← Chapters

နတ်ဆိုးသတ္တဝါကြီးအား လက်စတုံးခြင်း ၂

Vol. 30 Ch. 300

နတ်ဆိုးသတ္တဝါကြီးအား လက်စတုံးခြင်း ၂

Vol. 30 Ch. 300

ဘုန်း!! ဘုန်း!!

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ပေါ်ပေါက်လာပြီး ကြောက်စရာအားလှိုင်းများက ပတ်ဝန်းကျင်တခုလုံးကို ပျံ့နှံ့သွား၏။ ကျောင်းသားများကား မီးကုန်ယမ်းကုန် တိုက်စစ်ဆင်ကြလေပြီ။

သူတို့သည် သားရဲတကောင်အား မည်သို့မည်ပုံ သတ်ဖြတ်ရမည်ဟူသည့် ပုံနှိပ်စာအုပ်ပေါ်ရှိ သင်ကြားချက်များအား ပစ်ပယ်ထားလိုက်ကြပြီ ဖြစ်သည်။

ဝမ်တောက်ရှန်းနှင့် ဖန်းယီကုတို့မှာကား လူသားဒိုင်းကာများသဖွယ် ဖြစ်လာကြ၏။

ဝမ်တောက်ရှန်းသည် ဒဏ်ရာသက်သာနိုင်စွမ်း မြန်ဆန်သလောက် ဖန်းယီကု၏ စွမ်းရည်မှာကား တမျိုးတဘာသာ ဖြစ်သည်။ သူ၏ စွမ်းရည်မှာကား ခုခံနိုင်စွမ်းအား အလွန်မြင့်မားခြင်းပင် ဖြစ်သည်။ သူပိုင်ဆိုင်ထားသည့် ဆန်းကြယ်ဖားသွေးဗီဇ၏ မူလစွမ်းရည်ဖြစ်သော ဆန်းကြယ်ဖားဒိုင်းကာသည် နတ်ဘုရားအဆင့် ခံစစ်စွမ်းရည်ဟုပင် သတ်မှတ်နိုင်၏။ ယုတ်စွအဆုံး စုချန်း၏ သံချပ်ကာဖြိုခွဲရေးဆူးချွန်သည်ပင် ထိုအကာအကွယ်ကို မဖောက်ထွင်းနိုင်လောက်ပေ။ ထို့ကြောင့် သူသည် ခရမ်းရောင်အကြေးခွံသတ္တဝါကြီး၏ တိုက်ခိုက်မှုကို အကြာဆုံး ခုခံနိုင်သူ ဖြစ်လာလေသည်။

ဝမ်တောက်ရှန်းကတော့ ဘေးမှနေ၍ ဖန်းယီကုကို ထောက်ပံ့ပေးနေပေးနေ၏။ သူတို့နှစ်ယောက်သည် သတ္တဝါကြီး၏ တိုက်ခိုက်မှုကို တယောက်တလှည့် ခုခံကာ အဖွဲ့သားများအပေါ် ကျရောက်လာသော ဖိအားကို လျော့နည်းသွားစေရန် စွမ်းဆောင်ပေးနေကြလေသည်။

ထိုအချိန်တွင် စုချန်း၊ ဟေးယွမ်တုံး၊ ယိယွန့်ဟုန်၊ ရှန်ယုချန်း၊ ရှန်လောင်ချန်းတို့သည် အဓိက တိုက်စစ်ဆင်သူများ ဖြစ်လာကြ၏။

ဟေးယွန်တုံးနှင့် ယိယွန့်ဟုန်တို့မှာကား တိုက်စစ်ရော ခံစစ်ပါ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဟေးယွန်တုံး၏ သွေးဗီဇမှာ အဝေးရောက်မီးလျံနတ်ဆိုးဘုရင်သွေးဗီဇ ဖြစ်၏။ သူ၏ အဝေးရောက်မီးလျံလက်သီးမှာ ကြောက်မက်ဖွယ်ရာ အင်အားမျိုးကို ဖော်ဆောင်နေပြီး အဝေးရောက်မြားကလည်း သတ္တဝါကြီး၏ အကြေးခွံများကိုပါ ဖောက်ထွင်းကာ မီးလောင်ဒဏ်ရာများကို ဖြစ်ပေါ်စေ၏။ ယိယွန့်ဟုန်၏ တိုက်ခိုက်မှုမှာကား ပေါက်ကွဲအား မပြင်းထန်သော်ငြား အရှိန်ပြင်းပြီး တည်ငြိမ်လှ၏။ ပို၍ အရေးကြီးသည်မှာကား သူတို့နှစ်ယောက်သည် အင်အားကြီးမားသလောက် ရုပ်ပိုင်းဆိုင်ရာကလည်း သန်မာလှသည် ဖြစ်လေရာ ဝမ်တောက်ရှန်းနှင့်ဖန်းယီကုတို့ကို ကူညီပြီး သတ္တဝါကြီး၏ တန်ပြန်တိုက်ခိုက်မှုကို ခုခံပေးနိုင်ခြင်းပင်။

