ထိတ်လန့်စရာအချိန်
Vol. 64 Ch. 1036
ချန်လွေ့က တစ်ဖနီကို စိတ်ဝိညာဉ်စုဆောင်း မှော်စက်ဝိုင်း၏ နောက်ဆုံးသော အချုပ်အနှောင်မှ လွတ်မြောက်စေရန် ကြယ်စွမ်းအားများ ဖြည့်သွင်းပေးနေခဲ့သည်။
ဇိုလာနှင့် အစ်ဇဘယ်လာတို့၏ တိုက်ပွဲက သူ၏ အာရုံထဲတွင် အမြဲရှိ သော်လည်း ဝင်ရောက် စွက်ဖက်ခြင်း၊ ကယ်ဆယ်ခြင်း မပြုခဲ့ချေ။
ကာမေရယ်နှင့် ယူဒိုရာတို့ မြင်တွေ့ ရသည့်အတိုင်းပင် ဇိုလာနှင့် အစ်ဇဘယ်လာတို့ ရှုံးနိမ့်ပြီးနောက် ပုံရိပ်ယောင်များကဲ့သို့ ပျောက်ကွယ် သွားခဲ့သော်လည်း ကိုယ်တိုင်တွင်မူ တကယ့်ထိခိုက်မှု မရှိခဲ့ပေ။
ထိုအရာသည် [တိုက်ခိုက်ရေး စိတ်ပုံရိပ်] ဖြစ်ပြီး ကြယ်အပ်နှင်းခြင်း စင်မြင့်၏ အံ့ဖွယ်စွမ်းရည်အသစ်များ အနက်မှ တစ်ခု ဖြစ်လေသည်။
‘ဓူဝံကြယ်နီဧကရာဇ်’ အဆင့်တွင် ချိတ်ဆက်ထားသော ပစ်မှတ်က ကြယ်အပ်နှင်းခြင်း လက်ခံပြီးနောက်၊ ကြယ်အပ်နှင်းခြင်းစင်မြင့်တွင် သက်ဆိုင်ရာ ရုပ်ထုများ ပေါ်လာမည် ဖြစ်သည်။ ကြယ်အပ်နှင်းခြင်းစင်မြင့် အတွင်းသို့ ၎င်းတို့ကို ပေါင်းစည်း နိုင်ပြီး [ကြယ်ဂိတ်] ကဲ့သို့သော နေရာလွတ် ရွှေ့ပြောင်းမှုများအတွင်း သယ်ဆောင်နိုင်မည်ဖြစ်သည်။ အန္တရာယ်ရှိသောအခါ ထိခိုက်မှုမှ ရှောင်ရှားရန်နှင့် ဒဏ်ရာများ ပြန်လည်သက်သာရန် ကြယ်အပ်နှင်းခြင်း စင်မြင့်ထဲတွင်လည်း ထားရှိနိုင်သည်။
‘ဓူဝံကြယ်ခရမ်းဧကရာဇ်’ အဆင့်သို့ တိုးမြှင့်ပြီးနောက် ကြယ်အပ်နှင်းစင်မြင့်၏ လုပ်ဆောင်ချက်ကို ပို၍ မြှင့်တင် ပေးခဲ့သည်။ မူရင်းပေါင်းစည်းချိန်ကို ၃နာရီမှ ၃ရက်အထိ တိုးမြှင့်ခဲ့ပြီး ရုပ်ထုများအပေါ်တွင် အခြေခံ၍ ‘ကြယ်စင်စုနတ်ဘုရားရုပ်ထု’ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ထိုကြယ်စင်စုဘုရားရုပ်ထုသည် ကြီးမားသော နေအဖွဲ့အစည်းရှိ ယုံကြည်မှု နေရာအချို့သို့ ပုံရိပ်ယောင်များ ထုတ်လွှင့်နိုင်ပြီး သက်ဆိုင်ရာ ယုံကြည်မှုစွမ်းအားကို လက်ခံမည့် ယုံကြည်မှု ကျောက်တိုင်၏ အဓိကဗဟိုချက် ဖြစ်လာနိုင်ကာ ဒေသခံ ‘နတ်ဘုရား’ နှင့်လည်း ညီမျှပေသည်။
ထိုအရာကြောင့် ရရှိလာသော အကျိုးကျေးဇူးများ များပြားလှ၏။ နေအဖွဲ့အစည်း၏ ယုံကြည်မှုစွမ်းအားကို တည်ငြိမ်စေခြင်းနှင့် ထိန်းသိမ်းခြင်းအပြင် ‘အပ်နှင်းခံရသူ’ အတွက်လည်း အစွမ်းထက်သော သန့်စင်ခြင်းနှင့် အစွမ်းတိုးစေခြင်း အကျိုး သက်ရောက်မှုများ ရှိသည်။ ထို့အပြင် ပေါင်းစည်းမှု အခြေအနေ အတွင်း တိုက်ခိုက်ရန် ကြယ်စင်စု နတ်ဘုရားရုပ်ထု၏ [တိုက်ခိုက်ရေး စိတ်ပုံရိပ်] ကိုလည်း ဆင့်ခေါ်နိုင်၏။
နာမည်အတိုင်းပင် [တိုက်ခိုက်ရေး စိတ်ပုံရိပ်] သည် မိမိ၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်သည့် စစ်မှန်သော တိုက်ပွဲ စိတ်ပုံရိပ် တစ်ခု ဖြစ်ပြီး အထူး တိုးမြှင့်မှုများလည်း ရှိပေသည်။ သေဆုံးသွားခြင်းက မူလကိုယ်ခန္ဓာကို ထိခိုက်မှု မဖြစ်စေ နိုင်သော်လည်း စိတ်ပုံရိပ် အသစ်ကို အသုံးပြုနိုင်ရန် ၇ရက် ကြာမည် ဖြစ်သည်။
