ဘွဲ့ခံယူခြင်း မတိုင်မီ
Vol. 64 Ch. 1027
သိဒ္ဓိကောင်းချီးတောင်ထွတ်တွင် ချန်လွေ့၏ ‘စမ်းသပ်မှု’ အတော်လေး အောင်မြင်ခဲ့ပြီး ရာဖယ်ရယ်ကလည်း အတော်လေး ကျေနပ်နေပုံ ရသည်။ ချန်လွေ့ ပုံမှန် တောင်းဆိုခဲ့သော ပစ္စည်းများ ဆယ်ဆအထိ ရုတ်တရက် တိုးလာခဲ့၏။
၎င်းက မယုံနိုင်စရာကောင်းသော အရင်းအမြစ်များ ဖြစ်နေသော်လည်း တစ်ဖနီကြောင့် ချန်လွေ့၏စိတ်ထဲ၌ မငြိမ်မသက် ဖြစ်နေခဲ့သည်။
သူက တစ်ဖနီနှင့် သိပ်ပြီးလည်း အဆက်အဆံ မရှိခဲ့ပေ။ ‘မှားလျှင် စုလာပြီး မှန်လျှင် ပျောက်သွားမည်’ ဟူသော တက်ထရစ်ဂိမ်းမှ စတင် ခဲ့ခြင်းသာ ဖြစ်သည်။ ထို့နောက် သူက ဆက်ခ်ရက်တောင်၌ နောက်ထပ် သူတစ်ယောက်နှင့် တွေ့ခဲ့သည်။ နောက်ဆုံးအခေါက် ငွေသေတ္တာကို ရှာဖို့ လျှို့ဝှက်နယ်မြေကို မသွားခင် အထိ သူ၏ ‘စေ့စပ်ထားသူ’ ဟူ၍ သတ်မှတ်နိုင်သော ထိုအမျိုးသမီးနှင့် အမှန်ပင် အပြန်အလှန် ဆက်ဆံမှု မရှိခဲ့ပေ။ ထိုကဲ့သို့ ဇွဲလုံ့လတွေက သူ့အပေါ် နက်ရှိုင်းသော အမြင် ဖြစ်စေခဲ့သည်။
ကံဆိုးချင်တော့ အခု သူရဲ့ အကြီးမားဆုံး စွဲလမ်းမှုက ရက်ရက် စက်စက် ကွဲကြေသွားခဲ့ပြီ။ ဒါက သေတာထက် ပိုဆိုးတဲ့ ငရဲပဲ။
တစ်ဖနီကို ကယ်ရမယ်။ မြန်လေ ကောင်းလေပဲ။
ငါ ‘အာသာ’အနေနဲ့ ဆက်ပြီးတော့ ဟန်ဆောင်နေရင်တော့ ဘွဲ့ခံယူခြင်း အခမ်းအနား ရောက်တာနဲ့ ပြောင်းလဲခြင်း အခမ်းအနားက တစ်ဖနီကို စတေးလိမ့်မယ်။ ဒါကို လုံးဝ လုပ်လို့မရဘူး။ အဲဒါကြောင့် ရာဖယ်ရယ်ကိုပဲ ဆန့်ကျင့်လို့ ရနိုင်မယ်။ ဒါပေမဲ့ ငါ ထွက်သွားနိုင် ရင်တောင် တစ်ဖနီကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး။
စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းက နက်နဲပြီး လျှို့ဝှက် ဆန်းကြယ်ရုံ သာမက ရာဖယ်ရယ်၏ ကိုယ်ပိုင် နတ်ဘုရား-ယောင် အရှိန်အဝါလည်း ပါဝင်နေသည်။ ချန်လွေ့၏ လက်ရှိ စွမ်းရည် တစ်ခုတည်းနှင့် ထိုကဲ့သို့ ဖွဲ့စည်းပုံကို ဖောက်ပြီး တစ်ဖနီကို လွတ်မြောက်စေနိုင်မည် မဟုတ်ပေ။ သို့သော်လည်း လုပ်နိုင်လောက်သူ တစ်ယောက် ရှိနေ၏။ ထိုသူက ဖိုက်သွန်ပင်။
ချန်လွေ့က ၎င်းကို မပြောခင်ပင် ဖိုက်သွန်က အရင် စပြောခဲ့သည်။
“ခုနက အဲဒီ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းထဲမှာ… မင်းလိုချင်တာ တစ်ခုခု ရှိနေသလိုပဲ။ ဒါမှမဟုတ် မင်းခေါ်ထုတ်သွားချင်တဲ့ တစ်ယောက်ယောက်များလား။”
