စုစုစည်းစည်း
Vol. 30 Ch. 298
ဌာနချုပ်တည်ဆောက်ရန် လိုအပ်သမျှ အရာအားလုံးကို ပြင်ဆင်ပြီးနောက် ချီဝေယန်နှင့် ချူးအန်းယိတို့သည် စုချန်းအား သူတို့စုဆောင်းလာသမျှ ဆေးပင်များကို ပေးအပ်လိုက်ကြ၏။ ထို့နောက် သူတို့နှစ်ယောက်သည် ထိုနေရာမှ ထွက်ခွာသွားကြလေသည်။
ယိယွန့်ဟုန်သည်လည်း သူတို့နှင့်အတူ လိုက်ပါသွားလိုသည်။ သို့သော် စုချန်းက ၎င်း၏ ဒဏ်ရာ အရှင်းမပျောက်သေးဟု ဆိုကာ ဟန့်တားထားလိုက်၏။ ထိုအခါ ယိယွန့်ဟုန်တယောက် ဒေါသထွက်ရတော့သည်။ အကြောင်းမှာ ထိုသို့ဟန့်တားရာတွင် စုချန်းသည် သူ၏ နံပါတ်သုံးဟူသော အဆင့်အတန်းနှင့် ကိုင်ပေါက်ခဲ့သောကြောင့်ပင်။ ချီဝေယန်ကလည်း စုချန်းဘက်မှ ထောက်ခံခဲ့၏။ နောက်ဆုံးတွင်တော့ ယိယွန့်ဟုန်တယောက် မခံချိမခံသာနှင့် ထိုနေရာမှာပင် ကျန်ရစ်ခဲ့ရ၏။
အပျက်အစီးသိုက်အတွင်း ရောက်ရှိပြီး တတိယမြောက်ညတွင်တော့ ကျောင်းသားတချို့ ထပ်ရောက်လာပြန်၏။
ထိုကျောင်းသားများမှာ ဒသမနှစ်ကျောင်းသား နံပါတ် ၁၉ ဖန်ယုချီနှင့် အဌမနှစ်ကျောင်းသား နံပါတ် ၃၇ မာချွန်းတို့ပင် ဖြစ်သည်။
မာချွန်းကို မြင်သည်နှင့် ကျန့်ဟန်ဖန်း အထူးပင် စိတ်လှုပ်ရှားသွား၏။ အကြောင်းမှာ မာချွန်းသည် ဖုံးကွယ်ခြင်းပုံစံကွက် တည်ဆောက်ရာတွင် အလွန်ကျွမ်းကျင်သောကြောင့်ပင် ဖြစ်သည်။
မာချွန်းသည် နေရာသို့ ရောက်သည်နှင့် ချက်ချင်းလိုလိုပင် ကျန့်ဟန်ဖန်းနှင့်် တိုင်ပင်ပြီး ပုံစံကွက်၌ အသံနှင့် အနံ့များ လုံအောင် ပြုပြင်ဖာထေးလိုက်၏။ အပြင်ဘက်မှကြည့်လျင် တခြားမည်သူမဆို တောင်သက်သက်ကိုသာ မြင်တွေ့ရပေလိမ့်မည်။ ဌာနချုပ်တည်နေရာကို ရှာဖွေနေသော ကျောင်းသားများသာလျင် ထိုနေရာကို မြင်တွေ့နိုင်မည် ဖြစ်သည်။
လေးရက်မြောက်နေ့တွင်တော့ ဒသမနှစ်ကျောင်းသားများ ဖြစ်သူ နံပါတ် ၅ဖန်းယီကုနှင့် နံပါတ် ၁၆ ရှီကျန့်ဖေးတို့ ရောက်ရှိလာ၏။ ထိုနည်းတူစွာ သတ္တမနှစ်ကျောင်းသား နံပါတ် ၂၁ ဝုရှောင်လည်း ရောက်ရှိလာ၏။
ဝုရှောင်သည် သတ္တမနှစ်ကျောင်းသားများအနက် အင်အားကြီးမားသူ ဖြစ်သည်။ ထို့ကြောင့်လည်း ကျောင်းသားနံပါတ် မြင့်မြင့်မားမား ရထားခြင်းပင်။ အကြောင်းမှာ သူသည် နတ်ဆိုးဘုရင်သွေးဗီဇပါရှိသူ ရှစ်ယောက်အနက် တယောက် ဖြစ်နေခြင်းကြောင့်ပင်။
