သတ်ဖြတ်ခြင်း ... ။
Vol. 38 Ch. 452
“ ဝုန်း ... ။ ”
ဟိုးအဝေးရှိ တောင်ကုန်းငယ်ထံမှ အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး စုရီဓားအလင်းကို ဟန့်တားသွားသည်။
တောင်ကုန်းငယ် တဝိုက်ရှိ ဆယ်ပေခန့်အကွာအဝေးအတွင်း သွေးမြူများ ပြည့်နှက်သွားတော့၏။
ကျောက်တုံးများနှင့် သစ်ရွက်များ လုံးထွေးပေကျံနေသော ပုံဖျက်ထားသည့် ပုံရိပ် တစ်ရိပ်ပေါ်လာသည်။
ဤသည်မှာ သားရဲအရေခွံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး အေးစက်သော အသွင်အပြင်ရှိ၏။
သူ့လက်ထဲတွင် သူ့အရပ် ထက်ဝက်ခန့်ရှိသော သားရဲအရိုးကြီးကိုင်းတစ်ခု ရှိနေပြီး ခါးတွင် နီရဲသောသားရဲအရေခွံနှင့် လုပ်ထားသည့် ကျည်တောက်တစ်ခုရှိ၏။
“ ဖုန်တု ... ။ ”
ဝမ်ရှင်းကျောက်နှင့် ကျန်လူများက ဤလူငယ်အမည်ကို ချက်ချင်းမှတ်မိသွားသည်။ ရှေးဟောင်း အကြွင်းအကျန်များကြားတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တာအို ဆွေးနွေးပွဲ၌ အဆင့်(၆) ရရှိထား၏။
လွန်ခဲ့သောနှစ်ပေါင်း (၃)သောင်းက နတ်ဆိုးကျင့်ကြံသူ မိသားစုတစ်ခုဖြစ်သည့် ဖုန်မိသားစုမှ ဆင်းသက်လာသူပေပင်။
သူ့တွင် ကောင်းကင်ဘုံခိုးယူခြင်း စာကလေး၏ သွေးများ စီးဆင်းနေသည်ဟု ဆိုကြ၏။
သူ့ဘိုးဘေးသည် သွေးဧကရာဇ်ဖြစ်ပြီး အရှိန်နှင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျွမ်းကျင်မှု များကြောင့် လူသိများသည်။ ဖုန်တုက မျက်ဝန်းများ မှေးစင်းလျက်၊
“ စုရီ ... မင်းရဲ့ နတ်အာရံစွမ်းအားက အရိပ်မဲ့သွေးမြှားကို ဖမ်းဆုပ်နိုင်လောက်အောင် ပြင်းထန်နေလိမ့်မယ်လို့ ငါမထင်ထားဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
သူ့စကားသံတွင် အံ့အားသင့်စရာ အရိပ်အမြွက်ပါချေ၏။ အရိပ်မဲ့သွေးမြှားသည် ရှေးဟောင်းမြွေဘုရင်၏ အစွယ်များဖြင့် ပြုလုပ်ထားသည့် သူ့ ဝှက်ဖဲပေပင်။
ပစ်လွှတ်လိုက်သောအခါတွင် ၎င်းသည် အသံမဲ့၊ အရောင်မဲ့ပြီး နတ်အာရုံဖြင့်ပင် မမြင်နိုင် သောကြောင့် ခုခံရန် အလွန်ခက်ခဲစေ၏။
ပြီးပြည့်စုံသော အခွင့်အရေးရသော် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိသူ တစ်ဦးကိုပင် အလွယ်တကူ သတ်ပစ်နိုင်မည်။
ထို့ကြောင့် ဤရုတ်ချည်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလျှင်ပင် စုရီဒဏ်ရာရမည်ဟု မူလက ထင်ထားခဲ့၏။
“ ရွှပ် ... ။ ”
စုရီက တုန့်ပြန်စကားမပြောဘဲ သူ့လက်ဓားဖြင့် ခုတ်ပိုင်းသည်။ ဓားအလင်းမှာ လေဟာနယ်အတွင်း ပျောက်ကွယ်သွားပြီး ဖုန်တုအနားပြန်ပေါ်လာ၏။
“ ဟမ့် ... ။ ”
ဖုန်တုတစ်ယောက် အနက်ရောင်လျှပ်စီးတစ်စလို ချက်ချင်း ရှောင်တိမ်းပေးလိုက်ရသည်။
