အရှိန်အဝါ
Vol. 64 Ch. 1029
ကြယ်စင်စုက ကျက်သရေ မျှော်စင်၏ နေရာလွတ်နှင့် ချိတ်ဆက် သွားသလိုမျိုး ပျံ့နှံ့သွားခဲ့လေသည်။ ထိုအရာက အဆုံးမရှိဟု ထင်ရပြီး စူပါစနစ်ထဲမှ [ကြယ်စင်စုပိုင်နက်] သည်လည်း ချဲ့ထွင်လာခဲ့၏။
မူလက [ကြယ်စင်စုပိုင်နက်] တစ်ခုလုံး ဖြစ်ပြီး အခုတွင် ထိုအထဲ မရေတွက်နိုင်သော ‘အစုအဝေး သေးသေးလေးများ’ ရှိလာခဲ့သည်။
နေအဖွဲ့အစည်းပင်။
မူလ [ကြယ်စင်စုပိုင်နက်]က နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်ခဲ့လျှင် လက်ရှိ [ကြယ်စင်စုပိုင်နက်]က တကယ့် ‘ပိုင်နက်’တစ်ခုပင်။
ကြီးမားတဲ့ နဂါးငွေ့တန်းထဲတွင် နေအများအပြား ရှိနေသလိုမျိုးပင် ထို [ကြယ်စင်စုပိုင်နက်]ကလည်း နေများကို ဖန်တီးခဲ့သည်။ နေတိုင်းက နေအဖွဲ့အစည်းတစ်ခု ဖြစ်စေမည် မဟုတ်သော်လည်း နေက နေအဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး ဗဟိုချက်ပင် ဖြစ်လေသည်။။
မရေတွက်နိုင်သော နေအဖွဲ့အစည်းများ စတင်ပေါ်လာခဲ့ပြီး သက်ရှိတွေကိုလည်း ၎င်းတို့နှင့်အတူ ဖြစ်လာခဲ့သည်။ အများအပြားက အခြေခံအကျဆုံး သက်ရှိများ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲမှုက တစ်ဆင့်ပြီးတစ်ဆင့် ပြီးပြည့်စုံလာမည် ဖြစ်သည်။
ဖန်တီးခြင်းသာမက ပျက်စီးခြင်းလည်း ဖြစ်သည်။
ရှင်သန်မှုရှိရင် သေဆုံးမှုလည်း ရှိလိမ့်မည်။ လိုက်လျောညီထွေ အရှိဆုံးသူသာ ရှင်ကျန်နိုင်မည် ဟူသည်က စကြဝဠာ ဥပဒေသ တစ်ခုပင်။
သေဆုံးသွားသော နေအချို့က ပေါက်ကွဲပြီး လှပသော နက်ဗြူလာ များကို ဖြစ်စေခဲ့ပြီး အချို့က ပြင်းထန်သော နေစီးကြောင်းထဲ၌ အဖြူရောင် ကြယ်သေ သို့မဟုတ် တွင်းနက်များကို ဖြစ်စေခဲ့သည်။
ထိုအရာများက နှစ်ပေါင်း ထောင်ချီ၊ သန်းချီ သို့မဟုတ် ပို၍ ကြာမြင့်နိုင်သော ဖန်တီးခြင်းနှင့် ပျက်စီးခြင်း လုပ်ငန်းစဉ်များ တခဏ အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။
ထာဝရဆိုသည်မှာ တခဏမျှသာ။
ပျက်စီးခြင်းနှင့် ဖန်တီးခြင်းက ဖြည်းဖြည်းချင်း နူးညံ့သိမ်မွေ့သော ဟန်ချက် တစ်ခုကို ပုံဖော်ခဲ့သည်။ အမြဲပင် ချဲ့ထွင်နေသော ဧရာမ ကြယ်စင်စုပိုင်နက် တည်ငြိမ်သွား သည့်အတွက် ဖန်တီးခြင်းနှင့် သေဆုံးခြင်း အမြန်နှုန်းက စတင်၍ နှေးကွေးလာခဲ့သည်။
