရိုနီကာက ဘယ်လိုလုပ်ပြီး ဒီခန်းမကြီးထဲကို ဘာမှမဖြစ်ဘဲ ရောက်လာပြီးတော့ မတိုက်ခိုက် ခံရတာလဲ။
ချန်လွေ့ ဗာရိုနီကာကို ကြည့်ရာ သက်ဆိုင်ရာအချက်အလက်များက စိတ်ထဲ၌ အလိုလို ပေါ်လာခဲ့သည်။
နတ်ဘုရားကျောင်းအစေခံ (ကြယ်အပ်နှင်းခြင်းကို လုပ်ဆောင်နိုင်၏)
ဝိညာဉ်စွမ်းအား - SS+
အထူးဂုဏ်သတ္တိ။ ။
နှလုံးသားအစေခံ - ထိန်းချုပ်သူ အပေါ်တွင် လုံးဝ လေးစားမှုရှိပြီး ဆန္ဒအားလုံးကို ဆန့်ကျင်ခြင်း မပြု။ (ပယ်ဖျက်နိုင်/အပ်နှင်းနိုင်)
နှလုံးသားစတေး - ထိန်းချုပ်သူက အစေခံကို စတေးနိုင် ဒါမှမဟုတ် ဖျက်ဆီးနိုင်သည်။
အာဏာ - လက်ရှိမရရှိနိုင်သေး။ (ပယ်ဖျက်နိုင်/အပ်နှင်းနိုင်)
စွမ်းရည် - လက်ရှိမရရှိနိုင်သေး။ (ပယ်ဖျက်နိုင်/အပ်နှင်းနိုင်)
နတ်ဘုရားကျောင်းအစေခံလား။
ချန်လွေ့ဟာ ထိုသို့ အသုံးအနှုန်း အသစ်ကြောင့် အံ့ဩသွားခဲ့သည်။ ဒါကြောင့် ဗာရိုနီကာက ဖယ်ထုတ် မခံရတာကိုး။ သူက တကယ်တော့ ကြယ်စင်စု နတ်ဘုရားကျောင်းရဲ့ ‘အစေခံ’ ဖြစ်လာခဲ့တာပဲ။
“အာသာ...” ဗာရိုနီကာ၏အသံက ချန်လွေ့၏ အတွေးကို ဖြတ်တောက် လိုက်သည်။
“ကျုပ်က… နဂို ‘အာသာလေး’ ဒါမှမဟုတ် ‘အာသာ’လို့ ပြောလို့ မရဘူး။” ချန်လွေ့က ‘အာသာ’အဖြစ် သူ၏ အရှေ့တွင် ဆက်ပေါ်လာရန် အစီအစဉ် မရှိခဲ့ပေ။
“နင့်ရဲ့ နာမည် အရှေ့မှာ ‘အရှင်မင်းသား’ တို့ ‘အရှင်မင်းကြီး’ တို့ ထည့်ပြီးပြောရမှာလား။ နင့်ရဲ့ အရမ်း မြင့်မြတ်တဲ့ ပုံစံက မော့ကြည့် ရမယ့် နတ်ဘုရားလို ခံစားရတယ်။ ဝိညာဉ်ထဲက အဲဒီအထူးအရာ… အမ် ‘တွယ်တာမှု’ ဒါမှမဟုတ် ‘မှီခိုမှု’လို့ သတ်မှတ်သင့်တဲ့ အဲဒီပြင်းထန်တဲ့ ခံစားချက်သာ မရှိခဲ့ရင် နင့်ရှေ့မှာ ငါ ဒူးထောက်ပြီး ရှိခိုးနေလောက်ပြီ။”
ထိုအရာက ‘နှလုံးသားအစေခံ’ အထူးဂုဏ်သတ္တိကြောင့် ဖြစ်ကြောင်း ချန်လွေ့ သိသည်။ သူက ချက်ချင်းပင် အတွေးကို ပြောင်းပြီး ၎င်းကို ပယ်ဖျက်လိုက်၏။
အသေအချာပင် ဗာရိုနီကာ၏ မျက်နှာအမူအရာ တည်ငြိမ်သွားပြီး ပြုံးလိုက်သည်။ “အခု ပိုကောင်း သွားပြီ။ တကယ်တော့ နာမည်က အရေးမကြီးတော့ဘူး။ ဘယ်သူက ငါ့ကို လက်နှစ်ဖက်နဲ့ အသူရာ ချောက်နက်ထဲက ဆွဲထုတ်ခဲ့တာလဲ ဆိုတာကို ငါ မှတ်မိတယ်။ အခု ‘နင်’က အာသာ ဖြစ်ဖြစ် ချန်လွေ့ ဖြစ်ဖြစ်ပေါ့။”
ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ သူက ထိုကိစ္စနှင့် ပတ်သက်ပြီး ထပ်မပြောတော့ပေ။
“အခု ငါ ဘယ်ကို ရောက်နေလဲ ပြောပြနိုင်မလား။”
“ဒါကို ကျုပ် အမွေဆက်ခံထားတဲ့ ‘ရှေးအမွေအနှစ်’က ဖန်တီးထားတဲ့ ‘လောက’လို့ နားလည်ထားလိုက်ပါ။”
“အတော်လေး လှနေတာပဲ…” ဗာရိုနီကာက ခန်းမ အပြင်ဘက်မှ ကြီးမားသော ကြယ်စင်စုကို ကြည့်ပြီး အံ့ဩစွာ ပြောလိုက်၏။
“တောင်းပန်ပါတယ်။ ဗာရိုနီကာ..”
