← Chapters

အိမ်ပြန်ခြင်း

Vol. 64 Ch. 1039

အိမ်ပြန်ခြင်း

Vol. 64 Ch. 1039

ညနေခင်းတွင် ခရမ်းရောင်လက ခြံဝင်းပေါ် ထွန်းလင်းနေပြီး အလွန် ငြိမ်းချမ်းနေစေသည်။

လေထဲတွင် အပြာရောင် အလင်း တံခါးတစ်ခု ပွင့်လာပြီးနောက်တွင် တောက်ပသော ခရမ်းရောင် ပုံရိပ် တစ်ခုက ခြံဝင်းထဲ ပေါ်လာခဲ့သည်။

အလင်းတံခါးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်၏ ခရမ်းရောင်လည်း မှိန်သွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးသော မြင်ကွင်းကို ကြည့်နေရင်း ခုနက တိုက်ပွဲကြောင့် တင်းမာနေသော စိတ်နှလုံး ချက်ချင်းပင် ငြိမ်းချမ်းပြီး တည်ငြိမ်သွားခဲ့သည်။

ထိုနေရာက သူ၏အိမ် ဖြစ်၍ပင်။

ထိုခြံဝင်းတစ်ခုတည်းသာမက အမှောင်လနယ်မြေတစ်ခုလုံး ဖြစ်၏။

မူလ ‘အာသာ’၏ ဆန္ဒများ ပြည့်ဝ သွားခဲ့ပြီဟု ယူဆနိုင်သည်။ အသိစိတ် နှင့် ဝိညာဉ်တို့က လုံးဝ ပေါင်းစည်း သွားခဲ့ပြီ ဖြစ်သည်။ ‘အာသာ’အသစ် အနေဖြင့် လူသား လောကရှိ ခံစားချက်များနှင့် ကိစ္စများအားလုံးက အခြေခံအားဖြင့် အောင်အောင်မြင်မြင် အဆုံးသတ် သွားခဲ့လေသည်။

လန်ဘိစ်က ကိုယ်ပိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။

ဗာရိုနီကာကို အသူရာချောက်နက်မှ ကယ်တင်နိုင်ခဲ့သည်။

မဟာလက်ဇ်က သူ၏သားထံမှ လက်ဆောင်တစ်ခု ရရှိခဲ့သည်။

ညီမတော် ဖရီယာက သူ၏ အနာဂတ် အိမ်ထောင်ရေးကို ရွေးချယ်ခွင့် ရှိခဲ့သည်။

ဆမ်မြူရယ်က စစ်မှန်သော လက်အောက်ခံတစ်ဦး ဖြစ်လာခဲ့သည်။

လူသားလောက၌ နတ်သူငယ်နှင့် လူပု မဟာဆရာသခင် နှစ်ဦးတို့၏ နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု၊ မီးဒြပ်စင်ဘုရင်အား ပေးထားသော ကတိစကား စသည့် ချိုးဖျက်၍ မရနိုင်သော ဆက်နွှယ်မှုများစွာတော့ ရှိနေဆဲ ဖြစ်သည်။

သို့သော် သူက ယခုတွင် တစ်ဖနီကို ပြန်ခေါ်လာခဲ့ပြီး ဖိုက်သွန်၏ အကြီးဆုံး လျှို့ဝှက် အန္တရာယ်ကို အခြေခံအားဖြင့် ဖြေရှင်းပြီး ဖြစ်၏။ ထို့ကြောင့် သူက နောက်ဆုံးတွင် စိတ်အေးချမ်းစွာ အိမ်ပြန်နိုင်ခဲ့သည်။

ကြယ်အမှတ်နှင့် မလှမ်းမကမ်း၌ ချန်လွေ့သည် ‘ဂလု..ဂလု..ဂလု’ ဟူသော ထူးဆန်းသည့် အသံကို ကြားလိုက်ရသည်။ ထောင့်နားရှိ အနက်ရောင် ပုံရိပ် တစ်ခုက ဝိုင်သောက်နေခြင်း ဖြစ်လေသည်။

အနီးကပ် ကြည့်လိုက်ရာ ၎င်းက ဖောက်ထွင်းမြင်နိုင်သော ကြက်သွန်နီကောင် တစ်ကောင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

“ဒိုဒိုလား...”