“ ဝုန်း ... ။ ”
မူလ သူရပ်နေသည့်နေရာတွင် လျှိုမြောင်တစ်ခုပေါ်လာပြီး ထက်ရှလွန်းသော ဓားရည်ရွယ်ချက် ရစ်ဝဲနေခဲ့၏။
“ ရွှပ် ... ။ ”
ထို့ထက်ပို၍ မစဉ်းစားနိုင်မီ နောက်ထပ် ဓားအလင်းသည် မယုံနိုင်ဖွယ် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြန်၏။
တုနှိုင်းမရသော ထက်ရှမှုသည် သူ့အရည်ပြားအပေါ် ပြတ်ရှနာကျင်စေခဲ့ပြီး ဆံနွယ်အချို့ ပြတ်ကျသွားကာ နားရွက်ကို ဖြတ်တောက်သွား၏။
၎င်းထိမှန်ရာ တောင်ထွတ်သည် တို့ဟူးတစ်လုံးကဲ့သို့ ပြတ်တောက်သွားခဲ့ချေပြီ။
“ ဒီကောင်ရဲ့ ဓားတာအိုက ကြောက်စရာ ကောင်းလွန်းတယ်။ ”
ဖုန်တုခမျာ ထိတ်လန့်သွားပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။
“ ဒါအရိပ်တာအိုပဲ။ ”
တစ်ဖက်လူသည် သူ့တိုက်ခိုက်မှုကို အရိပ်တာအိုဖြင့် ရှောင်တိမ်းသွားသောကြောင့် စုရီမှ အနည်းငယ်အံ့သြသွားသည်။
အရိပ်တာအိုသည် လေတာအိုနှင့် အမှောင်တာအိုကို ပေါင်းစပ်ထားခြင်းဖြစ်၏။ ၎င်းသည် အဟုန်နှင့်ပတ်သတ်သော် အမြင့်ဆုံး တာအိုပေပင်။ လုပ်ကြံသတ်ဖြတ်သူများအတွက် အသင့်လျော်ဆုံး တာအိုဖြစ်၏။
“ စုရီ ... ငါမင်းရဲ့ရန်သူ မဖြစ်ချင်ဘူး ... မင်းကိုသတိပေးချက်တစ်ခု ပေးဖို့ပဲ ဒီနေရာကို ငါပထမဆုံး ရှာတွေ့ထားတာ အခုထွက်သွားရင် ငါဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်မယ်။ ”
ဖုန်တုက ပြောကြားလာသည်။
“ ဒါဟာ အခွင့်အရေးအတွက် ... တိုက်ပွဲတစ်ခုပဲ ဘာလို့မိုက်မဲတဲ့ စကားတွေကို မင်းပြောနေရတာလဲ။ ”
“ ဟား ဟား ဟား ... ကောင်းပြီ။ ”
ဖုန်တုက ရယ်မောလိုက်ပြီး သူ၏ အညိုရောင် မျက်ဆံများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ဖြစ်ပေါ်လာသည်။
မြှားကျည်တောက်မှ ခုနစ်လက်မခန့် အနက်ရောင်မြှားတစ်စင်း ထုတ်ယူကာ သားရဲ အရိုးလေးကိုင်းဖြင့် ချက်ချင်းပစ်လွှတ်ခဲ့၏။
“ ရွှီး ... ။ ”
အနက်ရောင်မြှားသည် လေခွင်းလျက် ပျောက်ကွယ်သွားသော်လည်း စုရီကမကြည့်ဘဲ လေထဲဖမ်းဆွဲလိုက်သည်။
“ ဟမ့် ... ။ ”
ဝမ်ရှင်းကျောက်ရှေ့ သုံးပေတွင် လေဟာနယ်အက်ကွဲကာ အနက်ရောင်မြှားငယ် ထွက်ပေါ်လာ၏။
သို့သော် လည်မြိုကို ဖမ်းဆုပ်ခံရသော မြွေအလားစုရီလက်၌ ရုန်းကန်နေတော့သည်။ ဤမြင်ကွင်းက ဝမ်ရှင်းကျောက်ကို ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေ၏။
နတ်အာရုံကို ဖြန့်ကျက်ထားသော်မှ ထိုမြှားကို မသိလိုက်ချေ။ စုရီလှုပ်ရှားလိုက်သည့် အချိန်မှသာလျှင် မရဏအငွေ့အသက်ကို ခံစားလာရခြင်းဖြစ်၏။
