အာရုံလွှဲခြင်း
Vol. 64 Ch. 1035
ပါဆာလီနောက်မှ ပြေးလာသည့် အထူး အစွမ်းထက်ပုဂ္ဂိုလ်များစွာကို ဇိုလာက တစ်ယောက်ပြီး တစ်ယောက် အလွယ်တကူ အနိုင်ယူ ခဲ့လေသည်။ သိဒ္ဓိအလင်းတောင်၏ ဆရာသခင်များထဲမှ တစ်ဦးဖြစ်သည့် ကာမေရယ်က ဇိုလာ၏ မောက်မာမှုကို သည်းမခံနိုင်ပေ။
ကာမေရယ်၏ အဖြူရောင်ဝတ်ရုံ ချက်ချင်းပင် ငွေသံချပ်ကာအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်တွင် အတောင်ပံ ၄ စုံ ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်က တောက်ပသွားပြီး ထွင်းစာများမှ ဖြစ်ပေါ်လာသော အတားအဆီးကို ဖြတ်ကျော်ကာ ဇိုလာ၏ အပေါ်သို့ ရောက်လာခဲ့၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်စရာကောင်းသည့် ရွှေရောင် အလင်းက အောက်သို့ ပစ်ချလိုက် လေသည်။
မစ်-နတ်မိမယ်နဂါးက လက်ထဲမှ မှော်တုတ်တံဖြင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်၏။ ရွှေရောင်အလင်းက မရေတွက်နိုင်သော မမြင်နိုင်သည့် လက်များဖြင့် သုတ်လိုက်သလိုမျိုးပင် ချက်ချင်း မှိန်သွားခဲ့လေသည်။ ထိုတိုက်ခိုက်မှုက သာမန်ဟူ၍သာ ထင်ရသော်လည်း ကာမေရယ်က ပြိုင်ဘက်၏ စွမ်းအား အဆင့်ကို စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။ ထိုအမျိုးသမီး၏ နည်းလမ်းများက ထူးဆန်းပြီး မခန့်မှန်းနိုင်သော်လည်း သူ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အလတ်ပိုင်းထက် နိမ့်လောက်ပြီး နတ်ဘုရားတစ်ပိုင်း ထိပ်သီးပိုင်း အဆင့်ဖြစ်သော သူနှင့် အများကြီး ကွာခြားနေသည်။ ကာမေရယ်က မောက်မာသော အမူအရာကို ဖော်ပြ လိုက်လေသည်။ သူက လေထဲကို လက်သီးဖြင့် ထိုးလိုက်ရာ အလင်းတန်းကဲ့သို့ အစွမ်းထက်သော လက်သီးချက်များစွာက ဇိုလာကို ဝိုင်းရံသွားခဲ့သည်။
ဖောက်ထွင်းမြင်ရသော အလင်း ဒိုင်းတစ်ခုက ဇိုလာ၏ ဘေးနာတွင် ပေါ်လာခဲ့သည်။ ထိုအလင်းဒိုင်းက ချောမွတ်နေပုံရပြီး ဖြောင့်တန်းသော အလင်းတန်းများက အဝိုက်အဖြစ် ကွေးသွားပြီး လျှောထွက်သွားကြ၏။ ထိုအရာက ရိုးရှင်းသော တွန်းလှန် စွမ်းအား မဟုတ်ဘဲ တိုင်းပြည် စွမ်းအား ဖြစ်လေသည်။
အပြင်းအထန် တိုက်ခိုက်မှုအပြီး အနီးအနားမှ မှော်စာ စွမ်းအားဖြင့် ကာကွယ်ထားသော မြေပြင်ပေါ်မှာ ပျက်စီးနေသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အလင်းဒိုင်းထဲတွင် ရှိနေသော ဇိုလာက အန္တရာယ် ကင်းနေဆဲပင်။ သို့သော် သူက အရေးနိမ့်နေသည်မှာ ထင်ရှား၏။
