ယင်ယန်နတ်မီးတောက် ကြာပန်း။
Vol. 38 Ch. 451
အဝေးက ကောင်းကင်တွင် တိမ်မြူများ လွင့်မျောနေပြီး တောင်တန်းများမှာ နဂါးကြီး တစ်ကောင်ကဲ့သို့ တွန့်ခေါက်နေ၏။
ဝမ်ရှင်းကျောက်နှင့် အခြားသူများက စုရီကြည့်ရာအရပ်သို့ လှမ်းကြည့်သော်လည်း ထူးထူးခြားခြား မမြင်မိချေ။
သို့သော် ထိုတောင်များတွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝရတနာများ တစ်စုံတစ်ရာရှိနေသည်ကို စုရီမှ သိ၏။
“ သွားရအောင် ... ။ ”
များမကြာခင် တောင်တန်းများ ကာရံထားသော လွင်ပြင်တစ်ခုကို အဝေးမှ မြင်လာရသည်။
တောင်များဖြင့် ဝန်းရံထားသောကြောင့် ကောင်းကင်နှင့်မြေကြီးကြား၌ ဝိညာဉ်စွမ်းအင် ရစ်သိုင်းနေတော့ဖြစ်၏။
ဤကဲ့သို့သော နေရာမျိုးတွင် အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်သားရဲများ မလွဲမသွေမွေးဖွားလာမည်မှာ သေချာသည်။
၎င်းအရပ်တွင် အရည်အသွေးမြင့် ဝိညာဉ်သွေးပြန်ကြောသို့မဟုတ် ဆေးဘက်ဝင် အပင်နှင့် အခြားသော ရှားပါးရတနာအချို့ ရှိနေနိုင်၏။
အတိုချုပ်ပြောရမည်ဆိုသော် ဤကဲ့သို့ ကြီးမားလှသော ရတနာနယ်မြေကို ရှာတွေ့ရန် အလွန်ရှားပါးသည်။
ပြင်ပနယ်မြေ၌ပင် ထိုသို့သော ရတနာဒေသများကို ရှာတွေ့ပါက ဂိုဏ်းကြီးများ အချင်းချင်း လုယက်တိုက်ခိုက်နိုင်၏။
“ ဒီလျှို့ဝှက်နယ်မြေက သံသရာဘုံကျောင်းရဲ့ ဘိုးဘေးမြေဖြစ်နေတာ အံ့သြစရာတော့ မဟုတ်ပါဘူး ... ။”
စုရီက မှတ်ချက်ပေး လိုက်လေသည်။ ဧကရာဇ်အဆင့် အင်အားစုများ အခြေစိုက်ရာ ဒေသတိုင်းတွင် ဝိညာဉ်သွေးပြန်ကြောများနှင့် အထွတ်အထိပ် မင်္ဂလာရှိသောမြေရှိ၏။
ဤနည်းဖြင့်သာ တာအိုနိယာမများ ရှင်သန်ပြီး ထာဝရတည်တံ့နိုင်မည်ဖြစ်သည်။ သာမာန်ဒေသတစ်ခုစ်ခဲ့လျှင် ဧကရာဇ်အဆင့် တန်ခိုးရှင်၏ ကျင့်ကြံမှုလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်မည်မဟုတ်ချေ။
များမကြာမီ တောင်တန်းများကြား လွင်ပြင်ထံသို့ ရောက်ရှိလာ၏။ လေထုအတွင်း ဝိညာဉ်စွမ်းအင်များ ပြည့်သိပ်နေသည်။
“ ဒီမှာသာ ... ကျင့်ကြံခွင့်ရရင် အသွင်မပြောင်းနိုင်တော့မှာကို စိုးရိမ်နေစရာ မလိုဘူး ... ။ ’
ဝမ်ရှင်းကျောက်မှ တိုးတိုးလေးပြောသည်။ ဤနေရာနှင့် နှိုင်းယှဉ်ပါက သူမဂိုဏ်းထိပ်တန်း ပရဒိသုနယ်မြေသည် များစွာနိမ့်ကျ၏။
“ တချိန်က ဒီရှေးဟောင်း အကြွင်းအကျန်တွေဟာ မယုံနိုင်လောက်စရာ အုတ်မြစ်တွေနဲ့ ကျင့်ကြံမှုမျိုး ရှိနေခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး ...