သူ၏ အကြားအမြင်နတ်ဆိုးသတ္တဝါသွေးဗီဇသည် အလွန် ရှားပါးလှပြီး ၎င်းသည် ရန်သူ၏ ရုပ်ပိုင်းဆိုင်ရာ သေကွင်းသေကွက်များနှင့် အားသာချက်၊ အားနည်းချက်များကို ရှာဖွေနိုင်၏။ ထိုသွေးဗီဇသည် အမှန်တကယ်ပင် အစွမ်းထက်လှပေရာ ဝုရှောင်သည် သတ္တမနှစ်ကျောင်းသားလေးယောက်အနက် အကာအကွယ်မလိုသည့် တဦးတည်းသော ကျောင်းသားလည်း ဖြစ်သည်။
ဝုရှောင် ရောက်ရှိလာသည်နှင့်ပင် သတင်းဆိုးတခုကို စုချန်း ကြားလိုက်ရ၏။
ထိုသတင်းမှာ ချန်းချွန်ဖု၊ယွဲ့မန်းချီနှင့် ဆင်ဝန်းထီတို့ သေဆုံးသွားပြီဟူသော သတင်းပင်။
ချန်းချွန်ဖုသည် ဒသမနှစ်ကျောင်းသားဖြစ်ပြီး နံပါတ် ၂၄နေရာတွင် ရှိ၏။ ယွဲ့မန်းချီမှာကား နဝမနှစ်ကျောင်းသားဖြစ်ပြီး နံပါတ် ၃၁နေရာတွင် ရှိလေသည်။ ဆင်ဝန်းထီမှာကား အဌမနှစ်ကျောင်းသားဖြစ်ပြီး နံပါတ် ၂၇နေရာတွင် ရှိ၏။ သူတို့ထဲတွင် အားနည်းသောသူဟူ၍ တယောက်မှ မပါချေ။
ထိုအထဲတွင်မှ ဆင်ဝန်းထီ သေဆုံးသွားခြင်းမှာ ဆိုးဝါးလှ၏။
ဆင်ဝန်းထီသည် စုချန်းနှင့် တိမ်တိုက်ကျားသစ်ကဲ့သို့ပင် သွေးဗီဇမပါသူ ကျောင်းသားသုံးဦးအနက် တဦးအပါအဝင် ဖြစ်သည်။ တနည်းအားဖြင့် သူတို့သုံးယောက်သည် သွေးဗီဇမပါသူ ကျောင်းသားများအားလုံးကို ကိုယ်စားပြုနေခြင်းပင်။
ဆင်ဝန်းထီသည် သွေးဗီဇမပါဟု ဆိုသော်လည်း သွေးဗီဇဆေးဝါးများကို အသုံးပြုတတ်သူ ဖြစ်လေရာ သူ့ကို အနည်းဆုံးတော့ သွေးနှောတယောက်ဟု ဆိုနိုင်၏။ သု့ိသော် သူသည် သွေးဗီဇကို အင်အားကြီးမားလာစေရန် အားကိုးခြင်းမရှိ။ တနည်းအားဖြင့် သူသည် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် ကိုယ်ပိုင်အင်အားအစစ်အမှန်ကိုသာ အသုံးပြု၍ နံပါတ် ၂၇နေရာကို ရယူထားခြင်းဖြစ်လေရာ အထင်ကြီးစရာ ကောင်းလှ၏။
ယခုတော့ တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားသည့် အနှီလူငယ်သည် ဘာမှ ထူထူးခြားခြား မလုပ်ဆောင်ရသေးပဲ သေဆုံးသွားခဲ့ရလေပြီ။ နှမြောစရာ ကောင်းလိုက်လေချင်း။
ဝုရှောင် သူတို့အလောင်းကို ရှာဖွေတွေ့ရှိသည့်အချိန်တွင် သူတို့တကိုယ်လုံးမှာ အပိုင်းပိုင်းပြတ်လျက်ရှိပြီး သူတို့ ဦးခေါင်းများမှာလည်း ခြေမွခံထားရ၏။ ထို့ကြောင့် သူတို့ မည်သူမည်ဝါမှန်း မှတ်မိရန် ဝုရှောင်ပင် အတော်လေး ကြိုးစားခဲ့ရသည်ဟူ၏။
နောက်ဆုံးတွင်တော့ ဝုရှောင်သည် သူ၏ သွေးဗီဇစွမ်းရည်ကို အသုံးပြုကာ လူသတ်သမားသည် သတ်ဖြတ်သူမျိုးဆက်သစ်တဦးတည်းဖြစ်ကြောင်း ရှာဖွေနိုင်ခဲ့လေသည်။
"သတ်ဖြတ်သူတယောက်တည်းက သူတို့သုံးယောက်ကို သတ်သွားတယ် ဟုတ်လား"
စုချန်း မျက်မှောင်ကုတ်ကာ မေးလိုက်၏။
