အဆင့်၈ စိတ်ဝိဉာဉ်တစ်ပင်နှင့် ငှားရမ်းခြင်း(၂)
Vol. 13 Ch. 185
"လုံးဝ အလိမ်အညာမပါဘူး.."
မုန့်ရှူရှူက လေးနက်စွာ ပြောသည်။
"ကောင်းပြီ။ ငါသဘောတူတယ်.."
မုန့်ချုံက တစ်ဖက်လူ၏ကိုယ်စား ပစ္စည်းများကို ထုတ်ပေးခြင်းဖြင့် အန္တရာယ်ရှိသည့် ကိစ္စများ အတွင်းသို့ ဝင်ရောက်ရနိုင်သည့် ဖြစ်နိုင်ချေကိုပင် စဉ်းစားခြင်း မပြုဘဲ ချက်ချင်း သဘောတူလိုက်သည်။
မုန့်ရှူရှူကဲ့သို့ သိုင်းသခင်တစ်ယောက် ရင်ဆိုင်နေရသည့် အန္တရာယ်မှာ မည်မျှ ကြီးမားနိုင်မည်နည်း။ ရန်သူရှိလျှင်တောင် သူ့အနေနှင့် တစ်ချက်တည်းရိုက်ကာ သတ်နိုင်၏။ ဤသည်မှာ ထမင်းစား ရေသောက်သလောက် လွယ်ကူပါသည်။
အကြွင်းမဲ့ စွမ်းအားအောက်တွင် လှည့်ကွက်များနှင့် လျှို့ဝှက်မှုများအားလုံး စက္ကူကဲ့သို့ ချည့်နဲ့လှ၏။
သို့ရာတွင် သတိတရားကတော့ လိုအပ်ဆဲဖြစ်သည်။
"ငါတို့တွေ အခုပဲ ချင်းလင်မြို့ကို သွားကြမလား.."
မုန့်ရှူရှူက မေးသည်။
"ခဏနေဦး... င့ါမှာ လုပ်စရာ ကိစ္စအချို့ ရှိသေးလို့။ မနက်ဖြန်ကျမှပဲ ငါတို့ဒီနေရာမှာ ပြန်တွေ့ကြမယ်.."
မုန့်ချုံက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
သူသည် အရိုးသန်မာခြင်း ပန်းပွင့်အား စုလင်းရှုံဆီသို့ အရင်ဆုံး သွားပြန်ပေးလို၏။
"ကောင်းပြီ။ ကိစ္စမရှိဘူး.."
မုန့်ရှူရှူက လျှင်မြန်စွာ သဘောတူ၏။
"ဒါဆို သွားလိုက်ပါဦးမယ်.."
မုန့်ရှူရှူက ဦးညွှတ်ပြီးနောက် သူ၏ခန္ဓာကိုယ်က ဝေဝါးသွားပြီး မြန်ဆန်စွာ ထွက်ခွာသွားသည်။
မုန့်ချုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ တစ်ဖက်လူ၏ လှုပ်ရှားမှုက မြန်ဆန်လှပါသည်။ ခဏတာ စဉ်းစားပြီးနောက် မုန့်ရှူရှူ ထုတ်ယူခိုင်းသည့် ပစ္စည်းမှာ စောင့်ကြည့်ခံထားရသည့် ပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်းအား သူတွေးမိလိုက်၏။
'အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုကို ငါ့ကိုပေးပြီး ထုတ်ခိုင်းတယ်ဆိုတော့... အဲ့ဒီ့ပစ္စည်းက အံ့သြစရာကောင်းလောက်အောင် အဖိုးတန်မှာ သေချာတယ်..'