“ဘာလို့ ဒီလို ပြောတာလဲ။” ဗာရိုနီကာက ချန်လွေ့၏ တောင်းပန်သော မျက်နှာကို အံ့ဩစွာ ကြည့်လိုက်သည်။
“ခင်ဗျားကို တကယ့် လွတ်လပ်တဲ့ ဘဝတစ်ခု ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်လို ရှင်းပြရမလဲဆိုတာ မသိဘူး။ ခင်ဗျားက…”
“ဒီလောကကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး ဆိုတာလား။” ဗာရိုနီကာ ဆက်ပြောလိုက်သည်။ “ငါ အဲဒါကို အတော်လေး သဘောကျတယ်။ ဒီနေရာမှာ ငါ့ရဲ့ နှလုံးသားက ဘာကန့်သတ်ချက်မှ မရှိဘဲ လုံးဝ လွတ်လပ်သလိုမျိုး ခံစားရတယ်။ ရှီအွန် နန်းတော်မှာ ငါ့ရဲ့ဝိညာဉ် လုံးဝ ပြိုလဲသွားတော့ ငေးငိုင်နေရင်းနဲ့ နွေးထွေးတဲ့ အငွေ့အသက်လေးကို ခံစားခဲ့ရတယ်။ ငါ့ဝိညာဉ် ကွဲကြေ သွားတဲ့အချိန်မှာ အဲဒါက ငါ့ဝိညာဉ်ကို ရစ်ပတ်ထားခဲ့တယ်။ အဲဒါက နင့်ရဲ့ လက်တွေလိုပဲ။”
ထိုအရာက သိဒ္ဓိခွက်၏ စွမ်းအား ဖြစ်ကြောင်း ချန်လွေ့ ရှင်းပြချင်ခဲ့ သော်လည်း သူ၏ နူးညံ့သော အကြည့်ကို မြင်လိုက်သောအခါ ချန်လွေ့ စကားမပြောနိုင်တော့ပေ။
“ငါ့ရဲ့ အသိစိတ် ပြန်ရလာတော့ တစ်နေ့ကျ မေ့သွားမှာ စိုးတဲ့အတွက် အချိန်တိုင်း အဲဒီ နွေးထွေးမှုကို မှတ်မိဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့ အသံ တစ်ခုက ငါ့ကို ခေါ်နေခဲ့တယ်။ ပြီးတော့ ငါက အဲဒီနွေးထွေးမှု ပါဝင်နေတဲ့ ကြီးမားတဲ့ ဆန္ဒအချို့ကို ပေါင်းစည်းပြီး အခုပုံစံ ဖြစ်လာတာ။ အခု ဒီမှာ ရှိနေတာ တကယ်ကို ကံကောင်းတာပဲ။ နောက်ဆုံး… ဒီနွေးထွေးမှုကို အမှန်တကယ် ထိတွေ့နိုင်ခဲ့ပြီ?”