“ဘယ်သူလဲ။ ဘယ်သူက ဆရာသခင်ကို ခေါ်နေတာလဲ။” ဆရာသခင် ချွဲကျိကောင်က နတ်သူငယ် တစ်ဦးထက် ပိုမို၍ ချွန်ထက်သော နားရွက်ရှည် နှစ်ခု ရှိနေပြီး နှာခေါင်း ချွန်လာခဲ့သည်။ သူက ထောင်လွှားနေသော ပုံစံဖြင့် မူးယစ်စွာ အော်ဟစ်လိုက်၏။

စကားပုံအရ ပတ်ဝန်းကျင်က လူတစ်ဦး၏ စရိုက်ကို လွှမ်းမိုးနိုင်၏။ ပါ့ဂ်လီအို၊ ရိုမန်တို့နှင့် နီးနီးကပ်ကပ် နေထိုင်ခဲ့ခြင်းကြောင့် ချွဲကျိကောင်က သူ့ကိုယ်သူ ‘ဆရာသခင်’ ဟူ၍ ခေါ်နေလေ့ ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ မှော်ဂိမ်းတွင်ပင် သူတို့ သုံးယောက်က ဆရာသခင်ခန့်ညား နဂါး၊ ဆရာသခင်ခန့်ညား ဓါး နှင့် ဆရာသခင်ခန့်ညား ချွဲကျိကောင် ဟူသော အမည်များကို အသုံးပြု၍ ‘အနှိုင်းမဲ့စစ်သည်တော်အွန်လိုင်း’ ၌ နာမည်ဆိုးဖြင့် ကျော်ကြားသော ‘ဆရာသခင်အဖွဲ့’ကို ဖွဲ့စည်းခဲ့သည်။ သူတို့က အခြား ကစားသမားများကို သတ်ဖြတ်ရန်၊ ရတနာများ ခိုးရန်နှင့် အမုန်းတရာများကို ဆွဲဆောင်ရန် နှစ်သက်ကြသည်။ စကားလှလှဖြင့် ပြောရလျှင် ကစားသမားများ၏ တိုက်ခိုက်ရေးစိတ်ဓာတ် မြှင့်တင်ခြင်း နှင့် ဂိမ်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ခြင်းဟု ခေါ်ဆိုနိုင်သည်။

ထိုအရာက အခမဲ့ ကစားရသော ဂိမ်းတစ်ခု ဖြစ်ခဲ့ပါက သူတို့ သုံးယောက်က ‘အကူ’ ပေးရာတွင် အမှန်တကယ် ကောင်းမွန်နိုင်၏။

ချန်လွေ့ စကားမပြောဘဲ ရှေ့သို့ တိုးလာခဲ့သည်။ “ငါက မင်းကို ဆရာသခင် ဒိုဒိုလို့ ခေါ်ပေးရ ဦးမှာလား။”

“သခင်.သခင်!” သောက်ထားသည့် အတွက်ကြောင့် မျက်လုံးများ ဝေဝါး နေသော ချွဲကျိကောင်က နောက်ဆုံး ထိုလူကို မြင်လိုက်ရသည်။ သူက နားရွက်ချွန်များနှင့် နှာခေါင်းကို ချက်ချင်း သိမ်းဆည်းလိုက်သည်။ သူ တစ်ခုခုကို ပြောတော့မည့်အချိန်တွင် စိတ်နှလုံးထဲရှိ ဝမ်းနည်းမှုက အပြင်းအထန် တိုးလာခဲ့သည်။ သူက လက် ၆ ချောင်း အဖြစ် ပြောင်းလဲကာ ချန်လွေ့၏ ခြေထောက်ကို ဖက်ပြီး ငိုနေတော့သည်။

