အက -
Vol. 64 Ch. 1040
ရင်သပ် ရှုမောဖွယ် ကောင်းပြီး အဆုံးမဲ့သော ကြယ်ကောင်းကင်က မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ချန်လွေ့က ထိုကျယ်ပြောလှသော စကြာဝဠာထဲ လွင့်မျောနေ၏။
၎င်းက သူ၏ စကြာဝဠာပင်။
စူပါစနစ် ဖြစ်၏။
ပျက်စီးခြင်းနှင့် ဖန်တီးခြင်းက စကြာဝဠာ၏ အခြေခံ အကျဆုံး ဥပဒေသ နှစ်ခု ဖြစ်သည်။ ပျက်စီးခြင်း ဇစ်မြစ်နှင့် ဖန်တီးခြင်း ဇစ်မြစ်ကို သူ လုံးဝ နားလည်ခဲ့သော်လည်း ၎င်းက အပေါ်ယံအဆင့်မျှသာ ရှိသေးသည်။
ချန်လွေ့က မျက်လုံးများကို ပိတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တိတ်ဆိတ်စွာ ခံစားနေ၏။
စိတ်အခြေအနေနှင့် စွမ်းအားက ထို ‘စိတ်ကူးယဉ်’ အခြေအနေတွင် အဆက်မပြတ် သန့်စင်နေသကဲ့သို့ ဖြစ်နေပြီး ခံစားချက် တစ်ခုတိုင်းက အလွန် အံ့ဩဖွယ် ကောင်းလှသည်။
သူ ယခင်က လျှောက်လှမ်းခဲ့သော လမ်းကို ပြန်ကြည့် လိုက်သောအခါ မူလ ‘အဆင့်မြှင့်တင်မှု’က စနစ်၏ အစွမ်း အသစ်များကို ရရှိနိုင်ရန် သူ၏ စွမ်းရည်ကို မြှင့်တင်ရန် အတွက် စူပါစနစ်၏ ‘ရှိရင်းစွဲ’ စွမ်းအားများကို အသုံးပြုခြင်းသာ ဖြစ်သည်။
ထိုသို့သော တိုးတက်မှုသည် အမှန် တကယ်တွင် အလိုလို ‘မြှင့်တင်ခြင်း’ သာ ဖြစ်၏။ ထိုအချိန် စူပါစနစ်က သူ၏ စိတ်ထဲ အံ့ဩဖွယ်ကောင်းသော အချက်အလက် အခြေခံ အသုံးချခံ တစ်ခု ဖြစ်ခဲ့သည်။
မူလ ‘အယ်ခိုက်’ အဆင့်မှ လက်ရှိ ‘မာရက်ခ်’အဆင့် ဓူဝံကြယ်ခရမ်း ဧကရာဇ်ကို သိရှိလာခဲ့သည်အထိ သူ ရောက်ရှိလာခဲ့ပြီး စူပါစနစ်၏ ဆန်းကြယ်မှု အချို့ကို အမှန်တကယ် နားလည်နိုင်ခဲ့သည်။
ယခင် အချက်အလက် အခြေခံ စနစ်များ၊ အစွမ်းများ အပါအဝင်က အခြေခံအုတ်မြစ် စုစည်းနေခြင်းသာ ဖြစ်သည်။ အဆင့်တိုးလာသည်နှင့် အမျှ ဒစ်ဂျစ်တယ် အယူအဆများ ပိုမို ဝေဝါးလာပြီး အခြားသော ခံစားချက် တစ်ခုက ပို၍ ထင်ရှားလာခဲ့သည်။ ထိုအရာက ဘဝပင်။
မူလ ဖရိုဖရဲမှုများ ရှိနေပြီးနောက် အသက်ရှိသောဂြိုလ်မှ နေအဖွဲ့အစည်းနှင့် ကြယ်စင်စုပိုင်နက်များသို့ ပြောင်းလဲခြင်း ဖြစ်သွားခဲ့သည်။ ထိုအရာက စကြာဝဠာ ဘဝ၏ ရှုပ်ထွေးသော ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ပင်။
လက်ရှိ စူပါစနစ်က သူ၏ မျက်လုံးတွင် ယခင်ကဲ့သို့ ဂိမ်း ‘စတင်မျက်နှာပြင်’ မဟုတ်တော့ဘဲ ဘဝအစစ်အမှန် ရှိသည့် စကြာဝဠာ တစ်ခု ဖြစ်လာသည်။