တနည်းအားဖြင့် ပြောရလျှင် အစ်ဇဘယ်လာနှင့် ဇိုလာတို့သည် ယခုတွင် မည်သည့်ထိခိုက်မှုမှ မရှိဘဲ ကြယ်အပ်နှင်းစင်မြင့်၏ ကြယ်စင်စု ဘုရားရုပ်ထုထဲ၌ ပေါင်းစည်းနေခြင်း ဖြစ်သည်။
စွမ်းအား တိုးမြှင့်မှု အမျိုးမျိုး ရှိသော်လည်း နတ်ဘုရား တစ်ပိုင်း ထိပ်သီးပိုင်းရှိ ကာမေရယ်နှင့် ဇိုလာတို့ အကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ စမ်းသပ် ကြည့်ရန်သာ ဖြစ်သည်။ [ဒြပ်စင်အမျက်]ကို အသုံးပြု၍ ကာမေရယ်အား အရှက်ရအောင် လုပ်နိုင်ခဲ့ခြင်းက ကောင်းမွန်သော မှတ်တမ်းတစ်ခု ဖြစ်နေလေပြီ။
အစ်ဇဘယ်လာနှင့် ရင်ဆိုင်နေ ရသော ယူဒိုရာက ‘သိဒ္ဓိကောင်းချီး တောင်ထွတ်’၏ ‘အိမ်ကွင်းနေရာ’ ကြောင့် အစ်ဇဘယ်လာ အနေဖြင့် သူကို သတ်ရန် အတော်လေး ခက်ခဲခဲ့သည်။ အစ်ဇဘယ်လာတွင် ကိုယ်ပိုင် အစီအစဉ်များရှိပြီး သူကို တိုက်ရိုက်သတ်ရန် မစဉ်းစားခဲ့ပေ။
အစ်ဇဘယ်လာ၏ အခြေအနေကို မြင်သောအခါ စိုးရိမ်နေခဲ့သည့် စတန်ဝဲလ်က နောက်ဆုံး၌ သက်ပြင်း ချလိုက်သည်။ သူက အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။ သူက မာရီယာ အသိအမှတ် ပြုထားတဲ့ နောက်ထပ် သမီး တစ်ယောက်ပဲ။ ဇိုလာလိုပဲ သေမှာ မဟုတ်သေးဘူး။ ပြီးတော့ နတ်ဘုရားတစ်ပိုင်း အဆင့် ထိပ်သီးပိုင်းကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားလည်း ရှိနေသေးတယ်။ နဂါးဧကရာဇ်ကတော့ ဒီသတင်းကို ကြားရရင် ပျော်နေမှာပဲ။ ဒါပေမဲ့ ငါတော့ နောက်ဆို ကံဆိုးတော့မှာ။ မေရီယာ မိသားစုကို မြင်ရင် ကွေ့ပြီး သွားရတော့မယ်။။
လူတိုင်း၏ အရှေ့တွင် ဇိုလာနှင့် အစ်ဇဘယ်လာတို့၏ [တိုက်ခိုက်ရေး စိတ်ပုံရိပ်] များ ပျောက်ကွယ်သွားကာ ‘အာသာ’ နှင့် တစ်ဖနီတို့ နှစ်ဦးသာ စိတ်ဝိညာဉ်စုဆောင်း မှော်စက်ဝိုင်း တစ်ခုလုံး၏ ‘ဇာတ်လိုက်များ’ အဖြစ် ကျန်ရစ်ခဲ့သည်။
ယူဒိုရာ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အလင်းရောင် တောက်ပနေခဲ့ပြီး ထိုနှစ်ဦးဆီသို့ အရင် ပျံသန်းလာ၏။
လူတိုင်း၏ ပန်းတိုင် မတူညီပေ။ အချို့က စွမ်းအားကို ရှာဖွေကြပြီး အချို့က အာဏာကို ရှာဖွေကာ အချို့က လွတ်လပ်မှုကို ရှာဖွေ၏။ ယူဒိုရာက မိမိ၏ လေ့ကျင့်ရေး ပါရမီက အကန့်အသတ်ရှိကြောင်းကို သတိထားမိသည်။ အခြားသူထက် ပိုကြိုးစားလျှင်ပင် သူသည် ထိပ်တန်း ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက လွန်ခဲ့သော အချိန်များစွာ ကတည်းကပင် ‘အာဏာကိုင်စွဲသူ’ အဖြစ်ကို မျက်စိကျ နေခဲ့သည်။ လွန်ခဲ့သော အနှစ် ၁၀၀ ကျော်တွင် သူက အတိုက်အခံများကို ဖယ်ရှားရန် အကျင့်ပျက်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူက ရာဖယ်လ်၏ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပြီး သိဒ္ဓိကောင်းချီး တောင်ထွတ်၏ ဂိုဏ်းချုပ်ရာထူးကို ရယူနိုင်ခဲ့ကာ ပုပ်ရဟန်းမင်းကြီး၏ ရာထူးကိုလည်း အမြဲ လိုချင်နေခဲ့၏။
