← Chapters

အတွင်းဘက်နယ်မြေရဲ့ နေရာတိုင်းမှာ သိုင်းသခင်တွေ ရှိနေတာလား(၂)

Vol. 13 Ch. 181

အတွင်းဘက်နယ်မြေရဲ့ နေရာတိုင်းမှာ သိုင်းသခင်တွေ ရှိနေတာလား(၂)

Vol. 13 Ch. 181

ဝတ်စုံနက်နှင့် လူမှာလည်း စစ်ဘုရင်တစ်ယောက် ဖြစ်ပေမယ့် သိသာစွာပင် သူသည် ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်ရှိသေးပေ။ ထိပ်တန်းအဆင့် စစ်ဘုရင်တစ်ယောက်ပင် မဟုတ်ပါ။

သူ၏ တိုက်ခိုက်မှု အတွေ့အကြုံက ထပ်မံမြင့်တက်လာခဲ့ရာ လီရွှမ်က ရေရွတ်သည်။

'တိုက်ခိုက်ဖို့တောင် မလိုအပ်ပဲနဲ့ လှဲနေရင်းနဲ့ တိုက်ခိုက်မှု အတွေ့အကြုံတွေ ရလာနိုင်တယ်။ ဒီခံစားချက်က တော်တော်လေး ကောင်းတာပဲ..'

ထို့ကြောင့် သူသည် ပင်ပန်းဆင်းရဲသည့် ကျင့်ကြံမှုတို့ကိုကျော်ကာ ရုန်းကန်လှုပ်ရှားမှုများအား တပည့်များအတွက် ချန်ထားလို့ ရပါသည်။

ဆရာတစ်ယောက်အနေနှင့် လဲလျောင်းရင်းက  ပြိုင်ဘက်ကင်းလာသင့်၏။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင် တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

လီရွှမ်က မှင်သက်သွားသည်။ နောက်ထပ် သိုင်းသခင်တစ်ယောက်လား။ သိုင်းသခင်များမှာ  အတွင်းဘက်နယ်မြေ၏ ထိပ်တန်းတွင် ရှိနေသည် မဟုတ်ပါလား။

အဘယ်ကြောင့် ရွှီယန်မှာ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့တာ ယခုမျှ အချိန်ခဏလေးနှင့် နှစ်ယောက်ကို သတ်ဖြတ်ပြီး ဖြစ်နေသနည်း။

'ငါ့တပည့် ရွှီယန်က သိုင်းသခင်တွေကို သွားပြီး ရန်စတာလား။ ဒါမှမဟုတ် ဒီသိုင်းသခင်တွေကများ ငါ့တပည့်ကို လာပြီးရန်စကြတာလား..'

လီရွှမ်က အတွေးနက်သွား၏။

'ငါတပည့်ကတော့ သူ့ရဲ့ ရိုးသားကြင်နာတတ်တဲ့ အကျင့်စရိုက်နဲ့ ဘယ်သူ့ကိုမှ မတရားလုပ်မှာ မဟုတ်လောက်ဘူး။ ဒီသိုင်းသခင်တွေကပဲ သူ့ကိုသွားပြီး ရန်စတာဖြစ်လိမ့်မယ်။ ဒါ့ကြောင့် သူတို့ရဲ့ သေဆုံးမှုက ထိုက်တန်တယ်..'

ဘာပဲဖြစ်ဖြစ် သိုင်းသခင်နှစ်ယောက်ကိုသာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ အတွင်းဘက်နယ်မြေမှာ ကျယ်ပြောပြီး အင်အားစုများဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သိုင်းသခင် အရေအတွက်မှာလည်း အလွန်များပြားလှမှာပါ။

သို့ရာတွင် ကိစ္စများက လီရွှမ်၏ စိတ်ကူးမှုထက် ကျော်လွန်စွာ ဖြစ်ပွားလာခဲ့၏။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခဲ့သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံက တိုးမြင့်လာခဲ့သည်..."

လီရွှမ်က အသက်ကို ရှူသွင်းမိ၏။

'အတွင်းဘက်နယ်မြေရဲ့ နေရာတိုင်းမှာ သိုင်းသခင်တွေ ရှိနေတာလား။ ဒါမှမဟုတ် ရွှီယန်များ သိုင်းသခင်အသိုက်ကို သွားပြီးတော့ တုတ်နဲ့ထိုးမိတာလား... ခဏအတွင်းမှာ တစ်ယောက်ပြီးတစ်ယောက် သတ်နေတယ်..'