ဖိုက်သွန်က ချန်လွေ့လက်ပေါ်ရှိ ခြောက်ထောင့်ကြယ်အမှတ်အသား၌ အမြဲ ရှိနေခဲ့သည်။ ချန်လွေ့၏ ကိုယ်ပွားက မည်သည့်အရာကို ခိုးနားထောင် နေခဲ့ကြောင်း သူက မကြားခဲ့သော်လည်း ပါးနပ်သော ဖိုက်သွန်က ချန်လွေ့၏ ယခင်က သိဒ္ဓိကျက်သရေစင်မြင့်မှ လုပ်ရပ်ကို အခြေခံပြီး ခန့်မှန်းခဲ့မိပြီး ဖြစ်သည်။
“မဒမ်-ဖိုက်သွန်ဆီကနေ ဘာကိုမှ ဖုံးကွယ်လို့ မရဘူးပဲ။ မဒမ်မှာ နည်းလမ်း တစ်ခုခု ရှိမလား မသိဘူး။”
“မင်းက နှိမ့်ချလွန်း နေပါပြီ။ မင်းအကြောင်း ငါမသိတာတွေက ပိုများသေးတယ်။” ခြောက်ထောင့်ကြယ် အမှတ်အသား တုန်ခါသွားခဲ့ပြီး ဖိုက်သွန်၏ ပုံရိပ်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ပြီးတော့ မင်း ငါ့ကို ဆွပေးဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဖွဲ့စည်းပုံကို ငါ ဖောက်နိုင်မနိုင် မသေချာလို့ပဲ။”
“နှိမ့်ချနေတာ မဒမ်ပါ။” ချန်လွေ့ ဖိုက်သွန်ကို ဆန့်ကျင်ခြင်း မရှိဘဲ တိုက်ရိုက် မေးလိုက်သည်။ “မဒမ် ခန့်မှန်းခဲ့သလိုပဲ ကျုပ်က စိတ်ဝိညာဉ် စုစည်း မှော်စက်ထဲဝိုင်း အထဲမှာ စတေးခံရတဲ့ မိတ်ဆွေကို ကယ်တင် ရပါမယ်။ မဒမ် ကူညီပေးပါ။”
“ရာဖယ်ရယ်က ကောင်းကင်တမန် သုံးပါးထဲ ရှေးမှော်စာ အတော်ဆုံးပဲ။ ငါ ခုနက စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို ခဏ ခံစားကြည့်ရုံပဲ ရှိသေးတယ်။ အဲဒါက နက်နဲနေ သလိုပဲ။ အဲဒီမှာ ဖွဲ့စည်းပုံရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေအပြင် ရာဖယ်ရယ် ကိုယ်တိုင်ရဲ့ အရှိန်အဝါတွေပါ ပါဝင်နေတယ်။ သတိမထားမိစေဘဲ ချုပ်နှောင်ခံထားရတဲ့လူကို ကယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့သာ အတင်းအကျပ် ဖောက်မယ် ဆိုရင် ဒီဖွဲ့စည်းပုံရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေ နားလည်ဖို့လိုမယ်။ ပြီးတော့ ရာဖယ်ရယ်ရဲ့ အရှိန်အဝါကို ဖျက်သိမ်းနိုင်မယ့် စွမ်းအားလည်း လိုအပ်မယ်။ လက်ရှိအခြေအနေ မရတော့ ငါတို့ သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး။ ငါက အတင်းအကျပ် ဖောက်ဖို့ ကြိုးစား ရင်တောင် ရာဖယ်ရယ် သေချာပေါက် သတိထားမိမှာပဲ။ ငါတို့ အဲဒီလူကို မကယ်ခင် ရာဖယ်ရယ် ရောက်နှင့် နေလောက်ပြီ။ ငါတို့မှာ အခွင့်အရေး မရှိဘူး။ မင်းလည်း ရှေးမှော်စာကို ကျွမ်းကျင်တာပဲ။ ငါက ဆင်ခြေ ပေးနေတာ မဟုတ်ဘူး ဆိုတာကို သိလောက်မှာပါ...”
