← Chapters

ထပ်ချပ်လိုက်ပါခြင်း

Vol. 30 Ch. 296

ထပ်ချပ်လိုက်ပါခြင်း

Vol. 30 Ch. 296

ဘာအကြောင်းပြချက်မှရှိပဲ ဝမ်တောက်ရှန်းသည် သူ့နာရွက်များ ပူနွေးလာသကဲ့သို့ ခံစားလိုက်ရ၏။

"ဘယ်ခွေးမသားက ငါ့အကြောင်းကို အတင်းချနေလဲမသိဘူး"

ပြောပြောဆိုဆိုပင် ဝမ်တောက်ရှန်းက သူ၏ ကြီးမားသော လက်ချောင်းများကို လေထဲတွင် ဝေ့ယမ်းလိုက်၏။ ထိုအခါ သူ့လက်ဝါးသည် ရှေ့တွင်ရှိနေသော မှင်နက်တိမ်သတ္တဝါကြီးဆီသို့ ဝင်ရောက်သွား၏။ သတ္တဝါကြီးကား နာမည်ကသာ ကဗျာဆန်နေသယောင်ရှိသော်လည်း ခေါင်းကြောမာလှ၏။ ၎င်းကပါးစပ်ကို ဖြဲရင်း ဝမ်တောက်ရှန်း၏ လက်ဝါးကို ကိုက်ချလိုက်တော့သည်။

ဝမ်တောက်ရှန်း၏ တံတောင်ဆစ်တခုလုံး သတ္တဝါကြီး၏ ပါးစပ်ထဲသို့ ရောက်သွား၏။ သို့သော် သတ္တဝါကြီး၏ ချွန်မြနေသော သွားများက ဝမ်တောက်ရှန်းလက်ပေါ်ရှိ ထူထဲလှသော အဆီပြင်ကြီးကို မကိုက်ခဲနိုင်ပဲ ရှိလေသည်။

ဝမ်တောက်ရှန်းက သတ္တဝါကြီး၏ လည်ပင်းကို ကိုင်ကာ ဆတ်ခနဲ လိမ်ချိုးလိုက်၏။ ကျွတ်ခနဲ မြည်သံနှင့်အတူ သတ္တဝါကြီး၏ လည်ပင်းရိုးတချောင်းလုံး ထက်ပိုင်းကျိုးသွားရှာ၏။

ဝမ်တောက်ရှန်း အားရပါးရ ရယ်မောလိုက်လေသည်။

"ဟား ဟား ဟား ကောင်းလိုက်တာ နောက်ထပ် အရသာရှိတဲ့ အသားတမျိုးကို ပွဲတော်တည်ရပြန်တော့မယ်"

ထို့နောက် သူက နောက်ကို လှည့်ကာ အော်လိုက်ပြန်၏။

"ဟေ့ လေးဆယ်ကလေး ဒီကိုလာခဲ့ အစာစားချိန်ရောက်ပြီကွ"

ဝမ်တောက်ရှန်း၏ အော်သံအဆုံးဝယ် ပိန်ပိန်ပါးပါးနှင့် ရည်ရည်မွန်မွန်ရှိပုံရသော လူငယ်တယောက်သည် တဟုန်ထိုး ပြေးထွက်လာ၏။ သူ့မျက်လုံးများမှာကား သွက်လက်တက်ကြွလွန်း၍ ကခုန်နေသည်ဟုပင် ထင်ရသည်။

ပြေးလာနေရင်းနှင့်ပင် လူငယ်က အော်ဟစ်ပြောဆိုလိုက်၏။

"အစာစားချိန် ရောက်ပြန်ပြီ ဟုတ်လား ကျုပ်တို့ လေးကြိမ်တောင် စားပြီးပြီလေ တကယ်ဆို ကျောင်းတော်က ပေးအပ်လိုက်တဲ့ တာဝန်ကို ကျေပြွန်အောင် တခြားကျောင်းသားတွေနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်ဖို့ ကြိုးစားနေသင့်တာ မဟုတ်ဘူးလား"

