နတ်ဆိုးသတ္တဝါကြီးအား လက်စတုံးခြင်း
Vol. 30 Ch. 299
အား!!!
"သေစမ်း စုချန်း မင်း လူကောဟုတ်ရဲ့လား ငါ့ကို သေအောင်များ သတ်နေတာလားကွ"
"ငါ မလုပ်တော့ဘူး ငါ ထပ်မလုပ်တော့ဘူး ဖယ်စမ်း ဟေ့ကောင်"
"ဘာကို သင်္ကေတဆေးရည်လဲ ဒါသက်သက်မဲ့ နှိပ်စက်နေတာပဲကွ ဒါ သတ်ဖြတ်သူတွေ နှိပ်စက်ဖို့ လုပ်ထားတဲ့ဟာပဲ"
ကျောက်တုံးများနှင့် ကာရံထားသည့် လှိုဏ်ခေါင်းအတွင်းဝယ် ဖက်တီးဝမ်သည် နာကျင်စွာ အော်ဟစ်နေ၏။ လူတိုင်းသည် ဘာမှ မကူညီနိုင်ပဲ တယောက်မျက်နှာကို တယောက် ငေးကြည့်နေရုံသာ တတ်နိုင်ကြ၏။
"ဒါ တကယ်ပဲ နာလို့လား"
ရွှီတုံးက မယုံကြည်ဟန်ဖြင့် ရေရွတ်လိုက်၏။ အကြောင်းမှာ ချီစွမ်းအားပညာရှင်များဟူသည် ရုပ်ပိုင်းဆိုင်ရာအရ အလွန်သန်မာကြသလို သူတို့၏ ဘဝတလျှောက်လုံး လေ့ကျင့်ရင်းနှင့်သာ အချိန်ကုန်ဆုံးခဲ့လေရာ နာကျင်မှုဒဏ်ကိုလည်း သာမာန်လူများထက် ခံနိုင်ရည်ရှိကြ၏။
ယိယွန့်ဟုန်က ကိုယ်ချင်းစာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါ တကယ့်ကိုပဲ နာကျင်တယ်ကွ"
အတန်ကြာသော် ဝမ်တောက်ရှန်း၏ အော်သံ ရပ်တန့်သွား၏။ သူ ကျောက်တုံးလှိုဏ်ခေါင်းထဲမှ ထွက်လာသည်ကို မြင်တွေ့ကြသောအခါတွင်တော့ လူတိုင်းလိုလို မနေနိုင်တော့ပဲ ရယ်မောမိကြတော့သည်။
ဝမ်တောက်ရှန်း၏ ကိုယ်အပေါ်ပိုင်းသည် ဟာလာဟင်းလင်း ဖြစ်နေ၏။ သူ့ညာဖက်လက်တွင်တော့ အပြာရောင်မှင်ဖြင့် သားရဲသတ္တဝါတကောင် သွားဖြဲပြနေသော ပုံကို ရေးထိုးထားလေသည်။ ရုတ်တရက် ကြည့်လိုက်လျင် ထိုတက်တူးမှာ ကြောက်စရာကောင်းလှ၏။
သို့သော် သူ့ညာဖက်လက်တွင်သာ ထိုပုံကို ရေးထိုးထားပြီး ဘယ်ဖက်လက်တွင်တော့ ဘာမှမရှိချေ။
ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။
"သူ့စိတ်ထဲမှာ ဒါကို အတော်လေးနာတယ်လို့ ထင်နေရှာတယ် ကျုပ်က ညာဖက်လက်ကို အပြီးသတ် ရေးထိုးပြီးတဲ့အခါ သူက ဘယ်ဖက်လက်ကို လုံးဝ အထိမခံတော့ဘူးဗျ"
လူတိုင်းလိုလိုသည် စုချန်း၏ စကားကို ကြားရသောအခါ ပတ်တုတ်၍ မရအောင် အော်ဟစ်ရယ်မောကြတော့သည်။
ဝမ်တောက်ရှန်းက ရှက်ကိုးရှက်ကန်းနှင့် ဆင်ခြေပေးလိုက်၏။
"မထင်နဲ့ တကယ်ကို နာတာကွ"
သင်္ကေတဆေးရည်သည် နာကျင်မှုအမျိုးမျိုးကို ဖြစ်ပေါ်စေတတ်၏။ ၎င်းသည် ကာယကံရှင်၏ စိတ်ဓာတ်နှင့်အသိညဏ်အပေါ် မူတည်နေလေသည်။ ထို့ပြင် ၎င်းသည် နာကျင်ရုံသာမက ပြင်းထန်သော ဒေါသကိုလည်း ဖြစ်ပေါ်စေတတ်၏။
ဝမ်တောက်ရှန်းသည် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများစွာကို ရင်ဆိုင်ဖူး၏။ သူသည် အမျိုးမျိုး အဖုံဖုံသော နာကျင်မှုဝေဒနာများကိုလည်း ခံနိုင်ရည်ရှိသူ ဖြစ်သည်။ ထို့ကြောင့်သာလျင် ညာဖက်လက်တွင် ဆေးမင်ရုပ်ထိုးခြင်းကို ပြီးဆုံးသည်ထိ တောင့်ခံနိုင်ခဲ့ခြင်းပင်။