သတ်ဖြတ်သူများသည် လူသားများထက် တဦးချင်းစွမ်းရည်တွင် သာလွန်ကြောင်းကို သူတို့ လက်ခံနိုင်၏။ သို့သော် သတ်ဖြတ်သူတယောက်တည်းက လူသုံးယောက်ကို တပြိုင်တည်း သတ်သွားခြင်းမှာကား လက်ခံနိုင်ရန် ခဲယဉ်းလှပေသည်။
"သူတို့ဟာ ကျောင်းတော်သူရဲကောင်းတွေထဲက တယောက်နဲ့ တိုးသွားတာပဲ ဖြစ်ဖို့များတယ်"
ဖန်းယီကုက မှတ်ချက်ချလိုက်၏။
"အင်း ဒီတချက်ပဲ ဖြစ်နိုင်စရာ ရှိတော့တယ်....မူလစွမ်းအင် ကျောင်းတော်က ကောင်တွေပေါ့လေ"
"ထိုစကားလုံးများကြောင်ာ လူတိုင်း၏ နှလုံးသားထဲတွင် အပ်ချောင်းလေးများနှင့် ထိုးဖောက်လိုက်သည့်သဖွယ် ခံစားလိုက်ရလေသည်။
______________×××______________×××________
၅ရက်မြောက်နေ့တွင်တော့ ကျောင်းသားလေးဆယ်အနက် အဆင့်အမြင့်ဆုံးကျောင်းသားဖြစ်သူ ဟေးယွန်တုံး ရောက်ရှိလာ၏။
ဟေးယွန်တုံးသည် ခွန်အားအရာတွင်သာမက ကိုယ်ကျင့်တရားနှင့် ပုံပန်းသွင်ပြင်မှာလည်း လေးစားထိုက်သူ ဖြစ်သည်။ သူ့ပုံစံမှာ အေးဆေးတည်ငြိမ်လှပေရာ ကျောင်ဆောင်ကြီးနှင့်ပင် တူနေသေးသည်။
သူနှင့်အတူ ဒသမနှစ်ကျောင်းသူ နံပါတ် ၉ ရှန်းယုချန်းနှင့် နံပါတ် ၂၀ ရွှီတုံးတို့လည်း အတူတကွ ပါလာ၏။
ရှန်းယုချန်းတယောက် ကောင်းကောင်းမွန်မွန် ရှိနေသည်ကို မြင်ရသောအခါ လူတိုင်းလိုလိုသည် အလွန် ဝမ်းသာသွားကြ၏။
ရှန်းယုချန်းတွင် ရှန်းလောင်ချန်းဟုခေါ်သော အမွှာအစ်ကိုတယာက်ရှိပြီး သူမတို့နှစ်ယောက်လုံးလိုလိုသည် အဆင့်မြင့်သွေးဗီဇပိုင်ရှင်များ ဖြစ်သည်။ သူမတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက အလွန်အားကောင်းသော စွမ်းရည်တချို့ ပေါ်ထွက်လာနိုင်လေသည်။ သူမတို့သည် မွေးကတည်းက တူညီသော သွေးဗီဇများကို ပိုင်ဆိုင်ထားကြလေရာ အလွန်ဝေးကွာသော နေရာမှပင် တယောက်နှင့်တယောက် ဆက်သွယ်နိုင်စွမ်းရှိကြ၏။
တနည်းအားဖြင့် ရှန်းယုချန်းကို ရှာတွေ့ခြင်းသည် ရှန်းလောင်ချန်းကို ရှာတွေ့လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
အကြောင်းမှာ ရှန်းလောင်ချန်းသည် ထိုအချိန်တွင် ဝမ်တောက်ရှန်း၊ ကျိယွာယုတို့နှင့် အတူတကွ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
နောက်ဆုံးတော့ သူတို့သည် ကျိယွာယု၏ တည်နေရာကို ရှာတွေ့ခဲ့လေပြီ။
ထိုအခါ စုချန်းက မေးလိုက်သည်။
"အပျက်အစီးသိုက် ဘယ်နှစ်ရက်လောက် ခံမလဲ"ယ
ရှန်းယုချန်းက ပြန်ဖြေလိုက်၏။
