တောင်းပန်ပါ ... ။
Vol. 38 Ch. 447
အချိန်အတော်ကြာပြီးနောက်၊
“ ဆရာ ... တပည့်မလုပ်ချင်ဘူး။ ”
-ဟု ပြောကြားလာ၏။
စုရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ တပည့် ငယ်စဉ်ကတည်းက ဆရာရဲ့အနားမှာ ကြီးပြင်းလာခဲ့တာပါ ဆရာက ဖခင်တစ်ယောက်လိုပါပဲ တာအိုလမ်းကို ရှာရတာထက်စာရင် ဆရာ့ကို အစေခံရတာ ပိုသဘောကျတယ် ...
... ဒါက ဆရာ့အတွက် နိမ့်ကျတဲ့ လူတစ်ယောက် ဖြစ်ကောင်း ... ဖြစ်နိုင်ပေမယ့် တပည့်အတွက် ပန်းတိုင်ပါပဲ။ ”
စုရီက ခဏမျှ ငြိမ်သက်သွားပြီး သက်ပြင်းချကာ ‘ကောင်းပြီ’-ဟု ပြောလိုက်၏။ ရွှမ်နင်မှ စိုးရိမ်လာကာ၊
“ ဆရာ ... စိတ်ပျက်နေပြီလား။ ”
-ဟု မေးသည်။ စုရီက ခေါင်းရမ်းလိုက်၏။
“ လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေ ရှိတယ် ... ငါမင်းကို အတင်းအကျပ်ခိုင်းစေမှာ မဟုတ်ဘူး။ ”
***
မနက်လင်းသည်နှင့် နံနက်စာ စားသုံးနေသော စုရီတို့ကိုကြည့်ကာ ကောချင်မှ စိတ်ရှုပ်ထွေးနေခဲ့သည်။
“ အဘိုးကြီး ဒါဆိုမနေ့ညက ငါတို့ကို ကယ်ခဲ့တာ စုရီပေါ့။ ”
( တာအိုစုက ... ငါတို့ရဲ့ ကယ်တင်ရှင်ပဲ အခုကစပြီး မင်းလေးလေးစားစား ပြောဆိုပါ မနေ့ညက ငါဒဏ်ရာ အပြင်းအထန်ရခဲ့တယ် ခဏလောက် အနားယူဖို့လိုတယ် မင်း မေးစရာတွေရှိရင် ကျေးဇူးပြုပြီး ...
... ငါနိုးလာတဲ့အထိ စောင့်ပါ ... ဒါနဲ့ စကြာဝဠာကျွန်းကိုသွားတဲ့အခါ တာအိုစုနောက် မင်းလိုက်သွားပါ။ )
ထိုစကားကို မှာကြားပြီးနောက် ရွှမ်နင်အသံတိတ်ဆိတ်သွား၏။ ကောချင်မှ ဆက်သွယ်သော်လည်း တုန့်ပြန်ခြင်း မပြုတော့ချေ။
“ မင်း မပြောပေမယ့် ... မနေ့ညက အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်ဆိုတာ သေချာတယ် အဖိုးကြီး။ ”
ကောချင်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ခဏအကြာတွင် အသက် ပြင်းပြင်းရှူကာ မတ်တပ်ထရပ်လျက် စုရီကို လေးလေးနက်နက် ဦးညွှတ်ပြီး၊
“ သခင်လေးစု၊ ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု စကားဆိုလိုက်သည်။
စုရီက ကောချင်ထံပြန်ကြည့်ကာ၊
“ မင်း ဗိုက်ဆာနေလား။ ”
ကောချင်မှ ခေါင်းယမ်းသည်။
“ စကြာဝဠာကျွန်းကို သွားရင် မင်းလိုက်မှာလား။ ”
“ အင်း ... ။ ”
ကောချင်က အမြန်ခေါင်းညိတ်ပြပြီး သတိကြီးစွာပြုမူ၏။ ယွီရှစ်ချန်က အနည်းငယ် ထူးဆန်းသွားသလို ခံစားလိုက်ရသည်။
ဤကောချင်သည် အစ်ကိုစုအပေါ် ကြောင်တစ်ကောင်ကို ကြောက်ရွံ့နေသော ကြွက်လို ပြုမူနေ၏။
“ ဒါဆို သွားကြရအောင် ... ။ ”
စုရီက မတ်တပ်ထရပ်ပြီး ခြံဝင်းထဲမှ လှမ်းထွက်လာသည်။ ယွီရှစ်ချန်သည် ဘေးမှ လိုက်ပါလာ၏။ နောက်ဆုံးတွင် ကောချင်ဖြစ်သည်။