ဝမ်တောက်ရှန်း အော်ဟစ်ခဲ့သည့် စကားများအနက် မှန်ကန်သည့် စကားတခွန်းတော့ ပါနေ၏။ တကယ်တော့ သင်္ကေတဆေးရည်သည် ရှေးယခင်က သတ်ဖြတ်သူများအနေနှင့် သူတပါးကို နှိပ်စက်ညှင်းပန်းရာတွင် အသုံးပြုခြင်း ဖြစ်သည်။ တနေ့တွင်တော့ ထိုဆေးရည်သည် သွေးအတွင်းရှိ ချီစွမ်းအင်ကို နှိုးဆွပေးနိုင်ကြောင်း သတ်ဖြတ်သူတယောက်က မမျှော်လင့်ပဲ ရှာဖွေတွေ့ရှိသွား၏။ ထိုနေ့မှစ၍ ၎င်းတို့သည် ထိုဆေးရည်ကို ကိုယ်ပိုင်ဆေးမင်စာလုံးများ ရေးထိုးရာတွင် ပြောင်းလဲအသုံးပြုခဲ့ကြခြင်းပင်။
တနည်းအားဖြင့် သင်္ကေတဆေးမင်စာလုံးများသည် သတ်ဖြတ်သူများ၏ အင်အားအရင်းအမြစ် ဖြစ်သလို ၎င်းတို့၏ ပြင်းထန်သော စိတ်စွမ်းအင်အတွက် ပြယုဂ်ဟုလည်း ဆိုနိုင်ပေသည်။ တနည်းအားဖြင့် တကိုယ်လုံးတွင် ထိုကဲ့သို့ ဆေးမင်စာလုံးများ ရေးထိုးထားသော သတ်ဖြတ်သူသည် ကြီးမားသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုနေခြင်းပင်တည်း။
ထို့ကြောင့် သတ်ဖြတ်သူမျိုးဆက်သစ်များ၏ အင်အားကို အဆင့်အတန်း သတ်မှတ်ပုံမှာ အလွန်ပင် ရိုးရှင်းလှ၏။ ဆေးမင်စာလုံးရေ များများ ရေးထိုးထားသူသည် ပို၍ အင်အားကြီးမားသူပင် ဖြစ်သည်။ တနည်းအားဖြင့် ဆေးမင်စာလုံးရေ များလာလေလေ ပို၍ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လာလေလေဟုလည်း သတ်မှတ်နိုင်၏။
စုချန်းက နှစ်သိမ့်လိုက်၏။
"စိတ်မပူပါနဲ့ ညာဖက်လက်တချောင်းတည်းပဲဆိုရင်ကို လုံလောက်မှာပါ နည်းနည်းပဲ ထိုးထားတော့ သွေးအတွင်း ချီစွမ်းအင် အများကြီး မကုန်တော့ဘူးပေါ့"
"အစီအစဉ်ရဲ့ ဒုတိယပိုင်းက ဘာတဲ့လဲ"
ဟေးယွမ်တုံးက မေးလိုက်၏။
"သားရဲတကောင် အရှင်လတ်လတ် လိုသေးတယ်ဗျ"
စုချန်းက ပြန်ဖြေလိုက်သည်။
သိပ်မကြာမီ စုချန်းရှေ့သို့ ဖမ်းဆီးချုပ်နှောင်ထားသော သားရဲသတ္တဝါတကောင် ရောက်ရှိလာ၏။ ထိုအခါ စုချန်းက ဆေးပုလင်းငယ်တလုံးကို ထုတ်ယူပြီး သတ္တဝါကြီးကို အတင်းတိုက်ကျွေးလိုက်တော့သည်။ ထို့နောက် သူက ရှင်းပြလိုက်၏။
"ဒါ ခွန်အားယုတ်လျော့ဆေးရည်ပဲ တစုံတယောက်ရဲ့ ကိုယ်ခန္ဓာကို အင်အားလျော့နည်းသွားစေနိုင်တယ်"
ထိုအခါကျမှ ဟေးယွန်တုံးက စုချန်း၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားလေသည်။
"ခင်ဗျားက ဒီကောင့်ကို နတ်ဆိုးသတ္တဝါကြီး အစားခံခိုင်းမလို့လား"
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မလဲ"
