← Chapters

သင်္ကေတ ဆေးမင် ဆေးရည်

Vol. 30 Ch. 295

သင်္ကေတ ဆေးမင် ဆေးရည်

Vol. 30 Ch. 295

ခွဲစိတ်ကုသခြင်းကား ပြီးစီးအောင်မြင်သွားလေပြီ။ သူတို့အနေနှင့် လုပ်စရာဟူ၍ ယိယွန့်ဟုန်တယောက် ပြန်လည်သက်သာလာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။

ကျန့်ဟန်ဖန်း၏ ဖုံးကွယ်ခြင်းပုံစံကွက်မှာ ပြီးပြည့်စုံခြင်း မရှိသောကြောင့် စုချန်းသည် အပြင်ကိုထွက်၍ အမဲလိုက်မနေတော့။ ယိယွန့်ဟုန်နှင့် ကျန့်ဟန်ဖန်းကို ကာကွယ်နိုင်ရန် လှိုဏ်ဂူအတွင်းမှာပင် စောင့်ဆိုင်းနေခဲ့လေသည်။

စောင့်ဆိုင်းနေသည်ဟု ဆိုရာတွင်လည်း ပျင်းရိငြီးငွေ့စွာနှင့် ထိုင်နေသည်တော့မဟုတ်။ သူသည် စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေသလို ဆေးဝါးများကိုလည်း အလျင်းသင့်သလို ဖော်စပ်နေ၏။ သာမာန် အသေးစားတာဝန်များကိုကား ကျန့်ဟန်ဖန်းကို တာဝန်ပေးထားလိုက်၏။

တရက်တွင်တော့ စုချန်း အလုပ်ရှုပ်နေစဉ်မှာပင် ကျန့်ဟန်ဖန်းက ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာပြီး ပြောလိုက်သည်။

"သူ စွပ်ပြုတ်တခွက်လုံးကို မော့သောက်ပြီး အိပ်ပျော်သွားပြန်ပြီ"

"သူ့ကို သိပ်ပြီး အများကြီး မစားစေနဲ့ကွ ချီစွမ်းအားပညာရှင်ဆိုပေမဲ့လို့ ဒီလိုအချိန်မှာတော့ ဖြည်းဖြည်းစားဖို့ လိုအပ်တယ်"

စုချန်းက နောက်ကို လှည့်မကြည့်ပဲ ပြန်ပြောလိုက်သည်။

"ကျုပ် ပြောပါတယ် ဒါပေမဲ့ သူက နားမထောင်ဘူးဗျ သူက ပြောတယ် သူ့အနေနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အမြန်ဆုံး ပြန်ရချင်တယ်တဲ့"

ကျန့်ဟန်ဖန်းက လမ်းလျှောက်ရင်းနှင့်ပင် ငြီးငြူလိုက်၏။

စုချန်းဘေးနားသို့ ရောက်သောအခါတွင်တော့ ကျန့်ဟန်ဖန်းတယောက် အတော်လေး အံ့သြသွား၏။

အကြောင်းမှာ စုချန်း၏ ရှေ့တွင် တဝက်တပျက် ခွဲစိတ်ထားသော သတ်ဖြတ်သူ အလောင်းကောင်ကြီး ရှိနေသောကြောင့်ပင်။

"သတ်ဖြတ်သူမျိုးဆက်သစ်ပါလား အစ်ကိုကြီးသုံး ဒီအလောင်းကို ဘယ်ကရလာတာလဲ"

"ဘယ်ကရရမှာတုန်း ငါ သတ်ပစ်လို့ ရလာတာပေါ့ကွ"

စုချန်းက သတ်ဖြတ်သူ၏ နှလုံးသားကို ဆွဲထုတ်ကာ ၎င်း၏ တည်ဆောက်ပုံကို ဂရုတစိုက် လေ့လာရင်း ပြန်ပြောလိုက်သည်။

ကျန့်ဟန်ဖန်း မျက်လုံးပြူးသွား၏။ သူက ထပ်မေးလိုက်ပြန်သည်။

"အစ်ကိုကြီးသုံး ခင်ဗျားက သတ်ဖြတ်သူတယောက်ကို သတ်ပစ်တယ် ပြီးတော့ ဒီကောင့်ကို ခွဲစိတ်တယ်ပေါ့ ဟုတ်လား"

"တယေက်မဟုတ်ဘူးကွ နှစ်ယောက်"

စုချန်းက မလှမ်းမကမ်းရှိ သတ်ဖြတ်သူအလောင်း နောက်တလောင်းကို လက်ညိုးထိုးပြပြီး ပြန်ပြောလိုက်၏။

တခြားသတ်ဖြတ်သူအလောင်းကောင်သည် နံရံတွင် တွဲလောင်းချိတ်ဆွဲခံထားရပြီး ၎င်း၏ အရေပြားမှာ တကိုယ်လုံး အခွာခံထားရ၏။ ၎င်း၏ ကိုယ်တွင်းအင်္ဂါများနှင့် ခြေလက်များမှာကား တစစီ ဖြတ်တောက်ခံထားရလေသည်။ ၎င်း၏ ခေါင်းပြတ်ကြီးမှာလည်း ထိုနေရာတွင် အခန့်သား ရှိနေပြီး ၎င်း၏ မျက်နှာမှာ အသက်ရှင်နေစဉ်ကကဲ့သို့ပင် ကြည့်ရဆိုးလှ၏။

ကျန့်ဟန်ဖန်းကား ကမ္ဘာကြီးတခုလုံး ခြာခြာလည်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူ့အနေနှင့် လူသေအလောင်းများကို မြင်ဖူးသည်မှာတော့ အမှန်ပင်။ သို့သော် ဤမျှ သွေးပျက်စရာကောင်းသော မြင်ကွင်းမျိုးကိုတော့ တခါမှ မမြင်ဖူး။

ကြောက်ရွံ့မှုနှင့် ဝမ်းသာမှုတို့သည် ကျန့်ဟန်ဖန်း၏ မျက်နှာပေါ်တွင် အလှည့်ကျ ပေါ်ပေါက်နေ၏။ ဝမ်းသာသည်မှာကား သူ၏ တတိယအစ်ကိုကြီးသည် သတ်ဖြတ်သူ မျိုးဆက်သစ်နှစ်ယောက်ကို တပြိုင်တည်း သတ်ပစ်နိုင်သည်အထိ အင်အားကြီးမားနေသောကြောင့်ပင်။ တဖက်တွင်လည်း စုချန်း၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကိုကြည့်ရင်း သူ ကြောက်ရွံ့လာ၏။ ထိုအခါ သူ့နှလုံးသားသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် ခုန်ပေါက်လာ၏။ သူသည် အချိန်အတော်ကြာသည်အထိ စကားမဟနိုင်ပဲ ရှိလေသည်။

"ဘာလဲ မင်းက ကြောက်လို့လား"

စုချန်းက သတ်ဖြတ်သူနှလုံးသားကို သူ၏ ထူးခြားသော အမြင်အာရုံနှင့် ဆန်းစစ်နေရင်း မေးလိုက်သည်။

ကျန့်ဟန်ဖန်းက တံတွေးမြိုချပြီး ခက်ခက်ခဲခဲနှင့် ပြန်ပြောလိုက်၏။

"အစ်ကိုကြီးသုံး ခင်ဗျား ဒါတွေကို ဘာကြောင့်လုပ်နေရတယ်ဆိုတာ ကျုပ် နားမလည်ဘူးဗျ"

"သူတို့ကိုယ်ခန္ဓာရဲ့ တည်ဆောက်ပုံကို ကျကျနန လေ့လာထားမှ သူတို့နဲ့ ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်မှာပေါ့ကွ ဥပမာ သူတို့မှာ နှလုံးသား နှစ်ခုရှိတယ် တခုပျက်စီးသွားရင်တော့ သူတို့ဟာ ဆက်ပြီး အသက်ရှင်နိုင်သေးတယ် ဒါမျိုးကျ လူတိုင်း သိပြီးသားပဲလေ ဒါပေမဲ့ သူတို့ရဲ့ သရက်ရွက်ကို တိုက်ခိုက်တာဟာ နှလုံးကို တိုက်ခိုက်တာထက် ပိုပြီး ထိရောက်တယ်ဆိုတာမျိုးကျ လူတိုင်း မသိကြဘူးလေ"

