လျှို့ဝှက်နယ်မြေ ... ။
Vol. 38 Ch. 449
ဧကရာဇ်ရှသည် ရိုးရှင်းသော၀တ်ရုံကို ၀တ်ဆင်ထားပြီး လက်နှစ်ဖက် နောက်ကျောသို့ ပို့ဆောင်လျက် တည်ငြိမ်စွာ လူအုပ်အပေါ် ဝေ့ကြည့်လိုက်သည်။
ဟွမ်ရှောင်ယု၊ ယန်ကျင်းယွင်နှင့် မိုရှင်ဇီကဲ့သို့သော အထိန်းအကွပ်မဲ့သူများပင် သူတို့ကိုယ်သူတို့ ချုပ်နှောင်ထားကြ၏။
ဤဘုံကျောင်း၏ အလယ်တွင် ဆယ်မီတာခန့်ကျယ်ဝန်းသော စက်ဝိုင်းသဏ္ဍန် အနက်ရောင်ပလ္လင်တစ်လုံးရှိသည်။
ပလ္လင်ပတ်လည်တွင် ထူးခြားသော ပုံသဏ္ဍာန်များ ရေးထွင်းထားသည့်ကျောက်တိုင် ကိုးတိုင်ရှိ၏။ အမြင့်မှာ ကိုးပေရှိပြီး တိမ်၊ ပန်း၊ ငှက်၊ အင်းဆက်၊ ငါး၊ နေ၊ လ၊ ကြယ်များ၊ ကောင်းကင်နှင့် မြေကြီးတို့ ရေးထွင်းထားသည်။
ဧကရာဇ်ရှက လူအုပ်ကြီးထံ ဝေ့ကြည့်ပြီးနောက် တည်နေရာရွေ့ပြောင်း အစီရင်ကို ဖွင့်ရန် အမိန့်ပေးသည်။
“ ဝှစ် ... ။ ”
ဝမ်လျူက ချက်ချင်းပင် ရှေ့သို့ လှမ်းတက်လာပြီး ဝင်္ကပါပြားကို ထုတ်ယူ အသက်သွင်းလိုက်တော့၏။
“ ဖရူး ... ။ ”
မထင်မရှား လှိုင်းလုံးကြီးတစ်ခု ကျောက်စာတိုင် ကိုးတိုင်ထံ ရိုက်ခတ်သွားပြီး တိတ်ဆိတ်ခြင်းမှ နိုးထလာချေပြီ။
မျက်နှာပြင်အပေါ် ဖုံးအုပ်ထားသည့် ရုပ်ပုံသဏ္ဍာန်များသည် တားမြစ်လှိုင်းများစွာကို အနက်ရောင်ပလ္လင်ထံ ပို့လွှတ်လာ၏။
ထို့နောက် ပလ္လင်တစ်ခုလုံး အလင်းရောင်များ တောက်ပလာပြီး အမှုန်များ မိုးမှုန်ကဲ့သို့ ရွာချပေးသည်။ တစ်ဆက်တည်း မှာပင် ဝိုးတဝါးနိုင်သော မုခ်ဦးပေါက်တစ်ခု ပေါ်လာ၏။
လူအချို့သည် ဤသို့သော တည်နေရာ ရွေ့ပြောင်းအစီရင်ကို ပထမဆုံး မြင်ခွင့်ရခြင်း ဖြစ်ရာ အံ့အားသင့်စွာ ကြည့်နေမိကြ၏။
ရှေးဟောင်း အကြွင်းအကျန် နတ်ဆိုးများသည်သာ ထူးထွေဆန်းပြားခြင်း မရှိတော့ချေ။
လွန်ခဲ့သော နှစ်ပေါင်း (၃)သောင်းက ထိပ်တန်းဂိုဏ်းကြီးများအားလုံးသည် နယ်မြေ အသီးသီးသို့ ဤနည်းဖြင့် ရွေ့ပြောင်းကုန်သည့် မြင်ကွင်းမျိုး မြင်ထားဖူး၏။
“ အားလုံး ကျေးဇူးပြုပြီး တက်ပါ။ ”
ဝမ်လျူက ကျယ်လောင်စွာ ပြောကြားလိုက်သည်။ တစ်ယောက်ပြီး တစ်ယောက် ပလ္လင်ပေါ် ပျံသန်းလာ၏။
“ သခင် ငါတို့သွားတော့မယ်။ ”
အဆုံးတွင် ယဇ်ပလ္လင်သည် တောက်ပသောအဆင်းကို ထုတ်လွှတ်လျက် ဝမ်လျူအပါအပင် လူတိုင်း ပျောက်ကွယ် သွားတော့သည်။ မူလစည်ကားနေသော အရပ်သည် ချက်ချင်း တိတ်ဆိတ်သွား၏။
“ လူဘယ်နှစ်ယောက် အသက်ရှင် ပြန်လာမလဲ မသိဘူး ... ။ ”
ဧကရာဇ်ရှက တိုးတိုးလေး ညည်းတွားလိုက်၏။ အခွင့်အလမ်းများနှင့် အန္တရာယ်ဟူသည် အမြဲဒွန်တွဲနေသည်။
ထူးထူးခြားခြား အခွင့်အလမ်းများ ဖြစ်သည်နှင့်အမျှ ကြောက်မက်ဖွယ် ကပ်ဘေး အမျိုးမျိုး အတူလိုက်ပါလာရန် အလားအလာ များလေသည်။
တစ်ဖက်တွင် အကြီးအကဲရွှေက၊
“ စကြာဝဠာကျွန်းကို သွားနေတဲ့ ဒီလူငယ်တွေထဲက ဘယ်သူများ အသက်ကယ် ဝှက်ဖဲတွေ မဆောင်ထားတာရှိမလဲ ...
