လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း
Vol. 13 Ch. 192
"လူဘယ်မှာလဲပြော.."
ဝူရွှမ်းစံအိမ်မှ အခြားလူ ထွက်ခွာသွားသည်နှင့် ဝတ်စုံနက်လူ တစ်ယောက်၏ အငွေ့အသက်က မြင့်တက်လာခဲ့သည်။ ညို့မှိုင်းသည့် အသံဖြင့်မေး၏။
ရွှီယန်က လုံးဝပြာယာသွားခြင်း မရှိပါ။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်မှာလဲ။ ငါ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေပြ။ ငါမင်းတို့ကို ခေါ်သွားပြီးမှ မင်းတို့က စိတ်ဝိဉာဉ်ပုံဆောင်ခဲ မပေးရင်ရော.."
ဝတ်စုံနက်နှင့်လူ၏ မျက်လုံးများက အေးစက်သွားသည်။ သူ၏ သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါက ချက်ချင်း မြင့်တက်လာပြီး ခြိမ်းခြောက်ဖို့ လုပ်၏။
"မင်းကိုမင်း သိုင်းသခင်တစ်ယောက် ဖြစ်တာနဲ့ အရမ်းကြီး ကြီးမြတ်လှပြီ ထင်နေတာလား။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ မရှိရင် ကျန်တဲ့ စကားလုံးတွေက အသုံးမဝင်ဘူး.."
ရွှီယန်က မလှုပ်မရှားဖြင့်သာ ဆက်လက်ရှိနေ၏။
"မင်းက သေချင်နေတာပဲ.."
ဝတ်စုံနက်နှင့် လူ၏ မျက်လုံးများထဲတွင် အေးစက်သည့် လူသတ်ငွေ့တစ်ခု ဖြတ်သန်းသွားသည်။
"ငါတို့တွေ မင်းကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပေးလို့ရတယ်.."
နောက်ထပ် ဝတ်စုံနက်နှင့်လူက လက်ကိုဝှေ့ယမ်းကာ သူ၏အဖော်ကို လှုပ်ရှားမှု မပြုရန် တားလိုက်သည်။
ထို့နောက် စိတ်ဝိဉာဉ်လက်မှတ် ၁၀ခုတို့ကို ထုတ်ယူ၏။ လက်ကို ဝှေ့ယမ်းကာ အားလုံးကို ရွှီယန်ဆီသို့ ပစ်ပေးလိုက်သည်။
ရွှီယန်က ပြုံး၏။ စိတ်ဝိဉာဉ်လက်မှတ်များကို လက်ခံယူလိုက်သည်။ လက်မှတ်တစ်ခုဆီဟာသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀ရှိ၏။ ၁၀ခုမှာ တိကျသည့် ၁၀၀၀၀၀ဖြစ်သည်။
'စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရှာရတာလည်း အဲ့လောက်ကြီး မခက်ပါလား..'
ရွှီယန်က ပျော်ရွှင်စွာဖြင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို သိမ်းလိုက်သည်။ ထို့နောက် ထပ်ပေါင်းပြော၏။
"စိတ်ဝိဉာဉ် ဆေးပင်ကရော.."
"လူကိုတွေ့ပြီးတဲ့ အခါကျရင် မင်းကို စိတ်ဝိဉာဉ်ဆေးပင်ပေးမယ်.."
ဝတ်စုံနက်နှင့်လူက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ကောင်းပြီ... ငါနဲ့လိုက်ခဲ့.."
ရွှီယန်က အသာခေါင်းငြိမ့်သည်။ ဤသည်မှာ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်လေး တစ်ပင်သာဖြစ်၏ ဝတ်စုံနက်နှင့်လူသာ သယ်ဆောင်လာပါက သူ့အနေနှင့် ရရှိနိုင်မှာ ဖြစ်သည်။
'ဂျူနီယာညီမလေးရဲ့ ဒီရန်သူတွေက ဘယ်အင်အားစုကများလဲ မသိဘူး။ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်ပုံစံကို ကြည့်ရတာ လူကောင်းတွေတော့ မဟုတ်လောက်ဘူး။ ငါ့ကိုလည်း သတ်ဖြတ်ပြီး နှုတ်ပိတ်မယ် ထင်တယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သို့မဟုတ် စိတ်ဝိဉာဉ်ဆေးပင် ဘာကိုမှပေးဖို့ အစီအစဉ်ရှိပုံ မပေါ်ဘူး..'