ထူးခြားသော အမြင်အာရုံကြောင့် စုချန်းသည် သတ်ဖြတ်သူများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို အတော်ပင် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့၏။ တနည်းအားဖြင့် သူသည် သတ်ဖြတ်သူများ၏ ခန္ဓဗေဒကို တစိတ်တဒေသ နားလည်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

"ဒီတယောက်ကလည်း ဒါကို သိရဖို့အတွက်ပဲ ခွဲစိတ်ထားတာလား"

ကျန့်ဟန်ဖန်းက နံရံတွင် ချိတ်ဆွဲထားသော သတ်ဖြတ်သူအလောင်းကို လက်ညိုးထိုးပြီး မေးလိုက်၏။

"အိုး အဲဒီတယောက်လား သူကတော့ သတ်ဖြတ်သူတွေရဲ့ ကိုယ်ပေါ်က သင်္ကေတဆေးမင်စာလုံးတွေကို လေ့လာချင်လို့ ခွဲစိတ်ထားတာပါကွာ သူ့သင်္ကေတစာလုံးတွေဟာ ကိုယ်ခန္ဓာကနေ ကွဲကွာသွားရင်ကော အစွမ်းပြနိုင်အုံးမလား သိချင်လို့ သူ့ကို အရေခွံ ခွာကြည့်တာ တကယ်တော့ ငါထင်သလို မဟုတ်ဘူးဟေ့ လက်စသတ်တောာ ဒီစာလုံးတွေဟာ စွမ်းအင်တွေ အများကြီး ပျော်ဝင်နေတဲ့ အထူးဆေးရည်တမျိုးနဲ့ ဆွဲထားတာကိုးကွ သူတို့ကို ချီစွမ်းအင်နဲ့ နှိုးဆွရတယ် ဆေးမင်စာတွေအပေါ် မူတည်ပြီးတော့ ထွက်ပေါ်လာတဲ့ စွမ်းရည်ကလည်း အမျိုးမျိုး ကွဲသွားနိုင်သေးတာကိုးကွ ဒီစာလုံးတွေရဲ့ လျှို့ဝှက်ချက်ကိုသာ ဖော်ထုတ်နိုင်ခဲ့ရင် လူသားတွေဟာလည်း သူတို့လို စွမ်းရည်မျိုးကို ရရှိလာမှာပဲ"

လူသားများအတွက် မူလစွမ်းရည်များ အရေးကြီးသလိုပင် သတ်ဖြတ်သူများအတွက် သင်္ကေတ ဆေးမင်စာလုံးများမှာ အရေးကြီး၏။ အကြောင်းမှာ ၎င်းတို့သည် သတ်ဖြတ်သူမျိုးစိတ်၏ ခွန်အားအတွက် အခြေခံအုတ်မြစ် ဖြစ်နေသောကြောင့်ပင်။

မည်သို့ဆိုစေ အားလုံးသော သင်္ကေတဆေးမင်စာများသည် ပြင်းထန်သော စွမ်းရည်ကိုယ်စီ ရှိကြသည်သာ။ ၎င်းတို့သည် ရေးထိုးထားသူ၏ စွမ်းရည်ကို မြှင့်တင်ရာတွင်ဖြစ်စေ၊ ရန်သူကို တိုက်ခိုက်ရာတွင်ဖြစ်စေ အသုံးမပြုစေကာမူ လက်ရာမြောက်စွာ ရေးဆွဲထားကြသည်မှာကား အမှန်ပင်။