“ဒါဆိုရင် မဒမ် ဆိုလိုတာက… အရင်ဆုံး စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းရဲ့ လျှို့ဝှက် ဆန်းကြယ်မှုကို အမြန် ရှာဖွေပြီးမှ မဒမ် ဖောက်နိုင်မယ်ပေါ့။” ချန်လွေ့ အစမ်းသဘော မေးကြည့်လိုက်၏။
“ငါ့ရဲ့ လက်ရှိ အခြေအနေကို မင်းလည်း သိမှာပါ။ ငါ့ရဲ့ ဝိညာဉ် စွမ်းအားက အမြင့်ဆုံး အဆင့်မှာ ရှိနေရင်တောင် သိဒ္ဓိအလင်းတောင် မှာရှိတဲ့ အမြင့်ဆုံး ကောင်းကင်တမန် သုံးပါးရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ သိဒ္ဓိဖလားရဲ့ စွမ်းအားက ငါ့ဝိညာဉ်ကို အာဟာရပေးနိုင်ခဲ့ပေမဲ့ ငါ့ဝိညာဉ်က ဖန်တီးခြင်းဇာစ်မြစ်ကြောင့် ကြီးထွား လာနေတာကို မင်းတွေ့ခဲ့လောက် မှာပါ။ ငါ ‘ဖန်တီးခြင်း’ စွမ်းအားကို ပိုနားလည်ပြီး အားကောင်းဖို့အတွက် လိုအပ်တယ်။ မင်းက ဖန်တီးခြင်းကို ငါ့ထက် ပိုနားလည်တာ ငါသိတယ်။ ဒါက ဘာဖြစ်လို့လဲ ဆိုတာကို ငါ နားမလည်ပေမဲ့ မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ဆို ဖန်တီးခြင်း ဇာစ်မြစ်ကို အပြည့်အဝ နားလည်နိုင်ရင်တောင် ရာဖယ်ရယ်ရဲ့ အရှိန်အဝါကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ သေချာတယ်။”
ထိုသို့ ပြောပြီးနောက် ဖိုက်သွန်၏ အသံထဲတွင် နက်ရှိုင်းသော အဓိပ္ပာယ် တစ်ခု ပါဝင်နေခဲ့သည်။ “ရှင်းရှင်း ပြောရရင် ငါတို့အားလုံး ဖန်တီးခြင်း စွမ်းအား နားလည်မှု အပေါ်မှာ ထိမ်ချန်ထားတာတွေ ရှိနေခဲ့တယ်။ မင်းက မင်းရဲ့မိတ်ဆွေကို တကယ် ကယ်တင်ချင်တယ်ဆိုရင် ရိုးသားပြီး စိတ်ရင်းမှန်ရမယ်။ မင်း နားလည်တဲ့ ‘ဖန်တီးခြင်း’ကို ငါ့နဲ့ ရိုးရိုးသားသား ဖလှယ်ပြီးတော့ ငါက ဖန်တီးခြင်းရဲ့ နားလည်မှု အပြည့်အဝကို ရပြီးရင် မင်းရဲ့ မိတ်ဆွေကို ကယ်တင်ဖို့ အတွက် သေချာပေါက် ကူညီမယ် ဆိုတာကို ငါ့ဝိညာဉ်နဲ့ ကျိန်ဆိုတယ်။”
ဖိုက်သွန်၏ ရည်ရွယ်ချက်ကို ချန်လွေ့ လုံးဝ ရှင်းလင်း၏။ ၎င်းက အကျပ်ကိုင် ခြိမ်းခြောက်ခြင်းပင်။