မုန့်ချုံက ကိုယ့်ကိုယ်ကို ရေရွတ်သည်။ တစ်ဖက်လူတွင် မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိပါက သူ့အနေနှင့် တန်ပြန်တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပါ။
ခြေတစ်လှမ်းနှင့် သူ၏ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။ စွန့်ပစ်ဒေသဆီသို့ ဦးတည်လိုက်သည်။
သူ၏ခွန်အားနှင့် သာမန် စစ်ဘုရင်တစ်ယောက်ပင်လျှင် သူ၏နောက်မှ တိတ်ဆိတ်စွာ လိုက်နိုင်ခြင်း မရှိပါ။
ထို့ကြောင့် မုန့်ချုံအနေနှင့် စွန့်ပစ်ဒေသသို့ ပြန်ခြင်းအား ရှာဖွေတွေ့ရှိသွားမှာကို စိုးရိမ်စရာ မရှိပေ။
လီရွှမ်က အနည်းငယ် အံ့သြသွားသည်။ မုန့်ချုံသည် အခုမှ အတွင်းဘက်ဒေသသို့ ရောက်ရှိခါစ ရှိသေး၏။ သို့ပေမယ့် ပြန်လာခဲ့၏။
"ဂျူနီယာညီမလေး... ဒါက အရိုးသန်မာခြင်းပန်းပဲ။ ဒီဆေးပင်နဲ့ဆိုရင် နင့်ရဲ့ ထာဝရစိမ်းလန်းခြင်း အရိုးကို သန့်စင်ဖို့အတွက် အများကြီး ပိုပြီးလွယ်ကူလာမှာ.."
စုလင်းရှုံက ဝမ်းသာစွာဖြင့် ကျေးဇူးတင်၏။ "ကျေးဇူးတင်ပါတယ် ဒုတိယစီနီယာအကို.."
အရိုးသန်မာခြင်းပန်းပွင့်နှင့် ရေစိတ်ဝိဉာဉ်မြတ်တို့နှင့် သူမသည် ထာဝရစိမ်းလန်းခြင်း အာနိသင်နှင့် ဆေးလုံးများကို ပိုမို သန့်စင်နိုင်ပါပြီ။
"ဂျူနီယာညီမလေး... ချင်းလင်မြို့က ဘယ်နေရာမှာလဲ နင်သိလား.."
မုန့်ချုံက မေးသည်။
"ချင်းလင်မြို့လား.."
စုလင်းရှုံက ခေါင်းကိုရမ်းကာ ကျိုးယင်ကို ကြည့်၏။
"ဒေါ်လေးကျိုး ရှင်ရောသိလား.."
ကျိုးယင်က ခဏတာ စဉ်းစားပြီးနောက် ဖြေကြားသည်။
"ချင်းလင်မြို့က လန်းဖင်စီရင်စုနဲ့ ယွင်ကျန်းစီရင်စုတို့ အကြားက မြို့တစ်မြို့ပဲ။ ထယ်ရှန်းမြို့ကနေ မိုင်ထောင်ချီဝေးတယ်.."
"ဒုတိယစီနီယာအကို...နင်ချင်းလင်မြို့ကို သွားမလို့လား.."
စုလင်းရှုံက သိလိုစွာ မေးသည်။
"အဲ့ဒီ့မှာ စိတ်ဝင်စားစရာ ကိစ္စအချို့ ရှိလို့တဲ့။ အဲ့ဒါကြောင့် ငါသွားဖို့ စိတ်ကူးထားတယ်.."
မုန့်ချုံက အခြားတစ်ယောက်အတွက် ပစ္စည်းသွားရောက် ထုတ်ယူပေးရမည့် ကိစ္စကို ပြောကြားခြင်း မပြုပါ။
"ဆရာ... တပည့် အတွင်းဘက်နယ်မြေကို ပြန်သွားပါတော့မယ်.."
အရိုးသန်မာခြင်း ပန်းပွင့်ကို လာပို့ပြီးနောက် မုန့်ချုံက အတွင်းဘက်နယ်မြေသို့ ပြန်လည် ထွက်ခွာသွား၏။
နောက်တစ်နေ့တွင် တွေ့ဆုံမည့်နေရာ၌ မုန့်ရှူရှူက ရောက်ရှိလာခဲ့သည်။ သူသည် မြင်းရထားတစ်ခုကို စီးလာခဲ့၏။
"သူရဲကောင်း... ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော်ရဲ့ မြင်းမောင်းသမားပဲ။ ချင်းလင်မြို့ကို သွားကြမယ်..."
မုန့်ရှူရှူက ရုပ်ဖျက်ရင်းက ပြောသည်။
"မြင်းမောင်းသမား လုပ်ရတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ အခ ကြေးငွေ ရမှာလား.."
မုန့်ချုံက လေးနက်စွာ မေး၏။
"အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်တစ်ခု ရမယ်လေ.."