‘အာသာ’ ၏ မွေးဖွားလာခြင်းက ယူဒိုရာ၏ အိပ်မက်ကို ပျက်သုဉ်း စေခဲ့ပြီး အာဏာလမ်းကြောင်းပေါ်မှ တွန်းဖယ်ခဲ့ခြင်းမှာ ဝမ်းနည်းစရာပင်။ သို့သော် ‘သိဒ္ဓိသားတော်’၏ ဘွဲ့ခံယူ အခမ်းအနားတွင် ထိုကဲ့သို့သော ပြင်းထန်သည့် အပြောင်းအလဲမျိုး ဖြစ်ပျက်ခဲ့သည်။ ယူဒိုရာ အတွက် ၎င်းက မမျှော်လင့်ဘဲ ရရှိလာသော အခွင့်အရေးတစ်ခု ဖြစ်ပြီး သေမင်း တံခါးဝမှ ပြန်လာခြင်းပင်။
သို့သော် ထိုမတိုင်မီ သူသည် ‘အာသာ’ကို ဖယ်ရှားပစ်ရန် လိုသည်။ အကြောင်းမှာ ‘အာသာ’၌ နှင်းဒဲလက် ကဲ့သို့သော အဖြစ်အပျက်ဟောင်းများ အပါအဝင် သူ၏ လျှို့ဝှက်ချက်များ အားလုံး ရှိနေနိုင် သောကြောင့်ပင်။ ထိုအစ်ဇဘယ်လာကို နောက်ပိုင်းတွင် ရှာဖွေပြီး သတ်ပစ်ရပေမည်။ သူက မည်သို့ပင်ဖြစ်စေ ဤလောကတွင် ရှိနေ၍ မရပေ။
ယူဒိုရာ၏ မျက်လုံးများက သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် အရောင်တောက် နေခဲ့သည်။ မကွယ်ပျောက်သွားသေးသော [မိစ္ဆာမျက်ဆီးသိဒ္ဓိခန္ဓာ] ဖြင့် သူက မျဉ်းကွေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချန်လွေ့ဆီ အရှိန်အဟုန်ပြင်းစွာ ပြေးသွား၏။
ထိုတိုက်ခိုက်မှုက ချန်လွေ့ကို သာမက တစ်ဖနီကိုပါ သတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယူဒိုရာက မိမိကိုယ်မိမိ သွေးအေးသူ ဖြစ်ကြောင်း တကယ် ဝန်မခံခဲ့ပေ။ သူက မွေးဖွားလာသော ထိုသမီးကိုသာ အပြစ်တင်နေခဲ့သည်။ မှားယွင်းသောနေရာနှင့် အချိန်တွင် ရှိနေခဲ့သည်ကို ပြောရန်ပင် မလိုပေ။ ဒုက္ခအများကြီး ခံရခြင်းထက် လုံးဝ လွတ်မြောက်သွားခြင်းက ပိုကောင်းသည်။
ကိုယ်တိုင်ပင် သူ့ကို လွတ်မြောက် စေမည် ဖြစ်သည်။
တစ်ဖနီ၏ ခန္ဓာကိုယ်က တလက်လက် အလင်းရောင်များဖြင့် လင်းလက်နေသည်။ ချန်လွေ့၏ အကူအညီဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး ‘သစ်ပင်’၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာခဲ့ပြီး သွယ်လျသော ‘အမြစ်များ’ သာ ကျန်ရစ်တော့သည်။ နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာခဲ့လေပြီ။
သူက ရာဖယ်ရယ်၏ ထူးဆန်းသော စွမ်းအားနှင့် စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းတစ်ခုလုံး၏ အချူပ်အနှောင်များမှ လုံးဝနီးပါး လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း အဖြူရောင်အလင်းရောင်က ချဉ်းကပ်လာခဲ့သည်။ ရုတ်တရက် ဆိုသလို ချန်လွေ့က ခေါင်းကို လှည့်ကာ ကြည့်လိုက်၏။