အမှန်တွင် ဖိုက်သွန်၏ စိတ်ထဲ၌ စိုးရိမ်မှုတစ်ခု ဟိုးအရင်ကတည်းက ရှိနေခဲ့သည်။ ချန်လွေ့က အလင်းနတ် ဘုရားကျောင်းကိုသွားပြီး ဖန်တီးခြင်း စာအုပ်ကို ပရိယာယ်နှင့် နားလည်ပြီး နောက်တွင် ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို အလွယ်တကူ ရခဲ့သည်။ ထိုအရာက အကျိုးအမြတ်ကြီးတစ်ခု ဖြစ်ခဲ့လေပြီ။ သို့သော် မမျှော်လင့်ဘဲ ‘ဖန်တီးခြင်း’နားလည်မှု၌ ချန်လွေ့၏ အမြန်နှုန်းက သူ့ထက် အများကြီး ကျော်လွန်နေခဲ့သည်။ ချန်လွေ့၏ ဖန်တီးခြင်း ဇစ်မြစ်က ပြီးပြည့်စုံ တော့မည်ကို ဖိုက်သွန် ရေးရေးလေး ခံစားမိခဲ့သည်။ သူက ဖန်တီးခြင်း ဇာစ်မြစ် စွမ်းအားကို အပြည့်အဝ နားလည်ပြီး သူ့မိတ်ဆွေကို ကယ်တင်နိုင်ခဲ့လျှင် သူက သိဒ္ဓိ အလင်းတောင်မှာ သေချာပေါက် နေတော့မည် မဟုတ်ပေ။ ထိုအချိန် သူက ရန်ငြိုးဖွဲ့မျိုး သို့မဟုတ် မိမိကို ထောင်ချောက်ဆင်ခြင်းမျိုးမရှိဘဲ ထွက်သွားခဲ့လျှင်ပင် ဖန်တီးခြင်း ဇစ်မြစ်ကို ဆက်နားလည်ရန်အတွက် ဖိုက်သွန်ကိုယ်တိုင် သိဒ္ဓိအလင်းတောင်တွင် နေနိုင်မည် မဟုတ်ဘူး။ ယခု ချန်လွေ့က သူ၏ အကူအညီ လိုအပ်နေသည့်အတွက် သူက အခွင့်အရေးကို အရယူပြီး တောင်းဆိုလိုက်ခြင်းပင်။
“ဖန်တီးခြင်း နားလည်မှုတွေကို အပြည့်အဝ လုံးဝ ရိုးရိုးသားသား ဖလှယ်တာလား။” ချန်လွေ့က စဉ်းစားနေသော ပုံစံမျိုး ဖော်ပြ လိုက်သည်။
“မင်းရဲ့ နားလည်မှုက ငါ့ထက် ပိုကောင်းပေမဲ့ မင်းရဲ့စွမ်းအားက နတ်ဘုရား-ယောင်အဆင့်ကို မရောက်သေးဘူး။ အဲဒါကြောင့် မင်း ဒါက တကယ် နားလည်ပြီးတော့ ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။ မင်း ငါ့ရဲ့ နားလည်မှုနဲ့ ပေါင်းစည်း လိုက်ရင် နတ်ဘုရားယောင်အဆင့်ကို တစ်ခါတည်း ရောက်သွားနိုင်မယ့် အခွင့်အရေးတွေ ရှိလိမ့်မယ်။” ဖိုက်သွန်၏ အသံက သွေးဆောင်မှု အပြည့် ဖြစ်နေသည်။ သို့သော် ချန်လွေ့က ၎င်းမှာ အဓိပ္ပာယ် မရှိသော စကားများ မဟုတ်ကြောင်း ကောင်းကောင်းကို သိနေခဲ့သည်။ ကံဆိုးစွာပင် သူ၏ အစစ်အမှန် စွမ်းအားက တိုင်းပြည်အဆင့်သာ ရှိနေသေးသည်။ နောက်တစ်ဆင့်က နတ်ဘုရား-ယောင်အဆင့် ဖြစ်လောက်သည်။