ဗာရိုနီကာက လက်ဆန့်ထုတ်ပြီး တစ်ခုခုကို ‘ထိတွေ့’ချင် သလိုမျိုး လုပ်လိုက်သည်။ ထို့နောက် လက်ကို ပြန်ချလိုက်သည်။ “နင် ဘာကိုမှ ရှင်းပြစရာ မလိုဘူး။ စိုးရိမ်စရာ မလိုဘူး။ အစက နင်ပြောခဲ့သလိုပေါ့။ တစ်ဖက်လူ ပျော်နေရင် ရပြီ။ ပိုင်ဆိုင်စရာမလိုဘူး။ နင့်ကို ဒီလိုမျိုး ကြည့်နေနိုင်တာက ပျော်ရွှင်မှုပဲ။”
ချန်လွေ့ ခဏတာ စိတ်ခံစားမှုများ ရောထွေးနေခဲ့သည်။ သူက အမှန်ပင် ‘အာသာလေး’အဖြစ် ထိုစကားများ သူကို ပြောခဲ့ဖူးသည်။ ဗာရိုနီကာက ထိုစကားလုံးများကို “ချန်လွေ့”အား ယခုတွင် ပြောခဲ့သည်။ သူ၏စိတ်ထဲမှ ခံစားချက်က ဖော်ပြ၍ မရနိုင်ခဲ့ပေ။ နွေးထွေးမှု အနည်းငယ်က အမြဲပင် ကျန်ရစ်နေခဲ့သည်။
“ငါ့ကို ဒီခမ်းနားတဲ့ နန်းတော်ထဲ လိုက်ပြပေး။ ဒါက နောက်ပိုင်းကျရင် ငါ့ရဲ့ ‘အိမ်’ ဖြစ်လောက်တယ်။ ငါ ဂုဏ်ယူမိပါတယ်။”
“‘ဂုဏ်ယူတယ်’လို့ ပြောသင့်တာ ကျုပ်ပါ။”
ချန်လွေ့က ဗာရိုနီကာနှင့် အတူတူ ဘေးချင်းယှဉ်ပြီး အဓိကခန်းမမှ ထွက်ကာ အဆင့်မြှင့်တင်ထားသော နန်းတော်အသစ်သို့ သွားခဲ့သည်။
“မယုံနိုင်စရာပဲ။ အဲဒီပန်းတွေနဲ့ သစ်ပင်ရဲ့ အငွေ့အသက်ကတောင် ငါ့ရဲ့ဝိညာဉ်ကို သန့်ရှင်းစေပြီးတော့ သက်သောင့်သက်သာဖြစ်စေတယ်။” ထိုလုပ်ရပ်က ဝိညာဉ် အတွက် အလေ့အထ ဖြစ်သော်လည်း သူက ပင့်သက်ရှိုက်လိုက်လေသည်။ “ဒါနဲ့ ဒီနေရာ… ရေကန်ရှိရင် ပိုကောင်းမှာ။”
ချန်လွေ့က ဗလာဖြစ်နေသော နေရာကို တစ်ချက် ကြည့်လိုက်ရာ ရေကန်တစ်ခု ချက်ချင်းပေါ်လာခဲ့၏။ ဗာရိုနီကာ အံ့ဩပြီး ရှေ့ကို ခြေလှမ်း လှမ်းပြီး လက်ဖြင့် ရေကို တို့ထိ လိုက်လေသည်။။ “မယုံနိုင်စရာပဲ။”
“သဘောကျတယ်ဆိုရင် ဒီခန်းမငယ်လေးကို ခင်ဗျားရဲ့ အနားယူတဲ့နေရာအနေနဲ့ သုံးလို့ ရတယ်။ တစ်ခုခု ပြောင်းလဲဖို့ လိုအပ်ရင် အခုပဲ လုပ်ပေးမယ်လေ။”
“အင်း…”
ခန်းမငယ်လေးကို စီစဉ်ပြီးနောက် သူတို့ နှစ်ယောက်က အဓိကခန်းမမှ ထွက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့က ပြောစရာ ခေါင်းစဉ် မရှာနိုင်တော့ဘဲ အခြေအနေက အနည်းငယ် ကိုးရိုးကားရား ဖြစ်နေခဲ့သည်။