မုန့်ရှူရှူက မှင်သက်သွား၏။ သူတို့သည် သဘောတူညီချက်ရပြီးပြီ မဟုတ်ပါလား။
ချင်းလင်မြို့တွင် သိုလှောင်ထားသည့် ပစ္စည်းကို ထုတ်ယူပြီးပါက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်တစ်ခုကို ဆူကြေးအဖြစ် ရရှိမည် မဟုတ်ပါလား။
"ကောင်းပြီ... အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ခု... စာချုပ်ချုပ်ရအောင်... မင်းငါ့ကို ဆေးပင်နှစ်ခု အကြွေးတင်နေပြီနော်.."
မုန့်ချုံက စာရွက်နှင့် စုတ်တံတို့ကို ထုတ်သည်။
"မဟုတ်သေးဘူး... ဘယ်တုန်းက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် နှစ်ခု ဖြစ်သွားတာလဲ... တစ်ခုတည်းလေ... ငါမင်းကို ပစ္စည်းပဲ ထုတ်ခိုင်းတာ။ အဲ့ဒီ့အတွက် ဆုကြေးက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုတည်းလေ.."
မုန့်ရှူရှူက အလျှင်အမြန် ရှင်းပြသည်။
"ဟုတ်တယ်လေ... ငါမင်းကို ပစ္စည်းထုတ်ပေးဖို့အတွက် အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်ကို ပေးဖို့ သဘောတူခဲ့တယ်။ ပြီးတော့ မင်းရဲ့ မြင်းမောင်းသမား အလုပ်အတွက် နောက်ထပ် စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်ကို ပေးရမယ်။ အဲ့ဒါဆိုရင် နှစ်ခုပေါ့.."
မုန့်ချုံက ခေါင်းကိုငြိမ့်ကာ တစ်ဖက်လူကို ရှင်းရှင်းလင်းလင်း ရှင်းပြသည်။
"မဟုတ်ဘူး... မင်းနားလည်မှု လွဲနေပြီထင်တယ်... မြင်းမောင်းတာနဲ့ ပစ္စည်းထုတ်တာနဲ့က တာဝန်တစ်ခုတည်း။ ဆုကြေးက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုတည်း.."
မုန့်ရှူရှူက အနည်းငယ် ကြောင်တောင်နေ၏။
မုန့်ချုံက သူ့ကို ခဏတာ စူးစိုက်စွာကြည့်ပြီး ဒေါသတကြီးအော်သည်။
"အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်နဲ့ မင်းကိုငါက မြင်းမောင်းသမား လုပ်ပေးပြီး ပစ္စည်းကိုလည်း ထုတ်ပေးရမှာလား။ ငါ့ကို ဒီလောက်စျေးပေါတယ်လို့ ထင်နေလား။ မင်းငါ့ကို စော်ကားနေတာလား.."
"ဘုန်း.."
ထည်ဝါလှသည့် အငွေ့အသက်က ထွက်ပေါ်လာခဲ့သည်။
မုန့်ရူရှူက တံတွေးကို မျိုချပြီး နှလုံးသားထဲတွင် နောင်တရစွာ ခံစားလိုက်ရ၏။ ကြည့်ရတာ သူသည် လူမှားပြီး ရှာမိသည့်ပုံ ရှိသည်။
ပြီးနောက် သတိထားကာ ပြော၏။
"ငါတို့တွေ စျေးညှိလို့ အဆင်မပြေမှတော့ ဒီကိစ္စကို ဖျက်သိမ်းလိုက်ရအောင်လေ.."
မုန့်ချုံက ခေါင်းငြိမ့်ကာ ပြောသည်။
"အဲ့ဒါလည်း အဆင်ပြေတယ်။ ဒါပေမယ့် မင်းငါ့ကို လျော်ကြေးပေးဖို့ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီအလဲအလှယ်အတွက် ငါ့ရဲ့အချိန်တွေ အများကြီး ကုန်ကျခဲ့တယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀ပဲပေး.."
မုန့်ရှူရှူက ချက်ချင်းပင် ထခုန်၏။ သူ၏ အငွေ့အသက်က ထွက်ပေါ်လာပြီး သံသယဝင်စရာ မကောင်းလောက်အောင် သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါတို့ ပါဝင်နေပါသည်။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀... မင်းက ဓားမြတိုက်နေတာပဲ.."
