အာရုံလွှဲခြင်း
Vol. 64 Ch. 1033
ချန်လွေ့သည် စင်မြင့်ထက်တွင် မိန့်ခွန်း အရှည်ကြီး ပြောနေသည့် ဗန်တိစ်ကို အေးဆေး တည်ငြိမ်စွာ ကြည့်နေ၏။ အဖြူရောင် ဝတ်ရုံထဲ ဝှက်ထားသော သူ့လက်က လျို့ဝှက် ဆန်းကြယ်သော သင်္ကေတများကို တစ်ခုပြီးတစ်ခု တိတ်တိတ်လေး ရေးဆွဲနေ၏။
ထိုလမ်းကြောင်းများက သိဒ္ဓိကျက်သရေစင်မြင့်၌ သူ ယခင်က ကြိုးစား တည်ဆောက် ထားခြင်း ဖြစ်ပြီး ဝိညာဉ်စုစည်း မှော်စက်ဝိုင်း တစ်ခုလုံးကို အပြောင်းအလဲ အချို့ ဖြစ်ပေါ်စေမည် ဖြစ်သည်။
ဖိုက်သွန်က ပြောခဲ့ဖူးသည်။ ဝိညာဉ်စုစည်းမှော်စက်ဝိုင်းတွင် ရာဖယ်ရယ်ကိုယ်တိုင်၏ စွမ်းအားနှင့် သိဒ္ဓိအလင်းတောင်၏ ကြီးမားသည့် စိတ်စွမ်းအားများ ပါဝင်နေသည် ဖြစ်ရာ အားနည်းချက်ဟူ၍ လုံးဝ မရှိသလောက်ပင်။ တစ်ခုတည်းသော အခွင့်အရေးမှာ ဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို အပြည့်အဝ အသက်သွင်းပြီး စွမ်းအား အနည်းဆုံး ဖြစ်နေသည့် အချိန်သာ ဖြစ်၏။ ဆိုလိုသည်က ဘွဲ့ခံယူ အခမ်းအနား၌ ချုပ်နှောင်မှု ဖျက်ဆီးရန် ပြောင်းပြန် မှော်စာ နည်းလမ်းကို အသုံးပြုရမည် ဖြစ်သည်။
၎င်းက အချိန်တို အတွင်းတွင် လုပ်၍ရသော လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ထို့ပြင် ကြီးမားသော ပဟေဠိ တစ်ခုလည်း ရှိနေသေး၏။ ရာဖယ်ရယ်၏ မျက်စိအရှေ့တွင် ၎င်းကို မည်သို့ ပြုလုပ်မည်နည်း။
ထို့ကြောင့် ယနေ့ ရာဖယ်ရယ် ‘မရောက်ရှိ’ လာခြင်းဖြစ်သည်။
၎င်းက ချန်လွေ့၏ နောက်ထပ် စီစဉ်မှု တစ်ခုပင် ဖြစ်လေသည်။ ရာဖယ်ရယ်အတွက် ယခု လက်ရှိ သိဒ္ဓိသားတော် ဘွဲခံယူ အခမ်းအနား ထက်ပို၍ အရေးကြီးသော တစ်ခုခု ရှိနေမည်ဆိလျှင် ထိုအရာက... အလင်းနတ်ဘုရားကျောင်းပင်။
ထိုအချိန် ရာဖယ်ရယ်က အလင်းနတ်ဘုရားကျောင်း အရှေ့၌ ရှိနေခဲ့သည်။ သူ့ရှေ့ရှိ ထွင်းစာ မှော်စက်ဝိုင်းတွင် ခရမ်းရောင် ပုံရိပ် တစ်ခုကို ရေးရေးလေး မြင်နေရ၏။
ရာဖယ်ရယ်၏ မျက်နှာက မဖုံးကွယ်ထားသော ဒေါသများဖြင့် ပြည့်သွားခဲ့သည်။ ဒီလျို့ဝှက် ဆန်းကြယ်သူရဲ့ ဇစ်မြစ်က ဘာလဲ။ ဘယ်လိုလုပ်ပြီးတော့ အစွမ်းထက် အကာအကွယ်တွေ အများကြီးကို တိတ်တိတ်လေး ဖြတ်ပြီးတော့ အလင်းနတ်ဘုရားကျောင်းကို ရောက်လာတာလဲ။
အလင်းနတ်ဘုရားကျောင်းရဲ့ အကာအကွယ်မှော်စက်ဝိုင်းတွေမှာ ကောင်းကင်တမန်သုံးပါးနဲ့ အထူး အာရုံခံတစ်ခုသာ မရှိရင် ဖန်တီးခြင်း စာအုပ်ကို ဒီရန်သူ ခိုးသွားပြီး လောက်ပြီ။ ဒါက သိဒ္ဓိကျောင်းတော် တစ်ခုလုံး... မဟုတ်ဘူး။ ဒါက ယုံကြည်မှုကို ခိုးယူပြီး နတ်ဘုရား အဆင့် တက်လှမ်းဖို့ ကြိုးစားနေတဲ့ ကောင်းကင်တမန်တော် သုံးပါးရဲ့ အကြီးမားဆုံး အားထားရာပဲ။