ထိုစကြာဝဠာတွင် အဆုံးမရှိသော လျှို့ဝှက် ဆန်းကြယ်မှုများ ရှိသည်။ စည်းမျဉ်းနှင့် စည်းကမ်းချက်များဖြင့် ကန့်သတ်ခြင်း၊ သတ်မှတ်ထားခြင်း မရှိတော့ဘဲ ဖြစ်နိုင်ခြေ များစွာဖြင့် ပြည့်နှက်နေသည်။ ဆိုလိုရင်းမှာ စူပါစနစ်၏ သတ်မှတ်ချက်များအပေါ် လုံးဝ မှီခိုရန် မလိုအပ်တော့ဘဲ ကိုယ်ပိုင်ဖန်တီးမှုနှင့် နားလည်မှုများ အပေါ်တွင်သာ မူတည်တော့သည်။
ကြယ်စင်စုနတ်ဘုရားကျောင်း၏ ထိန်းချုပ်သူ ဖြစ်သော်လည်း သူ၏ နားလည်မှုမှာ ဖန်တီးခြင်းနှင့် ပျက်စီးခြင်းဟူသော အခြေခံ ဥပဒေသ နှစ်ခုကို နားလည်ပြီး အနည်းငယ် ထိမိရုံမျှ ရှိသေးသည်။ ပိုမိုနားလည်ရန်နှင့် ရှာဖွေတွေ့ရှိရန် လိုအပ်နေသေးသည်။ ထိုအရာက ဓူဝံကြယ်ခရမ်းဧကရာဇ်၏ စဉ်ဆက် မပြတ် တိုးတက်မှုနှင့် ကြီးထွားမှု၏ အရင်းအမြစ်လည်း ဖြစ်လာပေမည်။
အစွမ်း များအတွက်မူ ထိုကဲ့သို့ အဆင့်မြင့်မှုတွင် [ကြေးမုံခန္ဓာ] တစ်ခုတည်းသာ တိုးလာသော်လည်း ချန်လွေ့ ကိုယ်တိုင်က စစ်ပညာမှ ဆင့်ကဲပြောင်းလာသော အရှိန်အဝါ လေးခုကို ဖန်တီးနိုင် ခဲ့လေသည်။ ထိုအရာက အစစ်အမှန် အရည်အသွေး ပြောင်းလဲမှုပင်။
အချုပ် အနှောင်များမှ ပိုမို၍ လွတ်မြောက်လာလေလေ စစ်မှန်သော စွမ်းအားကို ပိုမို၍ ဆုပ်ကိုင်နိုင်လေလေ ဖြစ်သည်။
ရာဖယ်ရယ်နှင့် တိုက်ပွဲက ချန်လွေ့ အတွက် အဖိုးတန် အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူက ယခုတွင် ရာဖယ်ရယ်၏ ပြိုင်ဘက် မဟုတ်သေးပေ။ ရာဖယ်ရယ်က သိဒ္ဓိအလင်းတောင်၌ အဆက်မပြတ် အရေးနိမ့်နေခြင်း၏ အဓိက အကြောင်းအရင်းမှာ ကောင်းကောင်း ပြင်ဆင်ထားသောကြောင့်သာ ဖြစ်ပြီး အဆောင်ပစ္စည်းနှင့် အစွမ်းများ၏ မှော်ဆန်သော အကျိုးသက်ရောက်မှု တို့ကြောင့်လည်း ပါဝင်သည်။ သူက ရန်သူနှင့် ရင်ဆိုင်ရပါက သူ ထပ်မံ ထွက်ပြေးနိုင်လျှင် ကံကောင်းနေပြီ ဖြစ်သည်။
သို့သော် ချန်လွေ့က အဆင့်သစ် တက်ရုံသာ ရှိသေးသည်။ သူသည် အစွမ်းအထက်ဆုံး တစ်ခု ဖြစ်သော [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း] နှင့် အသစ် ရရှိထားသော အစွမ်း အမျိုးမျိုးကို အသုံးပြုရန်နှင့် နားလည် နိုင်ရန် အစောပိုင်း အခြေအနေ၌ ရှိနေသေးသည်။ [ရှုထောင့်ဖျက်ဆီးခြင်း]ကို ဥပမာ အနေဖြင့် ယူရလျှင် ထိုအဆုံးသတ် တိုက်ကွက်တွင် [အလင်းခွဲ]နှင့် [စစ်မှန်သောအနီရောင်ပျက်သုဉ်း] တို့၏ စွမ်းအားများ ရှိရုံသာမက ကျက်သရေမျှော်စင်မှ နေရာလွတ် စွမ်းအားများလည်း ပါရှိပြီး ဖန်တီးခြင်းနှင့် ပျက်စီးခြင်း ဥပဒေသ နှစ်ခုကို တစ်ခုအဖြစ် ပေါင်းစည်းကာ ရှုထောင့် နေရာလွတ်တစ်ခု ဖန်တီး နိုင်လေသည်။ ဥပဒေသ နှစ်ခု၏ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော အားကောင်းသော ထိခိုက်မှုက ရှုထောင့်အတွင်းရှိ ရန်သူအားလုံးကို ဖျက်ဆီးလိမ့်မည်။ သူ လေ့ကျင့်စဉ် အတွင်း ၎င်းကို လုံးဝ အသက်မသွင်း နိုင်ခဲ့ပေ။ ရာဖယ်ရယ် ကဲ့သို့သော အစွမ်းထက် ပြိုင်ဘက်နှင့် ရင်ဆိုင် ရသည့်အခါမှသာ အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့လေသည်။
တစ်စုံတစ်ခုကို သိရှိသွား သကဲ့သို့ ချန်လွေ့၏ စိတ်က လှုပ်ရှားသွား၏။ သူက တစ်ခဏအတွင်း ကြယ်စင်စု နတ်ဘုရားကျောင်း၏ လေ့ကျင့်ရေးကွင်းထဲသို့ ပြန်ရောက်လာခဲ့သည်။
စိတ်ထဲတွင် လေ့ကျင့်ခဲ့သလိုပင် [ဓူဝံကြယခရမ်းအသွင်ပြောင်းခြင်း] အခြေအနေသို့ ဝင်ရောက်ပြီးနောက် သူက ပုံရိပ် သုံးခုအဖြစ် ချက်ချင်းပင် ခွဲထွက်သွားခဲ့သည်။ အစွမ်းထက် ခရမ်း-အနီ စွမ်းအားများ အကြားတွင် တြိဂံပုံ ရှုထောင့်တစ်ခုကို နေရာလွတ် အတွင်းထဲ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။
တြိဂံ၏ ထပ်နေသော ပုံရိပ်က ပျံ့နှံ့သွားပြီး အလယ်ရှိ အရာအားလုံး ပျက်စီးသွားတော့သည်။
နေရာလွတ်က မူလအခြေအနေသို့ ပြန်ရောက်ရန် အချိန် အတော်လေး ကြာခဲ့သည်။
ချန်လွေ့က အသက်ရှူသံကို တည်ငြိမ်စေပြီး အနည်းငယ် ရှုပ်ထွေး နေသော စွမ်းအားကို အလျင်အမြန် တည်ငြိမ်စေခဲ့သည်။ ထိုလေ့ကျင့်ရေး ကာလ ပြီးနောက်တွင် သူက ထိုအကွက်သစ်ကို ပိုမို လွတ်လပ်စွာ အသက်သွင်းနိုင်လာပြီး အရှိန်အဝါက ပိုမို၍ အစွမ်းထက်လာခဲ့သည်။
သူ ယခု လုပ်ဆောင်ရမည့်အရာမှာ ဓူဝံကြယ်ခရမ်းဧကရာဇ် စွမ်းအားကို ပိုမို ကျွမ်းကျင်ပြီး နားလည်ရန်သာ ဖြစ်သည်။ သူသည် ရာဖယ်ရယ်နှင့် ထပ်မံတွေ့ဆုံပါက ကိုယ်တိုင် ပြောခဲ့ သလို နောက်လာမည့် တိုက်ပွဲက ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
အားအင် ကုန်ခမ်းသွားသည်အထိ လှုပ်ရှားမှု အမျိုးမျိုးနှင့် အရှိန်အဝါ များကို ထပ်ခါထပ်ခါ အသက်သွင်း တော့သည်။
