ခွဲစိတ်ခြင်း
Vol. 30 Ch. 294
ကျန့်ဟန်ဖန်းသည် စုချန်းတယောက် ယိယွန့်ဟုန်အား လှိုဏ်ဂူအတွင်းသို့ သယ်သွားသည်ကို ငေးကြည့်နေ၏။ အတန်ကြာမှ သူက အံကိုတင်းတင်းကြိတ်ရင်း ရေရွတ်လိုက်သည်။
"သေစမ်း လုပ်ဖို့လိုနေမှတော့ လုပ်ရတော့မှာပဲ ဖြစ်အောင်လုပ်မယ် ဒါကို မလုပ်နိုင်ဘူးလို့ ငါ မယုံဘူး"
ထို့နောက် သူသည် လက်စွပ်အတွင်းမှ များပြားလှသော ပစ္စည်းများကို ဆွဲထုတ်ပြီး မူလပုံစံတခုကို စတင်ဖန်တီးတော့သည်။
စုချန်းကဲ့သို့ပင် ကျန့်ဟန်ဖန်းသည်လည်း မူလပုံစံငွေပြားများကို စုံလင်အောင်ယူမလာခဲ့။ ထိုအစား သူက ပုံစံကွက် ပြုလုပ်ရာတွင် လိုအပ်မည့်ကုန်ကြမ်းပစ္စည်းများကိုသာ ယူဆောင်လာခဲ့လေသည်။
သို့သော် သူက စုချန်းကဲ့သို့ ကြိုတင်တွက်ဆကာ ဟိုချန်သည်ချန် လုပ်ခဲ့ခြင်းတော့မရှိ။ အခြေအနေအမျိုးမျိုးအတွက် လိုလျောညီထွေသော မူလပုံစံများ ဖန်တီးနိုင်ရန် လိုအပ်မည့် ကုန်ကြမ်းမှန်သမျှကို သူ သယ်နိုင်သမျှ သယ်ယူခဲ့လေသည်။
အမှန်တော့ ကျန့်ဟန်ဖန်းသည် ဖုံးကွယ်ခြင်းမူလပုံစံများကို ကျွမ်းကျင်ခြင်းမရှိ။ သို့သော် လက်ရှိအခြေအနေတွင်တော့ သူ့အတွက် တခြားရွေးစရာလမ်းမရှိတော့။
ထိုအချိန်တွင် ယိယွန့်ဟုန်နှင့် စုချန်းတို့မှာလည်း တခြား ရွေးစရာလမ်းမရှိပဲ ဖြစ်နေ၏။
စုချန်းသည် ဆေးဝါးများဖော်စပ်ရာတွင် ကျွမ်းကျင်သော်လည်း ဆေးကုသရာတွင်တော့ မကျွမ်းကျင်။ ခွဲစိပ်ကုသရာတွင် ပို၍ မကျွမ်းကျင်။ သို့သော် မကျွမ်းကျင်ရုံနှင့်တော့ သူသည် လက်လျှော့မည့် လူစားမျိုးမဟုတ်။
သူသည် ဓားကို ဂရုတစိုက်နှင့် စတင်ခွဲစိတ်မည့် နေရာတွင် တင်ရင်း အသက်ကို အားရပါးရ ရှုသွင်းလိုက်သည်။ သို့တိုင်အောင် ထိုအချိန်ထိ သူသည် ဓားရာ မပေးနိုင်သေးပဲ ရှိလေ၏။
ယိယွန့်ဟုန်ကလည်း စုချန်း၏ အခြေအနေကို ကောင်းစွာ သဘောပေါက်ဟန် တူသည်။ သူက ပြုံးရင်း ပြောလိုက်၏။
"လုပ်သာလုပ်စမ်းပါ ငါကံမကောင်းလို့ သေသွားရင်လည်း အရေးမကြီးဘူး ဒီကောင်တွေကို ပြန်ပြီး လက်စားချေမှာပဲ"
"မင်း သေသွားမှတော့ ဘယ်လိုလုပ် လက်စားချေတော့မှာတုန်း"
"ငါက ဝိညာဉ်မျိုးစိတ်ကို ကူးပြောင်းပြီး ကိုယ်ခန္ဓာတခုရအောင် ပြောင်းလဲယူမှာပေါ့"
"ဒီလိုလုပ်ဖို့အတွက် သူတို့မှာ ဝိညာဉ်အသွင်ပြောင်းခြင်းကိရိယာ ရှိနေမှ ရမှာလေ ပြီးတော့ မင်းမှာ ဒီလို စိတ်သဘောထားရှိနေမှတော့ သူတို့က မင်းကို လိုချင်ပါအုံးမလား ဒါ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူးဗျ"