“ငါတို့တွေ နေ့တိုင်း နည်းနည်းစီ ဖလှယ်လို့ရတယ်။ မင်း နားလည်တဲ့ ဖန်တီးခြင်းစွမ်းအားအချို့ ငါ့ကိုပေး။ ငါက ငါ့ရဲ့အရှိန်အဝါကို ဖန်တီးခြင်း စွမ်းအားအတိုင်း မင်းကို ပေါင်းစည်း ပေးမယ်။ အဲဒီအချိန် မင်းက နတ်ဘုရား-ယောင် အရှိန်အဝါကို နားလည်နိုင်လိမ့်မယ်။” ဖိုက်သွန်က ပုံမှန် အပြုံးတစ်ခု ပြသလိုက်၏။ “ဒါက ပိုပြီးတော့ သင့်လျော်တဲ့ နည်းလမ်းတစ်ခု ဖြစ်လောက်တယ်။ မင်းမှာ ပိုကောင်းတဲ့ နည်းလမ်းရှိရင် ပြောကြည့်လေ။ ဒါမှမဟုတ် မင်းအချိန်ယူပြီး စဉ်းစားလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့ မိတ်ဆွေက အကြာကြီး စောင့်နိုင်မယ်လို့ မထင်ဘူး…”
ချန်လွေ့က မျက်မှောင်ကြုတ် လိုက်သည်။ နောက်ဆုံးစကားက အမှန်တကယ် သူ့အားနည်းချက်ကို ထိသွားခဲ့သည်။ ဖိုက်သွန်က အခွင့်အရေးကိုယူပြီး ပြောလိုက်၏။ “ငါ မင်းကို ကတိပေးနိုင်တယ်။ ဒီအချိန်အတွင်း ဖန်တီးခြင်းဇစ်မြစ် အပြည့်အစုံကို ငါတို့ နားလည်ဖို့ အချိန်မရ ခဲ့ရင်တောင် ဘွဲ့ခံယူခြင်း အခမ်းအနား မတိုင်ခင် မင်းရဲ့ မိတ်ဆွေကို ကယ်တင်ဖို့ ငါ အတတ်နိုင်ဆုံး ကူညီပေးမယ်… ဘယ်လိုလဲ။ ဒါက ငါ့ရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ပဲ။”
“ကောင်းပြီလေ။” ချန်လွေ့က အရေးပါမှုကို ချိန်ဆပြီးနောက်တွင် နောက်ဆုံးသဘောတူလိုက်၏။
“မင်း ဒီနေ့ ဆုံးဖြတ်ချက်ကို နောင်တရမှာ မဟုတ်ဘူး ဆိုတာ ငါ အာမခံနိုင်တယ်။” ဖိုက်သွန်က ပြုံးပြီး ပြောလိုက်သည်။ “မင်းစိတ်မရှိဘူး ဆိုရင် ငါတို့ အရင်တစ်ခါလိုမျိုး ဝိညာဉ်ပေါင်းစည်းခြင်း ပညာရပ်ကို သုံးလို့ရတယ်။ အဲဒါက အမြန်ဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းပဲ။ အလင်း နတ်ဘုရားကျောင်းမှာ နားလည်ပြီး သွားတဲ့အခါ ငါတို့ ဒီပေါင်းစည်းခြင်း ပညာရပ်ကို သုံးလို့ရတယ်။ အဲဒါက အဆပွား စေနိုင်မှာ။ အထင်တော့ မလွဲလိုက်နဲ့။ ငါ မင်းကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ အရင်တစ်ခါ ငါ့ရဲ့ ဝိညာဉ်ကိုယ်ပွားက နတ်ဘုရား တိုင်းပြည်နဲ့ ဆင်တူတဲ့ မင်းရဲ့ စွမ်းအားထဲမှာ ပျက်စီးသွားခဲ့တာ မမေ့နဲ့။ ဒီတစ်ခါတော့ ငါ အဲဒီလို အမှားမျိုး ထပ်လုပ်မိလောက်အောင် မိုက်မဲမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ အကျိုးစီးပွား အတူတူ ရှိနေတယ် မဟုတ်လား။”
