အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်နှင့် ငှားရမ်းခြင်း
Vol. 13 Ch. 184
အစေခံမလေးက အသက်ကို နက်ရှိုင်းစွာရှူပြီးနောက် ယဉ်ကျေးစွာ ပြုံးလျက်နှင့် ဆက်လက်ပြောသည်။
"သခင်လေး... ဝမ်းနည်းပါတယ်ရှင့်။ ကျွန်မတို့ ထယ်ရှန်းမြို့ရဲ့ ထန်းပေါင်စံအိမ်ခွဲမှာ သိုလှောင်အိတ်တွေ မရောင်းပါဘူး.."
သတင်းကို ကြားရပြီးနောက် မုန့်ချုံ၏ပုံက စိတ်ပျက်သွားသည်။ ထို့နောက် မေး၏။
"ငါစိတ်ဝိဉာဉ်ဆေးပင်တွေ ဝယ်ချင်တယ်။ နင်တို့ဒီမှာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ရှိလား.."
အစေခံမလေး၏ အပြုံးက အေးခဲသွား၏။ သူမသည် မုန့်ချုံကို သံသယဖြင့် ကြည့်သည်။ အဘယ်ကြောင့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ကို ချက်ချင်း မေးလာရသနည်း။
"ကျွန်မတို့မှာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်လည်း မရှိပါဘူး သခင်လေး.."
သူမက ဖြေကြားသည်။
မုန့်ချုံ၏ပုံစံက ပိုမိုကာပင် စိတ်ပျက်သွား၏။ဆက်လက် မေးလေသည်။
"အဲ့ဒါဆိုရင် အဆင့်၇ဆေးပင်ရော.."
အစေခံမလေး၏ အတုအယောင်အပြုံးက ပိုမိုကာပင် တောင့်တင်းလာခဲ့၏။ သူမသည် မကြာသေးခင်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့ကိုထုတ်ကာ အဆင့်အမြင့်ဆုံး စိတ်ဝိဉာဉ်ဆေးပင်ကို ဝယ်ယူလိုသည့် လူငယ်အား ပြန်လည် တွေးမိလိုက်သည်။
ဖြစ်နိုင်သည်မှာ ဒီတစ်ယောက်လည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခုနှင့် ရောက်လာခဲ့သည်လား။
"ဝမ်းနည်းပါတယ် သခင်လေး... ကျွန်မတို့မှာ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်လည်း မရှိပါဘူး.."
သူမက ဖြေကြား၏။
ထယ်ရှန်းမြို့တွင် တစ်နှစ်အတွင်း၌ အဆင့်၉ထက် ပိုမိုမြင့်မားသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူသူ အများကြီး မရှိပါ။ အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်များ ပင်လျှင် ဝယ်ယူသူ အများကြီးမရှိပေ။ အလွန်ဆုံး ထယ်ရှန်းမြို့ရှိ ရေရှည်တည်မြဲသည့် အင်အားစု အနည်းငယ်သာလျှင် ဝယ်ယူနိုင်ကြသည်။
သာမန်သိုင်းသမားများ အနေနှင့် တတ်နိုင်ခြင်း မရှိပေ။ တတ်နိုင်သည့် လူများမှာလည်း အနိမ့်ဆုံး အဆင့်များကိုသာ ဝယ်ယူရန် တတ်နိုင်ကြသည်။ ထို့ကြောင့် အနိမ့်ဆုံး စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူမည့်အစား ကျိုချက်ထားသည့် ဆေးများ သို့မဟုတ် ဆေးလုံးများကို ဝယ်ယူပါက ပိုမိုကာ အာနိသင် ကောင်းပါသည်။
ဒီအတောအတွင်းတွင်တော့ သူမသည် အဆင့်၆နှင့် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်များကို မေးမြန်းသည့် လူနှစ်ယောက်တို့အား ကြုံတွေ့ခဲ့ရလေသည်။
"အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်တောင် မရှိဘူးလား.."
မုန့်ချုံက မျက်မှောင်ကျုံ့သွား၏။ ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်မှာ အမှန်တကယ်ပင် မယ်မယ်ရရ မရှိသည့် ဆိုင်ခွဲတစ်ခုသာ ဖြစ်သည်။
သို့ပေမယ့် ဤသည်မှာ ထယ်ရှန်းမြို့၏ သေးငယ်သည့် အရွယ်အစားကြောင့် ဖြစ်ပေလိမ့်မည်။ သူက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့ကိုထုတ်ကာ ကောင်တာပေါ်တွင် တင်လိုက်သည်။
"ငါ့ကိုပြော... ဒါတွေနဲ့ စိတ်ဝိဉာဉ်ဆေးပင် ဘယ်လောက်ကို ဝယ်ယူလို့ရလဲ.."