"ကျိယွာယုက ပြောတယ် ဒီအခြေအနေတိုင်းသာ ဆက်သွားနေရင် အပျက်အစီးသိုက်က ၇၇ရက်ကျော်ကျော်လောက် ခံမယ်တဲ့ ဒါပေမဲ့ သူဆိုလိုတာက ဒီအခြေအနေတိုင်း ငြိမ်သက်နေရင်လို့ ပြောတာနော် တိုက်ပွဲတွေကနေ ထွက်ပေါ်လာတတ်တဲ့ မူလစွမ်းအင်ရိုက်ခတ်မှုတွေက လေဟာနယ်ကို ပိုပြီး ပျက်စီးစေတာကိုတော့ ရှင် သိပြီးသားမလား"
စုချန်းက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"ကျုပ်တို့ ဒီထဲ စဝင်လာတုန်းကကောဗျ"
ရှန်းယုချန်းက မျက်စေ့မှိတ်လိုက်၏။ အတန်ကြာမှ သူမက ပြန်ပြောလိုက်သည်။
"ရက်ပေါင်း ၉၀ ဒါမှမဟုတ် အဲဒီဝန်းကျင်ပေါ့"
"ရက်ပေါင်း ၉၀ ဟုတ်လား ကျုပ်တို့ စဝင်လာတုန်းက ရက်ပေါင်း ၉၀ ခုငါးရက်အတွင်းမှာ တိုက်ပွဲဖြစ်တာနဲ့ ဘာနဲ့ဆိုတော့ ၇၇ရက်ထိ လျော့သွားတယ်"
စုချန်းက တွက်ချက်မှုတချို့ ပြုလုပ်လိုက်၏။ နောက်ဆုံးတွင် သူက အပြီးသတ် သုံးသပ်ချက် ချလိုက်သည်။
"ဒီအတိုင်းသာဆိုရင် အပျက်အစီးသိုက်ဟာ ရက်ပေါင်း၃၀ကျော်ပဲ ခံလိမ့်မယ် ပြီးရင်တော့ ပြိုကွဲပျက်စီးသွားလိမ့်မယ်"
ထိုသို့ပြောပြီးသည်နှင့် စုချန်း သက်ပြင်းတချက်ချလိုက်သည်။
ထိုအချိန်ကာလသည် သူ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် လိုအပ်မည့်အချိန်ထက်ပင် ပိုနေသေးသည် မဟုတ်ပါလား။
"ဒီကို စုစုပေါင်း လူဘယ်နှစ်ယောက်လောက် ရောက်လာပြီးပြီလဲ"
ဟေးယွန်တုံးက ဝင်ရောက်မေးမြန်းလိုက်ပြန်၏။
"ကျုပ်အပါအဝင်ဆိုရင် ၁၄ယောက် ခု လောင်ချန်းနဲ့ ကျန်လူတွေပါ ထည့်တွက်ရင် စုစုပေါင်း ၁၇ယောက်ပေါ့ ကျုပ်နဲ့ အစ်မချီတို့ တိုင်ပင်ထားတာကတော့ လူတိုင်း အတူတကွ စုစည်းနိုင်ဖို့ ခဲယဉ်းတဲ့အတွက် ဒီနေရာကို ဌာနချုပ်အဖြစ် ထားမလားလို့"
ထို့နောက် စုချန်းက ဟေးယွန်တုံးအား သူတို့ တိုင်ပင်ထားသည့် အစီအစဉ်ကို ရှင်းပြလိုက်၏။ ဟေးယွန်တုံးသည် စုချန်း ရှင်းပြသည်ကို အလေးအနက်ပင် နားထောင်နေ၏။ အတန်ကြာအောင် စဉ်းစားတွေးတောပြီးသည်နှင့် သူက ပြောလိုက်သည်။
"ဒီကျောက်တောင်ဟာ ဆုံမှတ်လုပ်ဖို့တော့ အတော်ကို ကောင်းမွန်တဲ့ နေရာပဲ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အလေးအနက်ထားပြီး စဉ်းစားရလိမ့်မယ် ပြီးမှ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်ကြတာပေါ့ ကောင်းတာကတော့ ကျုပ်တို့အကုန်လုံးကို သုံးယောက် တအုပ်စုစီ ဖွဲ့လိုက်မယ် အင်အားအကောင်းဆုံးအုပ်စုကို အရင်ဆုံး စေလွှတ်မယ် ဟန်ဖန်းနဲ့ ယွာယုလို လူတွေကတော့ ဒီနေရာမှာ အစောင့်အဖြစ်ပဲ နေခဲ့ဖို့သင့်တယ် ထပ်ဖြည့်ပြောရရင် အဖွဲ့တိုင်းဟာ ကြိုတင်ပြီး လမ်းကြောင်းသတ်မှတ်ထားရမယ် ဒါမှသာ သူများလမ်းကြောင်းမှာ ဝင်မရှုပ်မိမှာ ဒါ့အပြင် အမဲလိုက်ဖို့နဲ့ ရတနာတွေ ရှာဖွေဖို့ အချိန်သတ်မှတ်ပေးထားရမယ် အချိန်မီ ပြန်မလာရင် လိုက်ရှာဖို့ လိုအပ်တယ် ဒီအချက်တွေ ပါလာရင်တော့ အစီအစဉ်က ပိုပြီး ပြည့်စုံသွားမယ်"
စုချန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါတယ် ခင်ဗျားရဲ့ အစီအစဉ်က ပိုပြီး ပြည့်စုံတယ်"
အမှန်တော့ ထိုအချက်အလက်များကို စုချန်းကိုယ်တိုင် မစဉ်းစားနိုင်၍ မဟုတ်ပေ။ အစီအစဉ်ကို စတင်ရေးဆွဲတုန်းက လူအနည်းငယ်သာရှိ၍ ပြည့်စုံစွာ မစဉ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဟေးယွန်တုံးနှင့် တခြားလူများ ထပ်မံရောက်ရှိ လာပြီဖြစ်၍ သူတို့၏ ဌာနချုပ်သည် ပို၍ အင်အားတိုးပွားလာခဲ့ပြီ ဖြစ်သည်။ ထိုအခါ အစီအစဉ်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုနေ့ ညနေပိုင်းတွင်တော့ ရှန်းလောင်ချန်း၊ ဝမ်တောက်ရှန်းနှင့် ကျိယွာယုတို့ ထပ်မံ ရောက်ရှိလာ၏။
အမှန်တော့ စုချန်းသည် သူငယ်ချင်းဖြစ်သူကို တွေ့လိုက်ရ၍ စိတ်လှုပ်ရှားနေသည်မှာ အမှန်ပင်။ တဖက်တွင်လည်း ကုချိန်းလွှာအကြောင်းကို မည်သူမှ မသိ၍ စိတ်ပူနေ၏။ ထိုအခါ သူ့ပုံစံသည် အလွန်ပင် စိတ်ရှုပ်ထွေးဟန် ပေါက်နေတော့သည်။
တဖန် ကုချိန်းလွှာ၏ အမြန်နှုန်းကို တွေးမိသောအခါ ရန်သူကို မနိုင်သည့်တိုင် လွတ်အောင်တော့ ထွက်ပြေးနိုင်လိမ့်မည်ဟု စဉ်းစားမိပြီး စိတ်သက်သာရသွားပြန်၏။ ထိုအခါ စုချန်း၏ ခေါင်းထဲတွင် မူလစွမ်းအင်ကျောင်းတော်မှ သတ်ဖြတ်သူမျိုးဆက်သစ်၏ အကြောင်း ပေါ်လာပြီး ကုချိန်းလွှာအတွက် စိတ်ပူလာပြန်သည်။
သို့သော် ယခုအချိန်တွင် သူမအတွက် စိတ်ပူနေ၍ ဘာမှမထူး။ ထို့ကြောင့် စိတ်လျှော့ထားရန်သာ ရှိတော့သည်။
တကယ်တော့ ဝမ်တောက်ရှန်း ရောက်ရှိလာ၍ စုချန်းအတွက် ဆန္ဒတခု ပြည့်ဝသွားသည်ဆိုလျင် မမှားပေ။
"ဘာ မင်းက တောအုပ်ထဲက နတ်ဆိုးသတ္တဝါကို သတ်ပစ်ချင်တယ် ဟုတ်လား"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်းက မျက်လုံးပြူးကာ ပြန်မေးလိုက်သည်။
နတ်ဆိုးသတ္တဝါဟူသည် သာမာန်မဟုတ်။ သူတို့အနေနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမည်မှာ ဧကန်ပင်။ ထို့ပြင် တဖက်ကလည်း သတ်ဖြတ်သူများကို ဆွဲဆောင်သလို ဖြစ်သွားမည်ဖြစ်၍ စုချန်း၏ အကြံက အန္တရာယ်များလှ၏။