ချန်လွေ့က ဖိုက်သွန်၏ အပြုံးကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာကို သေသေချာချာ မမြင်နိုင်သော်လည်း ထိုအပြုံးတွင် အထူး ဆွဲဆောင်မှု တစ်ခု ရှိနေကြောင်း ခံစားမိသည်။ ထိုအရာက သာမန်သွေးဆောင်မှုမျိုး မဟုတ်ဘဲ ဝိညာဉ်ထဲရှိ အန္တိမ စွမ်းအား၏ ဆွဲဆောင်မှုပင်။ ၎င်းက အရင်တစ်ခါ ဖြစ်ခဲ့သော ဝိညာဉ် ပေါင်းစည်းခြင်းမျိုးနှင့် ဆက်နွှယ်နေ ပေသည်။
အမှန်ပဲ။ ဝိညာဉ်ပေါင်းစည်းခြင်းကို ဟန်ဆောင်လို့ မရဘူး။ အဲဒါက အတွေးအမြင်တွေ ဖလှယ်တဲ့အခါ တစ်ဖက်လူကို လိမ်လို့မရအောင် တားဆီးပေးတယ်။ ချန်လွေ့၏ အတွေးများ ပြောင်းလဲသွားပြီး သူက ရယ်လိုက်သည်။ “လုပ်ကြတာပေါ့။ အဲဒီ အံ့ဩစရာ ခံစားချက်ကို ကျုပ် မှတ်မိနေတုန်းပဲ…”
နောက်ရက်များတွင် ချန်လွေ့က စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို နားလည်ရန်နှင့် ရင်းနှီးရန် အတွက် ရက်အနည်းငယ် ကြာတိုင်း သိဒ္ဓိ ကောင်းချီးတောင်ထွတ်၏ တိမ်တိုက်စင်မြင့်ကို သွားခဲ့သည်။ ရာဖယ်ရယ်နှင့် ယူဒိုရာတို့ သံသယ မဖြစ်စေရန်အတွက် သူက နတ်ဆိုး ဧကရာဇ် ထိပ်သီးပိုင်း စွမ်းအားကို ပြသပြီးနောက် တမင်တကာပင် စမ်းသပ်မှု ထပ်မံ၍ ပြုလုပ်ကာ နတ်ဘုရားကျောင်း စစ်သည်တော် အယောက်၂၀ကို အောင်မြင်စွာဖြင့် ပြောင်းလဲခဲ့လေသည်
ထိုကဲ့သို့ စမ်းသပ်မှုမျိုးကို ချန်လွေ့ သေချာပေါက် ထပ်မလုပ်ရဲတော့ပေ။ အကြောင်းမှာ အကြိမ်တိုင်းတွင် တစ်ဖနီ၏ အသက် စွမ်းအင်ကို သုံးစွဲနေ၍ဖြစ်သည်။ သိဒ္ဓိကျက်သရေ စင်မြင့်နှင့် သူ ‘ရင်းနှီး’သွားသော အချိန်တိုင်း [သရုပ်ခွဲမျက်လုံး]ကို သူ အသုံးပြုကာ တစ်ဖနီကို ဝိညာဉ်မှ တစ်ဆင့် ခေါ်နေခဲ့သည်။ သို့သော် ကံဆိုးစွာပင် မည်သည့် တုံ့ပြန်မှုမှ မရခဲ့ပေ။
တစ်ဖနီဘက်မှ ရပ်တန့်နေသော တိုးတက်မှုနှင့် ယှဉ်လျှင် ချန်လွေ့နှင့် ဖိုက်သွန်တို့ ဝိညာဉ်ပေါင်းစည်းခြင်း ပုံစံနှင့် အတွေ့အကြုံများကို ဖလှယ် ပြီးနောက်တွင် နှစ်ဦးစလုံး၏ ဖန်တီးခြင်းဇစ်မြစ်ကို နားလည်မှုက အဆမတန် တိုးတက်လာခဲ့၏။