ဇိုလာက စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း၏ နေရာလွတ် ကန့်သတ်စွမ်းအားကို ဖော်ထုတ်လိုက်သည့်အတွက် လေကို ထိမှန်သွားသော အလင်းတန်းများက အစ်ဇဘယ်လာနှင့် ယူဒိုရာတို့၏ တိုက်ပွဲကို သက်ရောက်မှု မရှိခဲ့ပေ။ ချန်လွေ့ကိုလည်း သက်ရောက်မှု မရှိခဲ့ပေ။
ချန်လွေ့က တစ်ဖနီ၏ ခန္ဓာကိုယ် အနားကို ရောက်လာခဲ့ပြီ ဖြစ်သည်။ သူ အသက်သွင်းခဲ့သော ပြောင်းပြန် မှော်စာ စွမ်းအားအောက်တွင် သူ၏ အသက် စွမ်းအားကို ခမ်းစေခဲ့သော အမြစ်တွေက ပြန်ဝင်သွားခဲ့သည်။ တစ်ဖနီ၏ ဖျော့တော့ နေခဲ့သော အသားအရေက ပြန်လည်ကောင်းမွန် လာခဲ့ပြီး သူ၏ အသက်စွမ်းအား ကလည်း အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော် မှိတ်တဝက် ပွင့်တဝက် ဖြစ်နေသော မျက်လုံးများက မှိန်ဖျော့နေဆဲဖြစ်ပြီး ဝိညာဉ်ကို လုံးဝ မရှိတော့သလိုပင်။
“တစ်ဖနီ...”
ချန်လွေ့၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း စတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း တစ်ခုလုံးနှင့် တိမ်တိုက်စင်မြင့် တစ်ခုလုံး ထိုအသံဖြင့် ပဲ့တင်ထပ် နေခဲ့ပြီး တစ်ဖနီ၏ စိတ်ဝိညာဉ်ထဲသို့ အထူး တုန်ခါမှုပုံစံဖြင့် ထိုးဖောက် ဝင်ရောက်နေသည်။
ယူဒိုရာက ထိုအသံ ကြားလိုက်ရာ တုန်လှုပ်သွားခဲ့သည်။ ‘အာသာ’ က တကယ် တစ်ဖနီအတွက် ရောက်လာ ခဲ့တာပဲ။ ငါ့သမီးနဲ့ ဒီနတ်ဆိုးဘုံက အမျိုးသမီးနဲ့... သူ့ရဲ့ ဆက်ဆံရေးက ဘာလဲ။
အာရုံလွင့်နေစဉ် အစ်ဇဘယ်လာက သူ့ကို ခပ်ပြင်းပြင်း ပါးရိုက်လိုက်သည်။ ယူဒိုရာက အလွန် ဒေါသထွက်ပြီး ထိတ်လန့် သွားခဲ့သည်။ သူ့တွင် သိဒ္ဓိကောင်းချီး တောင်ထွတ် တစ်ခုလုံးမှ ယုံကြည်မှု တိုးမြှင့်မှု ရှိသည့်အတွက် ရန်သူက သူ့ထက် စွမ်းအား ကြီးမားသည့်တိုင် အထူး ယုံကြည်မှု စွမ်းအားဖြင့် ကြီးကြီးမားမား ဖိနှိပ်နိုင်သင့်သည်။ သို့သော်လည်း အစ်ဇဘယ်လာ၏ လက်ရှိ စွမ်းအားအဆင့်က သူနှင့် အတူတူ ဖြစ်နေသည်မှာ ထင်ရှားနေ သော်လည်း သူက သိဒ္ဓိကောင်းချီး တောင်ထွတ်၏ သက်ရောက်မှုကို အသေအချာပင် မခံရပေ။ ဒီအစား ယူဒိုရာက အလွယ်တကူ အနိုင်ကျင့် ခံနေရလေသည်။
ယူဒိုရာနှင့် အစ်ဇဘယ်လာတို့ အကြားမှ စကားပြောဆိုမှုက အသံကို ဖိနှိပ်ထားခဲ့ခြင်းဖြစ်ရာ ကာမေရယ်က သူ့ဘက်တွင်ရှိသော မူမမှန်ခြင်းကို ကြားမကြား ယူဒိုရာ မသေချာခဲ့ပေ။ သို့သော် သူ့စိတ်ထဲ အတွေးတစ်ခုက ပိုခိုင်မာလာခဲ့သည်။ သတ်ပစ်။
ဒီမိန်းမကို သတ်ပစ်။
အာသာကို သတ်ပစ်။