ထိုအရာက ပုံမှန် ချွဲကျိကောင်၏ အတုအယောင် ငိုယိုခြင်း မဟုတ်ဘဲ အမှန်တကယ် ငိုနေခြင်း ဖြစ်သည်။ ချန်လွေ့၏ ဘောင်းဘီရှည်သည် မျက်ရည်များဖြင့် ခဏချင်း စိုရွှဲသွား ခဲ့လေသည်။ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း နားမလည်ခဲ့ပေ။ “ဘာဖြစ်တာလဲ ဒိုဒို။”

ချွဲကျိကောင်က မျက်ရည်များနှင့် မော့ကြည့်ပြီး ရွှေရောင်ကတ်များကို ထုတ်လိုက်သည်။ သူ ရှိုက်ကြီးတငင် ငိုနေရင်း ဘာကိုမှ မပြောနိုင်ခဲ့ပေ။

ထိုအခါမှသာ ချန်လွေ့ နားလည် သွားခဲ့သည်။ ထိုကတ်များမှာ မင်းသမီးစံအိမ် အခမဲ့ ရွှေကတ်နှင့် မင်းသမီးလက်လီစဆိုးဆိုင်မှ လက်ဆောင်ကတ်များ ဖြစ်သည်။ ထိုအချိန်က အကြောက်တရား အရှင်သခင် ဆိုစဘတ်၏ အဓိက ယဇ်ပလ္လင် တိုက်ပွဲတွင် မြေဇစ်မြစ် အပိုင်းအစနှင့် အားကောင်းသော အကာအကွယ် ရှိနေသည့် အဓိက ယဇ်ပလ္လင်နှင့် ရင်ဆိုင်နေရချိန်တွင် ချွဲကျိကောင်က တိုက်ပွဲကို ကြောက်နေခဲ့သည်။ ထို့ကြောင့် ဇိုလာက အဆုံးသတ် တိုက်ကွက် ဖြစ်သော ထိုလက်ဆောင်ကတ်များ ထုတ်ပေးခဲ့သည်။ ရလဒ်အနေဖြင့် အစားကြီးသူနှင့် နှမြောတတ်သူက အလွန်အမင်း စိတ်အားထက်သန် လာခဲ့သည်။ သူသည် အဓိက ယဇ်ပလ္လင်သို့ အသည်းအသန် ပြေးသွားပြီး မြေဇစ်မြစ် အပိုင်းအစကို တစ်ကိုက်တည်းဖြင့် မျိုချကာ အကြောက်တရား အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးရာတွင် အကြီးဆုံး ‘သူရဲကောင်း’ ဖြစ်လာခဲ့လေသည်။

သို့သော် ချွဲကျိကောင်က စိတ်နှလုံး မကောင်းသော မဒမ်၏ လှည့်စားခြင်း ခံခဲ့ရကြောင်း မသိခဲ့ပေ။ ပုံမှန် စံနှုန်းထက် ကျော်လွန်နေခဲ့သော ကြိုးစားမှုပြီးနောက် သူရခဲ့သည်မှာ သက်တမ်းကုန်သွားသော ဆုများနှင့် လက်ဆောင်ကတ်များသာ ဖြစ်သည်။ သူက ဂုဏ်ယူစွာနှင့် ဆုများကို တောင်းခံရန် သွားခဲ့သော်လည်း အားငယ်စွာဖြင့် ပြန်လာခဲ့ရသည်။ စစ်မှန်သော ယောက်ျားများက မငိုကြ ဟူသော စကားတစ်ခွန်း ရှိလေသည်။ လွန်ခဲ့သော သုံးလေးရက်က ဝိုင်ဖြင့် ဝမ်းနည်းမှု ဖြေဖျောက်နေခဲ့သော ချွဲကျိ‌ကောင်က သခင် ဖြစ်သူကို မြင်သောအခါ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ ကျလာခဲ့သည်။

