သားကောင်ဖမ်းရန် ပြင်ခြင်း။
Vol. 38 Ch. 453
ဖုန်တုမျက်နှာသည် အုံ့မှိုင်းပြီး ရုပ်ဆိုးသွားလေသည်။ သူ့အဖော် နှစ်ယောက် အသတ်ခံရပြီးနောက် အခွင့်အရေးကို စုရီမှ လုယူသွားပေတော့မည်။
ထိုထိုးနှက်ချက်ကြောင့် သူ့ နှလုံးသားတစ်ခုလုံး နာကျင်လာ၏။ ခဏအကြာ တွေးတောပြီး အသက်ပြင်းပြင်းရှူကာ၊
“ စုရီ၊ ငါတို့မပြီးသေးဘူး။ ”
-ဟုဆိုလျက် လှည့်ထွက်သွားတော့သည်။
စုရီက သူ့နောက်ကို မလိုက်ချေ။ တစ်ဖက်လူသည် အရိပ်တာအိုကျွမ်းကျင်သဖြင့် အချိန်တိုအတွင်း သတ်ရန် ခက်ခဲလှ၏။
အရေးသည်မှာ ဤသို့အရေးမပါသော တစ်ဦးတစ်ယောက်အတွက် သူ့စွမ်းအင်များကို မဖြုန်းတီးချင်ချေ။ ထို့ပြင် ဖုန်တုထွက်ခွာသွား ပြီးနောက် ငါးတချို့ကို ဆွဲဆောင်လာ ပေလိမ့်မည်။
“ အစ်ကိုစု၊ ဒီနှစ်ယောက်က သွမ့်ကောယွင်နှင့် ရန်ချုံးပဲ တာအိုဆွေးနွေးပွဲမှာ အဆင့်(၁၃)နဲ့ အဆင့်(၁၉)ရရှိထားတယ် ...
... အထူးသဖြင့် သွမ့်ကောယွင်အစွမ်းက ထိပ်တန်းမဟုတ်ပေမယ့် မယုံနိုင်ဖွယ်ကောင်း လောက်အောင် သြဇာကြီးမားတယ်လို့ ပြောလို့ရပါတယ် ...
... လွန်ခဲ့တဲ့ နှစ်ပေါင်း (၃)သောင်းတုန်းက သူ့ဘိုးဘေးက ဧကရာဇ်ပဲ ... ဟွမ်ရှောင်ယုတို့လို နောက်ခံကောင်းတယ်။ ”
စုရီက သဘောပေါက်သွားခဲ့သည်။ လည်ပင်းရိုးချိုးလိုက်သူသည် သွမ့်ကောယွင် ဖြစ်ပြီး ရေခဲပြင်အောက်၌ သေဆုံးသွားသူသည် ရန်ချုံးပေပင်။
“ သွမ့်ကောယွင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ငါကြားဖူးတယ် သူ့မှာ အစ်ကိုတစ်ယောက်ရှိတယ် လွန်ခဲ့တဲ့ နှစ် (၃)သောင်းလောက်က ...
... ဝိညာဉ်တာအိုနယ်ပယ်ကို ရောက်ရှိထားခဲ့ပြီး အုတ်မြစ်ဟာ ကြောက်စရာ ကောင်းလွန်းတယ် လက်ရှိအချိန်မှာ မနိုးထသေးပေမယ့် ...