... သူတို့က မွေးတည်းက ... ဒီလို ဝိညာဉ်စွမ်းအင်တွေ ပေါများတဲ့ နေရာတွေမှာ ကျင့်ကြံခွင့်ရခဲ့တာကိုး။ ”
ယွီရှစ်ချန်က သက်ပြင်းချ၏။ ဤတောင်ကြားလွင်ပြင်နှင့် ယှဉ်သော် မိုးပြာ တိုက်ကြီးရှိ ဝိညာဉ်စွမ်းအင်သည် အလွန် ပါးလျချေပြီ။
“ တာအိုလမ်းစဉ်ဆိုတာ နေ့ချင်းညချင်း အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူး အရင်းမြစ်၊ အခွင့်အရေး၊ နည်းစနစ်နဲ့ ရတနာနယ်မြေတွေ သဘာဝအတိုင်း မရှိမဖြစ် လိုအပ်တယ်၊ ...
... ဒါပေမယ့် အရေးအကြီးဆုံးကတော့ မင်းရဲ့နှလုံးသားပဲ ... နှလုံးသား မခိုင်လုံခဲ့ရင် တာအိုကို မလွဲမသွေ ဆုံးရှုံးရလိမ့်မယ် ... ။ ”
စုရီမှ ရှင်းပြလိုက်သည်။ တောင်ကြား လွင်ပြင်ပေါ်ရှိ ကောင်းကင်၌ တိမ်ပင်လယ်ကြီး ဖြစ်ပေါ်နေပြီး ဝိညာဉ်စွမ်းအင်များက ရောင်ပြန်ဟပ်နေ၏။
ဝိုင်းရံထားသော တောင်ထွတ်များသည် တိမ်ပင်လယ်အတွင်း တိုးဝင်ပျောက်ကွယ်လျက် အရပ်ရပ်ကို ပိတ်ဖုံးထား၏။ ၎င်းသည် သဘာဝရတနာလွင်ပြင်ဖြစ်သည်။
ဧရိယာ ဆယ်မိုင်ကျော် ကျယ်ဝန်းပြီး အတွင်း၌ တောင်ကုန်းများနှင့် သစ်ပင်ငယ်များ ပြန့်ကျဲနေသည်။
ဝိညာဉ်ရေးရာ အမှုန်အမွှားများသည် လေဟာနယ်အတွင်း တိမ်မြူများအဖြစ်သို့ လွင့်မျောလျက် ရေကန်ငယ်အဖြစ် ဖွဲ့တည်နေ၏။
ကန်ရေသည် အေးခဲလျက် ပတ်ပတ်လည်ရှိမြေပြင်သည်ပင် ထူထဲသော ရေခဲအလွှာအဖြစ် အေးခဲနေခဲ့သည်။ မြက်ပင်များပင် မပေါက်ရောက်ချေ။
ရေကန် အလယ်တွင် မီးတောက်လောင်နေသော ကြာပန်းတစ်ပွင့် ရှိသည်။ ပင်စည်သည် သွေးကျောက်စိမ်း နှင့်တူပြီး ကြည်လင်ပြတ်သားကာ အရွက်သုံးရွက်ပါရှိ၏။
အရွက်တစ်ရွက်စီသည် မီးကဲ့သို့ အနီရောင်တောက်လျက် ရောင်ဝါများ ဖြာထွက် နေခဲ့သည်။
ကြာရိုးထိပ်တွင် ဆန့်ကျင်ဘက် ပန်းနှစ်ပွင့်ရှိ၏။ တစ်ပွင့်သည် မှင်ရောင်ကဲ့သို့ နက်မှောင်ကာ တစ်ပွင့်သည် သလင်းကဲ့သို့ ကြည်လင်နေသည်။
ထိုအဖြူအမည်း ဆန့်ကျင်ဘက် ပန်းနှင်စ်ပွင့်ထံမှ ယင်-ယန်ကဲ့သို့ ပြီးပြည့်စုံသော တာအိုကျက်သရေများ ဖြာထွက်နေ၏။