ထိုလူငယ်မှာ တခြားလူမဟုတ်။ စုချန်း ရည်ညွှန်းပြောဆိုဖူးသည့် ကျိယွာယုပင် ဖြစ်သည်။

ကျိယွာယုကား အမှန်တကယ်ပင် ကံကောင်းလှသည်။ အပျက်အစီးသိုက်အတွင်း ရောက်သည်နှင့် သူသည် သတ်ဖြတ်သူ နှစ်ယောက်နှင့် ရင်ဆိုင်တိုးခဲ့၏။ သို့သော် ကံကောင်းထောက်မစွာနှင့် သူသည် အသက်ကယ်ပစ္စည်းများကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေသည်။ ထိုအချိန်တွင် သူသည် ဝမ်တောက်ရှန်းနှင့် ဆုံစည်းမိခြင်းပင်။

ဝမ်တောက်ရှန်း၏ ကာကွယ်မှုကြောင့် ကျိယွာယုမှာ အသက်အန္တရာယ် စိတ်ပူစရာ မလိုတော့။ သို့သော် ဝမ်တောက်ရှန်း၏ အစားအသောက်ကို အလွန်အကျွန် စားတတ်သော ဓလေ့ကတော့ သူ့ကို ခေါင်းကိုက်စေခဲ့လေသည်။

ကျိယွာယု၏ စကားကြောင့် ဝမ်တောက်ရှန်း အားရရပါးရ ရယ်မောလိုက်၏။

"အစားအသောက်ကို ကောင်းကောင်းမစားရင် ဘယ်က စွမ်းအင်တွေ ရမလဲကွ အားမရှိမှတော့ မင်းဘယ်လို တိုက်ခိုက်မတုန်း ပြီးတော့ ဒီကောင်တွေကို မသတ်ဘူးဆိုရင် အစားအသောက်ကို ဘယ်ကရမတုန်း မင်းမှာ အားမရှိရင် သတ်ဖြတ်သူတွေနဲ့ တိုက်ခိုက်လို့မရဘူးကွ ပြီးတော့ ဒီမှာ ဆေးဘက်ဝင်အပင်တွေမှ အများကြီးပဲ ဒါတွေဟာလည်း ကျောင်းတော်က ပေးအပ်လိုက်တဲ့ တာဝန်ရဲ့ တစိတ်တပိုင်းပဲလေကွာ သတ်ဖြတ်သူတွေကို သတ်ဖို့ဆိုတာကတော့ အပိုဆုပေါ့ကွာ အေးလေ မင်းက သိပ်ငယ်သေးတာကိုး ဒါကို အပြည့်အဝ နားမလည်တာ သိပ်တော့မဆန်းပါဘူး"

ပြောပြောဆိုဆိုပင် ဝမ်တောက်ရှန်းသည် သတ္တဝါကြီး၏ အသားကို ကျွမ်းကျင်စွာ ဖျက်ပြီး စတင် ချက်ပြုတ်တော့သည်။

သို့သော် ကျိယွာယုကတော့ ဝမ်တောက်ရှန်း၏ စကားကို လက်ခံဟန်မတူ။ သူက လက်ပိုက်ရင်း ပြောလိုက်၏။

"ပြောတာတော့ အဟုတ်ပဲ ဒါပေမဲ့ ခင်ဗျား သတ်ဖြတ်သူ တယောက်ယောက်နဲ့ တိုက်ခိုက်တာကို ခုချိန်ထိ မတွေ့ဖူးသေးဘူး သတ်ဖြတ်သူတယောက်နဲ့ ဆုံမိတိုင်း ကျုပ်ကို အတင်းဆွဲခေါ်ပြီး ပုန်းခိုင်းမဲ့အစား ပြေးသွားပြီး တိုက်ခိုက်ပါလားဗျ"

"ဟေ့"

ဝမ်တောက်ရှန်းက မြေကြီးကို လက်ဝါးနှင့် ဗြန်းခနဲပုတ်ကာ ပြန်ပြောလိုက်၏။

"ဒီလိုလုပ်ရတာ မင်းကို ကာကွယ်ဖို့ကွ မင်းကြောင့်သာ မဟုတ်ရင် ဒီကောင်တွေကို ငါ ရှင်းလိုက်ပြီ"