ဖန်းယီကုက ဝင်မေးလိုက်ပြန်၏။
"အဆင့်မြင့်အားလျော့ဆေးရည်ဟာ ပစ်မှတ်ရဲ့ ပင်အားကို ၄၀ရာခိုင်နှုန်းလောက်ထိ လျော့နည်းသွားစေနိုင်တယ် ဒါပေမဲ့ ကျုပ်ကတော့ ဒီဆေးရည်ကို သားရဲကောင်ကြီးကနေမှတဆင့် နတ်ဆိုးသတ္တဝါဆီ သက်ရောက်အောင် လုပ်ရတဲ့အတွက် ထိရောက်မှုကတော့ လျော့နည်းသွားမယ် ၂၀ရာခိုင်နှုန်းလောက်ပေါ့"
ဟေးယွန်တုံး ခေါင်းညိတ်လိုက်၏။
"တောအုပ်ထဲက သတ္တဝါသာ အဆင့်နိမ့်နတ်ဆိုးသတ္တဝါ အမှန်ဆိုရင် ၂၀ရာခိုင်နှုန်းက လုံလောက်ပါတယ်"
သူတို့၏ လက်ရှိအခြေအနေမှာ လေကျင့််ရေးကာလတုန်းက လေးယောက်တဖွဲ့ စမ်းသပ်ချက်နှင့် မတူတော့ပေ။ ထိုအချိန်က သူတို့အား လိုက်လံဖမ်းဆီးခဲ့သော နတ်ဆိုးသတ္တဝါများသည် ဆေးရည်အတုကိုသာ တိုက်ကျွေးခြင်းခံထားရပြီး သူတို့၏ အင်အားမှာလည်း တဖွဲ့လျင် လေးယောက်သာ ပါဝင်ခွင့်ရှိနေ၍ ကန့်သတ်ချက်ရှိနေ၏။
ယခုတော့ သူတို့ဖက်တွင် ကျောင်းသား ဆယ်ယောက်ကျော်ကျော် ရှိနေပြီး ခွန်အားယုတ်လျော့နေသည့် အဆင့်နိမ့်နတ်ဆိုးသတ္တဝါကြီးနှင့် တိုက်ခိုက်ရမည်ဖြစ်၍ အောင်မြင်နိုင်ချေ ပိုများလာခဲ့ပြီ ဖြစ်သည်။
ဟေးယွန်တုံး၊ စုချန်း၊ ဖန်းယီကု၊ ယိယွန့်ဟုန်၊ ရှန်းယုချန်းနှင့် ရှန်းလောင်ချန်းတို့သည် ထိပ်ဆုံး၁၀ယောက် စာရင်းဝင်များ ဖြစ်သည်။ ဝမ်တောက်ရှန်း၊ ရှီကျန့်ဖေး၊ ဖန်ယုချီ်နှင့် ရွှီတုံးတို့မှာ ထိပ်ဆုံး ၂၀အတွင်းတွင် ရပ်တည်နေသူများ ဖြစ်သည်။ ဝုရှောင်သည် နံပါတ် ၂၁ဖြစ်သော်လည်း သူ့အင်အားမှာကား မသေးလှ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သူ ဖြစ်သည်။ ကျန့်ဟန်ဖန်းနှင့် ကျိယွာယုတို့မှာ ကျန်လူမျာနှင့်စာလျင် အားနည်းသော်လည်း ကိုယ်ပိုင်လှည့်ကွက်ကိုယ်စီ ရှိထားကြ၏။ ဖုံးကွယ်ခြင်း ပုံစံကွက်ကျွမ်းကျင်သူ မာချွန်းမှာကား ဌာနချုပ်မှာပင် နေခဲ့ပြီး ကျောက်တောင်အတွင်း တခြားသူများ ထိုးဖောက်ဝင်ရောက်မလာစေရန် ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။
အစီအစဉ်ကို ကျကျနန ရေးဆွဲပြီး ထွက်ခွာရန် ပြင်ဆင်နေကြစဉ်မှာပင် သူတို့ဆီသို့ နောက်ထပ် ကျောင်းသားနှစ်ယောက် ရောက်ရှိလာပြန်၏။ ထိုနှစ်ယောက်မှာ ဝမ်ရှုအန်နှင့် ဝေယန်တို့ပင် ဖြစ်သည်။
ဝမ်ရှုအန်သည် အကဲဖြတ်ပြိုင်ပွဲတုန်းက တိမ်တိုက်ကျားသစ်ကို ဖြုတ်ချရန် ကြံစည်ခဲ့ဖူး၏။ သို့သော် ထိုအဖြစ်အပျက်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင်တော့ သူတို့အားလုံး မဖြစ်မနေ ပူးပေါင်းလုပ်ဆောင်ရပေလိမ့်မည်။ ဝမ်ရှုအန်သည် နံပါတ် ၂၉နေရာတွင် ရှိနေသော်လည်း အင်အားနည်းပါးသူ မဟုတ်လေရာ သူတို့အတွက် အားဖြည့်ပေးလိုက်သလိုပင် ဖြစ်သွားသေး၏။