"ဟေ့ မင်းက ငါ့ကို ဟာသလုပ်နေတာလား"
"ငါက ဘာကြောင့် မင်းကို ဟာသလုပ်ရမှာတုန်း ငါက အမှန်အတိုင်း ပြောနေတာဗျ ဒီလို လူတဝက် တစ္ဆေတဝက် သတ္တဝါတွေဟာ မနာလိုရလောက်အောင် ထိုက်တန်လို့လားဗျာ"
"ဟေ့ ဟေ့ လက်စသတ်တော့ မင်းက ငါ့ကို စိတ်ပျက်အောင် လုပ်နေတာပဲကွ"
စကားတပြောပြောနှင့်ပင် စုချန်းသည် ခွဲစိတ်မှုကို စတင်လိုက်၏။
ဤနေရာတွင် မေ့ဆေးမရှိပါ။ အစိမ်းသက်သက်
ခွဲစိပ်ရခြင်း ဖြစ်သည်။ ယိယွန့်ဟုန်အဖို့ကား ချီစွမ်းအားပညာရှင်တယောက်တွင် ပိုင်ဆိုင်ထားသည့် ခံနိုင်ရည်ကိုသာ အားကိုးအားထားပြုကာ နာကျင်မှုကို အံကြိတ်ခံနေရရှာ၏။ နာကျင်မှုမှာကား ပြင်းထန်လှ၏။ ယိယွန့်ဟုန်သည် တခါတရံတွင် ကောင်းကင်မှ ပြုတ်ကျလာသလို ခံစားနေရပြီး တခါတရံတွင် ကမ္ဘာကြီးတခုလုံး အက်ကွဲသွားသလို ခံစားနေရရှာ၏။ သူ့အဖို့ နာကျင်မှုကို အာရုံလွှဲရန် စကားပြောနေဖို့သာ ရှိတော့သည်။
ဓားရာသည် နက်သထက် နက်လာ၏။ ယိယွန့်ဟုန်ကား စကားကို အမျှင်မပြတ် ပြောနေတော့သည်။ စုချန်းမှာမူကား တိတ်ဆိတ်သထက် တိတ်ဆိတ်လာ၏။
သူသည် ခွဲစိတ်မှုအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထား၏။ သူ့လှုပ်ရှားမှုများမှာကား နှေးသထက် နှေးကွေးလာ၏။
ယိယွန့်ဟုန်မှာကား သူ့အား သေစေရန် သို့မဟုတ် အသက်ကယ်ရန် အပြင်းအထန် ကြိုးစားနေသော စုချန်းကိုကြည့်ရင်း အံ့သြစိတ်များပင် ဝင်လာ၏။ သို့သော် ထိုအတွေးသည် ခနမျှသာ ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။ ပြင်းထန်လှသော နာကျင်မှုကြောင့် မြန်မြန်အသက်ပျောက်သွားလျင် ကောင်းမည်ဟုပင် ယိယွန့်ဟုန် တွေးမိလာတော့သည်။ နာကျင်မှုသည် တဖြည်းဖြည်းနှင့် ပိုမိုဆိုးဝါးလာပြီး အထွပ်အထိပ်သို့တိုင် ရောက်ရှိလာ၏။ ယိယွန့််ဟုန်၏ စိတ်ထဲတွင် စုချန်းကို လည်ပင်းထညှစ်ပြီး သူနှင့်အတူ သေရွာသို့ ခေါ်သွားလျင်ပင် ကောင်းမလားဟု စိတ်ရူးပေါက်လာတော့သည်။
သို့သော် ယိယွန့်ဟုန်တယောက် ထိုဝေဒနာကို တင်းခံနိုင်ခဲ့၏။
စုချန်း ဘာလုပ်လုပ် ငြိမ်ခံတော့မည်ဟု သူ စိတ်ပိုင်းဖြတ်လိုက်၏။ ထိုအခါ သူသည် နာကျင်မှုဒဏ်ကို အတော်အသင့် ခံနိင်ရည်ရှိလာလေသည်။ စုချန်းက ခွဲစိတ်ကုသမှု အောင်မြင်သွားပြီဟု ပြောလိုက်သည့်နောက်တွင်တော့ တချိန်လုံး မျက်ရည်တစက်ပင် မကျခဲ့သော ယိယွန့်ဟုန်က အော်ဟစ်ငိုကြွေးတော့သည်။