အစ်ဇဘယ်လာ၏ အမြန်နှုန်းက စိတ်မကူးနိုင်လောက်အောင် ဖြစ်နေသော်လည်း သူ့ကို မသတ်ဘဲ ယူဒိုရာကို အနိုင်ဆက်ကျင့်နေရသည့် အကြောင်းရင်းမှာ သိဒ္ဓိကောင်းချီး တောင်ထွတ်၏ အင်အားကြီး အစောင့်အရှောက် ယူဒိုရာက အပေါ်ယံတွင် ခုခံရန် ကြိုးစားနေ သော်လည်း အမှန်တကယ်၌ သူက အဆုံးသတ် တိုက်ကွက်တစ်ခုကို စွမ်းအားစုစည်းနေ၍ပင်။
“[မိစ္ဆာဖျက်ဆီးသိဒ္ဓိခန္ဓာ]။”
ထိုအရာက သိဒ္ဓိကောင်းချီး တောင်ထွတ်၏ ဂိုဏ်းချုပ်တွင်သာ ရှိသော အဆုံးသတ် တိုက်ကွက်တစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးချကာ ယုံကြည်မှု စွမ်းအားကို စုစည်းသော အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှု ဖြစ်၏။ ထိုတိုက်ခိုက်မှု အပြီးတွင် ယူဒိုရာ၏ ခန္ဓာကိုယ်က အလွန်အားနည်းသော အခြေအနေသို့ ကျရောက်သွားလိမ့်မည်။ သို့သော် သူက အစ်ဇဘယ်လာကို နေရာမှာပင် သတ်ပစ်နိုင်မည်ဟု လုံးဝ ယုံကြည်မှု ရှိနေသည်။ ထို့နောက်တွင် သူက ‘အာသာ’ကို သတ်ပစ်မည် ဖြစ်သည်။ လျှို့ဝှက်ချက် အားလုံးကို ထာဝရ မြှုပ်နှံထားရန် အတွက်ပင်။
ယခုတွင် တစ်ခုတည်းသော လိုအပ်သည်က စွမ်းအားစုစည်းရန် အချိန်ပင် ဖြစ်သည်။
“တစ်ဖနီ...” ၎င်းက သူ ခေါ်ခဲ့သော တတိယ အကြိမ်မြောက် ဖြစ်သည်။
ထိုကဲ့သို့ သေဆုံးပြီး မီးခိုးရောင် မျက်လုံးများထဲတွင် အာရုံစိုက်မှု အနည်းငယ် ပြန်ရလာပြီး ချန်လွေ့၏ မျက်နှာကို စူးစိုက် ကြည့်နေသည်။ သူက ချန်လွေ့ကို လှုပ်ရှားမှုမရှိဘဲ ကြည့်နေ၏။
ပထမဆုံး သွေးရောင်အင်ပါယာ၌ သူ တွေ့ခဲ့သော ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိသော ကောင်မလေးနှင့် လျို့ဝှက်နယ်မြေမှ ခေါင်းမာသော ကောင်မလေးတို့က ချန်လွေ့၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော် ရှေ့မှ ထိုင်းမှိုင်းသောပုံစံနှင့် လုံးဝ မတူနေပေ။ သူက တစ်ဖနီကို ကရုဏာသက်ပြီး သက်ပြင်းချကာ လက်ကို ဆန့်တန်းလိုက်သည်။
“တစ်ဖနီ...”
သူ၏ မျက်လုံးများက အကြာကြီး ခြောက်သွေ့နေခဲ့ရာ မလှုပ်ရှားနိုင် တော့သလိုမျိုးပင် တန့်နေခဲ့၏။
ထိုအချိန် ဆန့်ထုတ်လိုက်သော လက်ဖဝါးမှ သွေးရောင်ဖျော့ဖျော့ အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုငြိမ်သက်နေသော မျက်လုံးများကို ဆွဲခေါ်ခံလိုက်ရကာ ဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့သည်။
သူ၏ မျက်လုံးများက ထိုအလင်း ဖျော့ဖျော့လေးကို စူးစိုက်ကြည့်လိုက် သောအခါ မျက်ဆံကျယ်ကျယ်က အပြင်းအထန် တုန်ခါသွားခဲ့သည်။
ထိုအရာက အားကောင်းသော အလင်းတစ်ခုကို ထုတ်လွှတ်နေသော အနက်ရောင်လက်စွပ် တစ်ကွင်းပင်။
“ငါနဲ့အတူ လိုက်ခဲ့။”
ဒီအသံ၊ ဒီစကား...