စုချန်း၏ ပြင်းထန်အားကောင်းသော မီးလျံသိမ်းငှက်သည်လည်း ဤနေရာတွင် အရေးပါလာ၏။ အသင်းဖော်များ၏ ထောက်ပံ့ကူညီမှုကြောင့် တိုက်ပွဲသည် ပို၍ လွယ်ကူချောမွေ့လာ၏။ စုချန်းသည် နောက်ကွယ်မှနေ၍ သတ္တဝါကြီးကို မီးလျံသိမ်းငှက်များနှင့် အဆက်မပြတ် တိုက်ခိုက်နေတော့သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုသည် ဟေးယွန်တုံးနှင့် ယိယွန့်ဟုန်တို့ထက်ပင် ပို၍ ပြင်းထန်နေသေးသည်။

သို့သော် တိုက်စစ်ဆင်ရာတွင် ကြောက်စရာအကောင်းဆုံးလူမှာကား စုချန်းမဟုတ်။

ရှောင်အမွှာများပင် ဖြစ်သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှ၏။ ပူးပေါင်းတိုက်ခိုက်ချိန်တွင် သူတို့၏ တိုက်အားမှာ နှစ်ဆတိုးလာသည်ဖြစ်လေရာ တိုက်ကွက်တိုင်းစီသည် သာမာန်ထက် နှစ်ဆ ပြင်းထန်နေတော့သည်။ ထို့ပြင် သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုမှာ ပြောမပြတတ်အောင်ပင် မြန်ဆန်လှ၏။ လေထဲတွင် အရိပ်များ ပေါ်ပေါက်လာပြီး လက်သီးချက်များသည် သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ တဗုန်းဗုန်းနှင့် ကျရောက်နေတော့သည်။ သို့သော် သူတို့နှစ်ဦးတွင် အားနည်းချက်ကိုယ်စီတော့ ရှိနေကြ၏။ ၎င်းမှာ သူတို့တွင် ခံစစ်စွမ်းရည် နည်းပါးခြင်းဖြစ်သည်။ မည်သို့ဆိုစေ သူတို့ရှေ့တွင် ဝမ်တောက်ရှန်းနှင့် ဖန်းယီကုတို့က မားမားမတ်မတ် ခုခံပေးနေလေရာ သူတို့နှစ်ယောက်သည် သူရဲပူးကပ်နေသကဲ့သို့ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ကြလေသည်။

ရှီကျန့်ဖေး၊ ဖန်ယုချီနှင့် ရွှီတုံးတို့မှာကား အဓိကတိုက်ခိုက်နေသူများကို ဘေးမှနေ၍ ထောက်ပံ့ပေးနေကြ၏။

ရှီကျန့်ဖေးသည် လင်နန်းနယ်မြေမှ လာသူဖြစ်ပြီး နှလုံးစားအင်းဆက်သွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ အဓိကစွမ်းရည်မှာ နှလုံးစားကျိန်စာပင် ဖြစ်သည်။ ရန်သူသွေးထွက်လေလေ သူ့ကျိန်စာက ပို၍ အစွမ်းထက်လာပြီး ရန်သူကို ညှင်းပန်းနှိပ်စက်နိုင်လာလေလေပင်။ ထိုစွမ်းရည်သည် စုချန်း၏ ခွန်အားယုတ်လျော့ဆေးရည်နှင့် အာနိသင်ချင်း တူညီလေရာ သတ္တဝါကြီး၏ အင်အားသည် နောက်ထပ် ၂၀ရာခိုင်နှုန်းထိ လျော့ကျသွားပြန်၏။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုမှာ သိသာသော ဒဏ်ရာမျိုးကို မဖြစ်ပေါ်စေသော်လည်း တခြားလူများထက်ပင် ထိရောက်သေးသည်ဟု ဆိုနိုင်၏။