"သေစမ်း နောက်တခါဆိုရင်တော့ မင်းကို ကယ်ခိုင်းမဲ့အစား အသေပဲ ခံလိုက်တော့မယ်"
ယိယွန့်ဟုန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါကရော ဒါကို လုပ်ချင်လွန်းလို့ လုပ်နေတယ်များ ထင်နေတာလား ငါ ဒါကို လုပ်လို့ အောင်မြင်သွားပြီဆိုရင် မင်းဟာ ကိုယ်ရောစိတ်ပါ အင်မတန်ကြံ့ခိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် သွားပြီးသက်ရောက်နေမယ် မတော်လို့ မအောင်မြင်ဘူးဆိုရင်တော့ မင်းကို သတ်မိသလို ဖြစ်သွားမယ် ထွီ ငါ့အတွက် ဘယ်ဟာမှ မကောင်းဘူးကွ"
စုချန်းကလည်း မဆဲစဖူး ဆဲဆိုလိုက်၏။
ယိယွန့်ဟုန်သည် ပြင်းထန်လှသော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားခဲ့ရသည်။ စုချန်းကတော့ ခွဲစိတ်မှုလုပ်ငန်းစဉ်တလျှောက် အဆုံးစွန်သော ဖိအားများကို တင်းခံခဲ့ရ၏။ ထို့ကြောင့် သူ့အနေနှင့်လည်း စိတ်ကို ဖွင့်ထုတ်လိုက်ရန် လိုအပ်နေလေသည်။
ယိယွန့်ဟုန် သွေးထွက်မလွန်စေရန် သူသည် မူလစွမ်းအင်ကို ပို့လွှတ်ကာ ၎င်း၏ သွေးလှည့်ပတ်မှုလမ်းကြောင်းများကို သတိကြီးစွာ ထိန်းချုပ်ခဲ့ရ၏။ ထိုလုပ်ငန်းစဉ်သည် လုံးဝ အမှားမခံချေ။ တစုံတခုသာ မှားယွင်းသွားပါက သူ၏ ကြိုးစားအားထုတ်မှုများအားလုံး အဟောသိကံ ဖြစ်သွားပေလိမ့်မည်။
ဤနေရာတွင် စုချန်း မဖြစ်မနေ ကျေးဇူးတင်ရမည့်လူမှာ ဟွမ်းမင်ပင် ဖြစ်သည်။ ဟွမ်းမင်ကြောင့်သာ သူသည် လူသားတယောက်၏ ခန္ဓာဗေဒကို ယခင်ကထက် နားလည်သဘောပေါက်လာခြင်းပင်။
ဤကမ္ဘာကြီးတွင် စုချန်း ပြုလုပ်ခဲ့သည့် ခွဲစိတ်မှုမျိုးသည် ဘယ်တုန်းကမှ ပေါ်ပေါက်ခဲ့ဖူးသည်မဟုတ်။ သူသည် လုံလောက်သော ကျွမ်းကျင်မှုမျိုးကို ရရှိရန် ဆေးပညာစာအုပ်များကို ကိုယ့်အားကိုယ်ကိုး၍ လေ့လာခဲ့ရ၏။ စမ်းသပ်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ရ၏။ နောက်ဆုံးတွင်တော့ သူသည် လေ့လာထားသမျှ သီအိုရီများနှင့် အတွေ့အကြုံများကို အိပ်သွန်ဖာမှောက် အသုံးချကာ ဤကမ္ဘာကြီးပေါ်ရှိ ခွဲစိတ်ကုသမှုဆိုင်ရာ သမိုင်းကြောင်းတွင် တခါမှ မရှိခဲ့ဖူးသည့် လမ်းကြောင်းအသစ်တခုကို ဖော်ဆောင်နိုင်ခဲ့လေပြီ။