ထိုကြယ်စင်စုပိုင်နက် အပြောင်းအလဲက စူပါစနစ်ထဲတွင် ဖြစ်တည်နေသည်သာမက ချန်လွေ့၏ဘေးနားရှိ နက်ဗြူလာထဲတွင်လည်း ဖြစ်တည်နေခဲ့သည်။ ဆင့်ကဲ ပြောင်းလဲမှုအတွင်း ချန်လွေ့၏ မျက်လုံးထဲတွင် သစ်ပင်တစ်ပင်၏ ပုံစံက ဝိုးတိုးဝါးတား ပေါ်လာသည်။ ထို့နောက် မကြာခင်မှာပင် သစ်ပင်က ပြန့်ကျဲသွားခဲ့ပြီး မရေတွက်နိုင်သော တောက်ပနေသည့် ကြယ်များအဖြစ် ပြောင်းလဲသွားကာ နက်ဗြူလာ တစ်ခုလုံးနှင့် တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားခဲ့သည်။
နက်ဗြူလာထဲရှိ သစ်ပင်က ပို၍ ကြီးသထက် ကြီးလာခဲ့လေသည်။ အနီးကပ် ကြည့်လိုက်ပါက ၎င်းကို ကြယ်မှုန်များနှင့် ဖွဲ့စည်းထားကြောင်း မြင်နိုင်ပေသည်။
ကြယ်မှုန်မဟုတ်သည့် တစ်ခုတည်းသော အရာမှာ သစ်ပင်ထဲ ‘မြှုပ်သွင်း’ ထားသည့် အမျိုးသမီး ကိုယ်ခန္ဓာ တစ်ခုပင်။ သူ၏ ကိုယ်ခန္ဓာက ချိန်းကြိုးကဲ့သို့ အရာတစ်ခုနဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင် ခံထားရသည်။ သူ၏ ကိုယ်ခန္ဓာ တစ်စိတ်တစ်ပိုင်းက ‘ပင်စည်’ထဲ နစ်မြုပ်သွားခဲ့လေပြီ။ နောက်ထပ် အစိတ်အပိုင်းများလည်း ‘ပင်စည်’နှင့် ပေါင်းစည်းခံ နေရ၏။ ထိုသူက ဖိုက်သွန်ပင်။
အတိအကျ ပြောရလျှင် ထိုအရာက သူ၏ဝိညာဉ် အမြုတေ ဖြစ်သည်။
ထိုအချိန် ဖိုက်သွန်၏ စိတ်အခြေအနေကို ကြောက်ရွံ့ ထိတ်လန့်နေကြောင်း ဖော်ပြနိုင်ပေသည်။ သူက ထိုအကြံ အစပျိုး နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။။ ယနေ့တွင် သူက ၎င်းကို အသက်သွင်းခဲ့သည်။ ချန်လွေ့ကို သတ်ရန်သာမက ပိုပြီး အရေးကြီး သည်မှာ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်ကို သိမ်းယူရန် အတွက်ပင်။
သူ အကြောက်ဆုံးက ချန်လွေ့၏ ‘နတ်ဘုရားတိုင်းပြည်’နှင့် ဆင်တူသော အထူး စွမ်းရည်ကို ဖြစ်သည်။ ထိုစွမ်းရည်ကြောင့် သူက အရင်တစ်ခါ ကြီးမားသော ဆုံးရှုံးမှု ခံစားခဲ့ရသည်။ ထို့ကြောင့် ဖိုက်သွန်က ဝိညာဉ် အမြုတေနှင့် ချန်လွေ့ကို အထူး နည်းလမ်း တစ်ခုဖြင့် ပေါင်းစည်းရန် မိမိ၏ ကိုယ်ပိုင် စွမ်းအား တစ်စိတ်တစ်ပိုင်း အရင်ဦးစွာ စတေးခဲ့သည်။ ထို့နောက် သူက ဝိညာဉ် အမှတ်အသားကို အသုံးချပြီး ကျက်သရေမျှော်စင်၏ စွမ်းအားကို ထိန်းချုပ်ကာ အသက် သွင်းခဲ့ပြီး (သူ ထင်တာ ဒီလိုပေါ့) နေရာလွတ် တစ်ခုလုံးကို ပိုင်းခြား ခဲ့လေသည်။