ရွှီတုံး၏ မူလစွမ်းရည်မှာကား သတ္တဝါကြီး၏ နတ်ဆိုးချီစွမ်းအင်ကို လျော့နည်းသွားစေ၏။ ဖန်ယုချီ၏ မူလစွမ်းရည်ကတော့ အဖွဲ့တိုင်း၏ အမြန်နှုန်းကို တိုးမြှင့်ပေးနေလေရာ လူတိုင်း၏ လှုပ်ရှားမှုသည် ပို၍ ပေါ့ပါးလျင်မြန်လာတော့သည်။ သူ၏ စွမ်းရည်ကြောင့် တချိန်က တိမ်တိုက်ကျားသစ်တို့အဖွဲ့သည် နတ်ဆိုးသတ္တဝါလက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကျန့်ဟန်ဖန်းနှင့် ကျန်လူများမှာကား လှည့်ကွက်နှင့် ထောင်ချောက် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် သတ္တဝါကြီးကို ဝိုင်းပတ်ပိတ်ဆို့ထားကြလေသည်။

သို့တိုင်အောင် နတ်ဆိုးသတ္တဝါကြီးကား အသက်ပြင်းလှ၏။ သူတို့အားလုံး ရေကုန်ရေခမ်း တိုက်ခိုက်နေကြသည့်တိုင်အောင် ယခုထက်ထိ မသေနိုင်သေးပေ။

၎င်း၏ အကြေးခွံများမှာ ထူထဲလှသည့်အပြင် ၎င်း၏ တကိုယ်လုံးကိုလည်း သိပ်သည်းသော ချီအားလှိုင်းများနှင့် ဖုံးလွှမ်းထားလေရာ သတ္တဝါကြီး ရရှိထားသော ဒဏ်ရာဟူသမျှသည် ချက်ချင်းလိုလိုပင် ပျောက်ကင်းသွား၏။ ပျောက်ကင်းနှုန်းကလည်း မြန်ဆန်လှပေရာ အမြီးတချက်ယမ်းစာသာ ကြာသည်ဟု ထင်မှတ်ရ၏။

နတ်ဆိုးသတ္တဝါများဟူသည် သားရဲသတ္တဝါဆိုးများထက် တဆင့်မြင့်သူများ ဖြစ်ကြ၏။ ၎င်းတိုသည် သားရဲသတ္တဝါများထက် အသိညဏ်မြင့်မားကြလေရာ အသက်ရှင်အောင် ရုန်းကန်နိုင်စွမ်းကလည်း အဆပေါင်းများစွာ ပို၍ မြင့်မားလာသည်ကတော့ အမှန်ပင်။ ထို့ပြင် ၎င်းတို့သည် ချီစွမ်းအင်ကို အသုံးပြုကာ သေစေနိုင်သော ဒဏ်ရာမှအပ ကျန်ဒဏ်ရာများကို ပျောက်ကင်းသွားစေရန် ပြန်လည်ကုသနိုင်ကြ၏။

စုချန်းသည် နတ်ဆိုးသတ္တဝါကြီး၏ နှာခေါင်းကိုသာ ချိန်ရွယ်ပြီး မီးလျံသိမ်းငှက်နှင့် ပစ်ခတ်နေသော်လည်း ဒဏ်ရာများသည် တမုဟုတ်ချင်း ပြန်လည်ပျောက်ကင်းကုန်ကြသည်ဖြစ်လေရာ ကြိုးစားအားထုတ်သမျှ အချည်းနှီးသာ ဖြစ်သွားကုန်ကြ၏။

၎င်းသည်ပင် နတ်ဆိုးသတ္တဝါများနှင့် သားရဲသတ္တဝါဆိုးများအကြား ကြီးမားသော ကွဲပြားခြားနားချက် ဖြစ်လေသည်။

အကယ်၍ မူလချီစွမ်းအားပညာရှင်များအနေနှင့် ထိုအဆင့်သို့ ရောက်ရှိလိုပါက ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်းကဲ့သို့သော နည်းစနစ်မျိုး မရှိလျင် အလင်းတုန်ခါခြင်းနယ်ပင်တွင် ရှိနေရန် လိုအပ်ပေသည်။

တနည်းအားဖြင့် ၎င်းသည် လူသားများနှင့် သားရဲမျိုးစိတ်များအကြား အကြီးမားဆုံးသော ကွာဟချက်လည်း ဖြစ်နေပြန်၏။ ထိုကွာဟချက်သည်ပင် သားရဲများ မူလကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့သော အကြောင်းတရား ဖြစ်နေလေသည်။ ကမ္ဘာဦးသတ္တဝါများနှင့် မူလသတ္တဝါများ ပျောက်ကွယ်သွားခဲ့ပြီ ဆိုသော်ငြား နတ်ဆိုးသတ္တဝါများ ဦးဆောင်သည့် သားရဲမျိုးစိတ်များသည် ယခုတိုင် ကမ္ဘာကြီး၏ ၆၀ရာခိုင်နှုန်းကျော်ကျော်ကို လွှမ်းမိုးထားနိုင်ဆဲပင်။