ဖိုက်သွန်က လူများကို ခေါ်လာပြီး ခန်းမထဲ ကျူးကျော် ဝင်ရောက်ကာ မိုက်ကယ်၏ မျက်စိအရှေ့တွင် လေတံဆိပ်ကို ခိုးယူခဲ့စဉ်တွင် ရာဖယ်ရယ်က “နတ်ဘုရားအဆင့်နှင့် အနီးဆုံး” ဆိုသော ကောင်းကင် တမန်သုံးပါး ခေါင်းဆောင် အပေါ် အတော်လေး မကျေမနပ် ဖြစ်ခဲ့၏။ ထိုအရာက သိဒ္ဓိအလင်းတောင်မှာပင် ဖြစ်ပျက်ခဲ့လေသည်။ ဖိုက်သွန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး တခြားသူတွင် ကျက်သရေမျှော်စင် လိုမျိုး အဆောင်ပစ္စည်း တစ်ခုခု ရှိခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူတို့ကို အောင်မြင်စွာ ထွက်ပြေးခွင့် ပြုလိုက်သည်။ ထိုအရာက မည်သို့ အကြောင်းရင်းရှိပါစေ လက်ခံနိုင်ပေ။
ယခု မိုက်ကယ်က အိပ်ပျော်နေပြီး ရာဖယ်ရယ်က သိဒ္ဓိအလင်းတောင်ကို ထိန်းချုပ်နေစဉ် နောက်ထပ် အငယ်လေး တစ်ယောက်က ကျောင်းတော်ကို ထပ်မံ ကျူးကျော် ဝင်ရောက်ခဲ့ပြန်သည်။ လမ်းတလျှောက် သူနှင့် မိုက်ကယ် တို့ အတူတကွ တည်ဆောက်ခဲ့သော အကာအကွယ်ထွင်းစာများ မရှိနေသလိုပင်။ ဖန်တီးခြင်းစာအုပ် တစ်ခုခု ဖြစ်သွားသည်နှင့် အားလုံး ပြီးဆုံးသွားပေမည်။
ထို့ကြောင့် ဘွဲ့ခံယူအခမ်းအနားကို ကြီးကြပ်ရန် ‘လာရမည်’ ဖြစ်သော ရာဖယ်ရယ်က သိဒ္ဓိအလင်းတောင်၏ ထိပ်မှ အလင်းနတ်ဘုရားကျောင်းသို့ ချက်ချင်း သွားခဲ့ရသည်။ သူက ခရမ်းရောင်အလင်း ဖုံးလွှမ်းနေသော ပုံရိပ်မှာ အလင်းနတ်ဘုရားကျောင်း အရှေ့ရှိ မှော်အစီအရင်ကို ဖွင့်ရန် ကြိုးစားနေကြောင်း တွေ့လိုက်ရ၏။ မှော်အစီအရင်ကို ဖျက်နေသော အမြန်နှုန်းနဲ့ ကျွမ်းကျင်မှုတို့က ရာဖယ်ရယ်ကို ထိတ်လန့်စေခဲ့သည်။ အာရုံခံပြီးနောက် ကျောင်းတော်ကို ရောက်လာရန် အချိန်ခဏလေးသော ကြာခဲ့ပေမယ့် မှော်အစီအရင်က တဝက်ခန့် ပျက်နေလေပြီ။
“သေချင်နေတာပဲ!” ရာဖယ်ရယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခရမ်းရောင်ပုံရိပ်က နောက်ပြန်လှည့် မကြည့်ပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ပတ်ပတ်လည်မှ မှော်စာများ အမှန်ပင် ပြောင်းသွားပြီး များပြားလှသော အလင်းတန်းများ ပေါ်လာကာ ရာဖယ်ရာယ်ကို ဝိုင်းရံ လိုက်လေသည်။