သူ၏ နှုတ်ခမ်းများ လှုပ်ရှားလိုက် သော်လည်း စကားပြောရန် ခွန်အား မရှိခဲ့ပေ။ သို့သော် ခြောက်သွေ့သော မျက်ခွံက အနည်းငယ် တလက်လက် ဖြစ်ခဲ့သည်။
“မင်းရဲ့စိတ်တွေကို လျှော့ပြီးတော့ ငါ့ရဲ့ စွမ်းအား လမ်းညွှန်မှုကို လက်ခံလိုက်။”
ချက်ချင်းဆိုသလို နွေးထွေးသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့ပြီး သူ၏ ဝိညာဉ် တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သော မြူခိုးများ ပျောက်ကွယ်လာခဲ့သည်။
ချုပ်နှောင်ထားသော ‘အမြစ်’များ ပျက်စီးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ပင်စည်လည်း ကွာကျသွားခဲ့သည်။
တစ်ဖနီက မှော်စက်ဝိုင်း ‘မျက်လုံး’ ဖြစ်သည်။ ထိုအပြောင်းအလဲကြောင့် စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း တစ်ခုလုံး ပြိုလဲတော့မလို လှုပ်ခါ နေသည်ကို ကာမေရယ် ခံစားလိုက် ရလေသည်။ သူက ထိတ်လန့်သွားပြီး ဇိုလာကို အရှင်ဖမ်းမည့် အကြံအား ဖယ်ရှားလိုက်ရသည်။ သူ၏လက်ထဲ ငွေရောင်လှံတစ်ချောင်း ပေါ်လာ၏။
စီရင်ချက်လှံ။
ထိုအရာက ကာမေရယ်၏ အစွမ်း အထက်ဆုံး အဆောင်ပစ္စည်း ဖြစ်၏။ ဇိုလာ၏ ခုခံမှု ဥပဒေသက အလွန် ပါးနပ်ပြီး ဒြပ်စင်၆ခု ပေါင်းစပ်ပါဝင် နေသော်လည်း စီရင်ချက်လှံက ခုခံမှု အားစက်ကွင်းကို ထိုးဖောက်ပြီး ဒီအမျိုးသမီးကို ထိုးစိုက်နိုင်မည်ဟု ယုံကြည်နေလေသည်။
စီရင်ချက်လှံက မျက်စိစူးအောင် တောက်ပနေသော နေလုံးကဲ့သို့ အစွမ်းထက် အလင်းရောင်ဖြင့် လင်းလက်နေသည်။ ကာမေရယ်က ချက်ချင်းသတ်ပစ်မည့် တိုက်ခိုက်မှု တစ်ခုကို လုပ်တော့မည့် အချိန်တွင် အောက်မှ ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးက သူ့ကို မော့ကြည့် လိုက်ကြောင်း မြင်လိုက်ရသည်။ တောင်ပံ၈ခုရှိသော တမန်တော်က ထူးခြားသော အကြည့်တစ်ခုက သူ့ဆီကို တည့်တည့်လာနေကြောင်း ခံစားလိုက်ရသည်။ ထိုအရာက သူ၏ အကြည့်ကို ဆွဲဆောင်နေသည့် အထူး မှော်ပညာ တစ်မျိုးကို သယ်ဆောင် ထားသလိုမျိုးပင်။
မျက်လုံးချင်း ဆုံသွားသောအခိုက် ခရမ်းရောင် မျက်လုံးထဲတွင် ၆ရောင် ရောင်စုံအလင်းများက အမှန်တကယ် လှည့်ပတ်နေကြောင်း ကာမေရယ်က သေသေချာချာ မြင်ခဲ့ရသည်။