အနားယူပြီး ပြန်လည်ကောင်းမွန် လာပြီးနောက် ပြန်လေ့ကျင့်ပြန်၏။ ထိုအတိုင်း ဆက်တိုက် သံသရာ လည်နေခဲ့သည်။
ထိုအဆင့်တွင် အရေးအကြီးဆုံးမှာ နားလည်မှု ဖြစ်သော်လည်း ကြိုးစား အားထုတ်မှုနှင့် လုံ့လဝီရိယရှိမှုက အမြဲပင် အခြေခံအုတ်မြစ် ဖြစ်သည်။ ရောင့်ရဲခြင်း၊ ပေါ့ဆနေခြင်း အတွက် နေရာမရှိချေ။
အထူးအချိန် ဥပဒေသ တစ်ခုတွင် အဆင့်တစ်ခု၏ လေ့ကျင့်ရေးကို ပြီးစီးပြီးနောက်တွင်း ချန်လွေ့သည် လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့ပြီး ကြယ်စင်စုနတ်ဘုရားကျောင်း၏ တံခါးဝတွင် ဆွဲဆောင်မှု ရှိသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
“ချန်လွေ့...” ဗီရိုနီကာ ရောက်လာသည်။
“ဗီရိုနီကာ...” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ဒီရက်ပိုင်း ခင်ဗျားကို သိပ်ပြီးတော့ မတွေ့ရဘူး။ အခြေအနေတွေ ဘယ်လိုရှိလဲ။”
“ရှင်က ကျွန်မကို အဲဒီလောက် တွေ့ချင်တာလား။ ရှင့်ရဲ့ မိန်းမတွေ မနာလိုဖြစ်မှာ မကြောက်ဘူးလား။” ချန်လွေ့၏ မျက်နှာတွင် အနည်းငယ် ရှက်သောအမူအရာကို မြင်သည့်အခါ ဗီရိုနီကာ ပြုံးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒီကာလအတွင်း ကျွန်မရဲ့ အတွေ့အကြုံတွေက... စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲတယ်။ အတော်လေး အံ့ဩစရာ ကောင်းတယ်။ ‘နတ်ဝင်သည်’ အဖြစ် လောကအသစ်တစ်ခုထဲကို ကျွန်မ ဝင်ရောက်ခဲ့တယ်။ အဲဒီလောကက လူအားလုံးကို စောင့်ကြည့်ခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်တွေနဲ့ ခံစားတယ်၊ ပေါင်းစည်းတယ်၊ ပြောင်းလဲတယ်။ ကျွန်မ ရရှိခဲ့တာတွေ တော်တော်ကို ကြီးမားတယ်။ ကျွန်မ ခံစားခဲ့ရတဲ့ အဲဒီအတွေ့အကြုံတွေကတော့... ဇာမဏီငှက် ပြန်မမွေးဖွားလာခင် နာကျင်မှုလိုပဲ။ အခုမှ ကျွန်မဘဝ စတင်တာ။ ကျေးဇူးတင်ပါတယ်။”
ဗီရိုနီကာ၏ အကြည့်က နူးညံ့ကာ ကြည်လင်နေပြီး ချန်လွေ့က ၎င်းတွင် ပါဝင်သော အရာကို ခံစားနိုင်၏။ အသူရာချောက်နက်ထဲမှ နေကို မော့ကြည့်ခဲ့သော စိတ်ခံစားချက်က ယခုအထိ မပြောင်းသေးသော်လည်း ၎င်းက အခြား ခံစားချက်တစ်ခုသို့ မြင့်မားသွားခဲ့သည်။ ချစ်ခြင်းမေတ္တာ တစ်မျိုးပင်။
ညီအစ်ကို မောင်နှမများ သာမက၊ လုပ်ဖော်ကိုင်ဖက်များ သာမကပေ...