ရာဖယ်ရယ် အံ့အားသင့်သွား၏။ သူက ရှေးမှော်စာတွင် ထိပ်တန်းဟု ယုံကြည်ထားခဲ့သည်။ မိုက်ကယ်ပင် ထိုနေရာ၌ သူ့ထက် နိမ့်ကျသည်။ သို့သော် လျို့ဝှက်ဆန်းကြယ်သော ထိုခရမ်းရောင်ပုံရိပ်က သူတည်ဆောက်ထားသော ထွင်းစာအစီအရင်ကို အချိန်တိုအတွင်း ဖျက်ခဲ့ရုံသာမက စွမ်းအားအချို့ကို သူ့ထံ ပြန်ပြီး တန်ပြန်ခဲ့သေးသည်။
တန်ပြန်လာသော ထွင်းစာ ဂုဏ်သတ္တိက လှုပ်ရှားမှုကိုသာ ခဏ ကန့်သတ်နိုင်ပြီး ထိခိုက်မှု အတော် နည်းကြောင်း ရာဖယ်ရယ်က ခံစား မိသည့် အတွက်ကြောင့် သူက မရှောင်ခဲ့ပေ။ သူ၏ လက်ထဲ၌ ငွေဖြူရောင် တုတ်ရှည် တစ်ချောင်း ပေါ်လာပြီး ခရမ်းရောင် ပုံရိပ်ကို ချိန်လိူက်၏။
တုတ်ရှည် ချိန်လိုက်သည့် နေရာရှိ နေရာလွတ်က ချက်ချင်း ပျက်စီး သွားပြီး ခရမ်းရောင် ပုံရိပ်ဆီသို့ ဆက်လက်၍ ရောက်ရှိလာခဲ့သည်။ ယခုနေရာမှ နေရာလွတ်က သာမန် မဟုတ်ဘဲ အဆ၁၀၀ ပို၍ပင် မာကျော၏။ ထိုကဲ့သို့ အတိုင်းအတာ ပျက်စီးသွားခြင်းက အတော်လေးကို ကြောက်စရာကောင်းနေလေပြီ။
ရာဖယ်ရယ်ကို အံ့ဩစေသည်မှာ ခရမ်းရောင်ပုံရိပ်က ထူးခြားသည့် နည်းလမ်းဖြင့် ရှေ့သို့ ဆက်ပြီး ရွေ့လျားနေခြင်းပင်။ ထိုနည်းလမ်းက မြွေတစ်ကောင်နှင့် တူသည်။ သူက လမ်းတလျှောက် အထူး ထွင်းစာများ အသုံးပြုနေခဲ့ပြီး ရာဖယ်ရယ်၏ တိုက်ခိုက်မှုကို တားဆီးနေခဲ့သည်။
ရာဖယ်ရယ်က ပညာရှင် တစ်ဦး ဖြစ်သည်။ ထိုသူက ထိုကဲ့သို့သော မှော်စက်ဝိုင်း အစီအရင်များနှင့် အလွန် ရင်းနှီးနေကြောင်း သတိထား မိလိုက်သည်။ အလင်း နတ်ဘုရားကျောင်းကို ဝန်းရံထားသော ထွင်းစာအစီအရင်များဖြင့်ပင် အလွန် ရင်းနှီးနေပုံရပြီး အကြိမ်ပေါင်း ထောင်နှင့်ချီ စစ်ဆေး လေ့ကျင့်မှုများ ပြုလုပ်ထားခဲ့သလိုပင်။ လှုပ်ရှားမှုများက အလျင်စလို လုပ်ခဲ့သလို ဖြစ်နေသော်လည်း အစီအရင်ထဲမှ နောက်ဆက်တွဲ ပြောင်းလဲမှုများ အားလုံးကို သူက တွက်ချက်ထားခဲ့သည်။ သို့သော် ရာဖယ်ရယ်၏ စွမ်းအားက ထိုမျှသာ မဟုတ်ပေ။ တုတ်ရှည်ကို တစ်ချက် ခါရမ်းလိုက်ရုံဖြင့် ပိတ်ဆို့ထားသည့် ထွင်းစာစွမ်းအားက ဗလာနတ္ထိအဖြစ် ရောက်ရှိသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ခရမ်းရောင်ပုံရိပ်ဆီ ရောက်ရှိလာခဲ့သည်။
ခရမ်းရောင် ပုံရိပ်တွင် ရှောင်ရန် အချိန် မရှိတော့ပေ။ စွမ်းအားက ပုံရိပ်နှင့် ထိတွေ့သည့် အချိန်တွင် ပုံရိပ်က ရုတ်တရက် ‘ဖောက်ထွင်းမြင်’ ရသွားခဲ့သည်။ မှန်ပေသည်။ ဟိုဘက် ဒီမြင် မြင်နေရခြင်းပင်။