သူ၏ နှလုံးသားထဲ၌ အေးစက်စွာ နှာခေါင်းရှုံ့သည်။ လေထဲသို့ ပျံသန်းကာ လားရာတစ်ခုဆီသို့ ဦးတည်သွား၏။
ဝတ်စုံနက်နှင့် လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ သူ၏နောက်မှ လျှင်မြန်စွာ လိုက်ကြသည်။
တစ်ယောက်က သိုင်းသခင်အဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်၌ရှိပြီး အခြားတစ်ယောက်က အထွတ်အထိပ်အဆင့်၌ ရှိ၏။
သူမတို့သည် သိုင်းသခင်တစ်ယောက် ဖြစ်သည့် ရွှီယန်ကို ကြောက်ရွံ့ခြင်း မရှိကြပါ။ လိုချင်သည့်လူသာ ရပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀တို့ကို ပြန်လည်ရရှိနိုင်မှာ ဖြစ်သည်။
ရွှီယန်၏ အမြန်နှုန်းက အရမ်းကြီး မြန်ဆန်ခြင်းမရှိပါ။ သာမန် သိုင်းသခင်တစ်ယောက်၏ အမြန်နှုန်းသာ ရှိ၏။
"မင်းတို့နှစ်ယောက်ကို ငါဘယ်လိုခေါ်ရမလဲ.."
သူက အပြုံးတစ်ခုဖြင့် မေးသည်။
"ဒါက လဲလှယ်မှုလေး တစ်ခုပဲ။ အများကြီးသိဖို့ မလိုဘူး.."
ဝတ်စုံနက်နှင့်လူက မထူးမခြားနားစွာ ပြောသည်။
"အဲလိုလည်း မဟုတ်သေးပါဘူး။ နောင်မှာ လဲလှယ်ဖို့ အခွင့်အရေးတွေ ရှိလာခဲ့ရင်ရော။ မင်းတို့လို ရက်ရောတဲ့ လူတွေက ရှာရနည်းနည်း ခက်တယ်လေ.."
"ဒါနဲ့... အဲ့ဒီ့မိန်းကလေးကို မင်းတို့က ဘာလုပ်ဖို့ရှာတာလဲ။ သူမက အရမ်းအရေးကြီးတာလား.."
ရွှီယန်က ဆက်လက်စကားပြော၏။
"မင်းကတကယ့်ကို စောက်စကားများတာပဲ။ မမေးသင့်တာကို မမေးနဲ့.."
ဝတ်စုံနက်နှင့်လူက လေးနက်စွာ ပြောသည်။ သူက ရွှီယန်ကို လူသေတစ်ယောက်ကဲ့သို့ ကြည့်၏။
"ငါသိနေပြီးပါပြီ။ ဒီကောင်မလေးက မင်းတို့အတွက် တကယ့်ကို အရေးကြီးတာပဲ။ အဲ့လောက် အရေးကြီးနေတာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀က နည်းနည်းလောက် နည်းမနေဘူးလား.."
ရွှီယန်က သူတို့ကို မျက်စပစ်သည်။
"မင်းငါတို့ကို မလှည့်ဖြားတာ အကောင်းဆုံးပဲ။ ဒါမှမဟုတ်ရင် အကျိုးဆက်ကို မင်းခံနိုင်မှာ မဟုတ်ဘူး.."
ဝတ်စုံနက်နှင့်လူက အေးစက်သည့် အသံဖြင့် သတိပေးသည်။
"ငါလည်း လှည့်ဖြားဖို့ မစဉ်းစားပါဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ နည်းနည်းလောက် ပိုလိုချင်ရုံပဲ။ မင်းတို့နှစ်ယောက်ကို ကြည့်ရတာလည်း တော်တော်လေး ချမ်းသာတဲ့ပုံ ရှိတယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ဘယ်လောက် သယ်ဆောင်လာကြလဲ.."