... သူတို့အတွက် အန္တရာယ်ကနေ လွတ်မြောက်ဖို့ လုံလောက်တဲ့ ရတနာတွေ ယူဆောင်သွားမှာ သေချာပါတယ်။ ”
-ဟု တုန့်ပြန်သည်။
“ ဘာပဲဖြစ်ဖြစ် ... ကျွန်းကနေ ပြန်လာတဲ့အခါ သူတို့ထဲက အများစုဟာ ဝိညာဉ်တာအိုနယ်ပယ်ကို စတင်နေကြပြီ အဲဒီအချိန် ဒီကမ္ဘာပေါ်က ...
... ဝိညာဉ်တာအိုနယ်ပယ် မျိုးဆက်ဟောင်းတွေဟာ သူတို့နဲ့ ယှဉ်လို့ မရတော့ဘူးလို့ ထင်တယ် ...။ ”
ဧကရာဇ်ရှ အသံတွင် စိတ်ခံစားမှု အရိပ်အမြွက်များ ပါရှိနေသည်။ အချိန်များ ပြောင်းသွားပြီဖြစ်၏။ ယခု ဖြစ်ပျက်နေသည့် အရာများသည် အနည်းငယ်မျှသော အပြောင်းအလဲများသာပေပင်။
ရွှေခေတ် အမှန်တကယ် ရောက်ရှိလာသောအခါ ဤကမ္ဘာကြီးသည် လုံးဝပြောင်းလဲသွားမည်ဖြစ်၏။
“ သခင်၊ အဲဒီလိုတော့ မဟုတ်ဘူး ဖြန့်ကျက်ထားတဲ့ ငါတို့သတင်းစုံစမ်းမှုတွေရဲ့ အချက်အလက်တွေအရ မကြာသေးမီ ...
... ကာလတွေကမှ အလွန် အစွမ်းထက်လွန်းတဲ့ လူငယ်အချို့ အများကြီး ပေါ်လာတာ ငါတွေ့ခဲ့ရတယ် ...
... သူတို့က ... ဒီရှေးဟောင်း အကြွင်းအကျန်တွေထက် အရမ်းငယ်လွန်းပြီး လူတိုင်းဝိညာဉ်တာအိုနယ်ပယ်မှာ ရှိနေကြတယ် ...
... သူတို့တစ်ဦးချင်းစီက ယနေ့ခေတ် တူညီသောမျိုးဆက်အတွင်း ပြိုင်ဘက်ကင်းဖို့ လုံလောက်တဲ့ ခွန်အားတွေရှိနေပါတယ်။ ”
ထိုစကားကို ကြားချိန်၌ ဧကရာဇ်ရှ မျက်လုံးများကို မှေးစင်းသွားကာ၊
“ ရှေးဟောင်းအကြွင်းအကျန် ဒုတိယမျိုးဆက်မှာ လူဘယ်လောက်ရှိလဲ။ ”
-ဟု မေးမြန်း၏။
“ ခုချိန်ထိ ခုနစ်ယောက် အတည်ပြုပြီးနေပါပြီ ဒါပေမယ့် မကြာမီမှာ ထပ်တိုးလာဖို့ အလားအလာရှိနေပါတယ်။ ”
ဧကရာဇ်ရှခမျာ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် အဆုံးတွင် သက်ပြင်းချကာ၊
“ ဒါက တကယ့် ... ဒုက္ခပဲ။ ”
-ဟု ညည်းတွားလိုက်တော့သည်။
ဤမိုးပြာတိုက်ကြီးတွင် လွန်ခဲ့သော ဆယ်နှစ်က နိုးထလာသော ရှေးခေတ် အကြွင်း အကျန်များသည် မူလတာအိုနယ်ပယ်တွင်သာ ဖြစ်သဖြင့် ဂရုစိုက်စရာမရှိသေးချေ။
သို့သော် ဤဒုတိယမျိုးဆက်သည် ဝိညာဉ်တာအိုနယ်ပယ် ဖြစ်နေသောကြောင့် ခြိမ်းခြောက်မှုပေးရန် လုံလောက်နေ၏။
“ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ အခြေအနေအားလုံးက အဲဒီရွှေခေတ်ဆီကို ရောက်ရှိလာနေပြီလို့ ထင်ပါတယ် ...
... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပျံ့နှံ့နေခဲ့ဖူးတဲ့ကျမ်းစာအတိုင်း ချိတ်ပိတ်ထားတဲ့ တန်ခိုးတော် လွတ်မြောက်တော့မှာ သေချာနေပါတယ် ...
... ဒါကြောင့် တစ်ချိန်က အကျဉ်းချခံထားရတဲ့ အရာအားလုံး ပြန်လည် လွတ်မြောက်လာပြီး သွေးမြေကျမှုတွေလည်း ဖြစ်ပေါ်လာတော့မယ် ... ။ ”
အကြီးအကဲရွှေစကားကြောင့် ဧကရာဇ်ရှတစ်ယောက် အတွေးများ လွင့်ပါး သွားပြီး၊
“ ဝင်္ကပါကို ပြုပြင်နေတာ အခြေအနေဘယ်လိုလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ လောလောဆယ် (၁၀%)အောက်ပဲ ပြုပြင်လို့ ပြီးပါသေးတယ်။ ”
ဧကရာဇ်ရှမှ မျက်မှောင်ကြုတ်လျက်၊
“ နှေးလွန်းတယ် ... ငါတို့ မြန်မြန်လုပ်ရမယ်။ ”
“ သခင်၊ မိတ်ဆွေလေးစုပေးတဲ့ နည်းလမ်းက ယခင်စွမ်းအားထက်ဝက် ပြန်ရဖို့ အတွက်တောင် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရလိမ့်မယ် ...
... ပြီးတော့ ဒီဝင်္ကပါရဲ့ အထွတ်အထိပ် စွမ်းအားကို ပြန်ရယူနိုင်ဖို့က ငါတို့လက်လှမ်းမမီ နိုင်တာ သဘာဝပါပဲ ...
... ဒီဝင်္ကပါက ဧကရာဇ်အဆင့် သတ်ဖြတ်ခြင်း အစီရင်တစ်ခု ဖြစ်နေတာမို့ ပြုပြင်ဖို့ နည်းလမ်း ရှိနေတာတောင် ဧကရာဇ်အဆင့်တန်ခိုးရှင် ...
... ဒါမှမဟုတ် အစွမ်းထက်တဲ့ ဝင်္ကပါပညာရှင်တွေသာ မူလစွမ်းအားအတိုင်း ပြန်လည် ပြုပြင်ပေးနိုင်မှာပါ။ ”
ထိုရှေးဟောင်းဂိုဏ်းကြီးများသည် ချိပ်ပိတ်ခြင်းမှ တဖြည်းဖြည်း နိုးထလာနေပြီ ဖြစ်သည်။
အကြီးအကဲရွှေ၏ အဆိုအရ မဟာရှ တော်ဝင်မိသားစုသည် မကြာခင်ဤတိုက်ကြီး၏ အုပ်စိုးရှင်အဆင့်မှ လျော့ကျပေတော့မည်။
ကောင်းကင်နှင့် မြေကြီးတွင် သိသာထင်ရှားသော ပြောင်းလဲမှုများစွာဖြင့် အရာရာရွေ့လျားနေပြီဖြစ်၏။
“ တတ်နိုင်သလောက်လုပ်ပါ။ ”
တော်ဝင်မိသားစုအတွက် ယခုလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ လုံလောက်သောခွန်အားကို စုဆောင်းထားရန်ပေပင်။
သို့မှသာ ၎င်းတို့သည် အခြားသော အင်အားစုများ၏ သားကောင်အဖြစ် ရှုမြင်ခြင်းမှ ကင်းဝေးပေလိမ့်မည်။ အကြီးအကဲရွှေခမျာ ခဏမျှတုံ့ဆိုင်းသွားပြီး၊
“ သခင် ... ဒီအဖိုးကြီးရဲ့ အမြင်အရ မိတ်ဆွေလေးစု ပြန်လာရင် ဝင်္ကပါပြုပြင်ဖို့ လိုအပ်တဲ့အချိန်ကို လျော့ချနိုင်တဲ့ နည်းလမ်း ရှိမလားဆိုတာ မေးသင့်တယ်ထင်တယ်။ ”
ဤတစ်ကြိမ်၌ ဧကရာဇ်ရှသည်လည်း အနည်းငယ်လေးနက်သွားပြီး အဆုံးတွင် ခေါင်းညိတ်ပြလိုက်တော့သည်။
ကမ္ဘာကြီးတစ်ခုလုံး မှောင်နေ၏။ မြေပြင်သည် အပူရှိန်များဖြင့် တောက်လောင်ပြီး ဆိတ်ညံနေ၏။