ရာဖယ်ရယ်က အံ့အားသင့်နေစဉ် အနီးနားမှ ဆွဲထားသော ထွင်းစာက သူ့ကို ချုပ်နှောင် လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ထူးခြားသော အရာတစ်ခု ဖြစ်ပျက်သွား ခဲ့သည်။ နေရာလွတ် ပျက်စီးသွားခြင်းက ဖောက်ထွင်းမြင်နေရသော ပုံရိပ်ကို လှည့်ပတ်ပြီး ရာဖယ်ရယ်ဆီကို ပြန်လည် ရောက်ရှိလာခြင်းပင်။
မူလက ထိုပုံရိပ် အငွေ့အသက်က နတ်ဘုရား-ယောင် အဆင့်ကို ရောက်ရှိနေသော်လည်း ရာဖယ်ရယ် ကဲ့သို့ နတ်ဘုရား-ယောင် ထိပ်သီးပိုင်း တစ်ယောက်၏ မျက်စိထဲတွင်တော့ သူက ဘာမှမဟုတ်ပေ။ သူ့ကို တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရစေနိုင်သလို သေအောင်ပင် လုပ်နိုင်၏။ သို့သော် ကောင်းကင်တမန်က ထိုသူသည် သူ၏ တိုက်ခိုက်မှုကိုပင် တန်ပြန် စေနိုင်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ရာဖယ်ရယ်က ထွင်စာဖြင့် ချုပ်နှောင် ခံထားရပြီး ရှောင်တိမ်းနိုင်စွမ်း ယာယီ ဆုံးရှုံး သွားခဲ့သည်။ သူ့တွင် ယိမ်းထိုးရန်သာ အချိန်ရှိတော့သည်။ ကြောက်စရာ ဒဏ်ရာတစ်ခုက သူ့ခန္ဓာကိုယ်တွင် ရုတ်တရက် ပေါ်လာပြီး အက်ကွဲမှု အသေးလေးများ ဖြစ်ပေါ်စေခဲ့သည်။ ထူးခြားသော စွမ်းအား တစ်ခု၏ လှုံ့ဆော်မှု အောက်တွင် ထိုအရာက ဆက်လက်၍ ပျံ့နှံ့နေခဲ့လေသည်။ ထိုတိုက်ခိုက်မှုက အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းနေသည်ကို မြင်နိုင်ပေသည်။
သို့သော်လည်း အဖြူရောင်အလင်း တစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ပျံ့နှံ့နေသော ဒဏ်ရာက သွေးများ တစ်စက်ပင် မထွက်ဘဲ ချက်ချင်း ပြန်ကောင်းလာခဲ့သည်။ ထိုအရာက ရာဖယ်ရယ်၏ [အလင်းကုသခန္ဓာ] အထူးဂုဏ်သတ္တိပင်။ ထိုအရာက ဆာရီရယ်၏ [လဝိညာဉ်ခန္ဓာ] နှင့် နှိုင်းယှဉ်နိုင်ပြီး အံ့ဩဖွယ်ရာ ကုသ စွမ်းရည် ရှိလေသည်။ ကိုယ်တိုင် ပြန်လည် ကုသနိုင်သော စွမ်းအားက မသေနိုင်သလောက်နီးပါးပင်။
မှန်ပေသည်။ ဒိုဒို၏ တကယ့် မသေနိုင်ခြင်းပင် ကန့်သတ်ချက်များ မရှိသည်တော့ မဟုတ်ပေ။ သို့သော် ရာဖယ်ရယ်၏ လက်ရှိ စွမ်းအား အပြင် ကောင်းကင်တမန် သုံးပါး ကလည်း တစ်ဖက်တည်း ရှိနေသည့် အတွက် အသူရာချောက်နက်သာ မဆင်းလာလျှင် မည်သူကမှ သူ့ကို ကြံရာမရ အခြေအနေအထိ ရောက်အောင် အတင်းအကျပ် လုပ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သိဒ္ဓိအလင်းတောင် အိမ်ကွင်း၌ပင်။
ရာဖယ်ရယ်က ထိုလူကို တိုက်ခိုက် ခဲ့ရာ ထိုလူက တိုက်ခိုက်မှုကို ပြန်ပြီး တန်ပြန်ခဲ့သည်။ သို့သော် ရာဖယ်ရယ် လုံးဝ မထိခိုက်ခဲ့ပေ။ သရေဖြစ်နေပုံ ရသော်လည်း အမှန်တကယ်၌ ရာဖယ်ရယ်က ရှုံးနိမ့်ခဲ့လေသည်။