ပျံသန်းရင်းနှင့် တိတ်ဆိတ်ခြောက်ကပ်သည့် နေရာတစ်ခုသို့ ရောက်ရှိလာကြောင်းကို ရွှီယန် နားလည်လိုက်သည်။
ဒီနေရာတွင် မည်သည့် လူသားအရိပ်အယောင်မှ မတွေ့ရပေ။ ဆက်လက် ဟန်ဆောင်စရာ မလိုတော့ပါ။
ဝတ်စုံနက်နှင့်လူနှစ်ယောက်၏ မျက်လုံးများက ထက်မြသွားသည်။ တစ်ယောက်က နှာခေါင်းရှုံ့၏။
"ဖြစ်နိုင်တာက မင်းက ငါတို့ရဲ့ ပိုက်ဆံတွေကို လိုချင်နေတာလား။ ဟန့် ကိုယ့်အစွမ်းအစကို ကိုယ်သိစမ်းပါ.."
"ဘုန်း.."
လေထုက ပေါက်ကွဲထွက်သွား၏။ အဆင့်မြင့်သည့် သိုင်းသခင်နှစ်ယောက်၏ ခွန်အားက သံသယဖြစ်ဖွယ် မကောင်းလောက်အောင် ကြီးစိုးစွာ ထွက်ပေါ်လာခဲ့သည်။
တစ်ယောက်က အကြီးစား ကျွမ်းကျင်မှုအဆင့်သာ ရှိကာ တစ်ယောက်က အထွတ်အထိပ်အဆင့်၌ ရှိ၏။
သူတို့သည် တစ်ခါတည်း လှုပ်ရှားမှုပြုရန် ပြင်ဆင်ထားကြသည်။ တစ်ဖက်လူကို ဖမ်းဆီးကာ စုလင်းရှုံ၏ နေရာကို အတင်းမေးမြန်းမည် ဖြစ်၏။ လိမ်ညာခြင်းဖြစ်ပါက သေဆုံးခြင်းသာလျှင် သူတို့၏ ကံကြမ္မာ ဖြစ်ပေလိမ့်မည်။
ရွှီယန်က အေးစက်စွာရယ်၏။
"ငါလည်း မင်းတို့ကောင်တွေနဲ့ ထပ်ပြီးတော့ အချိန်ဖြုန်းမနေတော့ဘူး.."
သူက ရပ်တန့်သွားပြီး လက်ဝါးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
"ဝေါင်း.."
ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာပြီး အထွတ်အထိပ်သိုင်းသခင်ဆီသို့ တည့်မတ်စွာ ဦးတည်သွား၏။
"မကောင်းတော့ဘူး.."
အထွတ်အထိပ် သိုင်းသခင်၏ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ သူ၏ အငွေ့အသက်က အဆုံးစွန်တိုင်အောင် ပေါက်ကွဲထွက်လာပြီး ထိုတိုက်ခိုက်မှုကို တားဆီးရန် ကြိုးစား၏။
သို့ရာတွင် ရွှေရောင်နဂါးကြီးကို ရင်ဆိုင်ရချိန်၌ သူက အလွန်သေးသိမ် နုံချာလှပါသည်။
"ဘုန်း.."
နဂါးကြီး၏ ထိရိုက်မှုနှင့်အတူ ချက်ချင်းပင် သူ့ကို တစ်စစီ ပေါက်ကွဲထွက်သွားစေ၏။
ရွှီယန်က လှုပ်ရှားလိုက်ပြီးနောက် ဝတ်စုံနက်နှင့်လူ သယ်ဆောင်ထားသည့် ပစ္စည်းအားလုံးကို စုစည်းလိုက်သည်။
ရွှေရောင်နဂါးကြီးက မြေပြင်ပေါ်တွင် လှည့်လည်မှုလုပ်ကာ ချက်ချင်းပင် လောင်ကျွမ်းစေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်၏။
ဝတ်စုံနက်နှင့်လူ၏ ပေါက်ကွဲထွက်သွားသည့် အလောင်းက ပြာအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျံ့နှံ့သွားသည်။
ထိုရုတ်တရက် ပြောင်းလဲသွားသည့် ဖြစ်စဉ်များက သိုင်းသခင် အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ ဝတ်စုံနက်ကို ကူညီရန် အချိန်ပင် မရစေလိုက်ပါ။
သူ၏အဖော်သည် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်၏။ သူက ထိတ်လန့်သွားခဲ့သည်။
"စစ်ဘုရင်တစ်ယောက်လား.."