အဝေးမှ လှမ်းကြည့်သောအခါတွင် ဝိညာဥ်အလင်းရောင်များဖြာလျက် အဖြူနှင့် အမည်း ကြာပန်းနှစ်ပွင့်ကို မှော်ဆန်စွာ မြင်နေရချေပြီ။
“ ဒါက ... ။ ”
ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် ကောချင်တို့ခမျာ အံ့သြသွား၏။ ဤကြာပန်း၏ အံ့ဖွယ်ထူးကဲသော ရောင်ဝါအရ ရှားပါးပြီး အဖိုးတန်ကြောင်း ပြောနိုင်သည်။
“ ဒါ ယင်-ယန်နတ်မီးတောက်ကြာပန်းပဲ အနှစ်တစ်ထောင်မှာ တစ်ကြိမ်ပွင့်ပြီး သစ်သီး သီးနိုင်တယ် တာအိုအတွက် အဖိုးတန်တယ် ... မီးတာအို၊ ယင်တာအိုနဲ့ ယန်တာအိုကို နားလည်မှုရယူရာမှာ ...
... အထောက်အကူပေးနိုင်တယ် သူ့အရိုးကိုသန့်စင်ရင် မီးတာအိုကိုနားလည်ပြီး ပန်းပွင့်တွေကို သန့်စင်ရင် ယင်နဲ့ယန်တာအိုကို နားလည်နိုင်တယ် ...
... ပုံမှန်ဆို ဒီလိုအဖိုးတန်ရတနာက ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ အမာခံတပည့်တွေထံ ပေးအပ်လေ့ရှိတယ် ...
... ဒီနည်းနဲ့ သူတို့တာအိုကို အလွယ်တကူ နားလည်နိုင်ပြီး ထိန်းချုပ်နိုင်တယ် သူ့တန်ဖိုးကို ဝိညာဉ်ရေးဆေးတွေ မယှဉ်နိုင်ဘူး။ ”
ဤရတနာမျိုးသည် ဧကရာဇ်အဆင့် တာအိုဂိုဏ်းများ၏ ထိပ်တန်းမြင့်မြတ်မြေများ၌ သာလျှင် ထွက်ပေါ်လာတတ်သည်။
စုရီစကားကြောင့် လူတိုင်း စိတ်ဝင်စား သွားသည်။ ဤသို့မှော်ဆန်သော ရတနာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
စုရီစကားများအရ ယင်-ယန်နတ်မီးတောက်ကြာပန်းသည် ရှားပါးသော အခွင့်အရေးဖြစ်ချေပြီ။
“ နှမျောစရာကောင်းတယ် ဒီကြာပန်းက မရင့်ကျက်သေးဘူး မဟုတ်ရင် ကြာစေ့တိုင်းမှာ တာအိုကျက်သရေတစ်ခု ပါနိုင်တယ် ဒါဆို သူ့ရဲ့တန်ဖိုးက အခုပြောပြခဲ့တာတွေထက် အများကြီး ပိုသာလွန်သွားလိမ့်မယ်။ ”
စုရီက အနည်းငယ် နှမျောသွားသည်။ စုရွှမ်ကြွယ်ဘဝတွင် ကိုယ်ပိုင်ကြာကန်တစ်ကန် တည်ဆောက်ကာ အမျိုးမျိုးသော ကြာပန်းများ စိုက်ပျိုးခဲ့ဖူးသည်။
ကြာပန်းများပွင့်သည့်အခါတိုင်း မွှေးရနံ့များထုံမွှန်းလျက် အလှတရားများ ဝေဖြာနေတတ်၏။
၎င်းတို့ထဲတွင် ဤယင်ယန် နတ်မီးတော်ကြာပန်လည်း အပါအဝင်ပေပင်။ သူ့အဆင့်အတန်းဖြင့် ထိုသို့သောကြာပန်းမျိုးကို ရေနွေးကြမ်းခတ်သောက်၏။