လူသားများ၏ ရှုပ်ထွေးပွေလီလှသည့် မူလစွမ်းရည်များနှင့် မတူသည်မှာကား သတ်ဖြတ်သူသင်္ကေတာစာလုံးများသည် ရှင်းလင်းသော ရည်ရွယ်ချက်ရှိပြီး ၎င်းတို့၏ စစ်မှန်သော ခွန်အားကို မြှင့်တင်ရန်သာ ရည်ရွည်၏။ ထို့ကြောင့် သင်္ကေတစာလုံးများကို နှိုးဆွလိုက်တိုင်း သတ်ဖြတ်သူများ၏ အင်အားနှင့် အမြန်နှုန်း တိုးပွားလာတတ်ပြီး ကိုယ်ခန္ဓာကိုလည်း ကျောက်စိုင်ကျောက်သားပမာ မာကျောလာစေ၏။ ဤသို့သော တိုက်ခိုက်မှုပုံစံမျိုးသည် တလမ်းသွားဖြစ်သော်လည်း အသုံးဝင်သည်ကတော့ အမှန်ပင်။

ကျန့်ဟန်ဖန်းက ခေါင်းခါပြလိုက်၏။

"ဒီသင်္ကေတစာလုံးတွေဟာ သတ်ဖြတ်သူတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲဗျ ဒီစာလုံးတွေရဲ့ ဆန်းကြယ်မှုကို ဖော်ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ဟေ့ ဟေ့ မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးကိုတော့ သတိထားပြီး ပြောသင့်တယ်ကွ"

စုချန်းက အပြာရောင်တောက်ပနေသော အရည်တမျိုးကို ကောက်ယူရင်း ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။

"ဒါ...ဒါ...."

ကျန့်ဟန်ဖန်း အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်၏။

"ဒါ သင်္ကေတမင်စာလုံးတွေ ရေးဆွဲတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးရည်ပဲကွ"

စုချန်းက ရှင်းပြလိုက်၏။

"ဒါ မဖြစ်နိုင်ဘူး"

ကျန့်ဟန်ဖန်း ထအော်လိုက်၏။

သင်္ကေတမင်စာလုံးဆေးရည်သည် သတ်ဖြတ်သူမျိုးစိတ် နတ်ဘုရားနန်းဆောင်၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ သတ်ဖြတ်သူ မျိုးဆက်များသာလျင် ဤမင်စာလုံးများကို ရေးထိုးခွင့်ရှိကြ၏။ တနည်းအားဖြင့် ဤဆေးရည်သည် သတ်ဖြတ်သူမျိုးစိတ် တည်ရှိနေရခြင်း၏ အခြေခံအကြောင်းတရာလည်း ဖြစ်လေသည်။

ဤဆေးရည်ကို စုချန်း ဘယ်လိုလုပ် ဖော်စပ်နိုင်ခဲ့သနည်း။ အံ့သြစရာကောင်းလှပါဘိတောင်း။

"ဒါကြောင့်မို့လို့ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို သတိထားပြောဖို့ မင်းကိုငါ ပြောတာပေါ့"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

စုချန်းကိုယ်တိုင်လည်း သူ၏ ပထမဦးဆုံး ရှာဖွေတွေ့ရှိမှုသည် အပျက်အစီးသိုက်ဆီမှ မဟုတ်ပဲ သူ့ရန်သူများဆီမှ လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။

သို့သော်ငြားလည်း သတ်ဖြတ်သူကိုယ်ခန္ဓာပေါ်ရှိ ဆေးမင်စာလုံးများကို ထူခြားသော အမြင်အာရုံ အသုံးပြု၍ ဆန်းစစ်လိုက်သည်နှင့် ဆေးဖော်စပ်မည့်နည်းကို စုချန်း သိမြင်နိင်ခဲ့၏။

အခြေအနေမှာကား ရိုးရှင်းလှပေသည်။

သတ်ဖြတ်သူများဟူသည် သူတို့၏ ဦးနှောက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်သူများမဟုတ်။ ထိုအခါ သူတို့၏ ဆေးဖော်စပ်နည်းမှာလည်း အဘယ်မှာ ရှုပ်ထွေးတော့မည်နည်း။