မုန့်ချုံက မျက်ခုံးများ မြင့်တက်သွားပြီး နှာခေါင်းရှုံ့သည်။
"ဘာလဲ.. မင်းကိုယ်မင်း သိုင်းသခင်တစ်ယောက်ဆိုပြီး အရမ်းကြီး မြင့်မြတ်တယ် ထင်နေတာလား။ ငါ့ကို ခြောက်ချင်တာလား။ ငါ့ကို အရင်ဆုံး လာရှာခဲ့တာ မင်းပဲနော်.. အခုလည်း ပြန်ပြီးတော့ ရုတ်သိမ်းချင်နေတယ်။ လျော်ကြေးတော့ ပေးရမှာပေါ့.."
မုန့်ရှူရှူက အကြိမ်အနည်းငယ် အသက်ကို နက်ရှိုင်းစွာ ရှူသည်။ သူ၏ အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းကာ မျက်နှာအသွင်အပြင်ကို ဆက်လက် ရုပ်ဖျက်ရင်းက ပြော၏။
"ကောင်းပြီ...အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်နှစ်ခု.."
"အဲ့လိုဆိုရင် မျှတတယ်.."
မုန့်ချုံက စာချုပ်တစ်ခုကို ပေးသည်။
"ဒီမှာ လက်မှတ်ထိုးလိုက်.."
မုန့်ရှူရှူက စုတ်တံကိုယူကာ သူ၏နာမည်ကို လက်မှတ်ထိုးလိုက်သည်။
"လူသန်လေး... မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ.."
စာချုပ် ချုပ်မှုအပြီး၌ မုန့်ရှူရှူက ရထားလုံးအတွင်းသို့ ဝင်ရင်းက မေးသည်။
"လက်စသတ်တော့ ခင်ဗျားက ကျုပ်အမျိုးကို.."
"ငါ့နာမည်က မုန့်ချုံ.."
စာချုပ်ပေါ်ရှိ နာမည်ကို ကြည့်ပြီးနောက် မုန့်ချုံက သိမ်းလိုက်သည်။ မုန့်ရှူရှူက တစ်ဖက်လူအား နာမည်အစစ် ဟုတ်ရဲ့လားဟု စဉ်းစား၏။
"လက်စသတ်တော့ ညီအကိုမုန့်ကို... ဒီခရီးစဉ်မှာ ခင်ဗျားရဲ့ကူညီမှုအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်.."
မုန့်ရှူရှူက ဦးညွှတ်ကာ ပြောသည်။
"ကိစ္စမရှိဘူး.."
မုန့်ချုံက ခေါင်းငြိမ့်၏။
"ချင်းလင်မြို့က ဘယ်နားမှာလဲ.."
"ဟိုဘက်မှာ..."
မုန့်ချုံဟာ မြင်းရထားကို ချင်းလင်မြို့ဆီသို့ တည့်မတ်စွာ မောင်းနှင်သွား၏။ မုန့်ရှူရှူက သူ၏ အငွေ့အသက် အားလုံးတို့ကို ထိန်းချုပ်ကာ ရထားလုံးအတွင်းတွင် ဒဏ်ရာများကို ကုသနေပါသည်။
"ဆွေမျိုးလေး... မင်းမှာ ရန်သူတွေ ဘာတွေများ ရှိလို့လား။ ကြည့်ရတာ ရှေ့မှာ ငါတို့ကို တစ်ယောက်ယောက် လာတားဖို့ ကြိုးစားနေတဲ့ပုံ ပေါ်တယ်.."
ထယ်ရှန်းမြို့မှာ ထွက်ခွာပြီး တစ်ရက်တောင်မကြာသေးပေ။ မုန့်ချုံက ပြောလာ၏။
မုန့်ရှူရှူ၏ မျက်နှာက ဖြူရော်သွားသည်။ လိုက်ကာ၏ အစွန်းကို အနည်းငယ်မကာ အပြင်သို့ ကြည့်၏။ မြေပြင်နှင့် ခြေထောက် ထိတွေ့ခြင်း မရှိသည့် အဘိုးအိုတစ်ယောက်က ဖြတ်သွားဖြတ်လာများကို စစ်ဆေးနေကြောင်းအား တွေ့လိုက်ရသည်။
ဤသည်မှာ သိုင်းသခင်တစ်ယောက် ဖြစ်၏။ သူ၏ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းလဲသွားသည်။
ဒီအဘိုးကြီးသည် သူ့ကို ယခုကဲ့သို့ ဝေးလံခေါင်သီသည့် ထယ်ရှန်းမြို့အထိ ဘယ်လိုလုပ် နောက်ယောင်ခံ လိုက်ခဲ့သနည်း။
"ညီလေးမုန့်... သူဒီရထားလုံးကို စစ်မှာကို တားပေးလို့ ရမလား.."