ထိုသို့ဆိုလျှင် ‘နတ်ဘုရားတိုင်းပြည်’က စွမ်းအားကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ချန်လွေ့၏ အဆုံးသတ် အကွက်ဖြစ်သော ‘နေရာလွတ်တံခါး’နှင့် လေတံဆိပ်တို့ကလည်း အလုပ်လုပ်နိုင်မည် မဟုတ်ပေ။
ဖိုက်သွန်က ထိုပြင်ဆင်မှုများမှာ အလွန်လုံခြုံကြောင်း ယုံကြည်ခဲ့၏။ ထိုအခြေအနေတွင်ပင် သူ့လို နတ်ဘုရား-ယောင် ထိပ်သီးပိုင်းက နတ်ဘုရား-တစ်ပိုင်းအဆင့်ရှိသူလေး တစ်ယောက်ကို မသတ်နိုင်သေးဟု မထင်ထားခဲ့ပေ။
သူက နောက်ထပ် မှားယွင်းစွာ တွက်ချက်ခဲ့မိလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။
ထိုသို့ အခြေအနေမျိုးမှာပင် သူက မယုံနိုင်စရာ ကောင်းလောက်အောင် ပြောင်းပြန်လှန်ခံခဲ့ရလေသည်။
ထို’စကြဝဠာ’ထဲမှ ပြောင်းလဲမှုကို ကြည့်ရင်း ကြီးမားသော အချိန်ကာလ အငွေ့အသက်ကို ခံစားမိပြီးနောက် စိတ်ထဲမှ ထိတ်လန့်မှုကို စကားလုံး ဖြင့်ပင် ဖော်ပြ၍ မရနိုင်ခဲ့ပေ။
ဘာဖြစ်သွားမှန်း မသိခဲ့သော်လည်း ယခု အရေးကြီးဆုံး အရာက ပြိုင်ဘက်ကို မည်သို့ သတ်ပြီး ဖန်တီးခြင်း ဇစ်မြစ်ကို သိမ်းယူမည် မဟုတ်တော့ဘဲ မည်သို့ ထွက်ပြေး ရမလဲ ဆိုသည်ပင်။
ကံဆိုးသည်မှာ ဒီအရာကိုပင် မလုပ်နိုင်တော့ပေ။
ဖိုက်သွန်၏ ဝိညာဉ် ‘အမြုတေ’ကို သဘာဝ သစ်ပင်၏ ချိန်းကြိုးများဖြင့် ခိုင်မာစွာ ချုပ်နှောင်ထား၏။ သူက အသည်းအသန် ထုတ်လွှတ်ခဲ့သော ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း ဝိညာဉ် စွမ်းအားကို ကြယ်စင်စု ပိုင်နက် တစ်ခုလုံး၏ လျှို့ဝှက် ဆန်းကြယ် စွမ်းအားက စုပ်ယူပြီး သိမ်းထား၏။
နက်ဗြူလာတစ်ခုလုံး ပျံ့နှံ့သွားပြီး ဖိုက်သွန်၏ ဝိညာဉ် တစ်ခုလုံးကို ထိုထဲတွင် ရစ်ပတ်ထားလိုက်သည်။ စကြဝဠာ ဖန်ဆင်းခြင်းနှင့် ဆင်တူပြီး ထိုကျယ်ပြောကာ အံ့ဩဖွယ်ရာ ကောင်းသော စွမ်းအား လုပ်ဆောင်မှု အောက်တွင် မူလက ချန်လွေ့၏ ခန္ဓာကိုယ်ကို ဝါးမျိုရန် ကြိုးစားရင်း ဝိုင်းရံခဲ့သော ဝိညာဉ် အရှိန်အဝါ အများစုက ကွဲထွက် ပျက်စီးသွားကာ ဝါးမျိုခံလိုက်ရလေသည်။
ဖိုက်သွန်က လက်မခံနိုင်ဘဲ အော်ဟစ်လိုက်သည်။ သူက နည်းလမ်း အမျိုးမျိုး အဆက်မပြတ် အသက်သွင်းရန် ဝိညာဉ်ကိုပင် လောင်ကျွမ်းစေခဲ့သည်။ သို့သော် သူက သဘာဝသစ်ပင် ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူက ဝိညာဉ် တစ်စစီ ပြိုလဲသွားသည်ကို ကြည့်နေခဲ့ရလေသည်။