“ သခင်လေးစု ... ။ ”
မိုးပြာခြံဝင်းအပြင်တွင် အဖိုးကြီးဝမ်လျူသည် အဖိုးတန်ရထားလုံးကို မောင်းနှင်ပြီး စောင့်ဆိုင်းနေ၏။
သူတို့ ထွက်လာသည်ကို မြင်ချိန်၌ နှုတ်ဆက်ကာ တံခါးဆင်းဖွင့်ပေးသည်။ စုရီက ခေါင်းညိတ်လျက် ယွီရှစ်ချန်နှင့်အတူ လှမ်းတက်လိုက်၏။
ကောချင်မှ အံ့သြသွားခဲ့သည်။ ဝမ်လျူ၏အဆင့်အတန်းကို တာအိုဆွေးနွေးပွဲ၌ သူ မြင်ထားသည်။
ထိုသို့သော် ဝိညာဉ်ထင်ရှားခြင်းအဆင့် တော်ဝင်မိသားစုအစေခံသည် စုရီထံ အစေခံ နေခဲ့၏။
ဧကရာဇ်ရှ၏ နှလုံးသားထဲတွင် စုရီဟူသည်မည်မျှမြင့်မားပြီး အရေးကြီးသည်ကို မြင်တွေ့နိုင်မည်။
“ မိတ်ဆွေလေး ကျေးဇူးပြုပြီးဝင်ပါ။ ”
ဝမ်လျူမှ ပြုံးပြပြီး ကောချင်ကို ဖိတ်ခေါ်သည်။ မနေ့ညက ဤလူငယ်ကြောင့် နတ်ဆိုးဟွမ်မျိုးရိုး၏ တည်းခိုဆောင်သို့ စုရီဝင်ရောက်ခဲ့သည်ကို သူ သိ၏။
သည်အရာသည် ကောချင်နှင့် ရင်ဆိုင်သောအခါ လျစ်လျူမရှုဝံ့တော့သည်မှာ သဘာဝပေပင်။
“ ကျေးဇူးတင်ပါတယ်။ ”
***
ကောင်းကင်တောင်တန်း ရှေးဟောင်း ဘုံကျောင်းတစ်ခုတွင် လူအများ စုဝေးနေသည်။ ယနေ့သည် စကြာဝဠာကျွန်းသို့ သွားရောင်မည့် တည်နေရာရွေ့ပြောင်း အစီရင် ဖွင့်ပေမည်။
ကျန်းဖူ၊ ချီကျန့်စု၊ ချန်လု၊ လီဟန်ထောင်၊ ကုချန်နင်နှင့် အခြားသော လူငယ်များအားလုံး ရောက်ရှိနေ၏။ အဆင့် (၃၀)အတွင်း ဝင်ရောက်သူများ ပေပင်။
“ ကြားပြီးပြီလား ... မနေ့ညက နတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ တည်ခိုဆောင်ကို ဝင်ပြီး တစ်ယောက်ယောက် ဝိညာဉ်ထင်ရှားခြင်း အဆင့် အစောင့်တွေကို သတ်သွားတာ ... ။ ”
မနေ့ညက သတင်းကို တော်ဝင်မိသားစုမှ ပိတ်ပင်ထားသော်လည်း နောက်ခံကောင်းသည့် လူငယ်များအတွက် သဘာဝအတိုင်း သိနိုင်ဆဲဖြစ်သည်။
“ ငါလည်း ဒီအကြောင်းကြားတယ် လူတော်တော်များများက ဒီဖြစ်ရပ်အပေါ် စုရီလို့ သံသယရှိနေတယ်။ ”
ငွေရောင် ၀တ်စုံဝတ် လူငယ်တစ်ဦးမှ ဝင်ရောက်ပြောကြားလာ၏။ ထက်မြက်သော မျက်ခုံးမွှေးနှင့် တောက်ပသော မျက်လုံးများရှိသည်။
လီဟန်ထောင်ဖြစ်၏။ ချင်းရီတာအိုဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များအနက် အသန်မာဆုံး ထိပ်တန်း ပုဂ္ဂိုလ်ပေပင်။
ကြယ်စုစည်းခြင်းအဆင့်၌ ပြီးပြည့်စုံမှု ရရှိထားသည်။ တာအိုဆွေးနွေးပွဲတွင် အဆင့်ငါး ဖြစ်၏။
သူ့စကားကြောင့် လေထုမှာ တုန်လှုပ်သွားသည်။ စုရီနှင့် နတ်ဆိုးဟွမ်မျိုးရိုး ရန်ငြိုးကို ဤနေရာရှိ လူတိုင်းသိထား၏။
ထို့ကြောင့် မနေ့ညက အသေအပျောက် ဖြစ်စဉ်များသည် စုရီနှင့် ဆက်စပ်နေသည်ဟု သံသယဖြစ်ကြသည်မှာ သဘာဝပေပင်။