လေပြင်းများကြောင့် ပတ်ဝန်းကျင်တွင် သဲပွင့်များနှင့် ဖုန်မှုန့်များပြည့်နေသည်။ သက်ရှိ ကင်းမဲ့သော စွန့်ပစ်မြေကြီးဖြစ်၏။
အုံ့မှိုင်းပြီး တင်းကြပ်လွန်းနေသော လေထုသည် နေရာတိုင်း၏ ထောင့်တိုင်းတွင် လွှမ်းခြုံထားသည်။
အလယ်ဗဟိုတွင် မြေကြီးအက်ကွဲလျက် ပါးစပ်ကြီးကဲ့သို့ ကြီးမားသော တွင်းနက်တစ်ခု ရှိနေပြီး အောက်ခြေထံ မမြင်နိုင်အောင် နက်ရှိုင်းနေ၏။
ဥက္ကာချောက်ကမ်းပါး။
ဒဏ္ဍာရီအရ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)ခန့်က အမှောင်တားမြစ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောအခါ ကြယ်များ ကြွေကျလာခဲ့သည်။
ဤချောက်ကမ်းပါးသည် ထိုဖြစ်စဉ်၏ အကျိုးဆက်ဖြစ်ချေ၏။ ရှေးခေတ်ကတည်းက အဆုံးမရှိ လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော တားမြစ်နယ်မြေပေပင်။
သာမာန်လူများ မဆိုလိုနှင့် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများသည်ပင် ဆင်းသက်ရန် မဝံ့ချေ။
မီးခိုးရောင်နှင့် အုံ့မှိုင်းနေသော ဥက္ကာချောက်ကမ်းပါးအထက် လေထုအလယ်၌ မှုန်ဝါးဝါးလေစုပ်ဝဲတစ်ခု ရှိနေသည်။
ဤသည်မှာ စကြာဝဠာကျွန်း၏ ဝင်ပေါက်ဖြစ်သော အာကာသဆုံမှတ်ပေပင်။ အစောပိုင်းမြင်ရသော မုခ်ဦးကြီးကို ပို၍ ထင်ရှားစွာမြင်နေရသည်။
“ ဝူး ... ။ ”
မီးခိုးရောင်မုခ်ပေါက်အနီးတွင် ကြောက်မက်ဖွယ်ကောင်းသော ယင်လေများ တဟုန်းဟုန်း တိုက်ခတ်နေသည်။
“ ဂျိန်း ... ။ ”
ရံဖန်ရံခါတွင် မိုးခြိမ်းသံများ တဟုန်ထိုးမြည်လျက် ထိတ်လန့်စိတ်ပျက်ဖွယ် ခံစားချက်များ ပေးစွမ်းနေသည်။
“ ဘရူး ... ။ ”
ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု ဥက္ကာချောက်ကမ်းပါး အလယ်တွင် ရုတ်ချည်း ထွက်ပေါ်လာသည်။
၎င်းသည် ထူထပ်သောဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားသော တည်နေရာရွေ့ပြောင်းပလ္လင် တစ်လုံး ဖြစ်ကြောင်း မြင်လိုက်ရသည်။
“ ခရစ် ... ။ ”
ထိုပလ္လင်ထွက်ပေါ်လာပြီး မကြာမီ လေဟာနယ်အက်ကွဲကာ လျူဝမ်နှင့်လူအချို့ ထွက်ပေါ်လာသည်။
“ ကြည့်စမ်း ... ကောင်းကင်ကြီး တစ်ခုလုံးမှောင်နေတယ် ဒေသကြီးတစ်ခုလုံး အသက်ဓာတ်လည်း ကင်းမဲ့နေတယ်။ ”
“ ကြည့်ရတာ အမှောင်တားမြစ်စွမ်းအား တိုက်စားမှုကြောင့် စွန့်ပစ်မြေအဖြစ် ပြောင်းလဲ သွားပုံရတယ်။ ”
“ ဟမ့် ... ဒါစကြာဝဠာကျွန်းရဲ့ ဝင်ပေါက်မဟုတ်လား။ ”
လူတိုင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ဆွေးနွေးမှုများ စတင်လာ တော့သည်။