သူက အံ့သြသွားခဲ့၏။ ဤနည်းအားဖြင့် စစ်ဘုရင်တစ်ယောက်ကို ထိပါးမိရင်ရော။

'အတွင်းဘက်နယ်မြေက တကယ်ပဲ ဒီလောက်တောင် အန္တရာယ်များတာလား။ သိုင်းသခင်တွေက လမ်းဘေးက ဂေါ်ဖီထုပ်လို ပေါများတာလား..'

လီရွှမ်က မနေနိုင်ဘဲ သံသယဝင်လာခဲ့သည်။ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များသည် ပုံမှန်သာဖြစ်ပြီး ထိပ်တန်းရှိ သိုင်းသမားများ အကြားတွင် မပါဝင်ပေဘူးလား။ ရက်အနည်းငယ်သာ ရှိသေးသည်။ ရွှီယန်က သိုင်းသခင်များစွာကို သတ်ဖြတ်ခဲ့၏။

'ရက်အနည်းငယ် ကြာပြီးနေပြီ။ ရွှီယန် ဘယ်သိုင်းသခင်ကိုမှ ထပ်ပြီးသတ်တာ မပေါ်လာတော့ဘူး။ ကြည့်ရတာ အဲ့လောက်လည်း မများဘူးထင်တယ်..'

မည်သည့်သိုင်းသခင်ကိုမှ သတ်ဖြတ်သည့် သတင်း ရောက်လာခြင်း မရှိဘဲ ရက်အနည်းငယ်တို့ ကုန်ဆုံးသွားခဲ့၏။

လီရွှမ်က စိတ်သက်သာရာ ရသွားသည်။ သို့ရာတွင်  သူ၏ စိတ်သက်သာရာရမှုက ရှည်ကြာခြင်း မရှိပါ။

"သင်၏တပည့် ရွှီယန်သည် ထိပ်တန်းအဆင့် သိုင်းသခင်တစ်ယောက်နှင့် တိုက်ပွဲတွင် နဂါးဟိန်းသံ၏ စစ်မှန်သည့် အနှစ်သာရကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် နဂါးဟိန်းသံအား ပြည့်စုံစွာ နားလည်သဘောပေါက်သွားခဲ့သည်.."

'ထပ်လာပြန်ပြီ။ ဒီတစ်ကြိမ်မှာတော့ ထိပ်တန်းအဆင့် သိုင်းသခင်တစ်ယောက်ပဲ။ ဒါပေမယ့် ရွှီယန်လည်း ဉာဏ်လင်းပွင့်မှုအချို့ ရနိုင်ခဲ့တယ်..'

'နဂါးဟိန်းခြင်း စစ်မှန်သော အနှစ်သာရတဲ့..'

'အမှန်တကယ်ပဲ.. တိုက်ခိုက်တာက လူတစ်ယောက်ရဲ့ ပါရမီကို အကောင်းဆုံး နှိုးဆော်တဲ့ နည်းလမ်းပဲ။ ရွှီယန်ရဲ့ နဂါးဟိန်းခြင်း အစစ်အမှန် အနှစ်သာရအပေါ် နားလည်သဘောပေါက်မှုက သူ့ရဲ့ နဂါးနိုင်လက်ဝါးသိုင်းစွမ်းအားကို ပိုပြီးတော့တောင် သန်မာလာစေမှာ..'

လီရွှမ်က သဘောတူစွာ ခေါင်းငြိမ့်သည်။ ရွှီယန်ကို  အတွင်းဘက်နယ်မြေသို့ သွားရောက် ကျင့်ကြံခိုင်းခြင်းမှာ အမှန်တကယ်ကို ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်၏။

အချိန်မည်မျှ ကြာသေးလို့နည်း။ သူသည် အကျိုးအမြတ်တို့ကို ရရှိလာနေပြီး ဖြစ်သည်။

"သင်၏တပည့် ရွှီယန်သည် ထိပ်တန်းအဆင့် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်။ သင်၏ တိုက်ပွဲအတွေ့အကြုံတို့ မြင့်တက်လာခဲ့သည်.."

ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှု ထပ်မံ ပေါ်လာပြန်၏။ ရွှီယန်သည် ထိပ်တန်းအဆင့် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။

'ကောင်းတယ်... အခုဆိုရင် ငါ့တပည့်ရွှီယန် သိုင်းသခင်အဆင့်က ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်နေပြီ..'

လီရွှမ်က တိတ်တဆိတ် ကျေနပ်သွားသည်။

အသတ်ခံခဲ့ရသည့် ထိပ်တန်းအဆင့် သိုင်းသခင်မှာ  ထိပ်တန်းအဆင့်များ အကြားတွင် အားနည်းသူ ဖြစ်လျှင်တောင် ရွှီယန်အနေနှင့် သိုင်းသခင်များ အကြား၌ ပြိုင်ဘက်ကင်းနေပြီဟု ယူဆလို့ ရပါသည်။

'ရွှီယန်သာ မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်သွားပြီးရင် စစ်ဘုရင်တွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချ၏။

ရွှီယန်သာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပါက ဝတ်စုံနက်နှင့်လူသည် သူ၏ပြိုင်ဘက် ဖြစ်လောက်မည် မဟုတ်တော့ပါ။

ထို့အပြင် တိုက်ခိုက်မှု အတွေ့အကြုံတို့ ပိုမိုရရှိလာသည်နှင့်အမျှ ရွှီယန်၏ ခွန်အားတို့ ပိုမိုသန်မာလာမည်ဟုလည်း သူ့အနေနှင့် ခံစားချက်တစ်ခု ရနေ၏။

မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိချိန်၌  ထိပ်တန်းအဆင့် စစ်ဘုရင်တစ်ယောက်ကိုပင် ကြောက်စရာမလိုတော့တာ ဖြစ်နိုင်ပါသည်။

အနိုင်ယူနိုင်ခြင်း မရှိလျှင်တောင် မည်သည့်အန္တရာယ်မှ ဖြစ်မည် မဟုတ်ပါ။ ဤသည်မှာ အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်ကာ တိုက်ခိုက်နိုင်သည့် ခွန်အားဖြစ်၏။

ထိုနေ့တွင် စံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းပေါ်၌ ထည်ဝါလှသည့် အငွေ့အသက်တစ်ခု ကောင်းကင်သို့တိုင်အောင် ထိုးတက်သွား၏။

မုန့်ချုံလည်း အဆင့် ချိုးဖျက်ခဲ့လေပြီ။ သူ၏ ရွှေရောင်အငွေ့အသက်တို့ဖြင့် ကြီးမားသည့် ခန္ဓာကိုယ်က  တောင်စောင်းပေါ်တွင် ဂုဏ်ယူစွာ ရပ်နေ၏။

ကြီးစိုးမှုက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံနေပြီး တောက်ပနေသည့် နေတစ်ခုနှင့် တူကာ မသေဆုံးနိုင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။

'နေရွှေခန္ဓာ..'

ကိုယ့်ကိုယ်ကို၏ အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကြည့်ပြီးနောက် မုန့်ချုံတစ်‌ယောက် သူ၏ ခွန်အားတို့ ကြီးစွာ မြင့်တက်လာကြောင်းကို ခံစားလိုက်ရ၏။

ရတနာဆေဘာ တစ်ခုဖြင့် နှိုင်းယှဉ်နိုင်လောက်သည်။

ဤသည်မှာ ရွှေခန္ဓာမှတ် ၃ခုတို့ကို ဖွင့်လှစ်ပြီး  ကြီးမြတ်သောနေ ရွှေခန္ဓာ၏ စတင်ခြင်းသို့ ရောက်ရှိခြင်းသာ ရှိ၏။

ဒီအတိုင်းရပ်နေလျှင်တောင် ချီနှင့်သွေးအဆင့်ကို ပြီးပြည့်စုံခြင်းသို့ ရောက်ရှိထားသည့် သိုင်းသမားတစ်ယောက်ပင်လျှင် ရတနာဓားအား ကိုင်ဆောင်ပြီး သူ့ကို မည်သည့်ထိခိုက်မှုမှ ဖြစ်စေနိုင်မည် မဟုတ်ပါ။

ဤသည်မှာ ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ကြီးမြတ်မှုဖြစ်၏။ ထို့အပြင် မုန့်ချုံကို ဝန်းရံနေသည့် ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခုလည်း ရှိနေပါသည်။

'ဒီအဆင့်ချိုးဖျက်မှု အပြီးမှာ ငါ့ရဲ့ ခန္ဓာကိုယ်က ဆေဘာဆန္ဒရဲ့ နှိုးဆော်ခြင်းကို ခံခဲ့ရတယ်။ ဗာဂျရာစိန်အရိုးက ပြောင်းလဲမှုကြီးတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ပုံပဲ..'