ချန်လွေ့က ဒိုဒိုသည် အစားအစာ စွဲနေကြောင်းကို သိခဲ့သော်လည်း သူ ပါ့ဂ်လီအိုနှင့် အချိန် အတော်ကြာ အတူရှိခဲ့ပြီးနောက် ပိုက်ဆံကို သူ၏ အသက်သဖွယ် သဘောထားသည့် အခြား စရိုက်တစ်ခု ရှိလာခဲ့သည်။ ထိုကိစ္စ၌ ဒိုဒိုကို လှည့်စားခဲ့သည်မှာ ဇိုလာ ဖြစ်သည်မှာ အမှန်ပင်။ ချွဲကျိကောင်က တွန့်ဆုတ်နေခဲ့ပြီး တိုက်ပွဲတစ်ခုလုံးကို ကျရှုံးစေလုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အလွန်အမင်း ပံ့ပိုးပေးခဲ့သောကြောင့် ထိုသို့သော ဆက်ဆံမှုကို အမှန်ပင် မခံရသင့်ပေ။ ချန်လွေ့ ပြောလိုက်၏။ “ကောင်းပြီလေ။ သုံးလေးရက်ကျရင် ငါ မင်းကို မင်းသမီးလက်လီဆိုင်ကို ခေါ်သွားပြီး လက်ဆောင်သုံးခုကို စိတ်ကြိုက် ရွေးခိုင်းမယ်။ ပြီးရင် မင်းသမီးစံအိမ်မှာ အစျေးအကြီးဆုံး အစားအစာတွေ သွားစားကြမယ်။”

ဒိုဒို၏ ငိုသံ ရုတ်တရက် ရပ်တန့် သွားသည်။ သူက ခေါင်းကို ငုံ့ပြီး လက်ဝါးတစ်ခုကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး လက်၄ချောင်းကို ထောင်လိုက်၏။

ခဏစဉ်းစားပြီးနောက် နောက်ထပ် အနည်းငယ် ထွက်လာခဲ့သည်။

လက်ချောင်း ပိုများလာသည်ကို မြင်ရာ ချန်လွေ့ ဆွံ့အသွားခဲ့၏။

“ထပ်ပြီး စျေးဆစ်ရင် လက်ဆောင် နှစ်ခုပဲ ပေးတော့မှာနော်။”

“သုံးခု! သုံးခု! ဆရာသခင် တကယ်ခန့်ညား!”

“...”

ပြဇာတ်လေး ပြီးသွားပြီးနောက် ချန်လွေ့က ပါ့ဂ်လီအိုသည် အဓိက ယဇ်ပလ္လင်တွင် နောက်ဆုံးအကြိမ် အစွမ်းထုတ်ခဲ့ပြီးနောက် အဆင့်တက် တော့မည့် အရိပ်အယောင်များ ဖြစ်လာကြောင်း ဒိုဒိုထံမှ သိခဲ့ရသည်။ ထိုအချိန်အတွင်း သူက တိုင်းပြည် အဆင့် ထိပ်သီးပိုင်းသို့ ထိုးဖောက်ရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သူက လွန်ခဲ့သော သုံးလေးရက်က တံခါးပိတ်လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။

အသီနာ၏ ကိုယ်ဝန်ကြောင့် ဒေလီယာနှင့် ခရိုဘဲလက်စ်တို့သည် နဂါးနီ အမေ ဂလိုရီယာနှင့် အတူ အသီနာကို ပြုစုစောင့်ရှောက်ရန် အရှင်သခင် စံအိမ်သို့ ပြောင်းခဲ့ကြပြီး ရိုမန်က ဒေလီယာနှင့် အစားထိုးရန် မြို့တော်တွင် တပ်စွဲထားခဲ့သည်။ သူက ဒုတိယဇနီး မယ်ဒီလူ၏ အကူအညီဖြင့် ကြယ်ကြွေတမန် အင်ပါယာ၏ ထောက်လှမ်းရေး ဌာနကို တာဝန်ယူခဲ့သည်။ ဒိုဒိုက အိမ်ကို ယာယီ တာဝန်ယူခဲ့သည်။ မင်းသမီးလေး အဲလစ်သည်လည်း ယနေ့တွင် အသီနာကို လာရောက် လည်ပတ်ရန် မြို့တော်မှ အမှောင်လ နယ်မြေသို့ လာမည် ဖြစ်ကြောင်း သတင်းလည်း ရှိနေသည်။