ချန်လွေ့က ခေါင်းကို အလွန် လျင်မြန်စွာ မလှည့်ခဲ့ချေ။ အဖြူရောင် အလင်း၏ အရှိန်အရ ဆိုလျှင် ၎င်းက သူ့ကို ထိမှန်သင့်ပြီ ဖြစ်သင့်သော်လည်း အကြောင်း တစ်ခုခုကြောင့် သူ ခေါင်းလှည့် လိုက်သည့်အခါတွင် အရှိန်ပြင်းသော အဖြူရောင်အလင်းရောင်က ရောက်ရှိလာရုံသာ ရှိနေသေးသည်။
ယူဒိုရာက အစွမ်းထက်သော ဖိအားတစ်ခု သူ့ကို ထူးဆန်းစွာ ရစ်ပတ်သွားသည်ကိုသာ ခံစားလိုက်ရ၏။ ထောင်ပေါင်းများစွာသော ချွန်ထက်သည့် အရာများကဲ့သို့ပင် ထိုဖိအားက သိဒ္ဓိကောင်းချီး တောင်ထွတ်၏ စွမ်းအားတစ်ခုလုံးဖြင့် စုစည်းထားသော အခွံကို ဖောက်ပြီး သူ၏ ဝိညာဉ်ထဲ တန်းတန်းမတ်မတ် စိုက်ဝင်သွားခဲ့သည်။ ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွား ခဲ့သည်။ သနားစရာ အော်ဟစ်သံများ ကြားတွင် [မိစ္ဆာဖျက်ဆီးသိဒ္ဓိခန္ဓာ] ၏ အဖြူရောင်အလင်းရောင် ပျက်စီးသွားကာ သူက နောက်သို့ တွန်းထုတ်ခံလိုက်ရလေသည်။ သူက တိမ်တိုက်စင်မြင့်၏ တိုင်တစ်တိုင်ကို တိုက်မိသွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ အရိုးများ ကျိုးသွားသလို ဖြစ်နေပြီး လှုပ်နိုင်စွမ်း မရှိတော့ချေ။ သူ၏ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
ဒီလိုအဟန့်အတား။ ဒီလိုစွမ်းအား။
ဒါဆာ..ဆာ-ကာမေရယ်ကို ရင်ဆိုင် နေရသလိုပဲ။
အာသာက ‘သူတော်စင်’ အဆင့်ပဲ ရှိသေးတာ မဟုတ်လား။
တစ်ဖနီကို ရစ်ပတ်ထားသော နောက်ဆုံးအမြစ်မျှင်က နောက်ဆုံး၌ ကွာကျသွားခဲ့လေသည်။ တစ်ဖနီ၏ ကိုယ်ခန္ဓာက ရှေ့သို့ ပြုတ်ကျသွားပြီး ချန်လွေ့ ညင်သာစွာ ဖမ်းလိုက်၏။
ကာမေရယ်က လက်ဝါးကို ဖြန့်လိုက်ရာ မြေပြင်၌ စိုက်ထားသော စီရင်ချက်လှံက မျက်စိတစ်မှိတ် အတွင်း သူ၏ လက်ထဲ ပေါ်လာ၏။ နောက်စက္ကန့်တွင် စီရင်ချက်လှံက လေထဲတွင် ငွေရောင် မရဏ အလင်း တစ်ခု ဖြစ်သွားစေပြီး ကြယ်ကြွေ သကဲ့သို့ပင် ချန်လွေ့ဆီသို့ ဖြောင့်တန်းစွာ ပျံသန်းသွားခဲ့သည်။
“အိပ်လိုက်တော့။ ဒီအိပ်မက်ဆိုး ကနေ နိုးလာတဲ့အခါ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။”
ထိုအသံက အထူး စွမ်းအား တစ်ခုခုကို သယ်ဆောင်ထားသလို ထင်ရသည်။ တစ်ဖနီက လုံးဝကို စိတ်အေး လက်အေး ဖြစ်သွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။
သူ့နောက်မှ ‘ငွေရောင်အလင်း မရဏ လမ်းကြောင်း’က ချက်ချင်းပင် ချဉ်းကပ် လာခဲ့သော်လည်း ချန်လွေ့ နောက်လှည့်မကြည့်ခဲ့။ ကာမေရယ် မျက်ခုံးကို ပင့်လိုက်၏။ ‘အာသာ’က ယူဒိုရာကို ခဏတာ ကြည့်ရုံဖြင့် လှုပ်ခါလိုက်သော်လည်း သူက စွမ်းအားအဆင့်ကို သေသေချာချာ ခံစားမိပြီး သူ့ကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် သူက အစွမ်းထက် စီရင်ချက်လှံကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ၎င်းကို တစ်ဖက်လူက လှစ်လျူနေခဲ့၏။
ငါ့စွမ်းအားကို ဂရုမစိုက်ဘဲ နေရဲ တယ်လား။ မင်း ပေးဆပ်ရလိမ့်မယ်!