နောက်ဆုံး ကြယ်စင်စု ပိုင်နက် တစ်ခုလုံး ဖွဲ့စည်းသွားပြီး ကျက်သရေ မျှော်စင်၏ နက်ဗြူလာထဲ မရေတွက် နိုင်သော ကြယ်မှုန်များက လူပုံစံ အဖြစ် စုစည်းသွားခဲ့သည်။ သူ့ကို တောင်ပသော ကြယ်မှုန် အစက်များ ဝိုင်းရံထားလေ၏။
ချန်လွေ့၏ အငွေ့အသက်က လုံးဝ ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။ ပုံမှန် အသွင်အပြင် အပြောင်းအလဲများ မရှိသော်လည်း အငွေ့အသက်က ယခင်ကထက် ပို၍ နက်ရှိုင်းနေပြီး နက်နဲနေခဲ့သည်။
သဘာဝသစ်ပင်တွင် ဖိုက်သွန်၏ ကိုယ်ခန္ဓာ တစ်ခုလုံးက သဘာဝ သစ်ပင်ထဲကို ပေါင်းစည်းနေခဲ့ပြီး ခေါင်းတစ်လုံးသား ကျန်နေခဲ့သည်။ သူ၏ ပြင်ပ ဝိညာဉ် စွမ်းအားလည်း ပျက်သုဉ်း သွားလေပြီ။ နောက်ဆုံး ဝိညာဉ်အမြုတေ ပေါင်းစည်းခံရပါက သူ၏ ဝိညာဉ်တစ်ခုလုံး လုံးဝကို ပျက်သုဉ်းပြီး သဘာဝသစ်ပင်အတွက် အာဟာရများအဖြစ် ပြောင်းလဲသွား ပေလိမ့်မည်။ ထို့နောက် မိုက်ကယ်၊ စေတန်တို့နှင့် တန်းတူ ရှိခဲ့ဖူးသော နတ်ဘုရား-ယောင် ထိပ်သီးအဆင့် ဖိုက်သွန်က မရှိနိုင်တော့ပေ။
“မင်းက ဘယ်သူလဲ…” ဖိုက်သွန်၏ အသံက အားနည်းနေပြီ ဖြစ်သည်။ “ဘာလို့ နတ်သူငယ် မျိုးနွယ်ရဲ့ အသက်သစ်ပင်က မင်းမှာ ရှိနေတာလဲ။”
“ကျုပ် သိတာကတော့ ဒါကို ‘သဘာဝသစ်ပင်’လို့ ခေါ်တယ် ဆိုတာပဲ။” ချန်လွေ့က သဘာဝ သစ်ပင်ရှေ့တွင် လွင့်ပျံသွားခဲ့ပြီး ဖိုက်သွန်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ “တကယ်တော့ ခင်ဗျားကို တကယ် ချုပ်နှောင် ထားတာက သဘာဝ သစ်ပင် တစ်ခုတည်း မဟုတ်ဘူး။ ရာဖယ်ရယ် ဆိုတဲ့ ချစ်စရာကောင်းတဲ့ သခင်က ကျုပ်ကို ပေးထားခဲ့တဲ့ ‘မီးနဲ့လေ ချိပ်ပိတ်’လည်း ပါတယ်။ ကျုပ် အခု အဲဒါကို ကျက်သရေ မျှော်စင်လိုပဲ အပြည့်အဝ အသုံးပြုနိုင်ပြီ… ကျုပ်တို့ အခု ထုတ်ဖော်ခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ အပြင်ကနေ ဒီမှာ ဘာဖြစ် နေလဲဆိုတာကို သူတို့ သတိတောင် ထားမိမှာ မဟုတ်လို့လဲ။”
ထိုအရာက ဖိုက်သွန် ပြောခဲ့သော စကားများဖြစ်ပြီး ယခုတွင် ခနဲ့နေ သလိုမျိုး ဖြစ်နေခဲ့သည်။ “မင်းက နတ်သူငယ်လား။ နတ်ဆိုးလား။ လူသားလား။ ဒါမှမဟုတ် တခြား တစ်ခုခုလား။”
“ဒါတွေ အရေးမကြီးဘူး။ ခင်ဗျား သေလုနီးပါး ဖြစ်နေပြီ။ တကယ်လို့ အညံ့ခံဖို့ ရွေးချယ်မယ် ဆိုရင် အသက်ရှင်ခွင့် ပေးလို့ရတယ်”