ဆုံးရှုံးမှု ပြီးနောက် ဆုချခံရသော ချွဲကျိကောင်သည် မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုများ ရှိနေပုံရသည်။ ချန်လွေ့ အိမ်ထဲသို့ ဝင်ပြီးနောက် သူ၏ နောက်ဘက်မှ ဆရာသခင် တကယ်ခန့်ညား၏ အလွန်အကျွံ ရယ်သံကို ကြားနေရသေးသည်။

ချန်လွေ့က နေအိမ် အခန်းထဲသို့ ဝင်သောအခါ သူ၏ ဘေးနားတွင် အစ်ဇဘယ်လာ နှင့် ဇိုလာတို့ ရှိနေလေသည်။

ယခင်က သိဒ္ဓိအလင်းတောင် တိုက်ပွဲတွင် ထိုအမျိုးသမီး နှစ်ဦးက ကြယ်စင်စု နတ်ဘုရားရုပ်ထုနှင့် ပေါင်းစည်းပြီးနောက် [တိုက်ခိုက်ရေးစိတ်ပုံရိပ်] အစွမ်းကို အသက်သွင်းခဲ့ကြသည်။ စိတ်ပုံရိပ် ပျက်စီးသွားခဲ့သော်လည်း သူတို့က အန္တရာယ် မရှိခဲ့ပေ။ ယခုတွင် သူတို့ သိဒ္ဓိအလင်းတောင်မှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး နတ်ဆိုးဘုံသို့ ပြန်လာခဲ့သောကြောင့် ၎င်းတို့က ပေါင်းစည်းထားသော အခြေအနေမှ အလိုလို ထွက်ခွာနိုင်ခဲ့သည်။

“အိမ်ပြန်ရောက်ပြီလား။” ဇိုလာက အလင်း ပြန်နေသော မျက်မှန်ဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်၏။

“အိမ်ကအကောင်းဆုံးပဲ။” အစ်ဇဘယ်လာက မည်သည်ကိုမှ ဂရုမထားဘဲ အိပ်ရာပေါ် လဲလျောင်း လိုက်သည်။ သူ၏ ကိုယ်ခန္ဓာ တစ်ခုလုံး ပြေလျော့သွားပုံရသည်။

“အဲဒီ [တိုက်ခိုက်ရေးစိတ်ပုံရိပ်] ကို ... မင်းတို့ နှစ်ယောက် ဘယ်လို သဘောရလဲ။” ချန်လွေ့က [တိုက်ခိုက်ရေးစိတ်ပုံရိပ်]ကို သုံးပြီး သူတို့၏ အစွမ်းကုန် တိုက်ခိုက်ရန် ပြောပြီးနောက် ဆက်စပ် ဆိုးကျိုးများ ရှိမရှိ ပို၍စိုးရိမ်နေသည်။

“ကျန်တာက ဘာမှမဟုတ်ပါဘူး။” ဇိုလာက ဂရုတစိုက် တွေးတောနေ ခဲ့သည်။ “စိတ်စွမ်းအား နည်းနည်း ကုန်သွားရုံပါပဲ။ ဒါက ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ကောင်းကောင်း အိပ်ပြီးရင် လုံးဝ ပြန်ကောင်းလာမှာပဲ။ ကြယ်စင်စု နတ်ဘုရားရုပ်ထုက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။ အချိန်ရရင် ကျွန်မတို့ အဲဒါကို ကောင်းကောင်းကြည့်သင့်တယ်။”