"ဟင်း"

ကျိယွာယုက မဲ့လိုက်၏။

"ခင်ဗျားနိုင်မယ်လို့ ယုံကြည်မှု မရှိဘူးမလား"

"ငါ့အတွက်ကတော့ မင်းရဲ့ လုံခြုံရေးက ပထမပဲကွ"

ဝမ်တောက်ရှန်းက ပြန်ပြောလိုက်၏။

"စုချန်းက ငါ့ကို အကြိမ်ကြိမ် မှာလိုက်တယ် ဘာတွေပဲ ဖြစ်နေပါစေ မင်းကို လုံးဝမထိခိုက်ပါစေနဲ့တဲ့ ဒါပေမဲ့ ဒီကောင်တွေကို ငါ လုံးဝမကြောက်တာတော့ အမှန်ပဲ"

ကျိယွာယု အလိုမကျဟန်ဖြင့် နှုတ်ခမ်းစူသွားလေသည်။ ၎င်းကိုကြည့်ရင်း ဝမ်တောက်ရှန်း သက်ပြင်းချကာ ပြောလိုက်သည်။

"ခုဆိုရင် စုချန်း တိမ်တိုက်ကျားသစ်နဲ့ တခြားလူတွေ ဘာတွေများ လုပ်နေကြမလဲ မသိဘူး"

___________×××______________×××__________

"ကျုပ်တို့ ဘယ်ဖက်သွားမယ်"

"ကျွန်မတို့ ညာဖက်သွားမယ်"

"ဘယ်ဖက်"

"ညာဖက်"

တိမ်တိုက်ကျားသစ်နှင့် ဂျီဟန်းယင်တို့သည် တယောက်ကိုတယောက် မျက်လုံးပြူးရင်းကြည့်ကာ အနိုင်အခံ အရှုံးမပေးပဲ ငြင်းခုန်နေကြ၏။

"ဒီအတွက်နဲ့တော့ ရန်မဖြစ်ကြပါနဲ့ကွာ မင်းတို့ဟာက ဘာမှမဟုတ်တဲ့ ကိစ္စလေးနဲ့ တယောက်ယောက်က အလျော့ပေးလိုက်လို့ မရဘူးလား ဒီလို ငြင်းခုန်နေလို့ ဘာအကျိုးရှိမှာတုန်း"

ခန်ဟွားလီက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

တိမ်တိုက်ကျားသစ်နှင့် ဂျီဟန်းယင်မှာ နည်းနည်းမှ မျက်နှာကြောမတည့်ချေ။ အသေးအဖွဲကအစ အကြိတ်အနယ် ငြင်းခုန်လေ့ရှိကြသည်။ ထိုအကျင့်သည် လေ့ကျင့်ရေးကာလမှစ၍ ယခုထိ ပါလာပုံရ၏။

တိမ်တိုက်ကျားသစ်က ပြန်ပြောလိုက်၏။

"ကျုပ်က ငြင်းချင်လို့ငြင်းနေတာမဟုတ်ဘူးဗျ သူရွေးထားတဲ့လမ်းက အမှားကြီး ကျုပ်ရွေးလိုက်တဲ့ လမ်းကမှ အမှန်"

ဂျီဟန်းယင်က အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"အရပ်မျက်နှာနှစ်ခုလုံးမှာ သူ့လမ်းကြောင်းနဲ့သူ ရှိတယ် ကျွန်မတို့က ဘာဖြစ်လို့ ရှင်ရွေးထားတဲ့ လမ်းကိုမှ သွားရမှာလဲ"

"ဘာကြောင့်လဲဆိုတော့ ကျုပ်ရွေးထားတဲ့ လမ်းကြောင်းမှာ သားရဲသတ္တဝါဆိုးတွေ ရှိနေလို့ပေါ့ဗျ"