မေးမြန်း၏။
အစေခံမလေး၏ ပါးရှိ ကြွက်သားများက တွန့်ကွေးသွားသည်။ စကားပြောဆိုပုံနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့သည် အလွန်ရင်းနှီးနေရာ သူမအနေနှင့် ဒီလူနှစ်ယောက်ကို တူညီသည့်ရွာမှ ဖြစ်မည်ဟု သေချာသွားခဲ့သည်။
"သခင်လေး... စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုနဲ့ ရေစိတ်ဝိဉာဉ်မြက်တစ်ခုနဲ့ အရိုးသန်စွမ်းခြင်းပန်း တစ်ခုတို့ကိုပဲ ဝယ်ယူလို့ ရပါမယ်။ ရေစိတ်ဝိဉာဉ်မြက်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ၃ခု ကျပြီးတော့ အရိုးသန်စွမ်းခြင်း ပန်းကတော့ ၅ခုကျပါတယ်.."
သူမက ဖြေကြား၏။
မုန့်ချုံ၏ ပုံက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲများသည် အသုံးမြန်လှ၏။
"ရွှေနဲ့ရော ပေးလို့ရလား... ရွှေ၁၀ဝလျှံနဲ့ဆိုရင် ဘယ်လောက်ဝယ်လို့ရလဲ.."
မုန့်ချုံက စဉ်းစားပြီးနောက် မေးသည်။
သူသာ ပစ္စည်းများကို ရွှေနှင့် ဝယ်ယူနိုင်ပါက ငွေကြေးပြတ်မည်ကို စိတ်ပူစရာ မလိုတော့ပေ။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဝူက သူ့ကို ရွှေတစ်မီလီယံအား အကြွေးတင်ထား၏။
အစေခံမလေးက နေရခက်စွာ ပြုံးရင်းက ဝန်ခံစွာပြောသည်။
"ဝမ်းနည်းပါတယ်... ကျွန်မတို့ ထန်းပေါင်စံအိမ်မှာ ရွှေတွေကို လက်မခံပါဘူး.."
သူမက ခဏတာ ရပ်တန့်သွား၏။ တစ်ခုခုကို တွေးမိလိုက်ပုံ ပေါ်သည်။
"ရွှေသုံးမယ်ဆိုရင်တော့ သာမန် သိုင်းပညာကျင့်စဉ်တွေ ဝယ်လို့ ရပါမယ်။ တစ်ခန်းကို ရွှေ၁၀၀လျှံပါ.."
ထယ်ရှန်းမြို့သည် ဝေးလံခေါင်သီပြီး သိုင်းပညာထွန်းကားခြင်း မရှိပေ။ ထန်းပေါင်စံအိမ်မှ ရောင်းချသည့် သိုင်းပညာများမှာ အလွန် သာမန်ဆန်သည့် သိုင်းပညာများသာ ဖြစ်၏။
သို့ပေမယ့် ပုံမှန်လူများ အတွက်မူ ၎င်းတို့မှာ အဖိုးထိုက်တန်လှသည်။ သာမန်လူများတွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရရှိတာ အလွန်ရှား၏။ ထို့ကြောင့် ရွှေဖြင့် ရောင်းချနိုင်သည့် ကျင့်စဉ်အချို့အား ဒီနေရာတွင် ရောင်းချပါသည်။
ထန်းပေါင်စံအိမ်တွင် ၎င်းတို့မှာ တစ်ခုတည်းသော ရွှေဖြင့်ဝယ်နိုင်သည့် ပစ္စည်းများလည်း ဖြစ်၏။
မုန့်ချုံက အံ့သြသွားသည်။ ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲများက တကယ့်ကို အသုံးမခံပေ။ သူသည် အလွန် ဆင်းရဲလွန်းလှ၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲများအား ရရှိမည့် လမ်းကြောင်းတစ်ခုကို ရှာဖွေရန် လိုအပ်နေပါပြီ။
"ကျွန်တော့်ကို အရိုးသန်မာခြင်းပန်း တစ်ခုပေး.."