ဝေယန်မှာကား အဌမနှစ်ကျောင်းသားဖြစ်ပြီး နံပါတ် ၃၅ ဖြစ်လေရာ ကျန့်ဟန်ဖန်းထက်ပင် အားနည်းနေသေး၏။ ထို့ကြောင့် ဝေယန်ကိုလည်း ဌာနချုပ်မှာပင် ထားခဲ့ရန် သူတို့ ဆုံးဖြတ်လိုက်ကြလေသည်။
ထို့နောက် သူတို့၁၅ယောက်သည် တောအုပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။
တောအုပ်အစပ်သို့ ရောက်သည်နှင့် သူတို့သည် သတ်မှတ်ထားသောနေရာဆီသို့ ဦးတည်လျှောက်လာခဲ့ကြ၏။ ထို့နောက် ကြိုတင်တွေးတောထားသော နေရာတွင် ဆေးခတ်ထားသော သားရဲကြီးကို နေရာချထားလိုက်ပြီး စုချန်းက နတ်ဆိုးသတ္တဝါများအတွက် အထူးပြင်ဆင်ထားသည့်် သားရဲညှို့ငင်အမွှေးတိုင်ကို ထွန်းညှိုလိုက်၏ ထို့နောက် သူတို့အားလုံးသည် လုံခြုံသောနေရာကို ရှာဖွေပုန်းအောင်းလျက် စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေကြလေသည်။
အတန်ကြာသော် ခရမ်းရောင်အကြေးခွံများ ဖုံးအုပ်ထားသောနတ်ဆိုးသတ္တဝါကြီးတကောင် တောနက်ထဲမှ ထွက်ပေါ်လာကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရ၏။ ၎င်းသည် ခေါင်းသေးပြီး အမြီးမှာ ရှည်လျားလှ၏။
နတ်ဆိုးသတ္တဝါကြီးသည် တောဘုရင်ဖြစ်နေသည်မှာ ကြာမြင့်လှသည့်ပုံပင်။ ဘာကိုမှ ကြောက်ရွံခြင်းမရှိချေ။ ဗိုက်ဆာနေဟန်လည်း ပေါ်၏။ ၎င်းသည် ဆေးခတ်ထားသော သားရဲသတ္တဝါဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာပြီး သားရဲကြီးကို တကျွတ်ကျွတ်နှင့် ဝါးမြိုစားသောက်လိုက်တော့သည်။
နတ်ဆိုးသတ္တဝါကြီးသည် သူ့အစာကို အားရပါးရပင် စားသောက်နေ၏။ သို့သော် ဝုရှောင်မှအပ မည်သူမှ ၎င်းကို မကြည့်ကြပေ။ အကြောင်းမှာ နတ်ဆိုးသတ္တဝါများသည် ထူခြားသော သိမြင်နိုင်စွမ်းမျိုးကို ပိုင်ဆိုင်ထားလေရာ စုချန်းနှင့် တခြားလူများ ရှိနေသည်ကို အလွယ်တကူ ရိပ်မိသွားနိုင်သောကြောင့်ပင်။
ဝုရှောင်၏ အကြားအမြင်နတ်ဆိုးသွေးဗီဇကတော့ ထိုအာရုံခံနိုင်စွမ်းကို တုံ့ပြန်နိုင်စွမ်းရှိလေသည်။
ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါကြီးကား စားသောက်၍ ပြီးသွားလေပြီ။ ဝုရှောင်သည် ၎င်းကို မမှိတ်မသုန် စိုက်ကြည့်နေပြီး လေသံနှင့် ပြောလိုက်၏။
"ဆေးက အစွမ်းပြနေပြီ ဒီကောင်ကြီးရဲ့အင်အား ၂၅ရာခိုင်နှုန်းထိ လျော့နည်းသွားတာကို တွေ့ရတယ် ကျုပ်တို့ မျှော်မှန်းထားတာထက် ပိုများနေတယ် လှုပ်ရှားမယ်ဆိုရင် ခုကိုပဲ လှုပ်ရှားဖို့သင့်ပြီ"