သူတို့ မသိလိုက်ခင်မှာပင် သူတို့က ယုံကြည်မှုမျှော်စင်ကို ရောက်လာပြီး ယုံကြည်မှုမျှော်စင်က အစွမ်းထက် ယုံကြည်မှုအငွေ့အသက်နဲ့များဖြင့် ဝန်းရံထားသော ကြီးမားခမ်းနားသည့် မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယုံကြည်မှုမျှော်စင်တွင် ချန်လွေ့ မူလက ထည့်သွင်းခဲ့သော ကရုဏာ၊ ဖြောင့်မတ်ခြင်း၊ သင့်လျော်ခြင်း၊ ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်း၊ ရိုသေခြင်း၊ ရိုးသားခြင်း၊ ရှက်ရွံ့ခြင်းနဲ့ သတ္တိများအပြင် ဆိုးယုတ်ခြင်း၊ ပုန်ကန်ခြင်း၊ လှည့်ဖြားခြင်း၊ ခိုးယူခြင်း၊ အသိဉာဏ်မဲ့ခြင်း၊ သစ္စာဖောက်ခြင်း စသည်တို့လည်း ရှိနေသည်။ နောက်ပိုင်းက အသူရာ၏ “လက်ရာမြောက်များ” ဆိုသည်မှာ အသေအချာပင်။
သို့သော်လည်း ချန်လွေ့က ယခု ကိုအရာကို သေသေချာချာ မြင်ခဲ့ပြီ ဖြစ်သည်။ စကြဝဠာထဲတွင် ဖန်တီးခြင်းနှင့် ပျက်စီးခြင်းကဲ့သို့ပင် အလင်းနှင့်အမှောင်က ယှဉ်တွဲလျက် တည်ရှိနေခဲ့သည်။ လူများတွင်လည်း နှစ်မျိုးရှိမည်မှာ အသေအချာပင်။
လူသားသဘာဝက ကောင်းသည်။ လူသားသဘာဝက ဆိုးသည်။
အဓိကမှာ တစ်ယောက်သောသူ၏ နှလုံးသား ရွေးချယ်မှုနဲ့ ဇွဲလုံ့လ အပေါ်တွင်သာ ရှိလေသည်။
ချန်လွေ့က လွတ်လပ်သော လူသားများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်က မည်သည့်အရာမျိုး ကြုံတွေ့ခဲ့သည် ဖြစ်စေ၊ သူ့၏ နှလုံးသားထဲတွင် အလင်းနှင့် မျှော်လင့်ချက် ရှိနေသရွေ့ ဗာရိုနီကာလို အသူရာချောက်နက်ထဲ ကျသွားသည့်တောင် တစ်နေ့ကျလျှင် ထွက်လာနိုင်ပေလိမ့်မည်။
ယုံကြည်မှုကျောက်တိုင်၏ ရွေးချယ်မှုများထဲတွင် စုစုပေါင်းအရေအတွက်အပြင် ပျက်စီးနေသော ယုံကြည်မှုကျောက်တိုင်များကိုလည်း ပြသနေပြီး ‘ထိန်းချုပ်ရန် သို့မဟုတ် ပြန်လည် တည်ဆောက်ရန် အတွက် နတ်ဘုရားကျောင်းအစေခံကို ‘နတ်ဝင်သည်’ အဖြစ် ‘အပ်နှင်း’နိုင် ဟူ၍ ဖော်ပြနေသည်။
‘နတ်ဝင်သည်’အာဏာတွင် အဆင့်များစွာ ရှိသည်။ ချန်လွေ့က ဗာရိုနီကာကို ကြည့်လိုက်ပြီး သူကို အမြင့်ဆုံး ‘နတ်ဝင်သည်’ အာဏာ အပ်နှင်းကြည့်လိုက်၏။ ဗာရိုနီကာ၏ ကိုယ်ခန္ဓာသည် တုန်ခါသွားပြီး အချက်အလက်များစွာက သူစိတ်ထဲ ရုတ်တရက် ပေါ်လာခဲ့သည်။
“အာသာလေး… အမ်.. ချန်လွေ့” ဗာရိုနီကာက ဆွဲဆောင်မှုရှိသော အပြုံးမျိုး ပြသလိုက်သည်။ “နင် ငါ့ကို ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ပေးလိုက် သလိုပဲ။ စိတ်ထဲမရှိရင် ငါ အခု အဲဒါကို စမ်းကြည့်ချင်တယ်။”
ချန်လွေ့က ပခုံးတွန့်လိုက်၏။ “မိန်းမလှလေး သဘောအတိုင်းပါပဲ။ တကယ်တော့ ဒါကလည်း ကျုပ် အလိုရှိနေတဲ့ အရာပါ။”