“ဟားဟားဟား…” ဖိုက်သွန်က မောက်မာလျက် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “နိမ့်ကျပြီးတော့ လေလုံးထွားတဲ့ကောင်။ မင်းက ပြင်ပ အရာတွေကိုပဲ အားကိုးနေတာ။ မိုက်ကယ်မှာတောင် ဒီလိုမျိုး အရည်အချင်း မရှိဘူး။ မင်းဆိုရင် ပြောမနေနဲ့တော့။”
“စဉ်းစားဖို့ အတွက် ၁၀မိနစ် အချိန် ပေးမယ်။”
“မင်းက ဒီ၁၀မိနစ်ကို အခုမှ ရထားတဲ့ စွမ်းအားအသစ်နဲ့ ရင်းနှီးဖို့ အသုံးချချင်တယ်ပေါ့။” ဖိုက်သွန်က အေးစက်စက်နှင့် ပြောလိုက်သည်။ “အပြောင်းအလဲ ကြီးကြီးမားမားကို ကြည့်ပြီးတော့ ငါက မင်း အတော်လေး အစွမ်းထက်သွားပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ မင်းက အဆင့်သေးတစ်ခုပဲ တက်ခဲ့တယ်။ နတ်ဘုရားတစ်ပိုင်း တစ်ယောက်က ငါ့ကို အညံ့ခံခိုင်းတာလား။ အိပ်မက် မက်မနေနဲ့။”
ဖိုက်သွန်၏ အသိစိတ်ထဲတွင် ချန်လွေ့က မိုက်ကယ်နှင့် တိုက်ပွဲ၌ နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်၏။ ယခုတွင် သူက နတ်ဘုရားတစ်ပိုင်း ထိပ်သီးအဆင့်သို့ အဆင့်တက်ရုံသာ ဖြစ်သည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ နတ်ဘုရားတစ်ပိုင်း အဆင့်သာ ဖြစ်လေသည်။
ဖိုက်သွန်၏ စကားလုံးများက ချန်လွေ့ကို ရယ်မော စေခဲ့သည်။ မှန်ပေသည်။ သူ၏ လက်ရှိ စွမ်းအား အဆင့်က နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်း ဖြစ်၏။ မည်သို့သော အစွမ်းများမှ အသုံးမပြုထားသော နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီး အခြေအနေပင်။
ဖိုက်သွန်၏အသံ ထွက်ပေါ်လာပြီး လေသံထဲတွင် နက်နဲသော စွမ်းအား တစ်ခု ရှိနေသည်။
“လောကမှာရှိတဲ့ အရာအားလုံးမှာ ရရှိတာနဲ့ ဆုံးရှုံးတာတွေ ရှိတယ်။ ပိုင်ဆိုင်မှုက ဘယ်လောက်ပဲ နက်ရှိုင်း ပါစေ၊ အဲဒါတွေ ဆုံးရှုံးရမယ့် အချိန် တစ်ခုတော့ ရှိတယ်။”
“တကယ့် ရက်စက်မှုက လူသား သဘာဝပဲ။”
“တကယ့် အဆိပ်က လူသား နှလုံးသားပဲ။”
“…”
အသေအချာပင် ဖိုက်သွန်က လက်နက်ချရန် ဆန္ဒမရှိခဲ့ပေ။ သူက အသည်းအသန်ကို ကြိုးစားနေရင်း ကျန်ရှိနေသော ဝိညာဉ်စွမ်းအားကို လောင်ကျွမ်းစေလိုက်၏။
နောက်ဆုံးသော ဝိညာဉ်စွမ်းအား အနည်းငယ်သာ ရှိနေသည့်တိုင် သူက နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း တစ်ယောက် ဖြစ်သည်။ ချန်လွေ့ကို ဝန်းရံနေသော ကြယ်မှုန်များက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ တစ်ခါတစ်ရံ ပျက်စီးသွားပြီး တစ်ခါတစ်ရံ ယိုယွင်း နွမ်းခြောက်သွား၏။