မုန့်ချုံက သူ၏ တောင်းဆိုချက်ကို ပြု၏။
"ကောင်းပါပြီ။ သခင်လေး... ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ.."
အစေခံမလေးက နောက်သို့လှည့်ကာ ကောင်တာနောက်ရှိ စင်တစ်ခုဆီသို့ သွားသည်။ အခန်းတစ်ခန်းကို ဆွဲဖွင့်လိုက်ပြီး ကောင်းမွန်စွာ ချိတ်ပိတ်ထားသည့် စိတ်ဝိဉာဉ်အပင်- အရိုးသန်မာခြင်းပန်း တစ်ခုကို ထုတ်ယူလိုက်၏။
"ကျေးဇူးပြုပြီး ဂရုစိုက်ပါ သခင်လေး.."
မုန့်ချုံက အရိုးသန်မာခြင်းပန်းကို ယူလိုက်၏။ သူ၏ နှလုံးသားအား လုယက်ခံရသကဲ့သို့ ခံစားနေရသည်။
ပိုင်ဆိုင်မှုအားလုံးဖြစ်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့သည် ဒီဆေးပင်လေး တစ်ခုကိုသာ ဝယ်ယူနိုင်သည်လား။
ထန်းပေါင်စံအိမ်မှ ထွက်ခွာပြီးနောက် သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို မည်ကဲ့သို့ ရရှိနိုင်မည်အား စတင်စဉ်းစားသည်။
ဒီအရိုးသန်မာခြင်းပန်းကို ဂျူနီယာညီမလေးအား လက်ဆောင်အဖြစ် ပေးရပေမည်။ သူမသည် ရွှေအရိုးအဆင့်တွင် ရှိနေပြီး ထာဝရစိမ်းလန်းခြင်း အရိုးကို ကျင့်ကြံရန် ကြိုးစားနေ၏။ ဤသည်က လွယ်ကူမည် မဟုတ်ပေ။
"ဒီအရိုးသန်မာခြင်းပန်းနဲ့ဆိုရင် သူမရဲ့ အရိုးသန့်စင်မှုမှာ အားဖြည့်ပေးနိုင်မယ့် ဒန်ဆေးကို သန့်စင်လို့ရပြီ.."
သူက စဉ်းစားသည်။ ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံသည် ထယ်ရှန်းမြို့မှ ထွက်ခွာပြီး ယွင်ရှန်းမြို့ဆီသို့ ပြန်ကာ စုလင်းရှုံအား အရိုးသန်မာခြင်း ပန်းပွင့်ကို ပေးရန် ပြင်ဆင်၏။
သို့ရာတွင် ယွင်ရှန်းမြို့မှ ထွက်ခွာလိုက်သည်နှင့် သူ၏ နောက်မှ တစ်ယောက်ယောက် လိုက်လာကြောင်းကို နားလည်လိုက်သည်။ သူ၏ မျက်ခုံးများက မြင့်တက်သွားပြီး လက်ထဲရှိ အရိုးသန်မာခြင်းပန်းပွင့်ကို ကြည့်၏။
"ငါက တော်တော်လေး သတိမဲ့တာပဲ။ ဒါကို ကွယ်ထားဖို့တောင် မေ့သွားခဲ့တယ်။ တစ်ယောက်ယောက်ကိုများ ဆွဲဆောင်လိုက်မိတာလား။ အဲ့ဒီ့လူမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေများ ရှိမလား မသိဘူး.."
ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွားသည်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရရှိနိုင်မည့် နည်းလမ်းတစ်ခုကို တွေ့ရှိလိုက်၏။
နောက်ယောင်ခံလိုက်သူအား သတိမထားမိဟန်ဆောင်ပြီး အသာ ဆက်လက်လျှောက်သွား၏။
"လူငယ်... ငါ့မှာမင်းကို တောင်းဆိုစရာတစ်ခု ရှိလို့ပါ.."