စကားဆုံးသည်နှင့် သူက သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။ သူသည် သူ့ကိုယ်ကိုသူ ကာကွယ်နိုင်ရန် စွမ်းအင်အတော်လေး သုံးစွဲခဲ့ရ၏။ ယခုအချိန်မှစ၍ ထိုသို့ ကာကွယ်နေရန် မလိုအပ်တော့။
သက်ပြင်းချလိုက်သည်နှင့် နတ်ဆိုးသတ္တဝါကြီးသည် သူတို့ရှိနေမှန်း ပထမဆုံးအကြိမ်အနေနှင့် ရိပ်မိသွား၏။ ၎င်းက သူတို့ရှိရာသို့ တန်းတန်းမတ်မတ်ပင် ကြည့်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
"နောက်ဆုံးတော့ တွေ့ကြပြီပေါ့ ငါ စောင့်ရတာ ကြာနေပြီကွ"
ဝမ်တောက်ရှန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခြုံပုတ်ထဲမှ ခုန်ထွက်ကာ နတ်ဆိုးသတ္တဝါကြီးကို တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
ဝမ်တောက်ရှန်း ထွက်ပေါ်လာသည်နှင့် သတ္တဝါကြီးက ပါးစပ်ကို ဟလိုက်ရာ ခရမ်းနက်ရောင်အလင်းတန်းတခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းသည် လေထဲမှာပင် ဓားတလက်အဖြစ် အသွင်ပြောင်းသွားပြီး ဝမ်တောက်ရှန်းဆီသို့ ပျံသန်းသွား၏။ ၎င်းသည် ဝမ်တောက်ရှန်း၏ ရေသလင်းအကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရေသလင်းအကာအကွယ်သည် တစစီ ကျိုးပဲ့ကာ အရပ်ရှစ်မျက်နှာသို့ လွင့်ထွက်သွားတော့သည်။ ဝမ်တောက်ရှန်း၏ တကိုယ်လုံးမှာလည်း နောက်ဘက်သို့ လွင့်စင်သွားပြီး လေထဲတွင် သွေးများ ဖြာခနဲ ဖြစ်သွားလေသည်။
တချက်တည်းနှင့် အကာအကွယ် ပျက်စီးသွားပြီး ဝမ်တောက်ရှန်း ကိုယ်တိုင်လည်း ဒဏ်ရာရရှိသွားလေသည်။ နတ်ဆိုးသတ္တဝါများ၏ အင်အားမှာကား တကယ်ပင် ကြောက်စရာကောင်းလှ၏။
ဝမ်တောက်ရှန်းသည် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွား၏။ သူ့အလေးချိန်ကြောင့် ထိုနေရာတွင် တွင်းကြီးတတွင်းပင် ပေါ်ပေါက်လာလေသည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာ၏။
ဝမ်တောက်ရှန်းက သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး ကြုံးဝါးလိုက်၏။
"တယ်လဲ အင်အားကောင်းပါကလား ဒါပေမဲ့ ဒီလောက်ကတော့ ငါ ခံနိုင်ပါသေးတယ်ကွ"
တကယ်လည်း စကားဆုံးသည်နှင့် ဝမ်တောက်ရှန်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အလိုလို ပျောက်ကင်းသွားလေသည်။
"မင်းတို့ ဘာကိုစောင့်နေကြတာလဲ အကုန်လုံး ဝင်တိုက်ကြစမ်း"
ဟေးယွန်တုံးက အော်ဟစ်အမိန့်ပေးလိုက်၏။
ဖက်တီးဝမ်ကသာ သူတို့အတွက် အကာအကွယ်သဖွယ် ဆောင်ရွက်ပေးလျင် ဤတိုက်ပွဲတွင် သူတို့ နိုင်ချေရှိသည် မဟုတ်ပါလား။
အမိန့်သံ ထွက်ပေါ်လာသည်နှင့် လူတိုင်းလိုလိုသည် တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်ကြတော့သည်။