လှည့်နေသော ရောင်စုံအလင်းတွင် ဝိညာဉ်အားလုံးကို ဆွဲဆောင်နေသော အထူး စွမ်းအားတစ်ခု ရှိနေဟန် တူသည်။ ကာမေရယ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုတွင် မတော်သော်လည်း တိုက်ပွဲများစွာကို ဖြတ်သန်းဖူးသည် ဖြစ်ရာ ထိုလှည့်ကွက်လေးက သူ့ကို ရှုပ်ထွေးအောင် လုပ်နိုင်မည် မဟုတ်။ စီရင်ချက်လှံ တောက်ပသွားပြီး သူက ထိုပုံရိပ်ယောင်စွမ်းအားမှ လွတ်မြောက်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် သူက ကြီးမားသော အန္တရာယ် တစ်ခုကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ နေရာလွတ်ထဲတွင် ခရမ်းရောင် ဝတ်ထားသော အမျိုးသမီး၏ မျက်လုံးထဲမှ မြင်ကွင်းနှင့်တူသော အလင်းတန်း၆ခုကို ထပ်မြင်လိုက်၏။
အလင်းတန်း ၆ခုက အရှိန်အဟုန် ပြင်းစွာ လှည့်ပတ် နေလေသည်။ မျက်စိ တစ်မှိတ်အတွင်း ၎င်းတို့က ဖောက်ထွင်းမြင်ရသော အရောင်မဲ့ အလင်းအဖြစ် အမြန် ပေါင်းစည်း သွားခဲ့သည်။
[ဒြပ်စင်အမျက်]!
အဝေးက နတ်သူငယ် ခီလန်ယာ၏ ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်လုံးများက အနည်းငယ် ကျုံ့သွားခဲ့သည်။ သူက ဇိုလာ၏ အဆုံးသတ် တိုက်ကွက်ကို ရင်ဆိုင် ခဲ့ရစဉ်က စိတ်လှည့်သစ်တောတွင် ဖြစ်သည်။ ယခုတွင် ထိုတိုက်ကွက်၏ စွမ်းအားက ယခင်ထက် အများကြီး ပိုမို၍ ကြီးမားနေခဲ့သည်။ သူက အထွတ်အထိပ် အခြေအနေမှာပင် ဇိုလာကို ယှဉ်နိုင်ရန် မသေချာပေ။
အဖေ အလူစီယာက ပြောဖူးတယ်။ ‘ဒြပ်စင်နတ်ဘုရားမသရဖူ’နဲ့ ဇိုလာက အချင်းချင်း ရွေးချယ် ခဲ့ကြတာတဲ့။ တကယ်လို့ အဲဒါက ရွေးချယ်ခဲ့တာဆို နတ်မိမယ်နဂါးရဲ့ လမ်းကြောင်းက အခုမှစတာ။ တကယ်ကို ဒါက စောင့်ကြည့်ဖို့ တန်တာပဲ...
[ဒြပ်စင်အမျက်]ဖြင့် လွှမ်းမိုးခံနေ ရသော ကာမေရယ်က သူသည် လုံးဝ ချုပ်မိနေသလို ခံစားလိုက်ရသည်။ သူက ကိုယ်ပိုင်ခွန်အားကို သိသည့် အတွက်ကြောင့် ရှောင်တိမ်းရန် လုံးဝ လက်လျှော့လိုက်ပြီး စီရင်ချက်လှံကို ပစ်လွှတ်လိုက်၏။
လှံက လေထဲ၌ ဖြောင့်တန်းသော အလင်းတန်းတစ်ခု ဖြစ်သွားစေပြီး လမ်းတလျှောက်တွင်ရှိသော ထွင်းစာ အခင်းအကျင်းကြောင့် ယိုယွင်းသည့် နေရာလွတ်က ဖျက်ဆီး၍မရသော ထက်မြက်လှသည့် ချီစွမ်းအင်ကြောင့် အလွယ်တကူ ပျက်စီးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက အကာအကွယ်အတားအဆီးကို ဖြတ်ကျော်သွားခဲ့သည်။
စီရင်ချက်လှံ ပစ်လွှတ်လိုက်သည့် အချိန်တွင် လုံးဝ ပေါင်းစပ်ထားသော အရောင်မဲ့ အလင်းတန်း၆ခုက ခဏ ရပ်တန့်သွား၏။ အရောင်မဲ့အလင်းက ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားပြီး ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း တစ်ခုလုံးက လှုပ်ခါသွားခဲ့လေသည်။ အနီးအနားရှိ နူးညံ့သလိုဖြစ်သော တောက်ပမှုအနီး နေရာလွတ်အားလုံး ပျက်စီးသွားကာ မည်သည်ကိုမှ မထိန်းထားနိုင်သော လေဟာနယ် တစ်ခုအဖြစ် ပြိုလဲသွားတော့သည်။
စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း၏ သီးခြား စွမ်းအားနှင့် ဗန်တိစ်၏ အမိန့်ဖြင့် အသက်သွင်းလိုက်သော အကာအကွယ် မှော်စက်ဝိုင်းများ ရှိနေသည့်တိုင် အဝေးတွင်ရှိနေသော ဧည့်သည်များက ကြီးမားလှသော စွမ်းအားကို ခံစားမိပြီး ထိတ်လန့် သွားကြဆဲ ဖြစ်သည်။
အပြင်လူများက အပျော် ကြည့်ပြီး အတွင်းလူများက ကျွမ်းကျင်မှုကို ကြည့်သည်။ တိုင်းပြည်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များပင် ဇိုလာနှင့် ကာမေရယ်တို့ အကြားမျ တိုက်ပွဲ၏ လျို့ဝှက်ဆန်းကြယ်မှုကို မြင်နိုင်မည် မဟုတ်။ နတ်ဘုရားတစ်ပိုင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များသာ နားလည် နိုင်ကြသည်။
စတန်ဝဲလ်၏ မျက်နှာအမူအရာက အတော်လေး မလှမပ ဖြစ်နေ၏။ ယခင်က သူသည် ဇိုလာ၏ ပြိုင်ဘက် မဖြစ်နိုင်ဟု တွေးနေခဲ့သော်လည်း ယခု ထိုမြင်ကွင်းကို မြင်လိုက်သော် ‘မဖြစ်နိုင်’က ‘သေချာပေါက်’ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဇိုလာက နတ်ဘုရားတစ်ပိုင်း ထိပ်သီးပိုင်း ကာမေရယ်နဲ့ ယှဉ်နိုင်နေတာ အသာ ထားဦး။ ဒီတိုက်ခိုက်မှု စွမ်းအားက ၁၂ခေါက်လောက် သတ်နိုင်တယ်။
နဂါးတွေရဲ့ ထိပ်တန်း ပညာရှင် ဆိုတဲ့အတိုင်းပဲ။
သို့သော် ဇိုလာ၏ လက်ရှိ အခြေအနေလည်း ကောင်းမွန်သည် မဟုတ်ပေ။ ကာမေရယ်၏ စီရင်ချက်လှံက အကာအကွယ်ဒိုင်းကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ နဂါးများတွင် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းသော်လည်း နတ်မိမယ်နဂါး ကတော့ အားအနည်းဆုံး ဖြစ်သည်။ ကာမေရယ် စွမ်းအားအပြည့်ကို ခံရလျှင် သူက ဒဏ်ရာရသွားနိုင်ချေ များပြီး သေပင်သေနိုင်၏။
ယခုတွင်တော့ စတန်ဝဲလ်က စိတ်မသက်မသာ ဖြစ်နေပြန်သည်။ မာရီယာနှင့် ရန်ငြိုး ရှိသော်လည်း ထိုအရာက နဂါးများ၏ အတွင်းရေး ပဋိပက္ခသာ ဖြစ်သည်။ ဇိုလာကို အနာဂတ်အတွက် နဂါးများ၏ အကြီးမားဆုံးသော မျှော်လင့်ချက် အဖြစ် သတ်မှတ်နိုင်ပေသည်။ သူ့ကို တစ်ခုခု ဖြစ်ခဲ့လျှင် ‘ပွဲကြည့်သူ’ စတန်ဝဲလ်အတွက် နဂါးဧကရာဇ်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