သူတို့နှင့် အဝေးတွင် ဥက္ကာချောက်ကမ်းပါးသည် အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်လေပြင်းများ တိုက်ခတ်နေ၏။
“ ဥက္ကာချောက်ကမ်းပါး အစွန်းကို မချဉ်းကပ်ပါနဲ့ မဟုတ်ရင် တွင်းနက်ကြီးထဲက တားမြစ်စွမ်းအင်တွေက မင်းတို့အပေါ် ဝါးမျိုချသွားလိမ့်မယ်။ ”
“ ဝှစ် ... ။ ”
ဝမ်လျူမှ သတိပေးလျက်ဖြင့် ကျောက်တုံးတစ်လုံးကို ဥက္ကာချောက်ကမ်းပါထဲ ပစ်ချပြလိုက်သည်။
ကျောက်တုံးသည် ချောက်ကမ်းပါးထဲ ရောက်ရှိသွားသည်နှင့်တပြိုင်နက် ကွဲအက်ကာ အပိုင်းအစများအဖြစ် ပျံ့လွင့်သွားတော့၏။
“ ဝူး ... ။ ”
သို့သော် လျှပ်စီးကြောင်းကဲ့သို့ သဏ္ဍန်မဲ့စွမ်းတစ်ခုပေါ်လာပြီး ထိုကျောက်တုံး အပိုင်းအစများကို စုပ်ယူသွားလေသည်။
“ တွေ့လား ... ကြောက်စရာ ကောင်းလိုက်တဲ့ ဝါးမျိုခြင်းစွမ်းအား တစ်ချိန်က ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ချဉ်းကပ်ဖို့ ကြိုးစားခဲ့ဖူးတယ် သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ချက်ချင်း ဝါးမျိုခံလိုက်ရတယ်။ ”
ဝမ်လျူစကားကြောင့် လူတိုင်း၏ စိတ်ခံစားမှုများ ကမောက်ကမ ဖြစ်ကုန်သည်။ စုရီသာလျှင်၊
“ ဒီချောက်ကမ်းကြီးထဲမှာ တားမြစ်စွမ်းအင်ရဲ့ရောင်ဝါတွေ ရှိနေတာလား ထူးထူးခြားခြား တစ်စုံတစ်ရာ ရှိနေမှာ ငါကြောက်မိတယ်။ ”
-ဟု ညည်းတွားလိုက်သည်။
“ လူတိုင်း ... ဒါစကြာဝဠာကျွန်းရဲ့ ဝင်ပေါက်ပဲ မင်းတို့လက်ထဲမှာရှိတဲ့ တံဆိပ်နဲ့ ဝင်သွားလို့ရပြီ။ ”
ဝမ်လျူစကားကြောင့် လူတိုင်းက လေထုအလယ် မှုန်ဝါးဝါးမုခ်ဦးပေါက်ကြီးဆီသို့ မော့ကြည့်လိုက်ကြသည်။
“ ငါ ... ဒီပလ္လင်အနားမှာ သုံးလတိတိ စောင့်နေမယ် အားလုံးပဲ အချိန်မီပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ် ... မဟုတ်ရင် မင်းတို့ကို ထားခဲ့ဖို့ကလွဲပြီး ငါ့မှာရွေးချယ်စရာ ရှိနေမှာမဟုတ်ဘူး။ ”
“ ဒါဆို ငါအရင်သွားလိုက်မယ်။ ”
“ ဝှစ် ... ။ ”
ဝမ်လျူစကားဆုံးသည်နှင့် တစ်စုံတစ်ယောက်သည် ချက်ချင်းပျံတက်ကာ မုခ်ပေါက်ဆီ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
“ ဟမ့် ... ။ ”
ထိုမြင်ကွင်းကြောင့် ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းဝင်ရောက် သွားတော့၏။
“ စုရီ ကျေးဇူးပြုပြီး ထွက်မပြေးပါနဲ့ စကြာဝဠာကျွန်းမှာ မင်းကိုငါစောင့်နေမယ်။ ”
မိုရှင်းဇီ၏ မျက်လုံးများတွင် ငွေရောင်လျှပ်စီးများ တောက်ပလျက် စုရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ ပျံသန်းသွားတော့သည်။
***