စုချန်း၏ရှေ့တွင် ရှေ့ဆောင်လမ်းပြမည့်သူ မရှိ။ ထို့ကြောင့် သူသည် ဤခရီးကို တယောက်တည်းသာ လျှောက်ခဲ့ရ၏။ သူ့အနေနှင့် သွေးသွင်းရမည်မှန်းလည်း မသိ။ ထို့ကြောင့် ယိယွန့်ဟုန်တယောက် သွေးထွက်မလွန်စေရန် မူလစွမ်းအင်ကို အသုံးပြုကာ ထိန်းချုပ်ခဲ့ရလေသည်။ သူ့အနေနှင့် မည်သည့် မေ့ဆေးမျိုး လိုအပ်မည်မှန်းကိုလည်း မသိခဲ့။ သို့သော် ယိယွန့်ဟုန်၏ နာကျင်လှသော အမူအရာကိုကြည့်ရင်း နာကျင်မှုကို လျှော့ချပေးနိုင်မည့် ဆေးတမျိုး ဖန်တီးရန်တော့ သူ စိတ်ကူးရလာခဲ့၏။
ပထမဆုံးဟု ဆိုရမည့် အရာများ များလာလေလေ ပို၍ အားထုတ်ရလေပင်တကား။
မည်သို့ဆိုစေ ဤခွဲစိတ်မှုသာ အောင်မြင်သွားပါက အလွန်တရာ ဝမ်းသာကြည်နူးဖွယ် ကောင်းပေလိမ့်မည်။
ဒဏ်ရာများကို ချုပ်ပြီးချိန်တွင် ယိယွန့်ဟုန် အလွန်မောနေခဲ့လေပြီ။ အနာကျက်ဆေးတမျိုးကို သောက်လိုက်ပြီးသည်နှင့် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
ဤနေရာတွင် မည်သည့်စောင်မှ မရှိ။ ထိုအခါ စုချန်းက သူ ခူးဆွတ်လာသော လေငြိမ်းသတ်ခြင်းမြက်ပင်များနှင့် လက်ဖြစ်စောင်တထည် ယက်လုပ်ကာ ယိယွန့်ဟုန်အား ခြုံပေးလိုက်၏။ လေငြိမ်းသတ်ခြင်းမြက်ပင်များသည် သွေးများနှင့် ရစရာမရှိအောင် ပေကျန်သွား၏။ သို့သော် စုချန်းကတော့ ဂရုမစိုက်။
တဖန် သူက ယိယွန့်ဟုန်၏ သွေးခုန်နှုန်းကို ထပ်မံ စမ်းသပ်ကြည့်ပြန်သည်။ အရာအားလုံး ပုံမှန်ဖြစ်နေမှန်း သေချာတော့မှ သူသည် လှိုဏ်ဂူ၏ ထောင့်နားဆီသို့ ဒယိန်းဒယိုင်နှင့် လျှောက်သွားလိုက်လေသည်။
အပြင်ဘက်တွင်တော့ ကျန့်ဟန့်ဖန်းကို ပတ်ဝန်းကျင်ကို အနည်းငယ်မှ အလစ်မပေးရဲပဲ စောင့်ကြည့်နေ၏။ သူ့အာရုံတခုလုံးမှာလည်း အထူးပင် တင်းမာလျက်ရှိသည်။
ပြီးစီးသွားသော ပုံစံကွက်ပေါ်တွင် ယခုအချိန်ထိ မတ်တပ်ရပ်နေသော ကျန့်ဟန်ဖန်းကို မြင်သောအခါ စုချန်းက မနေနိုင်တော့ပဲ လှမ်းမေးလိုက်၏။
"ဟေ့ မင်း ဘာလုပ်နေတာလဲ"
ကျန့်ဟန်ဖန်းက ပြန်ဖြေလိုက်၏။
"ကျုပ်က မူလပုံစံကွက်ရဲ့ အုတ်မြစ်ပေါ်မှာ မတ်တပ်ရပ်နေတာလေဗျာ ကျုပ် လုပ်တာ သိပ်ပြီး အဆင်မပြေလိုက်ဘူးဗျ ဒါကြောင့် မူလစွမ်းအင် အတက်အကျတွေက ဖြစ်နေတုန်းပဲ ဒါကြောင့် ဒီနေရာမှာ မတ်တပ်ရပ်ပြီး စွမ်းအင်မတည်ငြိမ်မှုကို ကိုယ့်ဖာသာကိုယ်ပဲ ထိန်းချုပ်နေတာ"
"ခုချိန်ထိ အဲဒီနေရာမှာ မတ်တပ်ရပ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ စွမ်းအင်ကြိမ်နှုန်းတွေကို ကိုယ့်ခန္ဓာကိုယ်ကို သုံးပြီး စုပ်ယူနေတယ်လို့ မင်းပြောနေတာလား"
စုချန်းက ထိတ်လန့်တကြားနှင့် မေးမြန်းလိုက်သည်။