ထိုအရာက အမြဲတမ်း မာနကြီးပြီး စိတ်ကြီးဝင်နေသော ရာဖယ်ရယ်ကို အရှက်ရစေခဲ့သည်။ သူ တုတ်ရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ ပတ်ဝန်းကျင်မှ ထွင်းစာများအားလုံး အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ သူက ကျူးကျော်သူကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ပြုလုပ်တော့မည့်အချိန် ရန်သူ ပျောက်ကွယ်သွားကြောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။
အနီးမှ ထွင်းစာ အစီအရင်များ အားလုံး ဖရိုဖရဲ ဖြစ်နေသည်။ ရန်သူက ထွက်မသွား သေးဘဲ လျို့ဝှက် “အရှိန်အဝါ” တစ်မျိုးကို အသုံးပြုကာ ဖရိုဖရဲ ဖြစ်နေသော မှော်စက်ဝိုင်းများထဲတွင် ပုန်းနေပြီး အလစ်တိုက်ရန် စောင့်နေသည်မှာ သိသာပေသည်။
ခုန တိုက်ခိုက်မှုက ရာဖယ်ရယ်ကို ဒေါသထွက်သွား စေခဲ့သော်လည်း သူက ကျူးကျော်သူကို စတင်ပြီး အလေးအနက် ထားလာခဲ့သည်။ ရာဖယ်ရယ်ကို အံ့သြစရာ အဖြစ်စေဆုံးမှာ ထိုသူက သူ တည်ဆောက်ထားသော အစီအရင်များကို အသုံးပြုပြီး သူ့ကို စိတ်ရှုပ်ထွေးစေခဲ့ခြင်းပင်။ ဒါက ရှေးမှော်စာ ကျွမ်းကျင်တာလိုမျိုး မရိုးရှင်းဘူး။ ဒီတားမြစ်နယ်မြေနဲ့ အတော်လေး ရင်းနှီးရမယ်။ ဒါက အချိန်အကြာကြီး ပြင်ဆင်ထားသည့် ကြံစည်မှုတစ်ခုဆိုတာ သေချာတယ်။
ကောင်းကင်တမန်သုံးပါးရဲ့ မျက်စိအောက်မှာ အလင်းနတ်ဘုရားကျောင်း နယ်မြေနဲ့ ဒီလောက် ရင်းနှီးနေတာဆိုတော့...
သစ္စာဖောက်များလား။ ရာဖယ်ရယ်၏ စိတ်ထဲ၌ ရုတ်တရက် စကားလုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ပထမ ဦးစားပေးရမည်က ထိုသူကို အမြန်ဆုံး ရှာဖွေရန်ပင်။
ထိုဆိုးရွာသော ကျူးကျော်သူက စွမ်းအား နည်းပါးလေသည်။ သူ့ကို သတ်ရန်က ကြွက်တစ်ကောင်ကို နင်းသတ်သည်နှင့် မကွာခြားပေ။ သို့သော ယခု ထို‘ကြွက်’က ရာဖယ်ရယ်၏ ‘အိမ်’ထဲ ပုန်းနေ၏။ သူ့ကို ရှာတွေ့ရန် ပုန်းနိုင်သော နေရာတိုင်းကို ရှာရပေမည်။
ရာဖယ်ရယ်က စိတ်ထဲ၌ရှိနေသော ဒေါသကို ထိန်းချုပ်လိုက်ပြီး တုတ်ရှည်ဖြင့် လျို့ဝှက်ဆန်းကြယ် သင်္ကေတများ ရေးဆွဲလိုက်သည်။ သူက လမ်းတလျှောက်ရှိ မှော်စာ အစီအရင်များကို အေးအေးဆေးဆေး ပြုပြင်စစ်ဆေးနေချိန် ကျူးကျော်သူ တည်နေရာကို ရှာဖွေရန် သူ၏ အာရုံခံစားမှုကိုလည်း ချဲ့ထွင်နေ၏။ ထိုစစ်ဆေးနည်းလမ်းက အနှေးဆုံး