နောက်ထပ် တစ်လ ကုန်သွားပြီး ချန်လွေ့က ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်မှုမှာ ပြီးပြည့်စုံသော အခြေအနေသို့ ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်းကို သေသေချာချာ ခံစားမိခဲ့သည်။ [အထူးစိစစ်မှု]၊ သဘာဝသစ်ပင်နှင့် ဖိုက်သွန်၏ နတ်ဘုရား-ယောင် အရှိန်အဝါများက ဒီအရာအတွက် အသေအချာပင် အထောက်အကူဖြစ်စေခဲ့သည်။
ဖိုက်သွန်က ချန်လွေ့၏ အတွေး အမြင် တစ်စိတ်တစ်ပိုင်း ရပြီးနောက် သူ၏ ဖန်တီးခြင်း စွမ်းအားကလည်း အတော်လေး တိုးတက်လာခဲ့သည်။ သူ၏ ပျက်စီးနေသော ဝိညာဉ်က ပြန်ကောင်းသွားပြီ ဖြစ်သော်လည်း ပြီးပြည့်စုံသော ဇစ်မြစ် စွမ်းအားကို မကျွမ်းကျင် နိုင်ခဲ့ပေ။ ချန်လွေ့၏ တိုးတက်မှုကို ခံစားမိနေရင်း သူက တိတ်တဆိတ် စိုးရိမ်ပူပန်နေခဲ့သည်။
ညနေခင်းတွင် လရောင်က သိဒ္ဓိ အလင်းမြို့ပေါ်သို့ ထွန်းလင်းနေခဲ့ပြီး ထူးခြားစွာ တောက်ပနေခဲ့၏။
ထိုအချိန်မှာ ဘွဲ့ခံယူခြင်း အခမ်းအနား မတိုင်ခင် တစ်ပတ်ပင် မကျန်တော့ပေ။ ကမ်းပါးဖြူတွင် ဘွဲ့ခံယူခြင်းအခမ်းအနားနှင့် ပတ်သက်သော ပြင်ဆင်မှုအားလုံး အခြေခံအားဖြင့် ပြီးနေပြီဖြစ်ကာ ဖိတ်ကြားထားသော ဧည့်သည်များစွာက သတ်မှတ်ချိန် မတိုင်ခင်မှာပင် သိဒ္ဓိအလင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်သည်။
‘အရှင်သူမြတ်သိဒ္ဓိသားတော်’ကို လာတွေ့ကြသူများ အဆုံးမရှိပေ။ သို့သော် သူတို့အားလုံးကို ချန်လွေ့က ‘အခမ်းအနားအတွက် ပြင်ဆင်ရန် အေးအေးဆေးဆေး လေ့ကျင့်ခြင်း’ ဟူသော အကြောင်းပြချက်ဖြင့် ခြွင်းချက်မရှိ ပယ်ချခဲ့သည်။
သိပ်မကြာခင်က ပြင်ဆင်မှုများ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် သူက အမှန်တကယ်ပင် အေးအေး ချမ်းချမ်း နေရန် လိုအပ်နေသည်။
“မဒမ် ဖိုက်သွန်၊ ဝိညာဉ်စုစည်း မှော်စက်ဝိုင်းနဲ့ ပတ်သက်တဲ့ သုတေသနက ပြီးလုနီးပါး ဖြစ်နေပြီ။ ဒီနေ့လိုပဲ မနက်ဖြန်မှာ ကျုပ်တို့ တိမ်တိုက်စင်မြင့်ကို သွားပြီးတော့ အဲဒီမိတ်ဆွေကို ကယ်ထုတ်ရမယ်။”
တစ်ဖနီ ချုပ်နှောင်ခံထားရသော ဝိညာဉ်စုစည်း မှော်စက်ဝိုင်းက သာမန် ပေါ့သေးသေး မဟုတ်ပေ။ ဘွဲ့ခံယူခြင်းအခမ်းအနားကို စောင့်ဆိုင်း မရသည့်အတွက် သူက ၎င်းကို လိုရမည်ရ ကြိုတင်၍ ပြုလုပ် ရတော့သည်။