၎င်းကို အတိအကျ ချက်ချင်း ပြောနိုင်ခြင်း မရှိသော်လည်း ထိုကဲ့သို့ ချစ်ခြင်းမေတ္တာက အရာအားလုံးကို နေရာပေးနိုင်သလို သူ ခံစားခဲ့ရသည်။
“ဗီရိုနီကာ၊ ကျုပ်...”
“တောင်းပန်ဖို့ ရှင်းပြဖို့ မလိုပါဘူး။ အရင်က ပြောခဲ့တဲ့ အရာတွေကို ထပ်ပြီးတော့ မပြောချင်ဘူး။” ဗာရိုနီကာက ခေါင်းခါလိုက်သည်။ “ကျွန်မက ဒီနေရာမှာ ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ဘဝနဲ့ နေထိုင်နေတယ် ဆိုတာကိုပဲ ရှင်သိဖို့ လိုတယ်။”
ချန်လွေ့က ပုံမှန်တွင် စကားပြော ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခုမူ စကားတစ်ခွန်းမှ မပြောနိုင် တော့ချေ။ သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ။ အရှင် နတ်ဘုရင်။” ဗီရိုနီကာ အသာလေး ပြုံးလိုက်သည်။ “သင့်ရဲ့ နတ်ဝင်သည် တစ်ယောက် အနေနဲ့ အရှင်မင်းကြီးကို တစ်ခု ပြောစရာ ရှိပါတယ်။”
“ဒီအသုံးက ဆန်းပြားလွန်းတယ်။ စနောက်တာလို့ပဲ သဘောထားလို့ ရမလား။” ချန်လွေ့ ခေါင်းခါလိုက်ရာ နောက်ဆုံးတွင် အခြေအနေက ပြေလျော့သွားခဲ့သည်။
“ဒီ‘စနောက်တာ’ကို လက်ခံဖို့ သေချာရင်ပေါ့။” ဗယ်ရိုနီကာက ရယ်မောလိုက်သည်။ “ဒါပေမဲ့ ဒီအသုံးက ထိုက်တန် ပါတယ်။ ဘာလို့လဲဆိုတော့ နင့်ရဲ့ ဘုရင်မ နှစ်ယောက်... အင်း၊ ဇိုလာ နဲ့ ရင်းနီတို့က ကြယ်စင်စု နတ်ဘုရား ရုပ်ထုတွေကို တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ‘နတ်ဝင်သည်’ရဲ့ သိမြင်မှုအရ ယုံကြည်မှု ရုပ်ထုက အမှန်တကယ် အသိအမှတ် ပြုထားတဲ့ နတ်ဘုရား တစ်ဦး ဖြစ်လာဖို့ အတွက် ယုံကြည်မှု ပေါင်းစည်းခြင်း ဓလေ့ထုံးတမ်းတစ်ခု လိုအပ်တယ်။ ဒါက ဒီစကြာဝဠာ အတွက်တင် မကဘဲ သူတို့ ကိုယ်တိုင် အတွက်လည်း ကြီးမားတဲ့ အကျိုး ကျေးဇူးကို ဖြစ်စေလိမ့်မယ်။”
“ပေါင်းစည်းခြင်း ဓလေ့ထုံးတမ်း ဟုတ်လား။” ချန်လွေ့ စဉ်းစားပြီး [ကြယ်အဆင့် တိုးမြှင့်မှု] လုပ်ဆောင်ချက်က သူ၏ စိတ်ထဲ ပေါ်လာခဲ့သည်။ မူလ ကြယ်တစ်ပွင့် တိုးမြှင့်မှုတွင် ရွေးချယ်နိုင်သော ကြယ်နှစ်ပွင့် တိုးမြှင့်မှု ရှိလာသည်။