ထိုအချိန်တွင် ကာမေရယ်က အရာအားလုံး နှေးကွေးသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ အသက်ရှူခြင်း၊ စွမ်းအားလှုပ်ရှားမှု၊ နေရာလွတ် မတည်ငြိမ်မှု အပြင် ပျံသန်းနေသော စီရင်ချက်လှံတို့ အပါအဝင် အားလုံး ရှင်းပြ၍မရဘဲ နှေးကွေးသွားခဲ့သည်။
စကားပြောနေသော အသံမှလွဲ၍ပင်။
ဒီလိုမျိုး ထူးဆန်းတဲ့ ခံစားချက်... ဒါက အချိန်ရွှေ့ပြောင်းတာများလား။ ခုနကက ယူဒိုရာ တိုက်ခိုက်ခဲ့တုန်း ကလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါက ဒီလောက် စွမ်းအားကြီးပြီး မသိသာဘူး။ ကာမေရယ်က အလွန် ရှားပါးသော ဥပဒေသစွမ်းအား တစ်ခုကို ရုတ်တရက် စဉ်းစားမိပြီး တုန်လှုပ်သွားခဲ့သည်။
မျက်မိတစ်မှိတ် အတွင်းမှာပင် ‘နှေးကွေးခြင်း’က ပုံမှန်ပြန်ဖြစ်ပြီး ခုနကအရာအားလုံးမှာ ထင်ယောင် ထင်မှား ဖြစ်ခဲ့သလိုမျိုးပင်။ သို့သော် စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း၏ အလယ်ဗဟိုတွင်ရှိသော ‘တစ်ဖနီ’က ပျောက်သွားလေပြီ။ စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း တစ်ခုလုံးက လုံးဝ ပျက်စီးတော့မည့် အလား တုန်ခါလာခဲ့သည်။
အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ လျှပ်စီးကဲ့သို့ ငွေရောင်အလင်းက ရုတ်တရက် ရပ်တန့်ပြီး လှံပုံစံ ပြန်ပြောင်းကာ လက်တစ်ဖက်၏ တင်းကျပ်စွာ ကိုင်ထားခြင်း ခံလိုက်ရသည်။ အချိန် တစ်ခုတွင် ချန်လွေ့က လှည့်လာပြီး ထိုလှံကို ယူခဲ့ခြင်းဖြစ်သည်။
လှံက အဖြူရောင် အလင်းများ လင်းလက်ကာ အနည်းငယ်တုန်ခါပြီး အသံမြည်နေခဲ့သော်လည်း ရှေ့သို့ တစ်လက်မပင် ဆက်လက် ရွေ့လျား နိုင်ခြင်း မရှိပေ။
ကာမေရယ်က မျက်မှောင်ကြုတ် သွားခဲ့သည်။ သူက တိုင်းပြည် စွမ်းအားကို တစ်ခါတည်း သုံးခါဆက် အသုံးချပြီး စီရင်ချက်လှံ၏ စွမ်းအား ပြင်းထန်သော ဥပဒေသစွမ်းအားကို ဖောက်ခွဲရန် ကြိုးစားခဲ့သော်လည်း ပြိုင်ဘက်၏ လုံးဝ ဖိနှိပ်ထားခြင်းကို ခံခဲ့ရလေသည်။
ဒါ ခုနက ခရမ်းရောင်ဝတ် အမျိုးသမီးလိုမျိုး လိမ္မာပါးနပ်တဲ့ ‘ကျွမ်းကျင်မှု’ မဟုတ်ဘဲနဲ့ စွမ်းအား သက်သက်ပဲ။
‘အာသာ’က ငါ့လို နတ်ဘုရား တစ်ပိုင်း အဆင့် ထိပ်သီးပိုင်းမှာ ရှိနေတဲ့ တောင်ပံ၈ခု တမန်တော် တစ်ပါးကို အကြွင်းမဲ့ စွမ်းအားနဲ့ ဖိနှိပ်လိုက်တာပဲ။ ပြီးတော့ ဒါက သိဒ္ဓိအလင်းတောင်ပေါ်မှာ၊
ကာမေရယ်က လက်ကို ဝှေ့ယမ်း လိုက်သောအခါ ချန်လွေ့က လက်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသည်ကို ခံစားလိုက်ရ၏။ စီရင်ချက်လှံက ပျောက်ကွယ်သွားပြီး ကာမေရယ်၏ လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