ယွီရှစ်ချန်နှင့် ကောချင်သည်လည်း အလားတူ တုန်လှုပ်ခြောက်ခြားသွားလေသည်။ ဤသွေးမြှားသည် အလွန်ထူးဆန်းပြီး အန္တရာယ်ရှိနေသည်မှာ သေချာ၏။
အကယ်၍ စုရီသာ မဖမ်းမိသော် သူတို့၏အရည်အချင်းများဖြင့် ရှောင်ရှားရန် လွဘ်မည်မဟုတ်ချေ။
“ ရွှီး ... ရွှီး ... ။ ”
အဝေးရှိ ဖုန်တုက ထိုမြင်ကွင်းကြောင့် သွေးမြှားကိုးစင်းဖြင့် ချက်ချင်းပစ်ခတ်တော့၏။ ဤမြှားကိုးစင်းသည် လေးကိုင်းမှ လွှတ်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။ မရှိခဲ့သလိုပေပင်။
သို့သော် စုရီအတွက်မူ ထိုမြှားများ၏ ဦးတည်ရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ နှစ်စင်းတွဲလျက် ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် ကောချင်တို့ထံ ဦးတည်နေ၏။
တစ်နည်းဆိုရသော် သူတို့တစ်ဦးစီသည် အရိပ်မဲ့သွေးမြှားနှစ်စင်းနှင့် ပစ်မှတ်ထားခံရခြင်း မည်သည်။ နောက်ဆုံးမြှားသည် ကြာပန်းကန်ရှိ ယင်-ယန်နတ်မီးကြာပန်းထံ ဦးတည်၏။
ဆိုလိုသည်မှာ သူတို့ကို တွေးတောရန် အခွင့်အရေးမပေးချေ။ လမ်းကြောင်းများစွာဖြင့် မယုံနိုင်လောက်အောင် လျင်မြန်လွန်းနေ၏။
“ ဝှစ် ... ။ ”
စုရီက လေထဲပျံတက်လာပြီး လက်များဝှေ့ယမ်းကာ ဓားကန့်လန့်ကာကြီးကို ချက်ချင်းဖန်တီးလိုက်သည်။
“ ဘောင်း ... ဘောင်း ... ။ ”
ပေါက်ကွဲသံများညံလာပြီး အရိပ်မဲ့ သွေးမြှားသုံးစင်းသည် ဓားကန့်လန့်ကာဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရ၏။
တစ်ဆက်တည်းမှာပင် စုရီသည် လေထဲခုန်တက်ပြီး လက်ဖဝါးရိုက်ချက်များစွာ ရိုက်ထုတ်လိုက်သည်။
“ ဘောင်း ... ။ ”
“ ဘောင်း ... ။ ”
ထိုးရိုက်နှက်ချက်တိုင်းတွင် အရိပ်မဲ့ သွေးမြှားတစ်စင်း ပေါက်ကွဲမည် ဖြစ်သည်။ အဆုံးတွင် အရိပ်မဲ့သွေးမြှားကိုးစင်းလုံး ပျက်ပြယ်သွားတော့၏။
ထို့ကြောင့် အရိပ်မဲ့သွေးမြှားကိုးစင်းမှ ထွက်လာသော သွေးမြူများဖြင့် လေဟာနယ် တစ်ခုလုံး ပြည့်နှက်သွားချေပြီ။
“ သတ် ... ။ ”
ကောင်းကင်မှ ပြန်လည် ဆင်းသက်လာသော စုရီရှေ့ ရေခဲပြင်ကြီးသည် ရုတ်တရက်ပေါက်ကွဲကာ အလွန်ထက်ရှသည့် လှံတစ်စင်း ထွက်ပေါ်လာသည်။
ဤသတ်ဖြတ်မှုသည် လျင်မြန်ခြင်း၊ တိကျခြင်းနှင့် ရက်စက်ခြင်းဟူသော ဝေါဟာရ သုံးမျိုးဖြင့် ပြီးပြည့်စုံချေပြီ။
“ မဟုတ်ဘူး ... ။ ”
လှံဖျားသည် စုရီကို ချက်ချင်း ထိုးဖောက်သွားလေသည်။ ဝမ်ရှင်ကျောက်၊ ကောချင်နှင့် ယွီရှစ်ချန်တို့ခမျာ အမူအရာများ ပြောင်းလဲလျက် အော်ဟစ်လိုက်ကြ၏။
သို့သော် လှံဖြင့်ထိုးခံရသော စုရီသည် ကိုယ်ခန္ဓာအစစ်မဟုတ်ဘဲ နောက်ဆက်တွဲပုံရိပ် တစ်ခုသာ ဖြစ်နေခဲ့လေသည်။
စုရီက ခန္ဓာကိုယ်ယိမ်းလျက် လှံကိုဖမ်းဆွဲကာ ရေခဲပြင်အပေါက်အတွင်းရှိ တစ်စုံတစ်ရာကို ကုပ်ဆွဲထုတ်လိုက်၏။