“ ဘာပဲဖြစ်ဖြစ် နတ်ဆိုးဟွမ်မျိုးရိုးက ဒီတစ်ကြိမ်တော့ မျက်နှာပျက်ရပြီ ဒီဆုံးရှုံးမှု အတွက် ... သူတို့ပြန်လာနိုင်မလားဆိုတာ ငါသိချင်တယ်။ ”
ဖီးနစ်အင်္ကျီဝတ်ထားသည့် လူငယ်တစ်ဦးသည် စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ဆွေးနွေးလာ၏။
“ မင်း ... အရိုင်းအစိုင်းကောင် ငါ့ဟွမ်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုများ ဖျက်စီးဝံ့သလဲ ... ဟမ့် ။ ”
သူ့စကားဆုံးသည်နှင့် ရုတ်တရက် အေးစက်ပြီး လွှမ်းမိုးကြီးစိုးနိုင်လွန်းလှသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်းမျှော်ကြည့်သောအခါတွင် ခရမ်းရောင်ဆံပင်၊ ရွှေသရဖူနှင့် လျှောက်လှမ်း လာနေသည့်ဟွမ်ရှောင်ယုကို မြင်လိုက်ရသည်။
သူ့ရောင်ဝါသည် ယခင်ထက် ပိုမိုအားကောင်းနေသဖြင့် လူတိုင်းအနည်းငယ် ထိတ်လန့်ကုန်တော့၏။
ဟွမ်ရှောင်ယူက ဖီးနစ်ဝတ်ရုံဝတ် လူငယ်ရှေ့သို့ လျှောက်လှမ်းလာနေသဖြင့် ထိုလူငယ်မှ အမူအရာ ပြောင်းသွားသည်။
“ ဟွမ်ရှောင်ယု၊ မင်း ဘာလုပ်ချင်တာလဲ။ ”
သူ့အသံသည် အနည်းငယ် တင်းမာနေချေပြီ။ ဤသည်မှာ တော်ဝင်မိသားစု နယ်မြေဖြစ်သော်လည်း တစ်ဖက်လူသည် ဂရုစိုက်ခြင်းမရှိချေ။ ကြီးစိုးပြနေ၏။
“ မင်းမသေချင်ရင် တောင်းပန်ပါ။
ထိုစကားကြောင့် ဖီးနစ်၀တ်စုံဝတ် လူငယ်ခမျာ မျက်နှာ မည်းမှောင်သွားတော့၏။ သူ့အမည်မှာ လဲ့ကွမ်ဟန်ဖြစ်သည်။
တော်ဝင်မြို့တော်ရှိ အဓိကမျိုးနွယ်စု သုံးခုအနက်မှ လဲ့မိသားစု၏ တိုက်ရိုက်မျိုးဆက် ပေပင်။ လဲ့မိသားစု၏ မျိုးဆက်သစ်လူငယ်များ အတွင်း အသန်မာဆုံးအဖြစ် လူသိများပြီး တာအိုဆွေးနွေးပွဲ၌ အဆင့်(၁၆)ရရှိထား၏။
သို့သော် ဟွမ်ရှောင်ယုနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ပါးပြင်များနီမြန်းလာပြီး မသေချာမရေရာ ဖြစ်လာတော့သည်။
“ မြန်မြန်လုပ်ပါ ... ။ ”
“ ငါမှားသွားတယ် မင်းမျိုးရိုးကို မကောင်းကြောင်း ... ငါ မပြောသင့်ဘူး။ ”
အဆုံးတွင် လီကွမ်ဟန်သည် အံကြိတ်လျက် လက်သီးများ ကျစ်ကျစ်ဆုပ်ကာ ခေါင်းငုံ့လိုက်ရ တော့သည်။
“ ဘယ်လိုတောင် သနားစရာ ကောင်းလိုက်လဲ။ ”
ထိုအသွင်ကြောင့် ဟွမ်ရှောင်ယုမှ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး လူအုပ်အတွင်း ဝေ့ကြည့်ကာ ဝမ်ရှင်းကျောက်ထံ၌ ရပ်သွား၏။
“ မိန်းကလေး ရှင်းကျောက်၊ ငါတို့ ပြန်ဆုံကြပြီ။ ”
ဤအပြုအမူသည် လူတိုင်းအပေါ် အံ့ဩသွားစေသည်။ ဟွမ်ရှောင်ယုသည် စုရီ၏ ရိုက်နှက်မှုခံရပြီးနောက် နိမ့်ကျသောပုံရိပ်မျိုး ထိန်းသိမ်းထားသင့်သည် မဟုတ်လော။