မုန့်ချုံက ဝမ်းသာသွား၏။ သူက လက်ကိုမြှောက်ကာ လက်သီးချက်ကို ထုတ်လိုက်သည်။ လေနှင့်မိုးကြိုးတို့ ဟိန်းထွက်လာခဲ့၏။

လက်သီးချက်က ကြီးစိုးကာ အနှိုင်းမဲ့သည်။ မိုးကြိုးကို သန်မာသည့်လေက ဝန်းရံထားပြီး လေနှင့်မိုးကြိုးတို့ ထွက်ခွာသွားကာ အရာအားလုံးကို ဖောက်ထွင်းပြီး ဖျက်ဆီးပစ်သည်။

"ဘုန်း.."

တောင်စောင်းတစ်ခုလုံး လှုပ်ခါသွားခဲ့၏။

"အရမ်းသန်မာလွန်းတယ်.."

ရှီအာက ထိတ်လန့်သွားခဲ့သည်။

မုန့်ချုံသည် အဆင့်ချိုးဖျက်ပြီးနောက် အလွန် သန်မာလှ၏။ အနားသို့ ချဉ်းကပ်သွားသည်နှင့် အသက်ရှူရခက်စွာ ခံစားလာရသည်။

သူ၏ဘေးတွင် လှဲနေသည့် ကြောင်နီက မုန့်ချုံကို စူးစိုက်စွာ ကြည့်နေ၏။ ရွှေရောင်ပုံရိပ်နှင့် သန်မာလှသည့် အရှိန်အဝါတို့က သူကဲ့သို့သော သားရဲရိုင်း တစ်ကောင်ထပ်ပင် များစွာပိုမို စွမ်းအားကြီးမားလှသည်။

သူ၏ လက်သည်းများက မြေကြီးကို ကုပ်နေကာ မျက်လုံးများက အတွေးနက်သွားသည် ထင်ရ၏။

ကျိုးယင်၏ မျက်နှာပေါ်၌လည်း အံ့သြမှုတို့  ဖြတ်သန်းသွားသည်။ မူလအဆင့်သည် ယခုမျှအထိ သန်မာနေပါက ထုံးရွှမ်အဆင့်ဆိုပါက မည်မျှ စွမ်းအားကြီး နေမည်နည်း။

ယခုအချိန်၌ မုန့်ချုံဟးသည် သိုင်းသခင်တစ်ယောက်ကို လက်သီးချက်တစ်ချက်ဖြင့် သုတ်သင်နိုင်မည်ဟု သူမအနေနှင့် ခံစားရပါသည်။

အားအနည်းဆုံး သိုင်းသခင်တစ်ယောက် ပင်လျှင်  အတွင်းဘက်နယ်မြေ၌ အလေးစားခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

မြို့ငယ်အချို့တွင် သူတို့သည် အုပ်စိုးသူများ ဖြစ်ကြပြီး လောကကြီး၏ ပြောင်းလဲမှုများကို ခေါင်းငုံ့ကြည့်နိုင်ကြသည်။

ယခုအချိန်၌ ထိုစွမ်းအားကြီးမားသည့် သိုင်းသမားများသည် သူမ၏ အမြင်တွင် မုန့်ချုံ၏ လက်သီးချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ။

မုန့်ချုံက သူ၏ အငွေ့အသက်တို့ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ရွှေရောင်တောက်ပမှုတို့ ပျောက်ကွယ်သွားကာ ကြမ်းကြုတ်သည့် အငွေ့အသက်က တဖြည်းဖြည်းနှင့် ထိန်းချုပ်ခြင်း ခံလိုက်ရ၏။

သို့ရာတွင် မုန့်ချုံ၏ အသွင်သဏ္ဍန်က ကြမ်းကြုတ်ရဲတင်းသည့် လူငယ်တစ်ယောက်နှင့် တူညီနေပါသေးသည်။