ဖြစ်သော်လည်း နည်းလမ်းများနှင့် တည်နေရာများ လျို့ဝှက် ဆန်းကြယ် လှသော လူတစ်ယောက်နှင့် ပတ်သက်လာလျှင် အထိရောက်ဆုံး နည်းလမ်း ဖြစ်လေသည်။ ထိုအချိန် ရန်သူတွင် ပုန်းစရာနေရာ လုံးဝ ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်မှ နှိပ်စက်မည်လား၊ သတ်ပစ်မည်လား ဆိုသည်ကို ရွေးချယ်ရန် နောက်မကျ သေးပေ။
ရာဖယ်ရယ်က ကျူးကျော်သူကို အလင်းဘုရားကျောင်းတွင် စိတ်ရှည် လက်ရှည်နှင့် ရှာဖွေ နေချိန်တွင် သိဒ္ဓိကောင်းချီးခန်းမ တိမ်တိုက် စင်မြင့်အပေါ်တွင် ရာဖယ်ရယ် ‘ဆင်းသက်’ လာရန် စောင့်နေသော ပုပ်ရဟန်းမင်း ဗန်တိစ်က နောက်ထပ် အချိန်မဆွဲနိုင်တော့ပေ။
သို့သော်လည်း အလေးအနက် ထားရမည့် ဧည့်သည်များ ရှိနေသည် ဖြစ်ရာ ဘွဲ့ခံယူ အခမ်းအနားကို ရပ်တန့်ထား၍ မရနိုင်တော့ပေ။ ထို့ကြောင့် ဗန်တိစ်က ရာဖယ်ရယ် ရောက်ရှိလာမှုကို စောင့်ဆိုင်းရန် သိဒ္ဓိသားတော် ဘွဲ့ချီးမြောက်ခြင်းနှင့် အာသာက စစ်သည်တော်များကို ပြောင်းလဲပေးရန် အစီအစဉ်ကို ပြောင်းပြန်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဗန်တိစ် ကြေညာလိုက်ပြီးနောက် ‘အာသာ’က အလင်းနတ်ဘုရား အပ်နှင်းထားသော ကောင်းချီးများကို လူသိရှင်ကြား ပြသပေလိမ့်မည်။ သူက အလင်းနတ်ဘုရားကျောင်း စစ်သည်တော် အယောက်(၁၀၀)ကို အလင်းဒြပ်စင် ခန္ဓာအဖြစ် ပြောင်းလဲ ပေးတော့မည့် အချိန်တွင် အောက်မှ ဧည့်သည်များက တီးတိုး ပြောဆို နေကြသည်။ အလင်းဒြပ်စင်ခန္ဓာက အလင်းဒြပ်စင်စွမ်းအားကို လေ့ကျင့် ရာတွင် တိုးတက် စေနိုင်သည်။ ကုသခြင်း သို့မဟုတ် အလင်းဒြပ်စင် မှော်ပညာဖြင့် ကောင်းချီးပေး ခံရခြင်းရဲ့ အကျိုး သက်ရောက်မှု ကလည်း နှစ်ဆ ဖြစ်သွားလိမ့်မည်။ ရှေ့ဆက်ပြီး [အလင်းကောင်းချီးခန္ဓာ] ဖြစ်လာနိုင်လျှင် ကောင်းကင်တမန် သုံးပါး လက်အောက်တွင် သိဒ္ဓိတပည့် တစ်ယောက်ဖြစ်လာကာ ကောင်းကင်တမန် သုံးပါး ပေးသော ကောင်းချီးစွမ်းအားများကို ပိုင်ဆိုင်နိုင်မည်ဟု ဆိုကြသည်။
အလင်းဒြပ်စင် ခန္ဓာကိုယ်ကို မွေးရာပါနှင့် ရရှိခြင်းဟူ၍ ယေဘုယျ အားဖြင့် ခွဲခြားထားသည်။ မွေးရာပါ အနေနှင့် ကတော့ သိဒ္ဓိအလင်းမြို့၏ သိဒ္ဓိအင်ပါယာ တော်ဝင်မိသားစု ကသာ သက်ဆိုင်ရာ သွေးသားကို မွေးဖွားပေးလိမ့်မည်။ (သိဒ္ဓိအင်ပါယာက အဓိကအားဖြင့် သိဒ္ဓိအမွေအနှစ် စွမ်းအား၏ အကျိုး သက်ရောက်မှု ရှိသည်)