ကာမေရယ်က တောင်ပံ ၈ခုကို ဖြန့်ကျက်လိုက်ပြီး ချန်လွေ့ရှေ့သို့ ရောက်လာခဲ့သည်။ ချက်ချင်းပင် သူက မရေတွက်နိုင်သော အရိပ်များ အဖြစ် ပြောင်းလဲသွားပြီး လှံကိုင်ကာ အရပ်မျက်နှာအားလုံးမှ ချန်လွေ့ကို တိုက်ခိုက်ခဲ့သည်။ အရိပ် တစ်ခုစီ၏ တိုက်ခိုက်မှု လှုပ်ရှားမှုနှင့် ဦးတည်ရာ မတူညီကြသော်လည်း အားလုံးက ရန်သူ၏ အသက်အန္တရာယ် ရှိသော နေရာများကို တိုက်ခိုက်ခဲ့သည်။
မရေတွက်နိုင်သော ပုံရိပ်များက ပြီးပြည့်စုံသော တိုက်ခိုက်ရေး ပုံစံကို ဖွဲ့စည်းခဲ့သည်။ စီရင်ချက်လှံ၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ တိုက်ခိုက်မှုက ချန်လွေ့၏ အတားအဆီးများနှင့် ရှောင်တိမ်းခြင်း နည်းလမ်းများကို ပိတ်ဆို့ထားသည့် ထက်မြက်သော ချီစွမ်းအင် အလင်း ကွန်ရက်တစ်ခု ဖြစ်သွား၏။
ထိုတိုက်ကွက်ကို [အကြွင်းမဲ့ ထိုးဖောက်ခြင်း] ဟု ခေါ်ပေသည်။ ၎င်းက ကာမေရယ်၏ နတ်ဘုရား တစ်ပိုင်း တိုင်းပြည် စွမ်းအားကို လက်နက် ကျွမ်းကျင်မှု ပါရမီဖြင့် ပေါင်းစပ် အသက်သွင်းထားခဲ့သော တိုက်ကွက်ကြီး တစ်ခု ဖြစ်လေသည်။ ၎င်းတွင် ‘ရှောင်မရနိုင်ခြင်း’ နှင့် ‘တားမရနိုင်ခြင်း’ ဟူသော ‘စည်းမျဉ်း’ ပါရှိသောကြောင့် အင်အားဖြင့်သာ ခံနိုင်မည် ဖြစ်သည်။
ချန်လွေ့၏ လက်ဗလာများက မျဉ်းကွေးနှစ်ခုကို ရေးဆွဲလိုက်ပြီး ကြယ်အလင်းစက်များ ပါဝင်နေသော ရေလှိုင်းများကဲ့သို့ စွမ်းအားများသည် စက်ဝိုင်းအဖြစ် ပျံ့နှံ့သွားခဲ့သည်။
ရေလှိုင်းတွန့်များ ဖြတ်သွားတိုင်း မရေတွက်နိုင်သော ပုံရိပ်များက ရုတ်တရက် ပျက်စီးသွား၏။ ၎င်းက မူလတွင် အလွန် ယုတ္တိ ရှိသင့်သော ဆောင်းပါး တစ်ပုဒ် ဖြစ်သော်လည်း အမှားအယွင်း အမျိုးမျိုး ရုတ်တရက် ထောက်ပြခြင်း ခံရပြီး မကိုက်ညီမှု များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသလို ဖြစ်သွားဟန်တူသည်။
အဝေးတစ်နေရာတွင် လူတိုင်းက ရေလှိုင်းတွန့်များ အတွင်း ရစ်ပတ် နေသော ပုံရိပ်များ ပျောက်ကွယ် သွားသည်ကို မြင်ခဲ့ရ၏။ နောက်ဆုံး သူတို့က ‘ဖုတ်’ ခနဲ ပျောက်သွားခဲ့ လေသည်။
ထို့နောက်တွင် လူတိုင်း၏ အမြင် အာရုံ ဝါးသွားခဲ့သည်။ ထိုပုံရိပ်နှစ်ခု မြန်နှုန်းမြင့် ရွေ့လျားနေပုံ ရသည်။ အလွန် မြန်ဆန်သော တုန်ခါမှုနှင့် အတူ အနီးနားရှိ နေရာလွတ်က အဆက်မပြတ် ပြိုကွဲပြီး ပုံပျက်နေ ခဲ့သည်။
အားနည်းသူများက ခဏတာ ကြည့်ပြီးနောက် မူးဝေလာသလို ခံစားလိုက်ရသည်။ အချို့လူများက နေရာတွင်ပင် သတိမေ့သွားခဲ့သည်။
ဝါးနေသော နေရာလွတ် ပြန်လည် ကြည်လင်လာပြီး မြင်ကွင်းတစ်ခု၌ ရပ်တန့်နေခဲ့သည်။
လေထဲတွင် တောင်ပံ၈ခုပါသော တမန်တော် ကာမေရယ် မျက်နှာကို လက်တစ်ဖက်က ဆုပ်ကိုင်ထား၏။
နောက်စက္ကန့်တွင် လူတိုင်း၏ အမြင်အာရုံက အောက်ဘက်သို့ အလိုလို ဆွဲဆောင်ခံလိုက်ရသည်။
နောက်ထပ် ‘ရပ်တန့်’ နေသော မြင်ကွင်းတစ်ခု ရှိနေ၏။
ကာမေရယ်၏ ခေါင်းကို ကိုင်ပြီး ကိုယ်ခန္ဓာကို မြေပြင်ထဲသို့ ဖိချထား ခြင်းပင်။