တိမ်တိုက်ကျားသစ်က ပြန်ပြောလိုက်၏။

"ဒါဆိုရင် ပိုလို့တောင် မသွားသင့်သေးဘူး ကျွန်မတို့အနေနဲ့ သတ်ဖြတ်သူတွေနဲ့ တိုက်ခိုက်ဖို့ ခွန်အားကို ချွေတာထားသင့်တယ် ရှင်ရွေးထားတဲ့ လမ်းမှာ သားရဲသတ္တဝါတွေ ရှိနေတယ်ဆိုတော့ ဘာပြသနာမှ မရှိဘူးပေါ့ ဒါက သတ်ဖြတ်သူတွေလည်း မရှိဘူးလို့ အဓိပ္ပါယ် သက်ရောက်နေတယ် ကျွန်မရွေးထားတဲ့ လမ်းကို သွားရင်တော့ သတ်ဖြတ်သူတွေနဲ့တွေ့ဖို့ အခွင့်အလမ်း ပိုများတယ်"

ထိုအခါ တိမ်တိုက်ကျားသစ်က ဒေါသတကြီးနှင့် ပြန်ပြောလိုက်၏။

"ကျုပ်တို့ ဒီအထဲဝင်လာတဲ့ အဓိကရည်ရွယ်ချက်ကိုတာ တန်ဖိုးကြီး ရတနာတွေ ရှာဖို့ပဲဗျ အဲဒီ ရတနာတွေထဲမှာ ဆေးပင်တွေလည်း ပါတယ် ပြီးတော့ စုချန်းကိုယ်တိုင်လည်း ဒီဆေးပင်တွေ စုဆောင်းဖို့ ကျုပ်တို့ရဲ့ အကူအညီကို လိုနေတယ် ဒါမှာသာ သူ့အနေနဲ့ ဆေးတွေ ဖော်စပ်ပြီး ကျုပ်တို့ကို ပြန်ကူညီနိုင်မှာလေ"

"သူနဲ့ ဘယ်အချိန်ကျမှ ဆုံမိမယ်မသိဘူး ရှင်က ဘယ်လိုဖြစ်လို့ အဲလောက်ထိ အလျင်လိုနေတာတုန်း"

"သူနဲ့တွေ့မှ ဆေးပင်တွေ လိုက်ရှာလို့ကတော့ နောက်ကျပြီပေါ့ဗျ"

"ရှင်က အစ်ကိုကြီးတယောက်ရဲ့အခန်းကဏ္ဍပ်ကိုတော့ အတော်ယူချင်တာပဲနော်"

"အဲဒါရဲ့ အဓိပ္ပါယ်က အမိန့်တွေကို နာခံရမယ်ဆိုတာကိုတောင် ခင်ဗျား မသိဘူးလား ကျုပ်က ကျောင်းသားနံပါတ် ၁၂ ခင်ဗျားက နံပါတ် ၁၇ ဒီတော့ ခင်ဗျားက ကျုပ်အမိန့်ကို နာခံရမယ်ဗျ"

တိမ်တိုက်ကျားသစ်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

တကယ်တော့ ဂျီဟန်းယင်သည် သူမ၏ အဆင့်အတန်းနှင့် နံပါတ် ၁၇သာ ရခဲ့ခြင်းကို အနည်းငယ်မှ သဘောမကျ။

သို့သော် ကျောင်းသားနံပါတ်များ ဟူသည်ကား အင်အားအပေါ် မူတည်၍ သတ်မှတ်ပေးထားခြင်းမဟုတ်။ စိတ်နေစိတ်ထားနှင့် ညဏ်ရည်ညဏ်သွေးအပေါ်တွင်သာ မူတည်၍ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ဂျီဟန်းယင်သည် အင်အားနည်းသူမဟုတ်။ ထိုနည်းတူစွာ ညဏ်နည်းသူလည်း မဟုတ်။ သူမ၏ အရည်အသွေးက တိမ်တိုက်ကျားသစ်ထက်ပင် သာနေသေးသည်။ိသို့သော် တိမ်တိုက်ကျားသစ်က သူမထက် များစွာ သာလွန်နေသော တချက်ရှိ၏။ ၎င်းမှာ တိမ်တိုက်ကျားသစ်သည် တောနက်ထဲတွင် မိမိအသက် ရှင်သန်အောင် မည်သို့မည်ပုံ နေထိုင်ရမည်မှန်း ကောင်းစွာ နားလည်ထားခြင်းပင်။ ထိုအတွက်ကြောင့်ပင် တိမ်တိုက်ကျားသစ်က နံပါတ် ၁၂ ရသည့်အချိန်တွင် သူမက နံပါတ် ၁၇သာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီလောက်နှင့်တော့ ဂျီဟန်းယင်သည် ခေါင်းငုံ့မည့် လူစားမျိုးမဟုတ်။