“ငါ မင်းကို ပေးထားတဲ့ ကတိကို မဖျက်ပါဘူး။ ဒါဆိုလည်း အလင်း နတ်ဘုရားကျောင်း အရှေ့မှာ ဖန်တီးခြင်း ဇစ်မြစ်ကို နောက်ဆုံး နားလည်မှု ရယူကြတာပေါ့။”
ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ သူက ရာဖယ်ရယ် ပေးထားသော ဖြတ်သွားခွင့် တံဆိပ်ကို ထုတ်ပြီး နေရာလွတ်လမ်းကြောင်းကို ဖွင့်လိုက်၏။
ထိုတံဆိပ်ပြားကို တစ်နေ့လျှင် တစ်နာရီသာ အသုံးပြု၍ ရနိုင်ပြီး စုစုပေါင်း ရက်အနည်းငယ်တွင်သာ အသုံးပြုနိုင်သည်။ ဘွဲ့ခံယူခြင်း အခမ်းအနားပြီးပါက သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်သည်။
နေရာလွတ်လမ်းကြောင်းမှတဆင့် ချန်လွေ့က ရင်းနှီးပြီးသား အလင်း နတ်ဘုရားကျောင်းကို ထပ်မံ၍ ရောက်လာခဲ့သည်။ ဖြတ်သွားခွင့် တံဆိပ်သည် အလင်းနတ်ဘုရား ကျောင်းအရှေ့မှ အကာအကွယ် မှော်စက်ဝိုင်းများ ကင်းလွတ်စေသော အထူး စွမ်းအား ရှိသည်။ သို့သော် ထိုအရာက အလင်းနတ်ဘုရား ကျောင်းတော် အရှေ့တွင်သာ ဖြစ်၏။ သူသာ အလင်းနတ်ဘုရားကျောင်းထဲ ဝင်ရန်ကြိုးစားပါက သေချာပေါက် ကျရှုံးမည် ဖြစ်ပြီး ရက်ရက်စက်စက် တိုက်ခိုက်ခံရလိမ့်မည်။ ထိုအရာကို ရာဖယ်ရယ်က သေသေချာချာ ရှင်းပြခဲ့ပြီးသား ဖြစ်၏။ ချန်လွေ့က အသက်စွန့်ပြီး ဘုရားကျောင်းျထဲကို ဝင်ခဲ့ဖူးရာ အတွင်းမှ အန္တရာယ်ကို သူ သိသည်။ ယခုတွင် မှော်စက်ဝိုင်းနှင့် ထောင်ချောက်က ယခင်ထက်ပင် ပိုမို၍ ဆိုးရွားနေပေမည်။ ထို့ကြောင့် သူ အလောတကြီး လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
ဖိုက်သွန်၏ အသံ ထွက်ပေါ် လာခဲ့သည်။ “သိပ်မကြာခင်က ငါ ပြီးပြည့်စုံတဲ့ဇာစ်မြစ် အစွန်အဖျားကို လှမ်းနိုင်တော့မလို ဖြစ်ခဲ့တယ်။ အောင်မြင်ခဲ့ရင် ဒီကနေထွက်သွားရင် တောင်မှ ဆက်ပြီးတော့ နားလည်နိုင် လိမ့်မယ်။ ဒီနေ့ အောင်မြင်မယ်လို့ ငါ ခံစားနေရတယ်…”
“ဟုတ်လား။” ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင် ကျူပ်လည်း အဲဒီလိုပဲ ခံစားနေရတာ။ ဒါဆိုလည်း စလိုက်ကြတာပေါ့။”