တိမ်တိုက်စင်မြင့် တစ်ခုလုံး တုန်ခါ သွားခဲ့သည်။ ကာမေရယ်၏ ကိုယ်ခန္ဓာက မာကျောသော အစီအရင် အတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့သည်။ လက်၏ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ ခေါင်းက ပို၍ နက်နက်ရှိုင်းရှိုင်း ဆက်လက် နစ်ဝင်သွားခဲ့သည်။ အနီးနားရှိ မြေပြင်က ထိုသို့သော ဖိအားကို မခံနိုင်ဘဲ အက်ကွဲသွား တော့သည်။ အစွမ်းထက်သော အားစက်ကွင်းအောက်တွင် ကျောက်စရစ်ခဲများက မြေဆွဲအား၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားလို အပေါ်တက်လာခဲ့ကြသည်။
ကြောက်စရာကောင်းသော ဧရာမ ဥက္ကာပျံတစ်ခု မြေပြင်ပေါ် ပြုတ်ကျ သွားသကဲ့သို့ ဖြစ်နေပြီး ကြီးမားသော အပေါက်တစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
အရာအားလုံးက ထိုလက်ကြောင့် ဖြစ်သည်။
‘အာသာ’ ၏ လက်ပင်။
နတ်ဘုရားတစ်ပိုင်း နှစ်ယောက်၏ တိုက်ပွဲတွင် တိုင်းပြည် သို့မဟုတ် ဥပဒေသ လျှို့ဝှက်ချက်ကို နားမလည် နိုင်သော ပရိသတ်များပင် သူတို့ ရှေ့မှောက်ရှိ တိုက်ပွဲအခြေအနေကို နားလည်နိုင်ခဲ့ကြ၏။ သူတို့ အားလုံး အံ့အားသင့်ခဲ့ကြသည်။ ကောင်းကင် တမန်တော်သုံးပါးပြီးလျှင် ဒုတိယမြောက် ဖြစ်သော ဒဏ္ဍာရီလာ တောင်ပံ၈ခုနှင့် တမန်တော် ကာမေရယ်က ‘သူတော်စင်’ အဆင့်သာရှိသော အာသာကို မယှဉ်နိုင်ခဲ့ပေ။
စတန်ဝဲလ်က မျက်ခွံများ တဆတ်ဆတ် တုန်သွား၏။ ဒါက တစ်ဖက်သတ် တိုက်ပွဲပဲ။ တောင်ပံ ၈ခုနဲ့ တမန်တော် ကာမေရယ်က ‘အာသာ’ကို တကယ် ပြန်မတိုက်ခိုက် နိုင်ခဲ့ဘူး။ မဟုတ်ဘူး။ မာရီယာရဲ့ သားမက် ရစ်ချက်ကို မတိုက်ခိုက် နိုင်ခဲ့တာ။
ဒါက အဲဒီကောင်ရဲ့ တကယ့် စွမ်းအားလား။
နဂါးတောင်ကြားမှာ ဒီကောင် သူ့ စွမ်းအားရဲ့ ၁%ကို သုံးခဲ့မယ်ဆိုရင် ငါဆိုတာ ရှိတောင် ရှိနေတော့မှာ မဟုတ်ဘူး။ စတန်ဝဲလ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆို ဒီလို ကြောက်စရာကောင်းတဲ့ မိသားစုကို တွေ့ရင် ခေါင်းငုံ့ပြီးပဲ နေတော့မယ်။
ဒီကောင်ရဲ့ စွမ်းအားက ဒီလောက် ကြမ်းပြီးတော့ သူ့နည်းလမ်းတွေက ဒီလောက်တောင် ထက်မြက်နေတာ။ ငါ့ညီမကို သူ သဘောကျမယ် ဆိုရင် အဲဒီ ‘အကြီးဆုံးယောက်ဖ’ အနေနဲ့ ငါ စဉ်းစားလို့ ရတယ်။
ခီလန်ယာက ဘေးမှ အကြီးအကဲ နဂါး၏ အတွေးများ ရိုင်းနေကြောင်း မသိရှိခဲ့။ ကွင်းထဲရှိ အခြေအနေကို ကြည့်ရင်း နတ်သူငယ် အမျိုးသမီး၏ လှပသောမျက်နှာပေါ်ရှိ အံ့အားသင့်နေသည့် အမူအရာက ပို၍ပင် ပြင်းထန်လာ၏။ လွန်ခဲ့သော အချိန်က စိတ်လှည့် သစ်တော၌ ထိုလူသား ကြီးမားသော စွမ်းအားကို ပြသခဲ့သော်လည်း ယခုကဲ့သို့ အစွမ်းထက်ခြင်း မရှိခဲ့ကြောင်းကို သူက အသေအချာ မှတ်မိသည်။ ဒီတိုတောင်းတဲ့ ကာလအတွင်းတွင် ဇိုလာနဲ့ ဒီလူသားနှစ်ယောက်လုံးက စွမ်းအား အကြီးအကျယ် တိုးတက် လာခဲ့တဲ့ပုံပဲ။