တိမ်တိုက်ကျားသစ်၏ စကားကို ကြားရသောအခါ ဂျီဟန်းယင်၏ မျက်နှာမှာ မဲခနဲ ဖြစ်သွား၏။

"ရှင်က ဒီလို နံပါတ်လောက်နဲ့ ကျွန်မကို ခြိမ်းခြောက်ဖို့ ကြိုးစားလာရင် ကျွန်မကလည်း ရှင့်ကို စပ်စပ်လေး ရိုက်ပေးရလိမ့်မယ်"

"သတ္တိရှိရင် လာခဲ့လေ ကျုပ်က ခင်ဗျားကို ကြောက်နေမယ်များ ထင်လို့လား"

တိမ်တိုက်ကျားသစ်ကလည်း ပြန်လည်စိန်ခေါ်လိုက်၏။

ခန်ဟွားလီသည် စိတိပျက်လက်ပျက်နှင့် ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်သည်။ သူ ငိုချင်လာ၏။ သို့သော် မျက်ရည်ကား ထွက်မလာ။

ဤလူနှစ်ယောက်နှင့် သူ မည်သို့မည်ပုံ စခန်းသွားရမည်နည်း။

ဘုရားသခင်...ကျေးဇူးပြုပြီး သတ်ဖြတ်သူမျိုးဆက်သစ်တယောက်လောက် ပေးသနားတော်မူပါ...

ထိုအခါကျမှ သူတို့နှစ်ယောက် တည့်သွားပေလိမ့်မည်။

______________×××______________×××_______

"ဝေါ့"

ယွဲ့လောင်ရှသည် ပါးစပ်မှသွေးများကို ပွက်ခနဲ အန်ထုတ်လိုက်၏။ သူမ၏ နဂိုတည်းက ဖျော့တော့နေသော မျက်နှာမှာ ဖွေးဖွေးဖြူသွားလေသည်။

"ရှင် အဆင်ပြေရဲ့လား"

ကုချိန်းလွှာက သူမကို ဖေးမရင်း ပြောလိုက်၏။

"ရပါတယ် ဒါပေမဲ့ ကျွန်မရဲ့ သွေးလှည့်ပတ်မှုက နည်းနည်း မတည်မငြိမ် ဖြစ်နေတယ် မူလစွမ်းအင်စီးဆင်းမှုကလည်း ထစ်ငေါ့နေတယ် ဒီကောင် တကယ် ကြောက်စရာကောင်းတယ်"

ယွဲ့လောင်ရှက ကြောက်လန့်တကြားနှင့် ပြောလိုက်၏။

"တော်သေးတယ် ရှင်ရှိနေလို့ပေါ့ မဟုတ်လို့ကတော့ ကျွန်မ ဒီနေရာမှာတင် အသက်ပျောက်ပြီ"

"ကျွန်မတို့က တဖွဲ့တည်းပဲ ကျေးဇူးတင်နေစရာ မလိုပါဘူးရှင်"

"ဟုတ်တယ် ကျွန်မတို့အားလုံး တဖွဲ့တည်းပဲ ဘာမှ အားနာနေစရာ မလိုဘူး"

သာယာလှပသော အသံတသံ ထွက်ပေါ်လာပြီး မိန်းကလေးတယောက် ထွက်ပေါ်လာ၏။ ထိုမိန်းကလေးသည် လက်ထဲတွင် အစိမ်းရောင်သန်းနေသော ဆန်ပြုတ်ပန်းကန်ကို ကိုင်ထားလေသည်။