သို့ပေမယ့် ပြီးခဲ့တုန်းက အရိုင်းဆန်ကာ ဖျက်ဆီးလိုသည့် အငွေ့အသက်တို့တော့ မရှိတော့ပါ။

'ငါ့ရဲ့ အငွေ့အသက်က အရမ်းကို လှိုင်းထန်လွန်းတယ်။ အဲ့ဒါကို ဖုံးကွယ်ထားဖို့ လိုအပ်တယ်။ မဟုတ်ရင် အတွင်းဘက်နယ်မြေကို သွားတဲ့အခါ လူတိုင်းက ငါ့ကို သွေးဆာတဲ့ လူတစ်ယောက်လို့ ထင်သွားနိုင်တယ်..'

မုန့်ချုံက ကိုယ့်ကိုယ်ကို ရေရွတ်၏။

ရွှေရောင်အလင်းက ထွက်ပေါ်လာပြန်၏။ ဤသည်မှာ မုန့်ချုံ၏ အဆင့်ချိုးဖျက်မှုကြောင့် တန်ပြန်အကျိုးပြုမှု ပေးလာခြင်း ဖြစ်သည်။

"သင်၏တပည့် မုန့်ချုံသည် သင်တီထွင်ထားသည့် ကျင့်စဉ်ကို အသုံးပြုပြီး အောင်အောင်မြင်မြင် အဆင့်ချိုးဖျက် နိုင်ခဲ့သည်။ မူလအဆင့်၏ ကြီးမြတ်သောနေ ရွှေခန္ဓာအား ဖွဲ့စည်းနိုင်ခဲ့၏။ သင်၏ မူလအဆင့်၏ ရွှေခန္ဓာသည် အခြား အဆင့်တူသူများထက် အဆ၁၀၀ ပိုမိုသန်မာသည်.."

"ဘုန်း.."

လီရွှမ်သည် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပြောင်းလဲမှုကိုသာ ခံစားလိုက်ရ၏။ အဆင့်မြင့်တက်မှုက ရွှေခန္ဓာကိုယ်၏ သွေးကြောမှတ်များမှ စတင်သည်။ ယခုအချိန်၌ သူသည် မူလအဆင့်၏ ကြီးမြတ်သောနေ ရွှေခန္ဓာအား ပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားပါပြီ။

'ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မူ တစ်ခုထဲကို မှီခိုရင်တောင် ဘာသိုင်းပညာမှ မသုံးရင်တောင် စစ်ဘုရင်တစ်ယောက်ကို လက်သီးချက်တစ်ချက်နဲ့ အသာလေး ရှင်းလို့ရတယ်။ စစ်ဘုရင်၁၀ယောက်လောက် ဝိုင်းပြီး ငါ့ကို တိုက်ခိုက်ရင်တောင် ငါ့ရဲ့ ခံနိုင်ရည်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး..'

'တစ်ယောက်ကို လက်သီးချက်တစ်ချက်နဲ့ လက်သီး၁၀ချက်ကျော်လောက်ထက် မပိုဘူး။ စွမ်းအင်တော့ အများကြီး ကုန်မယ်ထင်တယ်..'

လီရွှမ်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက် နေခဲ့၏။ သူ၏ စွမ်းအားမြင့်တက်မှုက ယုံကြည်ချက်ကိုလည်း ကြီးစွာမြင့်တက်လာစေပြီး လူက ခုန်ဟစ်ကာ မာန်ဖီလုမတတ် ခံစားလာခဲ့ရသည်။

"သင်၏တပည့် မုန့်ချုံသည် ဗာဂျရာ ကြီးစိုးခြင်းအရိုးကို ဖွဲ့စည်းခဲ့သည်။ သင်သည် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် ကြီးစိုးခြင်း စိတ်ခန္ဓာကို ရရှိသည်.."

"အုန်း.."

စိတ်ဝိဉာဉ်ခန္ဓာက နောက်ထပ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုအထဲတွင် ကြီးစိုးခြင်းနှင့် ကြမ်းကြုတ်မှုတို့ နောက်ထပ်တစ်လွှာ ထပ်ပေါင်းလာခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို နောက်တစ်ဆင့်သို့ သယ်ဆောင်သွားခဲ့၏။

'မုန့်ချုံလည်း ဗာဂျရာကြီးစိုးခြင်း ခန္ဓာအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်... ဒါက နောက်ထပ် စိတ်ဝိဉာဉ်အရိုး တစ်မျိုးပဲ..'