ဝမ်ရှင်းကျောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ထံလျှောက်လှမ်းလာ နေသော ဟွမ်ရှောင်ယုကို လျစ်လျူရှုထား လိုက်သည်။
“ ဝမ်ရှင်းကျောက်၊ မင်းငါ့လက်ကနေ မလွတ်မြောက်နိုင်ပါဘူး ... လျှို့ဝှက်နယ်မြေကို ရောက်တာနဲ့ စုရီက မင်းအပေါ် အကာအကွယ် ပေးနိုင်တော့မှာ မဟုတ်ဘူး။ ”
သူ့အသံတွင် ပိုင်ဆိုင်လိုသော အသွင်ဆောင်သည့် ရမ္မက်တစ်ခု ပါရှိနေ၏။ ထိုအကြည့်နှင့် လေသံသည် ဝမ်ရှင်းကျောက်ကို မသက်မသာ ဖြစ်စေခဲ့သည်။
ထို့ကြောင့် ဝမ်ရှင်းကျောက်မှ ဒေါသထွက်လာပြီး တုန့်ပြန်တော့မည့် အချိန်၌ မျက်ဝန်းထောင့်မှ တစ်စုံတစ်ရာကို သတိထားမိ သဖြင့် ချက်ချင်းမော့ကြည့်လိုက်သည်။
လူတိုင်းသည်လည်း သူမနှင့်အတူ ဦးတည်ရာတစ်ရပ်ထံ လိုက်ပါကြည့်ရှုတော့၏။ ကောင်းကင်၏ အလင်းရောင်အောက်တွင် ဤအရပ်ထံသို့ ချဉ်းကပ်လာနေသည့် လူရိပ်သုံးရိပ်ကို မြင်လိုက်ရချေပြီ။
ဦးဆောင်သူသည် ကျောက်စိမ်းရောင် ဝတ်ရုံဖြင့် လက်နှစ်ဖက်နောက်ပို့ကာ တည်ငြိမ် ပြေပြစ်သောအသွင်မျိုးကို ပြသထားသည်။
သူ့ဘေးတွင် ဆွတ်ဆွတ်ဖြူနေသော အင်္ကျီရှည်နှင့် ဓားလွယ်ထားသော အမျိုးသမီး တစ်ဦး လိုက်ပါလာ၏။
တစ်ဖက်တွင် အဝါရောင်ဖျင်ကြမ်း တာအိုဝတ်လုံကို ၀တ်ဆင်ထားသည့် ကောချင် လိုက်ပါနေသည်။
အဝေးမှ စုရီကို မြင်လိုက်ရသည်နှင့် ဟွမ်ရှောင်ယု၏ နှလုံးသားထဲတွင် နက်နဲသော မုန်းတီးမှုများ ရုန်းကြွလာသည်။
မျက်နှာပေါ်ရှိ အပြုံးများသည်လည်း အေးစက်သော အကြည့်အဖြစ်သို့ ပြောင်းလဲ သွားတော့၏။
လူတိုင်း၏ အကြည့်အောက်တွင် ကောင်းကင်နှင့်မြေကြား အပန်းဖြေနေသကဲ့သို့ လျှောက်လှမ်းလာပြီး ဟွမ်ရှောင်ယုရှေ့တွင် ရပ်လိုက်သည်။
ဟွမ်ရှောင်ယုတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သူ့ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့် မြင်ကွင်းများ ပြန်ပေါ်လာ၏။
ဤအရာသည် နှလုံးသားနတ်ဆိုး ဖြစ်လာနိုင်မည်။ စုရီအပေါ် မဖြေရှင်းနိုင်သော် သူ့အနာဂါတ်သည် အကန့်အသတ်ရှိနိုင်၏။
“ တောင်းပန်ပါ ... ။ ”
စုရီက ဟွမ်ရှောင်ယုနှင့် ခြေသုံးလှမ်း အကွာတွင် ရပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောကြားလိုက်လေသည်။
“ မင်း ... ။ ”
“ ထပ်ပြောရင် မင်းကို ငါသတ်မယ်။ ”
ဤသည်မှာ ဟွမ်ရှောင်ယုမှ လဲ့ကွမ်ဟန်အပေါ် ဆက်ဆံခဲ့သောမြင်ကွင်းနှင့် အလားသဏ္ဍန်တူနေ၏။
သို့သော် ဟွမ်ရှောင်ယုသည် လဲ့ကွမ်ဟန် မဟုတ်ချေ။ မှန်းဆမရသော အပြုအမူများနှင့် ကြမ်းကြုတ်သော နတ်ဆိုးဟွမ်မျိုးရိုးပေပင်။
***