ဧည့်သည်များအနက်မှ အံ့အား အသင့်ဆုံးမှာ မျက်လုံးများကိုပင် မယုံနိုင်သော လန်ဘိစ်ပင် ဖြစ်သည်။ ဒါက ငါ လက်ထပ်လုနီးပါး ဖြစ်ခဲ့တဲ့ ‘အာသာ’ လား။
ကာမေရယ်ကို မြေကြီးထဲသို့ ဖိထားသော ပုံရိပ်ကို မြင်သောအခါ ပုလဲမင်းသမီး၏ အကြည့် ရုတ်တရက် အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။
ခုနက ‘အာသာ’ သည် ချုပ်နှောင် ခံထားရသော ထိုအမျိုးသမီးအား တစ်စုံတစ်ရာ ပြောခဲ့သည်။
“ငါ့နောက်လိုက်ခဲ့။”
ငါက သဒ္ဓိအလင်းတောင် လိုမျိုး ငရဲနဲ့ တူတဲ့နေရာမှာ ချုပ်နှာင်ခံထား ရမယ်ဆိုရင် သူက လူတွေအားလုံးရဲ့ မျက်စိအောက်မှာ အသက်စွန့်ပြီး ငါ့ကို ကယ်တင်ပေးမှာလား။
တကယ်လို့ ငါ့ကို အဲဒီစကား ပြောခဲ့မယ်ဆိုရင် ငါ သူ့နောက်ကို လိုက်သွားမှာလား။
‘တကယ်လို့’က ဘာတွေ ဖြစ်ဖြစ်၊ အမှန်တရား တစ်ခုကတော့ ငါ ရွေးချယ်မှု တစ်ခု လုပ်ခဲ့တာပဲ။
“ငါ့ရဲ့လမ်းပေါ့...”
ပုလဲမင်းသမီးက တိတ်တိတ်လေး ရေရွတ်လိုက်လေသည်။
ကာမေရယ်က ရှေ့မှ အဖြစ်မှန်ကို မယုံနိုင်ပေ။ ငါတို့နှစ်ယောက်လုံးက နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်းမှာ ရှိနေတာ။ ဒါတောင် ဥပဒေသဖြစ်ဖြစ်၊ တိုင်းပြည်ဖြစ်ဖြစ်၊ ယုံကြည်မှုစွမ်းအားဖြစ်ဖြစ်၊ ငါက ‘အာသာ’ နဲ့ လုံးဝ ယှဉ်လို့မရဘူး။
စွမ်းအား တစ်ခုတင် မကဘဲ စိတ်ဝိညာဉ် အဟုန် တစ်မျိုးကလည်း ရှိပြီး ထိုအရာက နတ်ဘုရားတစ်ပိုင်း အဆင့်သာ ဖြစ်နေသော်လည်း ၎င်းက ထိုအဆင့်ထက် အများကြီး ပိုမြင့်နေပုံ ရပြီး သူ မခုခံနိုင်ခဲ့ပေ။။
၎င်းမှာ ဒဏ္ဍာရီလာတမန်တော် ဖြစ်သော သူက ရန်သူများကို အမြဲ ပေးလေ့ရှိသော ခံစားမှုမျိုး ဖြစ်ရမည်။
နတ်ဘုရား တစ်ပိုင်းများ အနက် ပြိုင်ဘက်ကင်းဟူ၍ အမြဲတမ်း ယူဆထားသော ကာမေရယ်က တုန်လှုပ်ကာ ဒေါသထွက်နေခဲ့သည်။ သူက အသက်စွန့် လှုပ်ရှားတော့မည့် အချိန်တွင် ပြိုင်ဘက်က စွမ်းအားကို ပြန်ရုပ်သိမ်းသွားခဲ့သည်။
ကာမေရယ်က အမျက်ဒေါသဖြင့် ဟိန်းဟောက်ကာ အပေါက်ထဲမှ အင်အားများဖြင့် ထွက်လာခဲ့သည်။ သို့သော် တစ်ဖက်လူ၏ ပုံရိပ်သည် အဝေးသို့ ရောက်သွားခဲ့ပြီး သူ့အား အရေးမပါသော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ဒုတိယအကြိမ်ပင် ပြန်မကြည့်ဘဲ ကောင်းကင်ဆီကိုသာ မော့ကြည့်နေကြောင်း တွေ့လိုက်၏။
ကောင်းကင်တွင် နေရောင်က ရုတ်တရက် လင်းလက်လာခဲ့ပြီး အထူး ဖိနှိပ်ခြင်း အလင်းရောင်များ ပျံ့နှံ့လာခဲ့သည်။
ထိုအလင်းရောင်၏ တောက်ပမှု အောက်တွင် အစိတ်စိတ် အမြွှာမြွှာ ပြန့်ကျဲသွားခဲ့သော စိတ်ဝိညာဉ် စုဆောင်း မှော်စက်ဝိုင်း စွမ်းအားက အကျဉ်းထောင် တစ်မျိုး အဖြစ် ပြောင်းလဲသွားကာ မိုးတိမ်စင်မြင့် တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်၏။
ကာမေရယ်က အလွန်ပင် ပျော်ရွှင် သွားတော့သည်။ ဆာ-ရာဖယ်ရယ် ရောက်လာပြီ။