ဗာရိုနီကာ ယုံကြည်မှုမျှော်စင်ဆီ လျှောက်သွားပြီး ဧရာမ မျှော်စင်ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာက ရုတ်တရက် အလင်း စီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲ သွားပြီး မျှော်စင်ထဲကို ဝင်သွား၏။
ကြယ်စင်စု နတ်ဘုရားကျောင်း တစ်ခုလုံး၏ အမြင့်ဆုံး ထိန်းချုပ်သူ အနေဖြင့် ချန်လွေ့က သူ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်သည်။ ထိုအချိန် ဗာရိုနီကာက ယုံကြည်မှုမျှော်စင်နှင့် ပေါင်းစည်းနေကြောင်း ခံစားမိသည်။ ထို့နောက် သူက သတိစိတ် အနည်းငယ်ကို ခွဲထုတ်လိုက်ပြီး… ကျယ်ပြောလှသော ကြယ်ပင်လယ်ထဲ နစ်မြုပ်သွားခဲ့သလိုပင်။
အချိန်အတော်ကြာပြီးနောက် ယုံကြည်မှုမျှော်စင် လင်းလက်လာပြီး ဗာရိုနီကာက သူ၏ မျက်လုံးရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ လှပသော အပြာရောင် မျက်လုံးများထဲတွင် အံ့ဩသင့်မှုက လက်ခနဲ ဖြစ်သွားပြီး သူ့အသံက အနည်းငယ် လှုပ်ရှားနေ လေသည်။ “ငါ ခုနက စကားလုံး မှားသုံးမိလိုက်တယ်။ ‘ထူးဆန်း’တာ မဟုတ်ဘူး၊ ‘အံ့ဩစရာ’ကောင်းတာ။ အများကြီး… မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းတယ်။ ငါ တကယ် ကြယ်တစ်လုံးအပေါ် ရောက်ပြီးတော့ လူတွေ အများကြီးကို မြင်ခဲ့ရတယ်… ခံစားချက်၊ ဖြစ်ရပ်၊ ယုံကြည်မှု… အရာအားလုံးကို ခံစားနိုင်ခဲ့တယ်။ ဒါက လောကအသစ် တစ်ခုပဲ။ အဲဒီမှာ ယုံကြည်မှု ကျောက်တိုင် တစ်ခု ရှိတယ်။ စစ်ပွဲကြောင့် ပျက်စီးပြီး စွန့်ပစ် ခံခဲ့ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီနေရာကို ထပ်သွားချင်တယ်။ အဲဒီကလူတွေကို ယုံကြည်မှုနဲ့ သတ္တိတွေ ပိုပြီးတော့ ယူဆောင်လာဖို့ ကြိုးစားပြီးမယ်။ ပြိုလဲသွားတဲ့ ယုံကြည်မှုကို ပြန်ပြီး တည်ဆောက်ချင်တယ်။”
“ကြယ်စင်စုပိုင်နက်ထဲက ယုံကြည်မှုရှိတဲ့ အဲဒီဂြိုဟ်တွေထဲကို ဝင်ရောက်နိုင်တာ ‘နတ်ဝင်သည်’ရဲ့ စွမ်းရည်လား။” ချန်လွေ့က နားလည် သွားခဲ့သည်။
“အဲဒါထက် ပိုတယ်။ ငါ့မှာ တခြား စွမ်းရည် တချို့လည်း ရှိတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာအပြင် အဲဒီမှာ လုပ်ချင်တဲ့ အရာအချို့ကို လွယ်လွယ်လေး လုပ်နိုင်တယ်။ ဒါနဲ့ ငါ့ရဲ့ စိတ်ထဲမှာ အခုမှ ရလာတဲ့ အသိက ‘ကြယ်စင်စုနတ်ဘုရားရုပ်ထု’ တစ်မျိုးကို တည်ဆောက်ပြီးတော့ နတ်ဘုရားရုပ်ထုရဲ့ ယုံကြည်မှု အာဏာကို အပ်နှင်းနိုင်တယ်လို့ ပြောနေတယ်။ ဒီနတ်ဘုရားရုပ်ထုက ယုံကြည်မှုရှိတဲ့နေရာ အားလုံးဆီကို