ထို့ကြောင့် သူတို့၏ ဆေးဖော်စပ်နည်းမှာလည်း အလွန်တရာပင် ရိုးရှင်းနေ၏။ စုချန်းတွင် လုပ်စရာဟူ၍ လိုအပ်သည့်ဆေးပင်များကို စုစည်းပြီး အိုးတလုံးထဲတွင် စုထည့်လိုက်ရန်သာ ဖြစ်သည်။ နှစ်ပေါင်း သောင်းနှင့်ချီအောင် တည်တံ့နေခဲ့သော သတ်ဖြတ်သူ ဆေးဖော်စပ်နည်းသည် အလွန်တရာ ရိုးရှင်းကြောင်း စုချန်း နားလည်သွားခဲ့ပြီဖြစ်သည်။ ထိုအခါ သူက တောအုပ်အတွင်းမှ ဆေးပင်တချို့ကို ခူးယူပြီး သူ့လက်စွပ်အတွင်းရှိ ဆေးပင်တချို့နှင့် ထပ်မံပေါင်းစပ်ကာ ထိုဆေးရည်ကို ဖန်တီးကြည့်၏။ အကြိမ်အနည်းငယ် ကြိုးစားလိုက်ရုံနှင့် နောက်ဆုံးတွင် သူ အောင်မြင်မှုရသွားလေသည်။

ရိုးရှင်းလှသော လုပ်ငန်းစဉ်ဖြစ်၍ စုချန်းတယောက် ကိုယ့်ကိုယ်ကိုပင် မယုံကြည်နိုင် ဖြစ်နေ၏။

လူသားများတွင် သူ့ကဲ့သို့ မူလစွမ်းအင်ကို မြင်နိုင်သည့် မျက်လုံးမျိုး မရှိ၍သာ ထိုဆေးရည်၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် စုချန်းက သဘောပေါက်လိုက်၏။ ထိုထက် ပို၍ အရေးကြီးသောအချက်မှာ ဆေးမင်များမှာ ပြင်းထန်သော စွမ်းအားကို ထွက်ပေါ်စေသည်ဆိုရာဝယ် ကာယကံရှင်၏ သွေးအတွင်းရှိ ချီစွမ်းအားအပေါ်တွင်လည်း မူတည်နေသောကြောင့်ပင် ဖြစ်သည်။ သတ်ဖြတ်သူများဟူသည်ကား နှလုံးသားနှစ်စုံ ပိုင်ရှင်များဖြစ်ပြီး အလွန်ကြမ်းတမ်းသူများ ဖြစ်လေရာ ထိုစွမ်းအားများကို ပြည့်ဝစွာ ယူငင် သုံးစွဲနိုင်၏။ သို့သော် လူသားများအတွက်ကျတော့ အကြိမ်အနည်းငယ်အတွင်းမှာပင် တကိုယ်လုံး သွေးများခန်းခြောက်သွားဖွယ်ရာ ရှိသည်။

ထိုအခါ လူသားများအနေနှင့် သတ်ဖြတ်သူဆေးမင်ဆေးရည်၏ လျှို့ဝှက်ချက်ကို မသိခဲ့ကြခြင်းမှာ မဖော်ထုတ်နိုင်၍ မဟုတ်ပဲ မလိုချင်၍သာ ဖြစ်ကြောင်း စုချန်း နားလည်သဘောပေါက်လာ၏။ မိမိအတွက် အသုံးမဝင်သော နည်းပညာတခု၏ လျှို့ဝှက်ချက်ကို အဘယ်ကြောင့် အပင်ပန်းခံ၍ ဖော်ထုတ်နေမည်နည်း။

"ဒီအတိုင်းသာဆိုရင် အစ်ကိုကြီးသုံးက ဘာဖြစ်လို့ ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတာတုန်း"

ကျန့်ဟန်ဖန်းက စုချန်း၏ ရှင်းပြမှုကို နားထောင်ရင်း မေးလိုက်သည်။

"ငါက သူတို့နဲ့ တထပ်တည်းတူအောင်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးကွ သူတို့ရဲ့ နည်းစနစ်က ကြမ်းတမ်းသလောက် ရိုးရှင်းလွန်းတယ် ငါ့အနေနဲ့ ဒီထက် ပိုပြီးကောင်းအောင် လုပ်နိုင်သေးတယ် ဥပမာ သွေးအတွင်းက ချီစွမ်းအားကို အခြေခံတာမျိုး မဟုတ်ပဲနဲ့ မူလစွမ်းအင်ကို အစားထိုး အသုံးပြုတာမျိုးပေါ့ ဒါဆိုရင်ကော လုံလောက်တဲ့ အကြောင်းပြချက်ပဲ မဟုတ်ဘူးလား"