“ ဘာပဲဖြစ်ဖြစ် ... ဒါက ငါတို့အတွက် တကယ့်ကို ကောင်းချီးတစ်ခုပဲ ယန်တာအိုကို နားလည်ဖို့ကူညီနိုင်တယ် ... ဒါက ငါ့အတွက် အချိန်အများကြီး သက်သာစေတယ်။ ”
ထိုသို့ပြောပြီးနောက် စုရီက ရေကန်သို့ ပျံသန်းသွားလေသည်။ နီးကပ်လာတာနှင့်အမျှ အရိုးအေးသော လေပြင်းများစွာ မျက်နှာကို လာရောက်ရိုက်ခတ်၏။
တစ်ချိန်တည်းမှာပင် လေထဲ သင်းပျံ့နေခဲ့သော ရနံ့များကြောင့် ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်လာသည်။
“ ဟမ့် ... ။ ”
များမကြာခင်မှာပင် တစ်စုံတစ်ခုကို တွေ့ရှိလိုက်သဖြင့် ရေခဲပြင်ပေါ် ဆင်းသက်ကာ ခြေဖျားနှင့် ခတ်ထုတ်လိုက်သည်။
“ ခရစ် ... ။ ”
ရေခဲလွှာများ အက်ကွဲသွားပြီး အနက်ရောင်ကျောက်ပြား ထွက်ပေါ်လာ၏။ စူးစမ်းလိုစိတ်ဖြင့် ကောက်ယူကြည့်သည်။
“ တာအိုရှုမြင်ခြင်း ကြာကန်။ ”
ကျောက်ပြားပေါ်တွင် ရှေးခေတ် နတ်ဆိုး အက္ခရာများဖြင့် ရေးသားထားသည်။
“ သေချာတာပေါ့ ဒီနယ်မြေဟာ သံသရာဘုံကျောင်းရဲ့ ဘိုးဘေးမြေပဲ ယင်ယန် နတ်မီးတောက်ကြာပန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀) လောက်တည်းက စိုက်ပျိုးထားခဲ့တာ အခုတော့ ပိုင်ရှင်မဲ့နေပါပြီ။ ”
ကျောက်ပြားပေါ်ရှိ စကားလုံးများကို ဖတ်ရှုလျက် စုရီက ရှင်းပြလိုက်၏။ ထို့ကြောင့် လူတိုင်း သက်ပြင်းချလိုက်ကြသည်။
ဤသည်မှာ စုရီနှင့်အတူ သည်လျှို့ဝှက်ကမ္ဘာကြီးကို ပထမဆုံးအကြိမ် စူးစမ်းနေခဲ့ခြင်းဖြစ်သည်။
လမ်းတစ်လျှောက် ပြသခဲ့သော တစ်ဖက်လူ၏ ဉာဏ်ပညာသည် အကြိမ်ပေါင်း များစွာ အံ့အားသင့်စေခဲ့သည်။
ယခု ရှေးခေတ်နတ်ဆိုးဘာသာကိုပင် နားလည်နေ၏။ ကမ္ဘာကြီးတွင် စုရီ မသိသော အခြားအရာများ ရှိသေးသည်လော။
အတိတ်နှင့် ပစ္စုပ္ပန်ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး နိယာမအားလုံးကို နားလည်ခြင်းဟူသည်ထက်ပိုနေ၏။
“ စုရီနောက်ကို လိုက်ခိုင်းတာ အံ့သြစရာ မဟုတ်တော့ပါဘူး ... သူပြသခဲ့တဲ့ မယုံနိုင်စရာ နည်းလမ်းတွေက ရှေးခေတ်ဘီလူးတွေတောင် နားလည်မှာမဟုတ်ဘူး။ ”