ပြောင်းလဲခြင်းအတွက်မူ အထူး ‘ကောင်းကင်စွမ်းအား’အခမ်းအနား ကျော်ဖြတ်ရမည် ဖြစ်ပြီး ဗန်တိစ် ကိုယ်တိုင် ဦးဆောင်ရသည်။ ပုံမှန် အားဖြင့် နေရာက ကောင်းကင် ချိပ်ပိတ်တောင်ထွတ်ရှိ နှင်းဖုံး တောင်ထွတ် စင်မြင့်ရှိ နှင်းဒဲလက် သစ်ပင်သုံးပင် အောက်၌ ဖြစ်သည်။ သိဒ္ဓိပင်၏ စွမ်းအားကလည်း အဓိက ကျပေသည်။
ယခု ‘အာသာ’က သိဒ္ဓိကျက်သရေ စင်မြင့်တွင် ‘သိဒ္ဓိစွမ်းအား’ကို အသက်သွင်းပြီး အလင်းနတ်ဘုရားကျောင်း စစ်သည်တော် အယောက်(၁၀၀)ကို တစ်ချိန်တည်း ပြောင်းလဲပေးမည်က လုံးဝကို မယုံနိုင်စရာပင် ဖြစ်သည်။ သို့သော် ထိုကိစ္စတွင် ပုပ်ရဟန်းမင်း ဗန်တိစ်က အလေးအနက် မထားဘဲ ပြောလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ‘အာသာ’က အတိုင်းအတာ တစ်ခု အထိ သေချာမှု ရှိရပေမည်။ ၎င်းကို တခြားသောရှုထောင့်မှ ကြည့်ပါက ‘အာသာ’သည် နောက်လာမည့် ပုပ်ရဟန်းမင်း ဖြစ်လာမည်ကိုလည်း သက်သေပြနေ၏။
အလင်းနတ်ဘုရားကျောင်း စစ်သည်တော် အယောက်(၁၀၀)က စနစ်တကျ အညီအညာ နေရာယူပြီး စင်မြင့်အောက် ရပ်နေကြသည်။
ဗန်တိစ်က ချန်လွေ့ကို မျက်ရိပ် ပြလိုက်၏။ ချန်လွေ့က ‘သိပြီးသား’ ပုံစံဖြင့် အသာလေး ခေါင်းညိတ်ပြီး သိဒ္ဓိကျက်သရေစင်မြင့်ရှိ ‘အနီရောင်စက်ဝိုင်း’ဆီကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
‘အနီရောင်စက်ဝိုင်း’က အခုတွင် မြင့်မြတ်သော အငွေ့အသက်များ အပြည့် ဖြစ်နေပြီး စင်ငယ်တစ်ခုလို အဖြူရောင် ချယ်သထား၏။ ချန်လွေ့ အဖြူရောင်ဝတ်ရုံထဲ ဝှက်ထားသော လက်များက တိတ်တဆိတ် လှုပ်ရှား နေဆဲပင်။ သူက စိတ်ထဲတွင် ထိုလှုပ်ရှားမှုများကို အကြိမ်ပေါင်း ထောင်နှင့်ချီ လေ့ကျင့်ထားသည့်တိုင် ထိုအရာက တစ်ဖနီကို ကယ်ဆယ်ရန် အရေးအကြီးဆုံးဖြစ်သည့် ဝိညာဉ် စုစည်းမှော်အစီအရင်တစ်ခုလုံး ပြောင်းပြန်လှန်ခြင်းနှင့် ဆက်စပ်နေသည်။ ထို့အပြင် အချိန်ကလည်း သိပ်မရသည့်အတွက် သူက ပေါ့ဆရဲခြင်း မရှိပေ။
စင်မြင့်ဆီသို့ လျှောက်သွားရင်း ချန်လွေ့က အနားမှ ဧည့်သည်များကို အသာလေး ဦးညွှတ် လိုက်သည်။ သူ၏ မျက်လုံးများက မဟာလက်ဇ် နှင့် ဖရီယာတို့ကို ဖြတ်သန်းသွား ပြီးနောက်တွင် ကြည်လင်လှသော အဖြူရောင် သရဖူတစ်ခုက သူ၏ ခေါင်းပေါ် ရုတ်တရက် ပေါ်လာ၏။ ထိုအရာက အလင်းသိဒ္ဓိအမွေနှစ် သုံးခုထဲမှ တစ်ခုဖြစ်သော ဆူးသရဖူ ဖြစ်ကြောင်း လူ အတော်များများက မှတ်မိခဲ့ကြသည်။ ၎င်းက ဒဏ္ဍာရီလာ [ကော်ငးကင်ကောင်းချီး] စွမ်းအားကို အသက်သွင်းနိုင်လေသည်။