"မိန်းကလေးယွဲ့ ဒီ အဆိပ်ငါးမျိုးနှလုံးခွဲဆန်ပြုတ်ကို သောက်လိုက်ပါ ရှင့်ရဲ့ ကိုယ်ခန္ဓာကို နွေးထွေးသွားစေလိမ့်မယ်"

ယွဲ့လောင်ရှက ဆန်ပြုတ်ပန်းကန်ကို လှမ်းယူရင်း ပြန်မေးလိုက်၏။

"ဒါက ဒဏ်ရာကို သက်သာစေတယ်ဆိုတဲ့ သဘောလား ဘာဖြစ်လို အဆိပ်ငါးမျိုးနှလုံးခွဲဆိုတဲ့ နာမည်ကို ပေးထားရတာလဲ ပြီးတော့ အရောင်ကရော ဘာဖြစ်လို့ အစိမ်းရောင်ဖြစ်နေရတာလဲရှင့် ဒါက ကြောင်စရာကောင်းနေတယ်"

မိန်းကလေးက ပါးစပ်ကို လက်ဝါးနှင့်အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်၏။

"ခစ် ခစ် ခစ် ဘာကြောင့်လဲဆိုတော့ ဒီဆန်ပြုတ်ကိုက အဆိပ်ရှိတဲ့ ဆေးပင်တွေနဲ့ ပြုလုပ်ထားတာကိုးရှင့် ဒါကြောင့်မို့လို့ ဒီနာမည်ကို ပေးထားတာပေါ့ ဘယ့်နှယ်လဲ ကျွန်မ နာမည်ပေးထားတာ မကောင်းဘူလား "

မိန်းကလေး၏ နာမည်မှာ ဟန်လင်းရှဟု ခေါ်ပြီး သတ္တမနှစ် ကျောင်းသားလေးယောက်အနက်မှ တယောက်ဖြစ်သည်။ သူမ၏ နံပါတ်မှာ ၃၉ ဖြစ်သော်လည်း သူမ၏ စွမ်းရည်ကတော့ ထူးခြားလှသည်။ သူမသည် အပင်များ၏ ဆေးဘက်ဝင်စွမ်းရည်ကို နှိုးဆွနိုင်စွမ်းရှိလေရာ အတော်ပင် အသုံးဝင်လှသော စွမ်းရည် ဖြစ်သည်။ ထိုမျှသာမကသေး သူမသည် သွေးဗီဇစွမ်းအင်များကို ဆေးဘက်ဝင်အင်အားများအဖြစ်လည်း ပြောင်းလဲနိုင်၏။ နဂါးကျောင်းတော်က သူမအား ရွေးချယ်လိုက်ခြင်းမှာလည်း ဤစွမ်းရည်ကြောင့်ပင် ဖြစ်သည်။ စုချန်းနှင့်သာ ပေါင်းစပ်လိုက်ပါက သူမတို့နှစ်ယောက်သည် အလွန် လိုက်ဖက်ညီသော အတွဲအဖက်များ ဖြစ်လာနိုင်သည်မဟုတ်ပါလား။ စုချန်းကိုယ်တိုင် ကုန်ကြမ်းတချို့ လျော့ယူရလာခြင်းမှာ သူမကြောင့်ပင် ဖြစ်သည်။

ယခုလည်း ဟန်လင်းရှသည် အဆိပ်ပင်တချို့ကို ယွဲ့လောင်ရှ သောက်သုံးနိုင်စေရန် ဆေးဘက်ဝင်ဆန်ပြုတ်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ အဆိပ်ပင်များသည် အလွန် အဆိပ်ပြင်းသော်လည်း သူမ၏ စွမ်းရည်ကြောင့် တန်ဖိုးကြီး ဆေးတဖုံအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ဟန်လင်းရှ၏ စကားကြောင့် ယွဲ့လောင်ရှ ခေါင်းညိတ်လိုက်၏။

"ညီမလေးဟန်ရဲ့ စွမ်းရည်ကတော့ တကယ်ကို အားကျစရာ ကောင်းလှပါပေတယ် ဒါပေမဲ့ နာမည်ပေး တော်မတော်ကတော့ ပြောရခက်တယ်"