လီရွှမ်က ဝမ်းသာသွား၏။ စုလင်းရှုံလည်း အဆင့်ချိုးဖျက်ပါက ထိုကဲ့သို့ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်မည်လား။

သူမသာ ပြောင်းလဲလာပါက မည်ကဲ့သို့သော စွမ်းအားကြီး စိတ်ဝိဉာဉ်ခန္ဓာအား ရရှိလာပြီး သူ့အနေနှင့် မည်မျှတိုးတက်မှုတို့ကို ရရှိလာနိုင်မည်နည်း။

လီရွှမ်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။ တစ်ချိန်တည်းတွင် အခြားအတွေးများလည်း ဝင်ရောက်လာခဲ့၏။

'အခု ငါ့မှာ ပင်ယင်းသိုင်းပညာစနစ်၊ ရုပ်ပိုင်းဆိုင်ရာသိုင်းပညာစနစ်နဲ့ ဒန်ဆေးသိုင်းပညာစနစ်တွေ ရှိနေပြီးပြီ။ နောက်ထပ် ဘာသိုင်းပညာစနစ်ကို တီထွင်လို့ ရအုံးမလဲ..'

သူသာ နောက်ထပ် သိုင်းပညာစနစ်တစ်ခုကို ဖန်တီးပြီး တပည့်အသစ်ကို လက်ခံပါက ကျင့်ကြံမှု အောင်မြင်လျှင် ပိုမိုများပြားသည့် တန်ပြန်အကျိုးပြုမှုများကို ရရှိနိုင်ဦးမှာ ဖြစ်သည်။

ဆက်တိုက် ထပ်ဆင့်ခြင်းဖြင့် ပြောင်းလဲမှုများက ပိုမိုပိုမိုကာ စွမ်းအားကြီးလာမှာ ဖြစ်သည်။

သို့ရာတွင် လီရွှမ်အနေနှင့် သိုင်းပညာစနစ် အသစ် အကြောင်းနှင့် ပတ်သက်ပြီး ယာယီအချိန်၌  သဲလွန်စမဲ့နေပါသည်။

'လက်နက်ကိရိယာ ထုလုပ်ခြင်း သိုင်းပညာစနစ်လား... ဒါပေမယ့် အဲ့ဒါက နားထောင်ရတာ သိပ်ပြီးတော့ စွမ်းအား မကြီးသလိုပဲ။ ငါ့မှာ သီအိုရီမရှိသလို သဲလွန်စလည်း မရသေးဘူး။ လက်နက်ကိရိယာ ထုလုပ်တာနဲ့ပဲဆိုရင် မလုံလောက်သလိုပဲ..'

လီရွှမ်က အတွေးနက်သွားသည်။

'ထားလိုက်ပါတော့... ပထမဆုံး ထုံးရွှမ်အဆင့်ရဲ့ အထက်က ကျင့်စဉ်သီအိုရီကို ဖန်တီးတာပေါ့..'

ယခုအချိန်၌ သိုင်းပညာစနစ် အသစ်တစ်ခုအား တီထွင်ရန် ကိစ္စကို ခဏထားထားရပေမည်။ ဉာဏ်အလင်းပွင့်မှုတို့ ပေါ်လာမှသာ စတင်လုပ်ဆောင်မည် ဖြစ်၏။

ထို့အပြင် မကောင်းဆိုးဝါးဆန်သည့် တပည့်တစ်ယောက်ကို ရှာဖွေရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပေ။

မုန့်ချုံက အဆင့်ချိုးဖျက်ပြီးနောက် သူ၏ အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်၏။ ကိုယ့်ကိုယ်ကို မြင့်တက်ခြင်း၌ နစ်မြှုပ်နေပါသည်။

ကြောင်နီက လျှောက်လာပြီး သူ့ကို သနားစဖွယ်ကောင်းစွာ ကြည့်၏။ မြေပြင်ပေါ်တွင် အမြှီးကို နံ့နေတာ အတွေးနက်နေသည့်ပုံ ရှိသည်။