မူလစွမ်းအင်ကြိမ်နှုန်းများသည် သာမာန်အားဖြင့် ဒုက္ခမပေးတတ်သော်လည်း အချိန်ကြာသွားပါက ကြိမ်နှုန်း ပဲ့တင်ထပ်ခြင်းကို ဖြစ်ပေါ်စေတတ်၏။ ထိုအခါ အပျော့စားဒဏ်ရာများမှ ပြင်းထန်သော မူလစွမ်းအင် တန်ပြန်ရိုက်ခတ်ခြင်းမျိုးအထိ ဖြစ်ပေါ်လာတတ်လေသည်။
ယခု ကျန့်ဟန်ဖန်းတယောက် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်မှာ အချိန်အတော်ပင် ကြာမြင့်ခဲ့လေပြီ။
ထိုအချိန်မှာပင် ကျန့်ဟန်ဖန်း၏ ကိုယ်ခန္ဓာသည် တဆတ်ဆတ် တုန်ယင်လာ၏။
စုချန်းက ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။ သူသည် ကျန့်ဟန်ဖန်းကို သူ့ဘေးနားသို့ ဆွဲယူပြီး လျင်မြန်စွာ စမ်းသပ်စစ်ဆေးလိုက်၏။
တော်သေး၏။ ဒဏ်ရာမှာ သိပ်မပြင်းထန်လှ။ ခနတဖြုတ် အနားယူလိုက်သည်နှင့် ပျောက်ကင်းသွားပေလိမ့်မည်။
သို့သော် ကျန့်ဟန်ဖန်းကတောာ အနားယူရန် ငြင်းဆန်လျက်ရှိလေသည်။
"သွားလို့မရဘူးဗျ သွားလိုက်တာနဲ့ စွမ်းအင်အတက်အကျတွေက ပြန်ပြီး ပေါ်ပေါက်လာလိမ့်မယ်....."
"မင်း သွားလို့ရပါပြီကွ ငါတို့ ဒါကို ထပ်ပြီးလုပ်ဖို့ မလိုတော့ပါဘူး"
"ဒါဆိုရင် အစ်ကိုကြီးရှစ် အခြေအနေကောင်းသွားပြီပေါ့ ဟုတ်လား"
ကျန့်ဟန့်ဖန်း၏ မျက်နှာက ဝင်းလက်သွား၏။
"ဟုတ်တယ်ကွ ဒါပေမဲ့ သူ့အနေနဲ့ နှစ်ရက်လောက်တောာ အနားယူဖို့ လိုအပ်နေသေးတယ် မင်းက သူ့အတွက် အသားစွပ်ပြုတ် နည်းနည်းပါးပါး သွားလုပ်ပေးလိုက် သူ့အတွက် အဟာရလိုနေတယ်"
ပြောပြောဆိုဆိုနှင့် စုချန်းသည် လက်စွပ်အတွင်းမှ သား သားရဲသတ္တဝါအသေကောင်တကောင်ကို ဆွဲထုတ်ကာ ပစ်ချပေးလိုက်၏။ မူလချီစွမ်းအားပညာရှင်ပင်လျင် အဟာရမပြည့်ပဲ ထူထူထောင်ထောင် ပြန်ဖြစ်ရန် မလွယ်ချေ။
"ဟုတ်"
ကျန့်ဟန်ဖန်းသည် သတ္တဝါအသေကောင်ကို ကောက်ယူကာ အသားစွပ်ပြုတ်ပြုလုပ်ရန် ပြင်ဆင်လိုက်၏။ မူလစွမ်းအင်ကြိမ်နှုန်းများကြောင့် ယခုတိုင် မူးဝေလျက်ရှိသော်လည်း ကျန့်ဟန်ဖန်းသည် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင်ပင် ပြေးဝင်သွား၏။
ကျန့်ဟန်ဖန်း၏ ပုံစံကိုကြည့်ရင်း စုချန်း ပြုံးလိုက်သည်။
ထို့နောက် သူသည် အမြင့်ပိုင်းတနေရာသို့ တက်လာခဲ့ပြီး အဝေးဆီကို ငေးမျှော်ကြည့်ရှုနေလေသည်။
သူ့မျက်လုံးထဲတွင်တော့ ကုချိန်းလွှာကို မြင်ယောင်လာ၏။
ကုချိန်းလွှာ...မင်း ဘယ်ဆီများ ရောက်နေသလဲ....
အဆင်ကောပြေရဲ့လားကွယ်.....