ချန်လွေ့က စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ။ ကျွန်မတို့ရဲ့ သိဒ္ဓိ သားတော်က နတ်ဆိုးဘုံကို ပြန်လာပြီး တော်ဝင် ကြင်ရာတော် မင်းသားအဖြစ် ပြန်ပြောင်းသွားပြီ။” အစ်ဇဘယ်လာ၏ ပေါ့ပေါ့ပါးပါး အကြည့်က ဆွဲဆောင်မှု ရှိသော အငွေ့အသက်ကို ဖော်ပြလိုက်သည်။ “ဒါဆိုရင် အဲဒီ မစ်-တစ်ဖနီကို ကယ်တင်တာ အောင်မြင်သွားပြီပေါ့။”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ သူ၏ လက်ထဲတွင် သလင်းကျောက် အလင်းတစ်ခု ပေါ်လာပြီး အစ်ဇဘယ်လာ ဘေးသို့ ပြုတ်ကျသွားသည်။ အိပ်ရာပေါ်တွင် အခြားလူ တစ်ယာက် ရှိနေသည်။ တစ်ဖနီ ပင်။

တစ်ဖနီ၏ မျက်လုံးများ မှိတ်နေပြီး မျက်နှာအမူအရာက ဖြူဖျော့နေ၏။ သူသည် အိပ်နေသော အနေအထား ရှိနေသည်။ ချန်လွေ့က စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း၏ ရှေးမှော်စာ အစီအရင်များကို ပြောင်းပြန်လှန်ခဲ့ပြီး တစ်ဖနီ၏ ဆုံးရှုံးခဲ့သော စွမ်းအားကို ပြန်လည် ရရှိစေခဲ့ သော်လည်း စိတ်ဝိညာဉ် စုစည်း မှော်အစီအရင်၏ ‘စွမ်းအင်ဗဟိုချက်’ ဖြစ်သောကြောင့် တစ်ဖနီသည် အသက်စွမ်းအားနှင့် ဝိညာဉ် စွမ်းအားတို့ သိသိသာသာ ဆုံးရှုံးခဲ့သည်။ မူလက ရာဖယ်ရယ်၏ အစီအစဉ်တွင် လူ အယောက် ၁၀၀ ပြောင်းလဲခြင်း အခမ်းအနားက သူ၏ အသက်ကို လုံးဝ သိမ်းယူသွားမည် ဖြစ်သည်။ သူက သေချာပေါက် သေသွားပေမည်။ ကံကောင်းစွာပင်

ချန်လွေ့ လှုပ်ရှားခဲ့ပြီးနောက် သူကို သေလုနီးပါး အခြေအနေမှ ဆွဲထုတ် နိုင်ခဲ့သည်။

သို့သော် တစ်ဖနီ အများဆုံး ခံစားခဲ့ ရသည်မှာ ကိုယ်ခန္ဓာ၊ စွမ်းအား မဟုတ်ဘဲ သူ၏စိတ်ပင် ဖြစ်သည်။

ယူဒိုရာက အယ်လီဇာ၏ ‘ခိုးယူခြင်း’ နှင့် ‘ပေးအပ်ခြင်း’ ပါရမီများကို အသုံးချ၍ တစ်ဖနီ၏ စွမ်းအားကို သူကိုယ်သူ လွှဲပြောင်းပြီး နှစ်ပေါင်းများစွာ အနှောင့်အယှက် ဖြစ်ခဲ့သော ‘မီးလျှံလျှပ်စီးနှလုံးသား’ တန်ပြန် စွမ်းအားကို ဖယ်ရှားကာ တိုင်းပြည်အဆင့် ရောက်ရှိခဲ့သည်။ ထို့နောက် အလင်း အမှောင် ကိုယ်ခန္ဓာ ရှိသော သမီးကို စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း အတွက် စတေးမှု တစ်ခုအဖြစ် ရာဖယ်ရယ်ထံ ပေးအပ်ခဲ့သည်။