လေထဲရှိ ‘လေဟာနယ်’ကို အနီးအနားမှ နေရာလွတ်များက အလျင်အမြန် ဖြည့်ပေးလိုက်ပြီး ပျောက်ကွယ်သွားပြီးနောက် ကာမေရယ်၏ ပုံရိပ် ပေါ်လာခဲ့သည်။ မူလက သူရဲကောင်းဆန်နေခဲ့သော တောင်ပံ၈ခု တမန်တော်က ယိုယွင်း ပျက်စီးနေပုံရသည်။ ငွေရောင် အတောင်ပံများက နေရာတိုင်းတွင် ပြန့်ကျဲနေသည်။ ငွေရောင်ချပ်ကာ၌ ပျက်စီးမှု အနည်းငယ်က ထင်ရှား နေခဲ့သည်။ သူ၏ ထိတ်လန့်ပြီး ဒေါသထွက်နေသော မျက်နှာပေါ်မှာ သွေးရာတစ်ခု ရှိနေ၏။
နတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အလတ်ပိုင်းတောင် မရောက်သေးတဲ့ အမျိုးသမီးက ဒီလိုမမျှော်လင့်ထားတဲ့ အင်အားကြီး တိုက်ခိုက်မှု တစ်ခုကို တကယ် လုပ်နိုင်ခဲ့တယ်။ သူက နေရာလွတ်ကိုတောင် ပြောင်းလဲပစ်နိုင်ခဲ့တယ်။ ငါ့မှာ ခုခံမှုနဲ့ နေရာလွတ် ပါရမီ နှစ်ခုသာ မရှိခဲ့ရင် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့မှာ။
ဒါပေမဲ့ သူကလည်း စီရင်ချက်လှံနဲ့ ထိသွားတော့ သေရင်သေ၊ မသေရင် ဒဏ်ရာရသွားမှာပဲ။
ကာမေရယ်၏ အကြည့်က အောက်မှ မြေပြင်ကို ရောက်သွားပြီး ငွေဖြူရောင်လှံက ထိုနေရာတွင် ထိုးစိုက်နေသည်ကို မြင်လိုက်ရ၏။ ၎င်းကို ဗဟိုပြုပြီး ပတ်ပတ်လည်၌ ပင့်ကူအိမ်လို အက်ကွဲကြောင်းများ ရှိနေသည်။ အက်ကွဲကြောင်းတွေက အချင်း မီတာဒါဇင်နှင့်ချီ ရှိနေသည်။ သို့သော်လည်း ခရမ်းရောင်ဝတ် အမျိုးသမီး၏ ‘အလောင်း’ ကို တွေ့ရပေ။ သွေးစက်များနှင့် အခြား ခြေရာလက်ရာများပင် မရှိခဲ့ဘူးပေ။ သူက ရုတ်တရက် ပျောက်ကွယ်သွား သကဲ့သို့ပင်။
ထိုအချိန် ကွင်း၏တခြားတစ်ဖက်၌ အချိန်အကြာကြီး အင်အား စုစည်း ထားခဲ့သော ယူဒိုရာက နောက်ဆုံး တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့သည်။ သူက ရုတ်တရက် အလင်းခန္ဓာကိုယ် အဖြစ် ပြောင်းသွားပြီး ချွန်ထက်သော ဓားထောင်နှင့်ချီ ကဲ့သို့ပင် မရေတွက် နိုင်သော အင်အား ကြီးမားသည့် အဖြူရောင်အလင်းများ ပေါက်ကွဲ ထွက်ကာ အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက် လိုက်လေသည်။
အံ့သြစရာ ကောင်းသည်မှာ အစ်ဇဘယ်လာက သူထင်ထားသလို အော်ဟစ်ခြင်း မရှိခဲ့ပေ။ သူက ခပ်ဖွဖွ တုန်ခါသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီး တစ္ဆေလို ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ကာမေရယ်က နောက်ဆုံးတွင် သူ၏ စီရင်ချက်လှံက လွဲချော်သွားကြောင်း သိလိုက်ပြီး ဒေါသပေါက်ကွဲသွား၏။ သူက လူတိုင်းကို လှည့်စားခဲ့သော ကွင်းထဲ တစ်ယောက်တည်းသာ ကျန်နေသော ‘ရန်သူ’ အာသာကို စူးစိုက်ကြည့်နေလိုက်တော့သည်။