ထိုအချိန်မှာပင် အနီးအနားရှိ ချုံပုတ်ထဲမှ လူငယ်တယောက် ခုန်ထွက်လာ၏။

ထိုလူငယ်မှာ ဒသမနှစ်ကျောင်းသားတယောက်ဖြစ်ပြီး သူ့နာမည်မှာ လီယွမ်ဟု ခေါ်၏။ သူ့နံပါတ်မှာကား ၂၂ ဖြစ်သည်။ ကျောင်းသားတယောက်သည် နှစ်ကြီးလာလေလေ စွမ်းအားကြီးလာလေလေ ဖြစ်သည်။ ထို့ကြောင့် လီယွမ်သည်လည်း အင်အားကြီးမားသူ တယောက်ပင်။

လီယွမ်သည် ခြုံပုတ်ထဲမှ ခုန်ထွက်လာပြီး အမောတကောနှင့် ပြောလိုက်၏။

"ကျုပ်တို့ ဒီနေရာက အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ် သူ ကျုပ်တို့ကို ဖမ်းဖို့ လိုက်လာနေပြီ"

သူ့စကားကို ကြားလိုက်သည်နှင့် ဟန်လင်းရှ၊ ကုချိန်းလွှာနှင့် ယွဲ့လောင်ရှတို့၏ အမူအရာမှာ အရေးတကြီး ဖြစ်လာ၏။ ကုချိန်းလွှာက ယွဲ့လောင်ရှကို ဖေးမရင်း ပြောလိုက်သည်။

"ကျွန်မတို့ သွားကြမယ်"

ထို့နောက် သူတို့လေးယောက်သည် ထိုနေရာမှ တဟုန်ထိုး ထွက်ပြေးလာခဲ့ကြတော့သည်။ သိပ်မကြာမီ ထိုနေရာသို့ သတ်ဖြတ်သူမျိုးဆက်သစ်တယောက် ရောက်ရှိလာ၏။

အနှီသတ်ဖြတ်သူမျိုးဆက်သစ်သည် တခြား သူ့မျိုးစိတ်များထက်စာလျင် အနည်းငယ် ပုသယောင်ရှိသည်။ သတ်ဖြတ်သူများ၏ အထိမ်းအမှတ်ဖြစ်သည့် ပုဆိန်လည်း မပါချေ။ သို့သော် သူ့တကိုယ်လုံးတွင်သာမက မျက်နှာပေါ်တွင်ပါ မိုးပြာရောင် ဆေးမင် သင်္ကေတစာလုံးများနှင့် ပြည့်နှက်နေ၏။ သူ့နှာခေါင်းတွင်တော့ ကွင်းငယ်တကွင်းကို ဝတ်ဆင်ထားလေသည်။

သူသည် ထိုနေရာသို့ ရောက်လာသည်နှင့် ခေါင်းမော့ကာ လေကို အားရပါးရ ရှုသွင်းရင်း အနံ့ခံကြည့်၏။ ထို့နောက် ယခင်နည်းအတိုင်း ကုချိန်းလွှာတို့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။

သူသည် လူသားလေးဦးးအား အမဲဖျက်ရန် လိုက်လံဖမ်းဆီးနေခြင်းပင်။

ထိုအချိန်တွင် အပျက်အစီးသိုက်၏ အခြားတနေရာတွင်တော့..

အား!!!!

ကျယ်လောင်သော အသံနက်ကြီး ထွက်ပေါ်လာ၏။ သတ်ဖြတ်သူမျိုးဆက်သစ်သည် သူ့ရန်သူ၏ ဦးခေါင်းကို ချေမွပစ်လိုက်လေသည်။

သူ့ခြေဖဝါးအောက်တွင်တော့ နောက်ထပ် အလောင်းနှစ်လောင်း ရှိနေ၏။

အာဝူး!!!!

လူသုံးယောက်ကို တပြိုင်နက်တည်း သတ်ဖြတ်ပြီးသကာလ သတ်ဖြတ်သူ မျိုးဆက်သစ်သည် ခေါင်းကိုမော့ကာ အားရပါးရ အော်ဟစ်လိုက်လေသတည်း။

All Chapters