ချန်လွေ့က ၎င်းကို ရှောင်တိမ်းခြင်း မရှိခဲ့ပေ။ သူက မျက်လုံးကို မှိတ်ပြီး ဖိုက်သွန် လုပ်သမျှကို လုပ်ခွင့် ပေးလိုက်သည်။ သူက အလွန်ပင် ကြီးမားသော ကြယ်စင်စု ပိုင်နက် တစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ စွမ်းအား တစ်စိတ်တစ်ပိုင်းက တိုက်စားပြီး ပျက်စီးခဲ့ရသော်လည်း ခဏအကြာ၌ ပြန်ပြည့်လာလေသည်။ ထိုအရာက မရပ်မနား ဖြစ်နေပြီး ကုန်ခမ်းနိုင်မည် မဟုတ်ပေ။
သဘာဝသစ်ပင် အကာအကွယ် ရှိနေသေးသည် ဖြစ်ရာ ဖိုက်သွန်၏ လက်ရှိ စွမ်းအားဖြင့် သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။
“ဒီတော့… ဒါက အရှိန်အဝါပေါ့။” ချန်လွေ့က မျက်လုံးကို ဖြည်းဖြည်း ဖွင့်လိုက်ပြီး မျက်လုံးသူငယ်အိမ်က ခရမ်းရောင်အဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ခရမ်းရောင်အလင်းက ခန္ဓာကိုယ် တစ်ခုလုံးမှ ချက်ချင်းပင် ထွက်လာ ခဲ့လေသည်။
ခရမ်းရောင်အလင်းက အလွန်အမင်း ထွန်းလင်းနေခဲ့ပြီး မျက်စိတစ်မှတ်အတွင်းမှာပင် ဖိုက်သွန်အသက်သွင်းခဲ့သော အရှိန်အဝါကို ဖုံးလွှမ်းသွားခဲ့၏။
ထိုကဲ့သို့ စွမ်းအားမျိုးက ဖိုက်သွန်၏ ဝိညာဉ်ကို အလိုလို တုန်ခါသွားစေသည်။ “မဟုတ်ဘူး။ မဖြစ်နိုင်ဘူး!” ဖိုက်သွန်၏ အသံက မယုံနိုင်သော ထိတ်လန့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူ၏ ဝိညာဉ်ကို ထိုသို့ ဖိနှိပ်နိုင်သည်မှာ သေချာပေါက် နတ်ဘုရား တစ်ပိုင်း မဟုတ်ပေ။
“နတ်ဘုရား-ယောင်!” ဖိုက်သွန်က တုန်လှုပ်နေခဲ့တယ်။ ထိုစွမ်းအားက အခုမှ နတ်ဘုရား-ယောင်အဆင့်သို့ ရောက်လာသော သူတစ်ယောက်က ရယူနိုင်တဲ့အရာ မဟုတ်ဘူးကြောင်း သေသေချာချာ ခံစားမိသည့်အတွက် သူက အံ့သြမှင်သက် နေသည်ထက် ပိုနေခဲ့လေသည်။
‘အရှိန်အဝါ’က တိုင်းပြည် ယုံကြည်မှုနဲ့ အသက် စွမ်းအား၏ ပေါင်းစပ်မှု ဖြစ်ပေသည်။ ၎င်းတွင် ‘စကားလုံး’နှင့် ‘အတွေး’၏ အစွမ်းထက် အကျိုးသက်ရောက်မှု ရှိလေသည်။ ၎င်းကို ‘တရားဥပဒေ စိုးမိုးရေး’ဟူ၍ နားလည်နိုင်၏။ တောက်ပသော ခရမ်းရောင် အလင်း ထဲတွင် အတောင်ပံ(၆)စုံ ရှိနေသော ဝိုးတိုးဝါးတားပုံရိပ်က ပေါ်လာခဲ့ပြီး ပုံမှန်အတိုင်းပင် ပြောလိုက်သည်။ “ဒါဆို… [လေလိုလျင်မြန်]!”