မုန့်ရှူရှူက နက်ရှိုင်းစွာ မေးသည်။ သူ၏ ရုပ်ဖျက်မှုက သိုင်းသခင်တစ်ယောက်ကို အရူးလုပ်နိုင်မည်လားဟု သေချာခြင်း မရှိပါ။
အစစ်အမှန် အသွင်အပြင်သာ ပေါ်သွားပါက ချင်းလင်မြို့သို့ သွားနေခြင်း ဖြစ်သည်ဟု သေချာပေါက် ခန့်မှန်းနိုင်ကြမှာပါ။
"ဒါက သိုင်းသခင်တစ်ယောက်ပဲ... အရမ်းကို အန္တရာယ်များလွန်းတယ်..."
မုန့်ရှူရှူက အဘိုးကြီးကို မည်ကဲ့သို့ အရူးလုပ်ရမည်အား စဉ်းစားနေစဉ် မုန့်ချုံက လေးနက်စွာ ပြော၏။
"ငါ့ကို နည်းနည်းလောက် ပိုပေးပေါ့... ငါအကောင်းဆုံး ကြိုးစားပြီးတော့ သူ့ကို အရူးလုပ်ပြီး မင်းဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားပေးမယ်..."
"ဒါက အသက်ကို စတေးပြီး ပိုက်ဆံရှာရတဲ့ အလုပ်ပဲ.."
မုန့်ရှူရှူက နှလုံးသားထဲတွင် ကျိန်ဆဲသည်။ သူ့ကိုယ်သူ ယခုကဲ့သို့ လူတစ်ယောက်အား ငှားရမ်းမိသည့်အတွက် အပြစ်တင်မိ၏။
သို့ရာတွင် ရွေးချယ်စရာ မရှိပေ။ ထယ်ရှန်းမြို့ တစ်ခုလုံးတွင် သန်မာထွားကြိုင်းသည့် မုန့်ချုံသာလျှင် ထိုပစ္စည်းကို ထုတ်ယူရန်အတွက် သင့်တော်၏။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀ခု.."
မုန့်ရှူရှူက အံကိုကြိတ်ကာ ပြောသည်။
"မင်းငါ့ကို သူတောင်းစားပေး ပေးနေတာလား.."
မုန့်ချုံက သူ၏ မနှစ်မြို့မှုကို ဖော်ပြ၏။
ရထားလုံးက သိုင်းသခင် အဘိုးကြီးနှင့် ပိုမိုပိုမိုကာ နီးကပ်လာခဲ့သည်။ အဘိုးကြီး၏ အကြည့်က သူတို့၏ အပေါ်သို့ ရောက်ရှိလာခဲ့၏။
မုန့်ရှူရှူက ရွေးချယ်စရာမရှိဘဲ ပြောလေသည်။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀... တစ်ခုတောင်မှ ပိုမပေးနိုင်တော့ဘူး.."
"ကောင်းပြီ။ ကိစ္စမရှိဘူး.."
မုန့်ချုံက ချက်ချင်းပင် သဘောတူ၏။
"ရထားလုံးထဲကလူ ထွက်ခဲ့.."
လမ်းပိတ်ထားသည့် သိုင်းသခင်က နက်ရှိုင်းသည့် အသံဖြင့် ခေါ်ထုတ်လေသည်။
"လမ်းကနေ ဖယ်စမ်း.."
မုန့်ချုံက ဒေါသတကြီး ပြန်အော်၏။ သူ၏ ကြမ်းကြုတ်လှသည့် အငွေ့အသက်က ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။
"သိုင်းသခင်တစ်ယောက်က လမ်းမှာရပ်ပြီးတော့ လူတွေကို လိုက်လုနေတာ ရှက်ဖို့ မကောင်းဘူးလား။ ငါ့ရထားလုံးထဲက လူက မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့လူများ ထင်နေတာလား.."
ရထားလုံးအတွင်းတွင် ထိုင်နေသည့် မုန့်ရှူရှုမှာ အကြောက်တရားဖြင့် ဖြူရော်သွားခဲ့သည်။
"ဒီလူက တကယ်ပဲ အားကိုးလို့ရရဲ့လား.."