ထယ်ရှန်းမြို့မှ ထွက်ခွာပြီးနောက် သူသည် သေးငယ်သည့် လမ်းကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက် လူတစ်ယောက်က ခုန်ထွက်လာခဲ့၏။
မုန့်ချုံက ရောက်ရှိလာသူကို ကြည့်သည်။ တစ်ဖက်လူ၏ပုံမှာ သေသပ်သည့် စာပေသမားတစ်ယောက်
ဖြစ်ဟန်ရှိ၏။
သို့ပေမယ့် မျက်နှာက ဖြူရော်ကာ သိသာစွာပင် ဒဏ်ရာရထားပါသည်။ ထို့အပြင် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။
'အရိုးသန်မာခြင်းပန်းပွင့်က သိုင်းသခင်တစ်ယောက် ငါ့ကို ပစ်မှတ်ထားရလောက်အောင် မရှားပါးဘူး မလား။ ပြီးတော့ ဒီလောက်ခေါင်သီတဲ့ ထယ်ရှန်းမြို့မှာ သိုင်းသခင်တစ်ယောက်က ဘာလုပ်နေတာလဲ..'
မုန့်ချုံက ပဟေဠိဖြစ်သွားသည်။
"ခင်ဗျားက ဘာလိုလို့လဲ... ကျုပ်ရဲ့ အရိုးသန်မာခြင်းပန်းပွင့်ကို မျက်စိကျနေတယ်လို့တော့ မပြောနဲ့နော်.."
မုန့်ချုံက သွားဖြဲကာ ရယ်ရင်းက မေးသည်။
မုန့်ချုံ၏ မျက်နှာပေါ်ရှိ ကျယ်ပြောသည့် အပြုံးကို တွေ့ရပြီးနောက် မုန့်ရှူရှူသည် ရုတ်တရက် နောင်တရစွာ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ပြုံးနေပေမယ့် မျက်လုံးများက ပိုမို ကြမ်းကြုတ်လာသောကြောင့် ဖြစ်၏။
သားရဲရိုင်းတစ်ကောင် အချိန်မရွေး တိုက်ခိုက်တော့မည့်နှယ် ရှိနေပါသည်။ သူသည် ဒီလူကို မရွေးချယ်ခဲ့သင့်ပေ။
သို့ပေမယ့် ယခုအချိန်၌ နောက်ပြန်လှည့်ရန် လမ်းမရှိပါ။ ထို့အပြင် အခြားသင့်တော်သည့် လူကိုလည်း စဉ်းစားနိုင်ခြင်း မရှိပေ။
သူက အသက်ကို နက်ရှိုင်းစွာရှူပြီး သိုင်းသခင်တစ်ယောက်၏ အငွေ့အသက်ကို ထုတ်ဖော်ပြ၏။
"မင်းနားလည်ဖို့ လိုအပ်နေပြီ။ ငါက တကယ်ပဲ အကူအညီတောင်းစရာ ရှိလို့ပါ.."
မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွား၏။ ထိုသို့ဆိုပါက တစ်ဖက်လူသည် သူ့ကို လုယက်ရန် မဟုတ်ပေဘူးလား။
"ခင်ဗျားက ဘာအကူအညီလိုလို့လဲ.."
သူ၏ သိုင်းသခင်အဆင့် အငွေ့အသက်ကို ထုတ်ဖော်ပြီးနောက် မုန့်ချုံ၏ မထူမခြားနားစွာ ရှိနေသေးသည့် အသွင်အပြင်ကို တွေ့ရပြီးနောက် မုန့်ရှူရှူသည် ပိုမိုကာပင် နောင်တရလာခဲ့သည်။ သူ့ကိုယ်သူ မှားယွင်းသည့်လူအား ရွေးချယ်မိသည်ဟု ခံစားရ၏။
"အခြေအနေက ဒီလိုပါ... ငါ့မှာ ချင်းလင်မြို့မှာ ရှိတဲ့ထန်းပေါင်စံအိမ်မှာ သိုလှောင်ထားတဲ့ ပစ္စည်းတစ်ခုရှိတယ်။ အဲ့ဒါကို ထုတ်ပေးဖို့ မင်းကိုငှားချင်လို့။ မင်းကောင်းကောင်း ဆုကြေးရမှာပါ.."
သူက နောက်ဆုံးတွင် အားတင်းကာ အကြောင်းအရာကို ပြော၏။
"ချင်းလင်မြို့လား.."
မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ ထိုမြို့သည် မည်သည့်နေရာ၌ ရှိသနည်း။
"ငါ့အတွက် ဆုကြေးက ဘယ်လောက်မို့လို့လဲ.."
မုန့်ရှူရှူက လက်တစ်ချောင်းကို ထောင်ပြသည်။
"အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်.."
"တကယ်လား.."
မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွား၏။ အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်မှာ အမှန်တကယ်ကို အဖိုး ထိုက်တန်လှပါသည်။