ပုံဖော်ပေးလိမ့်မယ်။ ပြီးတော့ ဒါက ဒီအမျိုးအစား ယုံကြည်မှု ကျောက်တိုင်ရဲ့ ဗဟိုချက် ဖြစ်လာလိမ့်မယ်။ ဒါက ဒီလောကရဲ့ ပိုကောင်းမွန်တဲ့ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ရုံ အပြင် နင်နဲ့အတူတူ တိုက်ခိုက်ဖို့အတွက် [တိုက်ပွဲစိတ်ပုံရိပ်] စွမ်းအားတစ်မျိုး ကိုလည်း ဆင့်ခေါ်နိုင်လိမ့်မယ်။”
နတ်ဘုရားရုပ်ထု။ [တိုက်ပွဲစိတ်ပုံရိပ်]။ ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ဒါက ဓူဝံကြယ်ခရမ်းဧကရာဇ်အဖြစ် အဆင့်တက်ပြီးတော့ ရလာတဲ့ အစွမ်းအသစ်ဖြစ်ရမယ်။
“နတ်ဝင်သည်၊ နတ်ဘုရားရုပ်ထု…” ဗာရိုနီကာ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေခဲ့သည်။ “ဒါက ငါ့ကို နတ်ဘုရားအကြောင်း သတိရစေတယ်။ အဲဒီလောကမှာ နင်က အန္တိမ နတ်ဘုရားပဲ။ ပြီးတော့ လက်အောက်ခံ နတ်ဘုရားတွေကို လောက တစ်ခုလုံးရဲ့ အသက်နဲ့ ယုံကြည်မှုကို ထိန်းချုပ်ဖို့ ခန့်အပ် ထားတယ်… ပြော။ နင်က…”
“ကျုပ်က နတ်ဘုရား မဟုတ်ဘူး။ အထူး ‘အမွေအနှစ်’အချို့ကို ရခဲ့တဲ့ သာမန် လူသား တစ်ယောက်ပါ။” ချန်လွေ့က ခေါင်းခါ လိုက်သည်။ “အခု သွားချင်တဲ့ နေရာတိုင်းကို သွားလို့ရပြီ။ ပင်ပန်းလာရင် အိမ်ပြန် နားလို့ရတယ်။”
ဗာရိုနီကာက မျက်တောင်ခတ်ပြီး ချန်လွေ့ကို ကြည့်နေလိုက်သည်။ “နင် လုပ်စရာ တစ်ခုခု ရှိတာလား။ ဒါမှမဟုတ် ငါ့အတွက် အဆင်သင့် မဖြစ်သေးတာလား...”
“တောင်းပန်ပါတယ်။” ချန်လွေ့က မိန်းမများ၏ အာရုံခံစားနိုင်မှုအတွက် ခါးသက်သက်သာ ပြုံးနိုင်ခဲ့သည်။ “နောက်ပိုင်းကျရင် ခင်ဗျားနဲ့အတူ အချိန်ဖြုန်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်။”
“‘တောင်းပန်ပါတယ်’လို့ မပြောနဲ့။ နောက်ထပ် ဘယ်တော့မှ မပြောနဲ့။ ငါလည်း နင့်ကို ‘ကျေးဇူးတင်တယ်’ လို့ ထပ်မပြောသလိုပေါ့။” ဗာရိုနီကာ အနည်းငယ် ပြုံးလိုက်၏။ “ဒါက ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပဲ။”
အရာအားလုံးကို ဖုံးလွှမ်း ထားပုံ ရနေသည့် နူးညံ့သော အကြည့်ကို ချန်လွေ့က ကြည့်နေလိုက်သည်။ အကြောင်းရင်း တချို့ကြောင့် သူက ထိုအမျိုးသမီးနှင့် အစက တွေ့ခဲ့သော ‘အာသာလေး’ကို အနည်းငယ် မနာလို ဖြစ်သွားခဲ့သည်။
“ကတိပေးတယ်။”
ဗာရိုနီကာ သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး လက်ခနဲ ဖြစ်ကာ ယုံကြည်မှုမျှော်စင်ထဲ ပျောက်ကွယ် သွားခဲ့လေသည်။