ကောချင်က တိတ်ဆိတ်စွာ ညည်းတွားလိုက်သည်။ ဤစုရီသည် ခန္ဓာကိုယ် ကျူးကျော်သူ မဟုတ်သကဲ့သို့ ရှေးခေတ် အကြွင်းအကျန်လည်း မဟုတ်ချေ။
အမှန်ပင် ကောင်းကင်မှကျလာသော အင်မော်တယ်တစ်ပါး ဖြစ်နိုင်၏။ မဟုတ်သော် ဤမျှအစွမ်းထက်နေစရာအကြောင်း မရှိချေ။
စုရီက သူတို့၏ အမြင်များကို မသိခဲ့ဘဲ ကြာကန်အလယ်ရှိ ယင်ယန်နတ်မီးကြာပန်းကို ပြန်၍မော့ကြည့်ကာ ပြုံးလိုက်သည်။
“ ငါတို့ အချိန်မီ ရောက်လာပုံရတယ် သုံးရက်အတွင်း ဒီကြာပန်းပွင့်တော့မယ် ဒါဆို ယင်နဲ့ယန်တာအိုကျက်သရေက ပိုမို ပြီးပြည့်စုံလာလိမ့်မယ်။ ”
စုရီမှတ်ချက်ကြောင့် ကောချင်မှ မျက်လုံးပြူးသွားသည်။
“ သုံးရက် ... သုံးရက်တော်လား ဒါကအရမ်းကြာတယ် ... ငါအမြင်အရတော့ ချက်ချင်း ... ခူးယူပြီး သိမ်းဆည်းထားရင် အန္တရာယ်အကင်းဆုံးပါပဲ ... ။ ”
“ မင်းပါးစပ်က ငါတို့ကို တကယ်ကံဆိုးစေတာပဲ။ ”
တစ်ဖက်တွင် စုရီကသက်ပြင်းချကာ ရုတ်တရက် သူ့လက်ချောင်းများကို ဓားအသွင် ခုတ်ပိုင်းချလိုက်၏။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်လက် ပြေးထွက်သွားပြီး ပေါက်ကွဲမှုဖြစ်ပေါ်လာကာ ခုနစ်လက်မအရွယ် မြှားနက်တစ်စင်း ပေါက်ကွဲသွားသည်။
တစ်ဆက်တည်းမှာပင် မြှားနက်အတွင်းမှ သွေးမြူအခိုးအငွေ့များထွက်လာပြီး ရွံရှာဖွယ် သွေးညှီရနံ့များ ပျံ့နှံ့လာသည်။
“ ဟမ့် ... ။ ”
သို့သော် စုရီသည် လက်ဖဝါးနှင့် ရုတ်တရက်ဖမ်းဆွဲလိုက်၏။ သွေးမြူများသည် ဖိနှိမ်ခံလိုက်ရသကဲ့သို့ ချက်ချင်းကျုံ့ဝင်သွားပြီး လက်သီးအရွယ် သွေးရောင်အလင်းဘောလုံး အဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဒါ ... ။ ”
ဤလုပ်ကြံသတ်ဖြတ်မှုအပေါ် မည်သူမျှ သတိမထားမိသဖြင့် လူတိုင်း တုန်လှုပ်သွားကြ တော့၏။ ခုနစ်လက်မအရွယ် မြှားနက်သည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည်မှာ သံသယ ရှိစရာမရှိချေ။
“ ရွှပ် ... ။ ”
စုရီသည်သာ သတိ မထားမိသော် အကျိုးဆက်မှာ ဆိုးရွားသွားနိုင်မည်။ ထိုအချိန်၌ စုရီက ဓားအလင်းဖြင့် အဝေးရှိ တောင်ကုန်းထံ ထပ်မံပစ်ခတ်လိုက်တော့၏။
***