ယခုတစ်ခေါက်တွင် စူပါစနစ်၏ အဆင့်မြှင့်မှု၌ ပါလာသော အစွမ်းက [ကြေးမုံခန္ဓာ] ဖြစ်သော်လည်း မူလ အဆောက်အအုံများနှင့် လုပ်ဆောင်ချက် များလည်း အဆင့်မြင့် သွားခဲ့သည်။ အချိန် အကန့်အသတ်ကြောင့် ချန်လွေ့က ၎င်းတို့ကို တစ်ခုချင်းစီ လေ့လာရန် အချိန်မရှိခဲ့ပေ။
ယခင် ကြယ်တစ်ပွင့် တိုးမြှင့်မှုက ကြယ်စွမ်းအားနှင့် ယုံကြည်မှု စွမ်းအားကို အသုံးပြု၍ မိမိကိုယ်ကို သန့်စင်ကာ တိုးမြှင့်ပေးပြီး မြှင့်တင် ခံရသူ၏ အခြေခံ အုတ်မြစ်ကို ပို၍ ခိုင်မာစေသည်။ အနာဂတ်တွင် တစ်ဆို့မှုကို ချိုးဖောက်ရန် ပိုမို၍ လွယ်ကူစေလိမ့်မည်။ မိစ္ဆာသစ်သီး အထူးဗားရှင်း ကဲ့သို့ပင် ဖြစ်၏။ ထို့အပြင် [ကြယ်အဆင့် တိုးမြှင့်မှု] တွင် ‘အချင်းချင်းတိုးမြှင့်မှု’ ၏ ‘ရောင်လျှံအာနိသင်’လည်း ပါရှိလာသည်။ မြှင့်တင်မှု ရရှိသူ နှစ်ဦး (စမ်းသပ်ခံရသူ ချန်လွေ့ အပါအဝင်) က အကွာအဝေး တစ်ခုအတွင်း စွမ်းအားတွင် သိသာ ထင်ရှားသော တိုးမြှင့်မှု ရှိလိမ့်မည်။ လူများလေလေ တိုးမြှင့်မှုကက ပိုမို၍ အစွမ်းထက် လေလေဖြစ်ပြီး ၎င်းကို တိုက်ပွဲတွင် ကောင်းစွာ စမ်းသပ်ပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဇိုလာသည် ချန်လွေ့ ဘေးနားတွင် ရှိနေစဉ် ပုံမှန်ထက် ကျော်လွန်သော စွမ်းအားကို အမြဲ ထုတ်လွှတ်နိုင်ခဲ့သည်။
‘ကြယ်နှစ်ပွင့် တိုးမြှင့်မှု’ ၏ အခန်းကဏ္ဍက ဗာရိုနီကာ ပြောသလို ဖြစ်လောက်သည်။ ၎င်းက စူပါစနစ်မှ ယုံကြည်မှုနှင့် ပေါင်းစည်းပြီး ယုံကြည်မှု မျှော်စင်က အသိအမှတ် ပြုထားသော နတ်ဘုရား တစ်ဦး ဖြစ်လာကာ ကြယ်အပ်နှင်းစင်မြင့်၏ ‘ကြယ်စင်စုနတ်ဘုရားရုပ်ထု’ လျှို့ဝှက် ဆန်းကြယ်မှုကို ပိုမို၍ ကျွမ်းကျင်လာနိုင်စေသည်။