"ဟုတ်တယ်လေ"
စုချန်းက ဆုံးဖြတ်ထားသည့် ဟန်ပန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
စုချန်းသည် တောအုပ်အစွန်အဖျားရှိ သားရဲသတ္တဝါများကို ဆွဲထုတ်သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် နတ်ဆိုးသတ္တဝါကြီးမှာကား တောအုပ်အတွင်းမှာပင် ရှိနေသေး၏။ ထိုသတ္တဝါ ရှိနေသ၍ စုချန်းအနေနှင့် တောအုပ်အတွင်းသို့ ဝင်ရောက်ရှာဖွေနိုင်ခြင်းမရှိ။
လက်ရှိအခြေအနေတွင် သူ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်မှာ အဝါရောင်ကြယ် ၉၆လုံးတိုင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သွေးဆူပွက်ခြင်းနယ်ပယ် လမ်းခွဲသို့ရောက်ရှိရန် နောက်ထပ် အဝါရောင်ကြယ် လေးလုံးသာ လိုတော့၏။
သို့သော် ဤနေရာတွင်တော့ စုချန်းက သူ့အဖွဲ့သားများကို လိမ်ပြောလိုက်တော့သည်။
"တောအုပ်ထဲမှာ ကျုပ်လိုအပ်တဲ့ ဆေးပင်တွေ အများကြီးပဲ ရှိနေတယ် ဒီကောင်ကြီး ရှိနေသ၍ ဒါတွေကို ကျုပ် လိုက်ရှာလို့မရဘူးဗျ ဒီဆေးပင်တွေရမှ လူတိုင်းအတွက် ဆေးဖော်စပ်နိုင်မယ် ဒါကြောင့် ဒီကောင်ကြီးကို ရှင်းပစ်ဖို့ ကျုပ်တို့ နည်းလမ်းရှာသင့်တယ်"
"နတ်ဆိုးသတ္တဝါတွေဟာ ဘယ်လောက်ထိ အင်အားကြီးမားသလဲဆိုတာတော့ ခင်ဗျား သိထားပြီးသားမလား"
ဟေးယွန်တုံးက ပြောလိုက်ခြင်း ဖြစ်သည်။
"ကျုပ်တို့ဘက်မှာ ဝုရှောင်ရှိတယ် သူ့ကို ကျုပ်မေးပြီးပြီ ဒီကောင်ကြီးဟာ အဆင့်နိမ့်နတ်ဆိုးသတ္တဝါအဆင့်ပဲ ရှိတယ်တဲ့ ကျုပ်တို့သာ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ရင် ဒီကောင်ကြီးကို အနိုင်ရနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"
စုချန်းက ရှင်းပြလိုက်၏။
"ဒီလောက်နဲ့တော့ မရသေးဘူးကွ ကျုပ်တို့အနေနဲ့ လူတွေ ထပ်လိုသေးတယ် လူများလာအောင် ထပ်စောင့်ကြတာပေါ့"
ဟေးယွန်တုံးက ပြန်ပြောလိုက်၏။
စုချန်းက ခေါင်းခါလိုက်သည်။
"စောင့်နေလို့အလကားပဲ အချိန်ကုန်တယ် လူစွမ်းအားအရင်းအမြစ်ကို ဖြုန်းတီးပစ်ရာရောက်တယ် ဒီအတွက် ကျုပ်မှာ အစီအစဉ်ရှိတယ် ကျုပ်အစီအစဉ်သာ အောင်မြင်သွားရင် ဒီကိစ္စကို လူနည်းနည်းနဲ့ လုပ်လို့ရတယ်"
"ဘာအစီအစဉ်လဲ"
စုချန်းက သင်္ကေတဆေးရည်ကိုထုတ်ကာ ဝမ်တောက်ရှန်းကို လက်ညိုးထိုးရင်း ပြောလိုက်၏။
"အရင်ဆုံး ဒီဖက်တီးကို နည်းနည်းပါးပါး ပြုပြင်ပေးရလိမ့်မယ်"