ထိုသရဖူ ပေါ်လာပြီးနောက်တွင် ချန်လွေ့၏ အငွေ့အသက်က မြင့်မြတ်မှုများ ပြည့်နှက်သွားခဲ့သည်။ အဖြူရောင်ဝတ်ရုံထဲ ဝှက်ထားသော လက်များကိုလည်း ထုတ်လိုက်ရာ စုစည်းထားသော အလင်းတန်းထဲမှ မှိန်ဖျော့သော သင်္ကေတများစွာက လွင့်ပျံသွားခဲ့သည်။ ထိုအရာများက ပျောက်ကွယ်သွားပြီး အနီးအနားရှိ နေရာလွတ်ထဲ ဝင်ရောက်သွားခဲ့၏။
‘အာသာ’ သူတော်စင် အဆင့် စွမ်းအား ရှိနေပြီ ဖြစ်ကြောင်း လူအများ သတိထားလိုက်မိသည်။
ဒီမတိုင်ခင်က မင်းသားဟောင်းရဲ့ စွမ်းအားက စစ်သည်တော်အဆင့်ပဲ ရှိသေးတာ။
လအနည်းငယ်အတွင်းမှာ စစ်သည်တော်ကနေ သူတော်စင် အဆင့် ရောက်လာခဲ့တယ်။ ဒါကို ‘နတ်ဘုရားရဲ့မျက်နှာသာပေးမှု’ နဲ့ပဲ ရှင်းပြနိုင်လိမ့်မယ်။
ထိုလူများ စဉ်းစားနေသည်များကို မစောင့်ဘဲ ‘အာသာ’၏ လက်ဟန် အမူအရာ လမ်းညွှန်မှု အောက်တွင် ပတ်ဝန်းကျင်ရှိ စွမ်းအားများ၏ အငွေ့အသက်များ ပြောင်းလဲသွားပြီး ကျယ်ပြောလှသော အငွေ့အသက် အလျင်အမြန် စုစည်းလာခဲ့သည်။ ထိုကဲ့သို့ စွမ်းအားမျိုးက စိတ်ကူး မယဉ်နိုင် လောက်အောင် ဖြစ်သည်။ ၎င်းက အသေအချာပင် ‘အာသာ’၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။
လူတိုင်းက ချန်လွေ့၏ လက်ဟန် အမူအရာမှာ ပြောင်းလဲခြင်း အခမ်းအနားကို အသက်သွင်းရန် အတွက် ဖြစ်မည်ဟု ထင်ခဲ့ကြသည်။ ‘အာသာ’က ရှေးမှော်စာ စွမ်းအားကို အသက်သွင်းလိုက်ကြောင်း သူတို့က သိကြသော်လည်း ခီလန်ယာဘေးနား ရှိသော တောင်ပံ၈ခုနှင့် တမန်တော် ကာမေရယ်ပင် ဂရုမစိုက်ခဲ့ပေ။ သူက ထိုဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို ရာဖယ်ရယ် ကိုယ်တိုင် ဖန်တီးခဲ့ကြောင်း သိသည်။ ‘အာသာ’ ကလည်း ရာဖယ်ရယ် အခုအချိန် အလေးအနက် တန်ဖိုးအထားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထိုအရာများက [ကောင်းကင်ကောင်းချီး] စွမ်းအားကို တိုးမြှင့်ရန်အတွက် မှော်စက်ဝိုင်းကို အသက်သွင်းရန် ရာဖယ်ရယ်က သင်ပေးထားသော လျှို့ဝှက်ပညာ ဖြစ်မည်ဟုသာ ထင်ထားခဲ့သည်။
သိဒ္ဓိမိန်းမပျို ယူဒိုရာ တစ်ယောက် တည်းကသာ တစ်ခုခု မှားယွင်း နေသလိုမျိုး ခံစားမိခဲ့လေသည်။ အကြောင်းမှာ ‘အာသာ’သည် ပုံမှန် ‘လေ့ကျင့်မှု’အတွင်း ထို‘အပို’ လုပ်ရပ်များ မလုပ်ခဲ့ခြင်းကြောင့်ပင်။ ထိုအရာက ရာဖယ်ရယ်နှင့် ဆက်စပ် နေနိုင်သော်လည်း အကြောင်းရင်း တစ်ခုခုကြောင့် သူ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်ခံစားချက်က ပို၍ အားကောင်းလာခဲ့၏။