ကြယ်တစ်ပွင့် တိုးမြှင့်မှု တန်ဖိုးက ယုံကြည်မှုသလင်းကျောက် တစ်သိန်း ဖြစ်ပြီး ကြယ်နှစ်ပွင့် တိုးမြှင့်မှုက ယုံကြည်မှု သလင်းကျောက် ၁၀ စတုရန်းဖြစ်၏။ ‘စတုရန်း’က ယုံကြည်မှု သလင်းကျောက်ကို ရေတွက်သော ပုံစံအသစ် ဖြစ်ပြီး တစ်‘စတုန်ရန်း’လျှင် ယုံကြည်မှု သလင်းကျောက် သန်း၁၀၀နှင့် ညီမျှသည်။ ၁၀ စတုရန်းဆိုလျှင် ယုံကြည်မှု သလင်းကျောက် သန်း ၁၀၀၀ ဖြစ်လေသည်။ ၎င်းက ကြယ်တစ်ဆင့် တိုးမြှင့်မှုထက်ကို အဆ တစ်သောင်း ပိုများလေသည်။ ထိုကဲ့သို့ စျေးနှုန်း တိုးမြှင့်မှုသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းသော်လည်း စူပါစနစ်၏ ပုံစံက တန်ဖိုး ပိုမြင့်မားလေလေ လုပ်ဆောင်ချက်က ပိုမို အစွမ်းထက် လေလေဖြစ်၏။ ထို့ပြင် ချန်လွေ့၏ ယုံကြည်မှု အရင်းအမြစ်ကလည်း ယခုတွင် စူပါစနစ် ကိုယ်တိုင်၏ စကြာဝဠာ တစ်ခုတည်း သာမကဘဲ အပြင်တွင် မှိုလို ပေါများလာသော မှော်ဂိမ်းအဖွဲ့များလည်း ပါဝင်သည်။ သူက ပြည်တွင်းရော ပြည်ပမှပါ ရရှိနေ၏။ ၁၀ စတုရန်းကို မပြေားနှင့်၊ စတုရန်း တစ်သောင်းပင် ပြဿနာ ဟုတ်ပေ။
“နားလည်ပြီ။ ဒီပေါင်းစည်းခြင်း ဓလေ့ထုံးတမ်းကို အမြန်ပြီးအောင် လုပ်ပါ့မယ်။”
“သိပါပြီ။ အရှင် နတ်ဘုရင်။” ဗီရိုနီကာက အသာလေး ဝှေ့ရမ်းပြီး ယုံကြည်မှု မျှော်စင်သို့ တည့်တည့် လျှောက်သွားသည်။ “ကျွန်မရဲ့ အံ့ဩဖွယ်ခရီးကို ဆက်လုပ်ဆောင် ပါတော့မယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ဇိုလာရော တခြားသူတွေကိုပါ ဂရုစိုက်ပါ။”
အဝေးမှ ပုံရိပ်က တဖြည်းဖြည်းနှင့် ချန်လွေ့၏ အမြင်၌ ဝါးသွားခဲ့သည်။ သူ၏ အမြင် ထင်ရှားလာသောအခါ ပြတင်းပေါက်မှ တောက်ပနေသော နံနက်ခင်း အလင်းရောင် ဝင်လာ၏။
လက်ရှိ လေ့ကျင့်ရေး ကွင်းပြင်က ယခင်လို လွန်ကဲသည့် ပင်ပန်း နွမ်းနယ်ခြင်း ‘နောက်ဆက်တွဲ’များ မရှိတော့ဘဲ တစ်နေ့လုံး အိပ်စက်ရန် မလိုအပ်တော့သော်လည်း သူက အနည်းငယ် ဗိုက်ဆာနေသလို ခံစားလိုက်ရသည်။ ချန်လွေ့သည် အိပ်ရာမှထပြီး ပြတင်းပေါက်ကို ညင်သာစွာ ဖွင့်လိုက်ရာ ဆူညံသံ တစ်ခုကို ချက်ချင်း ကြားလိုက်ရ၏။
ခြံဝင်းထဲ အလွန်အားကောင်းသော စည်းချက်ရှိသည့် ဂီတသံ တစ်သံ ထွက်နေသည်။