ထိုပုံရိပ်က ချက်ချင်း ဆိုသလို မရေတွက်နိုင်သော အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ ပိုက်ကွန် အဖြစ် ရစ်ပတ်သွားခဲ့၏။
ဖိုက်သွန်က မိမိ၏ ဝိညာဉ်အာရုံခံ ခဏတာ ဝေဝါးသွားသလို ခံစားရပြီး ထိုအရာက အထူးအဆင့် အမြန်နှုန်း လှုပ်ရှားမှုပဲ ဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက ထိုလှုပ်ရှားမှု၏ လမ်းကြောင်းကို အမှန်တကယ် မဆုံးဖြတ်နိုင်ခဲ့ပေ။
သူ၏ ဝိညာဉ်က ယခုတွင် အလွန် အားနည်းနေပြီး အပြည့်အဝ အာရုံ မခံနိုင်သော်လည်း ထိုသို့ဆိုသည့်တိုင် ဖိုက်သွန်ကို အံ့ဩစေရန် လုံလောက် ခဲ့လေသည်။
‘အမြန်နှုန်း’ အရှိန်အဝါ!
အမြန်နှုန်းအရဆိုရင် အလင်းက နတ်ဘုရား-ယောင်အဆင့် အမြင့်ဆုံး အနီးအနား သို့မဟုတ် ထိုအထိပင် ရောက်နေနိုင်လေသည်။
မရေတွက်နိုင်သော ခရမ်းရောင် အလင်းတန်းများက တလက်လက် ပုံရိပ်အဖြစ် ပြန်စုစည်းသွားခဲ့သည်။ အထူးအဆင့် အမြန်နှုန်း လှုပ်ရှားမှု မရှိ၍ ဖြစ်ပေသည်။ ဖိုက်သွန်က နှေးနေသလို ခံစားရပြီး အရာအားလုံး နှေးကွေးသွားခဲ့သလိုပင်။
သူက ချက်ချင်း သဘောပေါက် လိုက်သည်။ မဟုတ်ဘူး! ဒါက တကယ် ‘နှေးကွေးခြင်း’ပဲ!
ထိုအချိန် အထူး အရှိန်အဝါ ရှိသော အသံက သူ၏နားထဲတွင် ထွက်ပေါ် လာခဲ့သည်။ စွမ်းအား တစ်မျိုးမျိုး၏ လွှမ်းမိုးမှုအောက် စကားလုံးများက လေးလံပြီး နှေးကွေးနေသလိုပင်။
“[တောလိုနှေးကွေး]”
ဖိုက်သွန်၏ နှလုံးသားက တုန်လှုပ် သွားခဲ့သည်။ ဒါက ‘နှေးကွေးခြင်း’ပဲ … မဟုတ်ဘူး! ဒါက ‘အချိန်’ပဲ!
အချိန်ဥပဒေသ ပါတဲ့ အရှိန်အဝါ!
သူ၏ အမြင်တွင် အစွမ်းထက်ဆုံး [အချိန်ထိန်းချုပ်] နိုင်သော ပုဂ္ဂိုလ်က နတ်ဆိုးဘုံမှ သူ၏ ပြိုင်ဘက်ဟောင်း စေတန်ပင်။ ထိုပုံရိပ်က အသက်သွင်း လိုက်သော အချိန် စွမ်းအားကလည်း စေတန်အောက် မရှိနေသလိုပင်။
ယခုမှနားလည်သော အရှိန်အဝါကို စမ်းသပ် ကြည့်နေ၍ ဖြစ်ပေမည်။ အချိန် ပြောင်းလဲမှုက ခဏသာ ကြာပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သို့သော် ဖိုက်သွန်က ရုတ်တရက် သတိထားနေသည်။ အကြောင်းမှာ သူ၏ အမြင်တွင် ထိုပုံရိပ်က ခဏလေးအတွင်း သူကို အလွန် အန္တရာယ်ရှိသည်ဟု ခံစားရစေသည့် စွမ်းအားတစ်ခုကို စုစည်းလိုက်၍ပင်။ ထိုတိုက်ခိုက်မှုတွင် ထိတ်လန့်စရာ ပျက်စီးခြင်းစွမ်းအားများ ပါဝင်ရပေမည်။
ဖိုက်သွန်က ထိုကဲ့သို့ ဥပဒေမျိုးကို အလွန်ရင်းနှီးနေသည်။ ပျက်စီးခြင်း ဇစ်မြစ်ပင်!