ကျန့်ဟန်ဖန်း ကြက်သေသေသွား၏။

တကယ်တော့ ပညာရှိများ၏ စိတ်ကူးစိတ်သန်းများသည် နားလည်ရန် ခက်ခဲလှပေသည်။ ရေတိုအကျိုးအမြတ်များကိုသာ စဉ်းစားလေ့ရှိသော သူတို့လို လူစားမျိုးအဖို့ စုချန်း၏ ရေရှည်အကျိုးမြှော်စိတ်ကူးက နားလည်ရခက်နေသည်ကတော့ အမှန်ပင်။

သို့သော် သတ်ဖြတ်သူ သင်္ကေတစာလုံးများအပေါ် ထားသည့် စုချန်း၏ သဘောထားက မူလစွမ်းရည်များအပေါ် ထားသည့် သဘောထားနှင့် အတူတူသာ ဖြစ်သည်။ ထိုအရာများအားလုံးကို ပြုပြင်ပြောင်းလဲနိင်ပါက သွေးဗီဇမပါသော လူများအတွက် အသုံးဝင်နိုင်လာသည် မဟုတ်ပါလား။

သူ့အနေနှင့် သွေးဗီဇမပါသူများကို အစွမ်းသတ္တိများ ပေးအပ်လိုပါက မိုးကုပ်စက်ဝိုင်းတလျှောက် ရရှိနိုင်သမျှသော အရင်းအမြစ်များကို ထုတ်ယူနိုင်ရန် လိုအပ်၏။

ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် သတ်ဖြတ်သူဆေးမင်စာလုံးများသည် စုချန်းအတွက် အတူတူသာ ဖြစ်သည်။ ရရှိခဲ့ပြီးသော အောင်မြင်မှုလောက်နှင့် ရောင့်ရဲတင်းတိမ်နေပါက နောက်ထပ်အောင်မြင်မှုများကို မြင်တွေ့နိုင်စရာ အကြောင်းမရှိတော့ဟု စုချန်း ယုံကြည်ထား၏။

"ဆိုးသွားတာက တညတည်းနဲ့တော့ ဒါကို ပြီးပြည့်စုံအောင် ငါ မလုပ်နိုင်ဘူးကွ"

စုချန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

သတ်ဖြတ်သူဆေးမင်စာများ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရသည်မှာ သိပ်မခက်လှ။ သို့သော် လူသားများ အသုံးပြုနိုင်သည့် အဆင့်သို့ ရောက်လာရန်တော့ များစွာ လုပ်ယူရပေအုံးမည်။

ကျန့်ဟန်ဖန်း၏ မျက်နှာက စိတ်ပျက်သွားဟန် ပေါ်လာသည်။

"ဒီတော့ ဒီဆေးရည်က ခုချက်ချင်း သုံးလို့မရသေးဘူးပေါ့ ဟုတ်လား"

"ဒီလိုတော့လည်း တထစ်ချပြောလို့မရသေးဘူးကွ"

စုချန်းက ဆေးပုလင်းကို လက်နှင့်ဆကြည့်ရင်း ပြန်ပြောလိုက်သည်။

"လူသားတွေဟာ သတ်ဖြတ်သူတွေလောက် ကိုယ်ခန္ဓာတည်ဆောက်ပုံ ကြံ့ခိုင်သန်စွမ်းမှု မရှိဘူး ဒါပေမဲ့ ခြွင်းချက်တချို့တော့လည်း ရှိနေသေးတယ် ကျေးဇူးတင်စရာကောင်းတာက ငါတို့ ကျောင်းသားတွေထဲမှာကိုပဲ ဒီဆေးရည်နဲ့ အသုံးတည့်နိုင်မဲ့ လူတချို့ကို ငါ တွေးထားပြီးပြီကွ"

All Chapters