စစ်ဘုရင်တစ်ယောက်မှလွဲ၍ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သည်မှာ မည်သူရှိနိုင်မည်နည်း။
'ထွက်ပြေးရမယ်..'
ထိုအချိန်၌ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူသည် လှုပ်ရှားရန် ကြံလိုက်သည်နှင့် ရွှေရောင်နဂါးကြီးက လှည့်ပတ်လာပြီး ချက်ချင်းပင် သူ့ကိုချုပ်နိုင်သွား၏။
ရွှီယန်က စိတ်ဝိဉာဉ်လက်မှတ်များကို ရေတွက်ရင်းက ကျေနပ်သွားသည်။ ဒီဝတ်စုံနက်က အမှန်တကယ်ကို ချမ်းသာလှ၏။
စိတ်ဝိဉာဉ်ပုံဆောင်ခဲ သောင်းပေါင်းများစွာတို့ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။ ဒီခရီးစဉ်က တော်တော်လေး ထိုက်တန်၏။
"ပစ္စည်းတွေ အကုန်ထုတ်ပေး.."
ရွှီယန်က အေးစက်စွာ အမိန့်ပေးသည်။ ဝတ်စုံနက်၏ မျက်လုံးများက အကြောက်တရားနှင့် ဒေါသတို့ ပြည့်နက်သွား၏။
"မင်းက နတ်ဆိုးကျင့်ကြံသူ တစ်ယောက်လား.."
ဒီကောင်သည် သူတို့ကို စုလင်းရှုံ၏ တည်နေရာအား သိသည်ဟုဆိုကာ အမှန်တကယ်တွင် လုယက်သတ်ဖြတ်ရန်အတွက် စီစဉ်ထားတာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ နတ်ဆိုးဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်၏။
သိုင်းသမားများစွာတို့ဟာ ယခုကဲ့သို့သော လုယက်မှုမျိုးကို လုယက်ကြပေမဲ့ နတ်ဆိုးဂိုဏ်းသားများ သာလျှင် အလွန်ရက်စက်စွာ ပြုမူကြပေလိမ့်မည်။
"ဘာကို နတ်ဆိုးဂိုဏ်းလဲ။ မဟုတ်တာ မပြောနဲ့... မင်းပစ္စည်းတွေကိုပေးရင် ငါမင်းကို ချမ်းသာပေးမယ်.."
ရွှီယန်က အေးစက်စွာ ပြောသည်။
"ကောင်းပြီ.."
ဝတ်စုံနက်က သူ၏ပိုင်ဆိုင်မှု အားလုံးတို့ကို ပေး၏။ နောက်ထပ် စိတ်ဝိဉာဥ်ပုံဆောင်ခဲ ၁သောင်းကျော်တို့ကို ရရှိလာခဲ့သည်။
ထိုပုံကိုတွေ့ရပြီးနောက် ရွှီယန်က ဒေါသတကြီးပြော၏။
"အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်ကရော ဘယ်မှာလဲ...မင်းတို့ကောင်တွေ ငါ့ကို အဆင့်၇စိတ်ဝိဉာဉ်ဆေးပင် ဆုကြေးကို ပေးဖို့ စိတ်မကူးထားဘူးလား.."
ဝတ်စုံနက်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။ "အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်က ဝူရွှမ်းစံအိမ်မှာ။ လူကိုဖမ်းမိရင် ဝူရွှမ်းစံအိမ်မှာ သွားထုတ်လို့ရတယ်.."
ရွှီယန်က ရှေ့သို့တက်သည်။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြော၏။
"မင်းမျက်နှာဖုံးကို ချွတ်လိုက်။ မျက်နှာဖုံးနောက်မှာ ပုန်းအောင်းနေတဲ့ လူတစ်ယောက်ကို သိုင်းသခင်အစစ်လို့ မခေါ်ဆိုထိုက်ဘူး.."
ဝတ်စုံနက်နှင့်လူ၏ မျက်လုံးများက အေးစက်သွားသည်။ သို့ပေမယ့် သူက ပိုမို အားနည်းသူ ဖြစ်၏။ ယခုအချိန်၌ နာခံစွာဖြင့်သာ မျက်နှာဖုံးကို ဖယ်ရှားရသည်။