တစ်ဖနီက လွတ်လပ်မှု ရရှိပြီး လူသားလောကသို့ လာနိုင်ရန် မဖော်ပြနိုင်လောက်သော ဒုက္ခများကို ဖြတ်သန်းခဲ့ရသည်။ သူ၏ မိခင်နှင့် မိခင် မေတ္တာကို ရှာဖွေရန်အတွက် သေလုနီးပါး အတွေ့အကြုံ တစ်ခု ဖြစ်ပြီး အထူးသဖြင့် သူက လျို့ဝှက် နယ်မြေတွင် ဖျက်ဆီးခြင်းဇစ်မြစ်ကို ရရှိခဲ့သည့် အချိန်တွင် ဖြစ်သည်။ သို့သော် ထိုမိခင်က အာဏာနှင့် စွမ်းအားအတွက် ကိုယ်ပိုင်လက်ဖြင့် သူ့ကို ငရဲသို့ တွန်းပို့ခဲ့ပြီး သူ၏ ဘဝတွင် တစ်ခုတည်းသော နှင့် အကြီးမားဆုံးသော ရည်မှန်းချက်ကို လုံးဝ ဖျက်ဆီးပစ် လိုက်လေသည်။ တစ်ဖနီ၏ စိတ်ထဲရှိ ထိခိုက်မှုကို စိတ်ကူးကြည့်နိုင်ပေ၏။

ယခုတွင် တစ်ဖနီကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သော်လည်း သူ့ကို ပြန်လည် ကောင်းမွန် လာစေရန်နှင့် နတ်ဆိုးဘုံ၌ စစ်မှန်သော ‘ပေါင်းစည်း’ မဟာမိတ်အဖွဲ့ ရရှိရန် ရိုင်ဇန်ကို သွေးရောင် အင်ပါယာအား အုပ်ချုပ် စေရန်မှာ မလွယ်ကူနိုင်ပေ။

မဒမ်-ဒေါ်လေး၏ တစ်ဖနီအပေါ် အကြည့်က အသေအချာ အနည်းငယ် ရှုပ်ထွေးနေလေသည်။ ထိုသူက သူ၏ အကြီးမားဆုံးသော ‘ရန်သူ့’ သမီး ဖြစ်သည်။ သို့သော်လည်း သူက အပြစ်မဲ့သော နစ်နာသူ တစ်ဦး ဖြစ်သည်မှာ သံသယ မရှိပေ။

“သူ ဒီမှာ ခဏ နားပါစေ။” အစ်ဇဘယ်လာက တိုးတိုလေး သက်ပြင်းချလိုက်သည်။

ချန်လွေ့က အစ်ဇဘယ်လာ၏ ခံစားချက်ကို နားလည်ပြီး သူ၏ လက်ကို ညင်သာစွာ ကိုင်လိုက်၏။

“သွားရအောင်။ နောက်ကျနေပြီ။ အခု အိမ်ပြန်ရောက်ပြီ ဆိုတော့ အတူ အိပ်ကြတာပေါ့။” ချန်လွေ့က မိန်းကလေး နှစ်ယောက်ကို သူ၏ လက်မောင်းများဖြင့် ဖက်လိုက်သည်။

“ဆမ်မြူရယ်နဲ့ တခြားသူတွေ ကရော...” အစ်ဇဘယ်လာက တစ်စုံတစ်ခုကို တွေးလိုက်မိပြီး မေးလိုက်၏။

“သူတို့က... မဟာဆရာသခင်ရဲ့ အမွေဆက်ခံလောကထဲက ကြယ်အပ်နှင်းစင်မြင့်ထဲ ပေါင်းစည်း နေတုန်းပဲ။ ဒါက ယုံကြည်မှု စွမ်းအားနဲ့ ပထမဆုံး ထိတွေ့တာ ဆိုတော့ သူတို့က ကြာကြာနေလေ ပိုကောင်းလေပဲ။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “စိတ်မပူပါနဲ့။ သူတို့က ၃ရက်ကြာတဲ့ အထိ ထွက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အရေးကြီးတဲ့ အချိန်မှာ ကိုယ်တို့ရဲ့ ပျော်စရာကိစ္စတွေကို နှောင့်ယှက်မှာ မဟုတ်ဘူး။”