သို့သော် ချန်လွေ့က ‘ပျက်စီးခြင်း’ ဇစ်မြစ်ကို အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်မှု စွမ်းအားကို မြှင့်တင်ရန် အမှန်တကယ် အသုံးပြုနိုင်မည်ဟု သူ တစ်ခါမှ မတွေ့ခဲ့ဖူပေ။ ထိုအရာက သူ ကိုယ်တိုင် မလုပ်နိုင်ခဲ့သော အဆင့် တစ်ခုပင်။
ပိုပြီး တိတိကျကျ ပြောရရင် ဒါက အထူး မြှင့်တင်တဲ့ နည်းလမ်းပဲ။ ငါ အဲဒါကို အရင်က တစ်နေရာမှာ ခံစားမိခဲ့သလိုပဲ။ ဟုတ်တယ်။ ဒါက ‘စကြာဝဠာပျက်သုဉ်း’ ဖွဲ့စည်းပုံကနေ ရယူထားတဲ့ နားလည်မှု ဖြစ်ရမယ်။ ဒါက စွမ်းအားကို စိတ်မကူးနိုင်အောင် အဆတိုးပြီး မြှင့်တင်နိုင်တယ်။ ဒါက တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။
သေရေးရှင်ရေး အခြေအနေ ဖြစ်နေကြောင်း ဖိုက်သွန် သိသည်။ ထိုတိုက်ခိုက်မှုက တကယ်ဆိုလျှင် သူက သေချာပေါက် လုံးဝ ပျက်သုဉ်း သွားပေလိမ့်မည်။ ချန်လွေ့ တိုက်ခိုက်လာမည်ကို မစောင့်နေတော့ဘဲ သူက နောက်ဆုံး စွမ်းအားကို ချက်ချင်း အသုံးပြုပြီး အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
“အားလုံး ဆုံးရှုံး! ပိတ်ပင်ခြင်း!”
ပိတ်ပင်ခြင်းစွမ်းအား ချန်လွေ့ကို ချဉ်းကပ်တော့မည့် အချိန် ချန်လွေ့က [မီးလိုကျူးကျော်] ကို ချက်ချင်း ဆက်လုပ်ခဲ့သည်။
“[တောင်လိုမတုန်မလှုပ်]!”
ထိုအသံထွက်လာသည်နှင့် ပတ်ဝန်းကျင်မှ နေရာလွတ်က အေးခဲ သွားသလိုပင်။ မိုက်ကယ်၏ စွမ်းရည်များကို ပိတ်ပင်နိုင်သော အရှိန်အဝါက ထိုနေရာလွတ်၏ အတားအဆီးတွေကို မထိုးဖောက်နိုင်ခဲ့ပေ။
“နေရာလွတ်အတားအဆီး! ဒါက ကျက်သရေ မျှော်စင်နဲ့ ပေါင်းစပ် ထားတဲ့ နေရာလွတ် စွမ်းအားပဲ!” ဖိုက်သွန်က အော်ဟစ်လိုက်သည်။ သူ၏ အသံက မျှော်လင့်ချက်ကင်းမဲ့ နေခဲ့လေ၏။
အရှိန်၊ အချိန်၊ ပျက်စီးခြင်း၊ နေရာလွတ်။
ဒီအရှိန်အဝါ လေးခုထဲက တစ်ခုခု ဆိုရင်တောင် အဆင့်တူတဲ့သူတွေကို အထင်သေးဖို့ လုံလောက်နေပြီ။ ဒီရန်သူက အဲဒါတွေ အားလုံးကို တကယ် ပိုင်ဆိုင်ထားပြီးတော့ ဒါက အပြည့်အဝ မကျွမ်းကျင်သေးဘဲနဲ့ အခုမှ အဆင့်တက်ရုံပဲ ရှိသေးတာ။
ဖိုက်သွန်က သေချာပေါက် လွယ်လွယ်နှင့် လက်လျှော့တတ်သူဟုတ်ပေ။ ၎င်းကို ခန္ဓာကိုယ်အား စွန့်လွှတ်ပြီး ငွေသေတ္တာကို ရယူခဲ့စဉ် သက်သေ ပြခဲ့ပြီးသား ဖြစ်သည်။ သို့သော် ယခုတွင် မျှော်လင့်ချက် မရှိတော့။ ကံကုန်သွားပြီ ဖြစ်၍ပင်။