အလွန် လှပသော ပုံရိပ်များက ဂီတသံနှင့်အတူ ညင်သာလှသော လှုပ်ရှားမှု အမျိုးမျိုး ကပြနေကြပြီး လှပသော ရှုခင်းတစ်ခု ဖြစ်စေ၏။
ထိုအရာက အဝေးမှ အရိပ်နက် အင်ပါယာရှိ ကတ်သရင်း ပေးခဲ့ပြီး ကဝေမလေး ဂရုတစိုက် လိုက်လျော ညီထွေ ဖြစ်အောင် ပြုလုပ်ထားသော အထူး အစီအစဉ်တစ်ခု ဖြစ်သည်။
ထိုရှေးဂီတနှင့်အကမှာ အက်စ်မိုဒက်စ် မိသားစုမှ ဆင်းသက် လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းက သန္ဓေသားကို ပိုမိုကျန်းမာစွာ ဖွံ့ဖြိုးစေနိုင်ပြီး နတ်ဆိုးဘုံ၏ ‘ကလေးမမွေးမီပညာရေး’ အတွက် စံနမူနာ တစ်ခုလည်း ဖြစ်သည်။
ခီရာက ထိုရှေးဟောင်း အကတွင် ‘ကလေးရနိုင်သော’ အစွမ်း တစ်ခုခု ရှိကြောင်း တစ်နည်းတစ်ဖုံ သတင်း ရရှိခဲ့ပြီး အမျိုးသမီးများ အားလုံးက ၎င်းကို ယုံကြည်ခဲ့ကြသည်။
ထို့ကြောင့် နံနက်နှင့် ညနေတိုင်း ထိုအကမျိုး ကကြသည်။ အကကို ကဝေမလေးက ဦးဆောင်ပြီး ဇိုလာ၊ အစ်ဇဘယ်လာ၊ ခရိုဘဲလက်စ်တို့က သစ္စာရှိ နောက်လိုက်များ ဖြစ်သည်။ အသီနာနှင့် ဒေလီယာ ကဲ့သို့သော အလုပ်များနေသည့် ကျန်သော သူများလည်း အချိန်တိုင်း ပါဝင်ရန် အမြဲ တောင်းဆိုကြ၏။
ထိုအရာက ချန်လွေ့အား ယခင် ဘဝမှ ကိုယ်လက် လှုပ်ရှားမှုများကို သတိရစေခဲ့သည်။ ပို၍ ရှက်စရာ ကောင်းသည်မှာ ထိုကဲ့သို့ ဂီတသံက ကြယ်ကြွေတမန်မြို့တော်၏ နန်းတော်ထဲ တစ်နေ့လုံး ထွက်ပေါ် နေခြင်းပင် ဖြစ်သည်။
နေပါဦး! ဒါက ကလေးရနိုင်တဲ့ အကပဲ ဖြစ်ဖြစ်၊ ကိုယ်ဝန်ပျက်ကျတာ ကာကွယ်တဲ့ အကပဲ ဖြစ်ဖြစ် အဲလစ်က ဘယ်လိုလုပ် ပါနေတာလဲ။
သူက သော်သော်ကိုပါ ခေါ်လာ ခဲ့သေးတယ်။
အဖေ တစ်ယောက်၏ နဖူးမှ ရုတ်တရက် ချွေးအေးများ ထွက်လာ တော့သည်။ ဒါနဲ့ အဲဒီ တွားသွားနေတဲ့ ထူးဆန်းတဲ့ဟာက ဘာလဲ။ ဒိုဒိုလား။
ချန်လွေ့ စကားမပြောနိုင်တော့ဘဲ နဖူးကို ပုတ်လိုက်သည်။ ခြံဝင်းအိမ် အောက်ရှိ ပုံရိပ်တစ်ခုက မြေပေါ် ထိုင်နေသည်။ ဘေးနားတွင်ရှိသော ဆူညံသံနှင့် ရယ်သံများက သူ၏ အာရုံကို လုံးဝ မဆွဲဆောင်နိုင်ခဲ့ဘဲ သူက အခြား လောကတစ်ခုတွင် ရှိနေသကဲ့သို့ ဖြစ်နေ၏။
အထီးကျန်နေခြင်းပင်။