“ဘယ်သူက ရှင်နဲ့ ပျော်စရာ ကိစ္စ လုပ်လို့လဲ။” အစ်ဇဘယ်လာက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။ “ဒီညတော့ ဇိုလာနဲ့ အိပ်မယ်။ ရှင် အသီနာတို့ဆီ သွားသင့်တယ်... မဟုတ်ဘူး။ ရှင့်ရဲ့ ဧကရီလောင်းနဲ့ ဒီမှာပဲ နေလိုက်ပါ။”

အစ်မကောင်း တစ်ဦး အနေဖြင့် ဇိုလာက ခေါင်းညိတ်ရင်း သဘောတူ လိုက်လေသည်။

“ဒါနဲ့ ဇိုလာ၊ ရင်းနီ။ မင်းတို့ နှစ်ယောက်ကို အရေးကြီးတဲ့ သတင်း တစ်ခု ပြောဖို့ မေ့နေ တယ်။”

“ဘာသတင်းလဲ။”

“အသီနာ။ သူ...”

အသီနာ ကိုယ်ဝန်ရပြီ ဖြစ်ကြောင်း သတင်းကို ချန်လွေ့ ပြောပြီးနောက် မစ်-နတ်မိမယ် နဂါးနှင့် မဒမ်-ဒေါ်လေးတို့၏ နားရွက်များက တစ်ချိန်တည်းတွင် ထောင်လာခဲ့၏။ ခရမ်းရောင် နှင့် အပြာရောင် မျက်လုံးများ အချင်းချင်း လှမ်းကြည့် လိုက်ကြသည်။ သူတို့က တစ်ဦး၏ မျက်လုံးတွင် တိုက်ခိုက်ရေးစိတ်နှင့် မီးလျှံများ တောက်လောင်နေသည်ကို မြင်နိုင်ပေသည်။

တစ်မိနစ်အကြာ သူဌေးချန်သည် အတွင်းရေးမှူးနှစ်ဦး၏ အလျင်အမြန် ဆွဲခေါ်ထုတ်ခြင်းကို ခံလိုက်ရ၏။ အရေးကြီးသော ဘဝ ဖြစ်ရပ်များ အတွက် အခြား အခန်းတစ်ခန်းသို့ မဝင်ရောက် နိုင်ခင်မှာပင် စင်္ကြံမှ အံ့အားသင့်နေသော အော်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ “အစ်ကို!”

အဲလစ်လား။

သူ ဘာလို့ ရောက်လာတာလဲ။

‘အဲလစ် အကြီးကြီး တက်ခုန်ခြင်း’ မတိုင်ခင် အနီရောင် အလင်းတစ်ခုက အရင် ရောက်လာခဲ့သည်။ “ဖေဖေ!”

သော်သော်ပဲ!

အဲလစ်နှင့် သော်သော် တို့သာမက အသီနာ၊ ခီရာနှင့် အခြားသူများလည်း ရှိနေသည်။

ချွဲကျိကောင်၏ စွမ်းဆောင်ရည်ကို ကြွားဝါသည့်အသံကို ကြားလိုက်ရာ ချန်လွေ့က လူတိုင်း အဘယ်ကြောင့် ရောက်လာခဲ့ကြောင်း နောက်ဆုံးတွင် နားလည်ခဲ့သည်။

သူက မျက်နှာကို အဆက်မပြတ် ပွတ်သပ်နေသော ကလေးမလေးကို ပွေ့ဖက်လိုက်သည်။ လည်ပင်းတွင် တွဲလောင်းခိုနေသော ကိုအာလာ ကလေးကို ချီလိုက်ပြီး အသီနာ၏ အပြုံးနှင့် ကဝေမလေး၏ ဟန်ဆောင်နေသော မကျေနပ်သည့် အကြည့်ကို ကြည့်လိုက်သည်။ ချန်လွေ့က နွေးထွေးမှုများကိုသာ ခံစားလိုက်ရ၏။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်ရောက်တာက ကောင်းပါတယ်လေ။

All Chapters