သို့သော် စုချန်းတို့ ရင်ဆိုင်ရသော နတ်ဆိုးသတ္တဝါကြီးမှာကား အကန့်အသတ်မရှိသော ချီစွမ်းအင်ထောက်ပံ့မှုကို ရရှိခဲ့ဟန်မတူပေ။ ပို၍ အရေးကြီးသည်မှာ ၎င်းသည် လေဟာနယ်အတွင်းဝယ်သာ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အတွေ့အကြုံနှင့် ညဏ်ရည်ညဏ်သွေးမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားများ၏ ပြင်းထန်သော စုပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် အကြီးအကျယ် ဒေါသထွက်လာပြီး ခရမ်းနက်ရောင် ချီအလင်းတန်းများကို အရပ်ရှစ်မျက်နှာသို့ ထုတ်လွှတ်တိုက်ခိုက်တော့၏။ ၎င်းသည် တိုက်ပွဲအတွေ့အကြုံ မရှိလေရာ တိုက်ပွဲ၏ ပရိယာယ်ကို နားမလည်ချေ။ ထိုအခါ ၎င်းသည် ကျောင်းသားများအလယ်တွင် သနားဖွယ်ရာ ကောင်းနေတော့သည်။

မည်သို့ဆိုစေ သတ္တဝါကြီးသည် တတ်နိုင်သမျှ ကြိုးစားတိုက်ခိုက်နေ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ ချီစွမ်းအင်မှာပါးလျားလာသလို တကိုယ်လုံးအနှံ့တွင်လည်း ဒဏ်ရာများ ပေါ်ပေါက်လာပြီး အားနည်းစပြုလာ၏။

သတ္တဝါကြီးကား ကြောက်ရွံ့လာပြီ ဖြစ်သည်။

သိပ်မကြာမီပင် သတ္တဝါကြီးသည် နောက်ဘက်သို့ ချာခနဲလှည့်ကာ ထွက်ပြေးတော့၏။

"ထွက်မပြေးစေနဲ့"

ဟေးယွန်တုံး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ထိုအခါ ဝမ်တောက်ရှန်းသည် ရှေ့သို့လျင်မြန်စွာ ခုန်ထွက်ပြီး နတ်ဆိုးသတ္တဝါကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပြင်းထန်သော လက်ဝါးရိုက်ချက်ကြောင့် သတ္တဝါကြီး၏ လက်တချောင်း သွင်သွင်ကျိူးသွားလေသည်။ တချိန်တည်းမှာပင် ဖန်းယီကု၏ လက်ဝါးကလည်း သတ္တဝါကြီး၏ ကျောပြင်ကို ကျရောက်လာလေရာ ၎င်း၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

နောက်ဆုံးတော့ သူတို့သည် နတ်ဆိုးသတ္တဝါကြီးကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာပင် တောအုပ်အတွင်းမှ နောက်ထပ် ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါတကောင် ထွက်ပေါ်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။

သွားပြီ။ တပင်တပန်း တိုက်ခိုက်ခဲ့ပြီးခါမှ ဘယ်က နောက်တကောင်က ပေါ်လာသနည်း။

ထိုအချိန်မှာပင် ဝုရှောင်က အော်ဟစ်လိုက်၏။

"ဒီကောင်ကြီး အရွယ်မရောက်သေးဘူးဗျ"

ထိုအခါကျမှ နောက်ထပ် ပေါ်ပေါက်လာသော သတ္တဝါသည် အရွယ်သေးနေကြောင်း သူတို့ သတိထားမိလိုက်ကြ၏။ အရွယ်မရောက်သေးပါက အင်အားလည်း နည်းနေမည်ကတော့ ဧကန်ပင်။

သို့သော် ထိုသတင်းက သူတို့အား စိတ်သက်သာရအောင် ပြုလုပ်နိုင်စွမ်း မရှိပေ။

ထိုစဉ် ဝမ်တောက်ရှန်းက ကြောက်လန့်သော အမူအရာနှင့် ပြောလိုက်၏။

"အကြီးတကောင် အသေးတကောင် ကျုပ်မှတ်တာ မမှားဘူးဆိုရင် အသေးတကောင်ဖြစ်လာဖို့ အထီးတကောင် အမတကောင် လိုတယ်မလား ဒါဆိုရင် တောထဲမှာ နောက်ထပ် အရွယ်ရောက်ပြီးသား နတ်ဆိုးသတ္တဝါကြီးတကောင် ထပ်ရှိနေတဲ့ သဘောပေါ့"