“ မင်းလွတ်မြောက်မယ်ထင်လား။ ”
ပိန်ပိန်ပါးပါး အနက်ရောင်ဝတ် လူတစ်ယောက် ချင်ချင်း ထွက်ပြေးလေသည်။ သို့သော် လက်ကြီးတစ်ဖက်က သူလည်ပင်းကို ဆုပ်ကိုင်လာသဖြင့် လေထုအလယ် ရပ်တန့်သွားတော့၏။
“ ငါ့ကို ကယ်ပါ ... ။ ”
“ ဝှစ် ... ။ ”
အနက်ဝတ်လူက တိုးဖျော့စွာ အော်ဟစ်လိုက်သည်။ စုရီမှ လျစ်လျူရှုလျက် လက်တစ်ဖက်ရှိလှံဖြင့် ရေခဲပြင်တစ်နေရာသို့ ပစ်သွင်းချလိုက်တော့၏။
“ ဘန်း ... ။ ”
ရေခဲပြင်ကြီး ပေါက်ကွဲသွားကာ ဖွာလန်ကျဲလျက် ရေခဲပြင်အောက်မှသွေးများ ပန်းထွက်လာလေသည်။
အဆုံးတွင် ပုန်းအောင်းနေသော အနက်ရောင်ဓားမြှောင်ဖြင့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
“ မင်း သေလိုက်တော့ ... ။ ”
၎င်းက ချက်ချင်းခုန်ထကာ စုရီကို သတ်ရန်ပြင်သည်။ သို့သော် စုရီက လှံဖြင့် သူ့လည်မျိုကို ထိုးဖောက်ပြီး ရေခဲပြင်တွင် သပ်တစ်ချောင်းကဲ့သို့ ထိုးစိုက်ပစ်၏။
“ စွပ် ... ။ ”
“ အွတ် ... ။ ”
ဤအခြေအနေမျိုးတွင် စုရီသည် သူ့ကို မည်သို့ရှာတွေ့ခဲ့သည်ကို နားမလည်နိုင်သော အကြည့်များဖြင့် သေဆုံးသွားတော့သည်။
လေထုအတွင်း သွေးညှီရနံ့များ ချက်ချင်းထုံမွှန်းလာကာ တိတ်ဆိတ်သွားချေပြီ။ လည်ပင်းကိုဆုပ်ကိုင်ခံထားရသော အနက်၀တ် လူသည် ကြောက်လန့်လာ၏။
မလှမ်းမကမ်းတွင် ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် ကောချင်သည် ချွေးများသီးထ နေခဲ့သည်။ ဤတိုက်ပွဲသည် လွန်စွာ အန္တရာယ်ချေပြီ။
လုပ်ကြံသတ်ဖြတ်သူ သုံးဦး၏ ပြီးပြည့်စုံသော ပူးပေါင်းတိုက်ခိုက်မှုဖြစ်၏။ သို့သော် စုရီသည် အနာဂါတ်ကို ကြိုမြင်သကဲ့သို့ တစ်ယောက်ချင်း ဖြေရှင်းသွားခဲ့သည်။
“ ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ ”
ဖုန်တုတစ်ယောက် ထိုမြင်ကွင်းကြောင့် မျက်ဝန်းများပြူးကျယ်သွားချေပြီ။ သူတို့သုံးဦး ပေါင်းစည်းခြင်းဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများပင် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်ပေမည်။
ဤစုရီသည် ထိုထောင်ချောက်များနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများစွာကို လွယ်ကူစွာ ဖြေရှင်းနိုင်နေ၏။
“ ဂျွတ် ... ။ ”
စုရီက လက်ကိုအားစိုက်လိုက်ရာ အနက်ဝတ်လူ၏ လည်ပင်းရိုးကျိုးကျသွားသံ နှင့်အတူ ပျော့ခွေကျသွားသည်။
ထို့နောက်တွင် ခွေးသေကောင် တစ်ကောင်ကဲ့သို့ပစ်ချလျက် လျစ်လျူရှုကာ၊
“ မင်းမှာ ... နောက်ထပ် နည်းလမ်းတွေ ရှိသေးလား။ ”
-ဟု ဖုန်တုထံ မော့ကြည့်ပြီး မေးမြန်း လိုက်တော့သည်။
***