လီရွှမ်က ပြုံးသည်။ သူ၏တုတ်ကို မြှောက်ကာ ကြောင်နီ၏ ခန္ဓာကိုယ်ကို တို့လိုက်၏။ သွေးကြောမှတ်များကို ထပ်မံ ညွှန်ပြလိုက်ပြန်သည်။

မဟာနတ်ဆိုး သားရဲအတတ်အား ထပ်မံသင်ကြားပေး၏။ သူက ထိုကျင့်ကြံမှုအတတ်ကို ကြောင်နီ၏ မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ ဆွဲထင်နေအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

မည်သူ ပြောနိုင်မည်နည်း။ ဖြစ်နိုင်တာက တစ်နေ့တွင် ကြောင်နီလည်း သိုင်းပညာကို စစ်မှန်စွာ နားလည်သဘောပေါက် လာနိုင်လောက်ပါသည်။

စုလင်းရှူံ၏ ကျရှုံးခဲ့သည့် ဆေးလုံးအားလုံးကို ကြောင်နီအားပေး၏။ ဆေးလုံးများကို စားသုံးပြီးနောက် ကြောင်နီသည် အခြားမည်သည့် အစာကိုမှ လိုအပ်ခြင်း မရှိတော့ပါ။ ဆာလောင်ခြင်းလည်း မရှိတော့ပေ။ ဆိုလိုသည်ကား ကျရှုံးခဲ့သည့် ဆေးလုံးများတွင် များပြားလှသည့် ဆေးစွမ်းအားများ ပါဝင်နေဆဲ ရှိ၏။

'မကြာခင် ငါ့ရဲ့ ဒုတိယတပည့်လည်း အတွင်းဘက်နယ်မြေကို သွားတော့မယ်။ သူ ဟိုကို ရောက်တဲ့အခါ သိုင်းသခင်တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ ပြဿနာမတတ်ဖို့ မျှော်လင့်ရတာပဲ..'

လီရွှမ်က ခါးသက်စွာ ပြုံးသည်။ ရွှီယန်သည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် သိုင်းသခင်အမြောက်အများကို အောင်အောင်မြင်မြင် ရိုက်သတ်ခဲ့၏။

ဤသည်မှာ မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်လောက်မှာပါ။ မုန့်ချုံ၏ အလှည့်တွင်တော့ အတွင်းဘက်နယ်မြေသို့ ရောက်သည်နှင့် သိုင်းသခင်တစ်စုကို ဒေါသထွက်အောင် လုပ်လောက်မည် မဟုတ်ပါ။

မဟုတ်ပါက သူ့အနေနှင့် သိုင်းသခင်များကို နေရာတိုင်းတွင် ရှိနေမည်ဟု ထင်မိကုန်ပေလိမ့်မည်။

ထို့နောက် ရွှေရောင်အလင်းက ထပ်မံ ပေါ်လာခဲ့ပြန်၏။

လီရွှမ်က ရပ်တန့်သွားသည်။ ဤသည်မှာ မုန့်ချုံသို့မဟုတ် ရွှီယန်ဆီမှ တန်ပြန်အကျိုးပြုမှု ဖြစ်သည်လား။

ရွှီယန်သည် နောက်ထပ် သိုင်းသခင်တစ်ယောက်ကို  သေအောင် ရိုက်သတ်လိုက်ပြန်ပြီလား မသိပေ။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့်  ရိုက်သတ်လိုက်သည်။ ပြီးနောက် နောက်ထပ်သိုင်းသခင် ၃ယောက်လည်း အသတ်ခံခဲ့ရ၏။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံတို့ ကြီးစွာ မြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

'သူ လုပ်ကြံတိုက်ခိုက်ခံရတာလား။ အတွင်းဘက်နယ်မြေက သိုင်းသခင်တွေကရော ဘာလို့ဒီလောက်တောင် အားနည်းနေရတာလဲ။ ခြင်တွေလိုပဲ လက်ဝါးချက်တစ်ချက်နဲ့ ရိုက်သတ်လိုက်ရင် သေကုန်နိုင်တာလား..'

လီရွှမ်က အတွေးနက်သွား၏။ ရွှီယန်သည် များပြားလှသည့် သိုင်းသခင်များကို ရန်ပြုလာအောင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။

All Chapters