ထိုအခိုက်မှာပင် နတ်ဆိုးသတ္တဝါအငယ်တကောင် ရှိနေရခြင်း၏ အကြောင်းတရားကို သူတို့ ကွက်ကွက်ကွင်းကွင်း နားလည်သွားကြ၏။

ထိုကိစ္စကို သူတို့ အဘယ်ကြောင့် မစဉ်းစားမိရသနည်း။

ထိုစဉ် ယိယွန့်ဟုန်က မျှော်လင့်ချက် ရှိလိုရှိငြားနှင့် ပြောလိုက်၏။

"တကယ်လို့ ဒီလို အမျိုးအစား နတ်ဆိုးသတ္တဝါဟာ မျိုးပွားဖို့ အထီးအမရယ်လို့ မလိုဘူးဆိုရင်ကော"

ဝုရှောင်က မနည်းအားတင်းထားရသော လေသံနှင့် ပြောလိုက်၏။

"ကျုပ်ရဲ့ အမြင်အရတော့ အဲဒီလို မဟုတ်ဘူးဗျ"

သေစမ်း...

လူတိုင်းလိုလိုသည် ကျိန်စာတိုက်ခံလိုက်ရသကဲ့သို့ ရှိလေသည်။

ထိုအခိုက်မှာပင် စုချန်း၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"မင်းတို့အနေနဲ့ လေးညှို့ကို လွှတ်လိုက်ပြီးမှတော့ မြားကို တားဆီးလို့မရတော့ဘူး ခုတော့ အရာအားလုံးဟာ လွန်ကုန်ပြီ ကျုပ်တို့ အဆုံးထိ တိုက်ခိုက်ရတော့မှာပဲ ဒီတော့ ဟိုအကောင်သေးကို စိတ်ပူနေဖို့ မလိုဘူး လောလောဆယ် ကျုပ်တို့ရှေ့မှာ ရှိနေတဲ့ကောင်ကို အမြန်ဆုံး ရှင်းပစ်မှရမယ်"

"ဟို နတ်ဆိုးသတ္တဝါကောင်ပေါက်လေးက ဒီကို ရောက်လာတော့မယ် အဲဒါ ဘယ်လိုလုပ်ကြမတုန်း"

ဖန်းယီကုက ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါငယ်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။

ထိုအချိန်မှာပင် အနှီ သတ္တဝါသည် တစုံတရာ မှားယွင်းနေမှန်း သတိထားမိသွားဟန်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး စုချန်းတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

နတ်ဆိုးသတ္တဝါသားပေါက်လေးသည် အကောင်ငယ်သော်လည်း နတ်ဆိုးသတ္တဝါ ဖြစ်နေဆဲပင်။ ပို၍ အရေးကြီးသည်က စုချန်းတို့ ပြင်ဆင်ထားသည့် အုပ်စုဖွဲ့ တိုက်ခိုက်ပုံ ပျက်စီးသွားပါက တိုက်ပွဲသည် ပို၍ ခက်ခဲလာဖွယ်ရာ ရှိနေ၏။

တဖန် တိုက်ပွဲကို အမြန်ဆုံး အဆုံးမသတ်နိုင်ပဲ အချိန်ကြာသွားပါက တောအုပ်အတွင်းမှ ပို၍ အရွယ်အစားကြီးမားသော အကောင် ရောက်လာဖွယ်ရာ ရှိသည်။ ထိုသို့သာ ဆိုပါက သူတို့တဖွဲ့လုံး အကြီးအကျယ် ဒုက္ခရောက်ပေတော့မည်။ ထို့ကြောင့် ဟေးယွန်တုံးတို့အနေနှင့် ထွက်ပြေးချင်သော်လည်း ထွက်ပြေးရန် မဖြစ်နိုင်တော့။

ထိုအချိန်တွင် စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အကောင်သေးကို ကျုပ် တာဝန်ထား မင်းတို့အားလုံး ဒီတကောင်ကို အမြန်ဆုံး လက်စတုံးကြပေတော့"

ပြောပြောဆိုဆို သူသည် နတ်ဆိုးသတ္တဝါ အကောင်ပေါက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

All Chapters