ယခုကဲ့သို့ ဆိုးရွားလှသည့် ပြောပုံဆိုပုံနှင့် သိုင်းသခင်တစ်ယောက်ကို သွားအော်နေလေသည်။ ဤသည်က တိုက်ပွဲတစ်ခုကို မဖြစ်ပွားစေပေဘူးလား။
"မင်းက သေချင်နေတာပဲ.."
ထင်ထားသည့်အတိုင်းပင် တစ်ဖက် သိုင်းသခင်က ဒေါသထွက်သွား၏။ သို့ပေမယ့် သူက လှုပ်ရှားမှု မပြုခင်တွင် မုန့်ချုံ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကြီးမားသည့် အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့၏။
"မင်းသေချင်နေတာလား.."
လက်ကိုလည်း ဆေဘာဓားရိုးပေါ်သို့ တင်လိုက်သည်။
"ဂလူ့.."
မုန့်ရှူရှူက တံတွေးကို မျိုချ၏။ ဤသည်က အလွန်ကြောက်ဖို့ ကောင်းလှပါသည်။ ဒီလူသည် မည်မျှသန်မာလိုက်သနည်း။ ထိုအချိန်၌ သူသည် ရထားလုံး၏ အပြင်ဘက်တွင် မောင်းနှင်နေသူမှာ လူတစ်ယောက်မဟုတ်ပဲ ကြောက်စရာကောင်းသည့် သားရဲတစ်ကောင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
လမ်းပိတ်နေသည့် သိုင်းသခင်လည်း အလွန် ထိတ်လန့်သွား၏။ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားပြီး အသက်ကို နက်ရှိုင်းစွာရှူပြီးနောက် ပြောသည်။
"နှောင့်ယှက်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ရန်သူကိုရှာဖို့ အလျှင်လိုနေလို့ လုပ်မိသွားတာပါ.."
မုန့်ချုံက ကြာပွတ်ကိုကိုင်ရင်းက ပြောသည်။ "တောင်းပန်တာနဲ့ လုံလောက်ပြီလား။ လျော်ကြေးပေးရမယ်.."
သိုင်းသခင်က မှင်သက်သွား၏။ လျော်ကြေးပေးရမည်လား။
"သခင်လေး... ခင်ဗျား..."
"ဘာလဲ.."
မုန့်ချုံ၏ အကြည်တစ်ချက်တွင် တစ်ဖက်သိုင်းသခင်က ချက်ချင်းပင် တုံ့ဆိုင်းသွားခဲ့၏။ စိတ်ဝိဉာဉ်စာရွက်တစ်ခုကို ထုတ်ကာ မုန့်ချုံအား ပေးလိုက်သည်။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀ပါ။ ဒါက ကျွန်တော့်ရဲ့ အနူးအညွန့် တောင်းပန်မှုပါ.."
"ဟမ်း...သိတတ်သားပဲ.."
မုန့်ချုံက ကျေနပ်စွာ ခေါင်းငြိမ့်သည်။ စိတ်ဝိဉာဉ်စာရွက်ကို သိမ်းပြီးနောက် သူ၏ ကြီးစိုးလှသည့် အငွေ့အသက်ကို ပြန်လည်ရုတ်သိမ်းပြီး ရထားလုံးကို မောင်းထွက်သွား၏။
အဘိုးကြီးက ထွက်ခွာသွားသည့် ရထားလုံးကို တိတ်ဆိတ်စွာ ကြည့်နေပါသည်။ အသံတစ်ခု ပျံ့လွင့်လာခဲ့၏။
"ဒါက ဘာလဲ... သိုင်းသခင်တစ်ယောက် လုပ်နေပြီး လမ်းမပေါ်မှာ ရပ်လုရလောက်အောင် ဆင်းရဲတာလား.."
"ရထားလုံးထဲမှာရှိတာ ဘယ်သူပါလိမ့်။ မောင်းနှင်တဲ့လူတောင် သိုင်းသခင်တစ်ယောက် ဖြစ်နေတယ်။ အတွင်းမှာ စစ်ဘုရင်တစ်ယောက်များလား.."
အဘိုးကြီးက ထိတ်လန့်သွား၏။ မြင်းမောင်းသမားမှာ အလွန် သန်မာလှပါသည်။ အရှိန်အဝါကို ထုတ်ဖော်လိုက်သည့် အချိန်၌ သူ့ကို အသက်ရှူရ ကြပ်လုမတတ် ဖြစ်သွားစေခဲ့၏။