... အစွမ်းထက်မယ်ဆိုတာ သေချာပေါက် ပြောနိုင်တယ် ဖုန်တုလွတ်မြောက်ခဲ့ခြင်းကနေ သွမ်ကောယွင်ရဲ့ သေဆုံးမှုကို ဖုံးကွယ်လို့ မရနိုင်တော့ဘူး။ ”
ကောချင်တစ်ယောက် စကား ပြောကြားနေစဉ် စုရီမှ နားမထောင်တော့ဘဲ ကြာပန်းရှေ့ ရောက်ရှိသွားပြီဖြစ်သည်။
“ တာအိုကော ... အခွင့်အရေးအတွက် ယှဉ်ပြိုင်တဲ့အခါ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေ မလွဲမသေရှိလာမှာကို မင်းသိထားသင့်တယ်။ ”
ယွီရှစ်ချန်မှ ပြောကြားလာ၏။ ဝမ်ရှင်းကျောက်သည်လည်း ထိုစကားအပေါ် ထောက်ခံသည်။ ကောချင်သည်သာ တိတ်ဆိတ်သွားခဲ့၏။
“ မင်းတို့ သူ့ကိုအပြစ်မမြင်ကြနဲ့။ ”
ဤအခိုက်အတန့်တွင် အဝေးရှိ ကြာပန်းကန်ဘေးတွင် ရပ်နေသော စုရီက လှည့်မကြည့်ဘဲ၊
“ ကောချင်က သတိကြီးပြီး သူ့တာအိုလမ်းက တခြားသူတွေနဲ့ ခြားနားတယ် သူ့ရဲ့ဆင်ခြင်တုံတရားက အန္တရာယ်အကင်းဆုံး တာအိုပဲ ဒါသူ့စရိုက်နဲ့ အကိုက်ညီဆုံးပါ ...
... သူ့အတွက် ဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ရှောင်လွှဲနိုင်ဖို့ ရာနှုန်းအပြည့် ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးတယ် ဒါက ... မှားတယ်လို့ ယူဆလို့ မရပါဘူး။ ”
-ဟု ပြောကြားလာသည်။
ထိုစကားများ ကြားသောအခါ ကောချင်တစ်ယောက် နှလုံးသားများ တုန်လှုပ် သွားလေသည်။ ဖော်မပြနိုင်သော ခံစားချက်များ ရရှိပြီး မှင်သပ်သွား၏။
ဤကမ္ဘာပေါ်တွင် သူ့ကိုနားလည်သော လူတစ်ယောက် ရှိလာပြီဖြစ်သည်။ ဆရာသခင် ကူချန်လင်သည်ပင် သူ၏ သတိကြီးမှုကို စိတ်ပျက်နေခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် နေထိုင်သော အဘိုးကြီးမှ သူရဲဘောကြောင်သူဟု မကြာခဏ ခေါ်ဆိုတတ်သည်။
( ထူးဆန်းတယ် ... ဒီစုရီက တော်တော်သန်မာပြီး ရဲရင့်တယ် သူ့အကျင့်က ငါနဲ့ လုံးဝမတူဘူး၊ ဒါပေမယ့် သူက ငါ့ကို ကောင်းကောင်း နားလည်နေတယ်။ )
ကောချင်၏ နှလုံးသားသည် ကမောက်ကမဖြစ်သွားကာ ခံစားချက်များဖြင့် ပြည့်နှက်လာခဲ့သည်။
နားလည် အသိအမှတ်ပြုခံရသည့် ခံစားချက်က စုရီအပေါ် ပို၍ ယုံကြည်လာမိ စေတော့၏။
သို့သော် စုရီ၏ နောက်ထပ် စကားများသည် ထိုခံစားချက်များကို ပျောက်ကွယ်သွားစေသည်။
“ ဟုတ်ပါတယ် အဲဒီလိုစိတ်ဓာတ်နဲ့ တာအိုလမ်းကြောင်းက မကောင်းဘူး မင်းတို့ နှစ်ယောက် သူ့ကိုအတုမယူသင့်ဘူး မဟုတ်ရင် မင်းတို့ရဲ့ဓားဟာ တုံးသွားလိမ့်မယ် အဲဒီမှာ ရပ်မနေနဲ့ အလောင်းတွေ ရှင်းလင်းဦး။ ”
စုရီက ကောချင်ကို လှည့်ကြည့် လိုက်လေသည်။ ကောချင်မှ ခေါင်းညိတ်ကာ ချက်ချင်း လှုပ်ရှားတော့၏။
( ဟမ့် ... ငါသူ့အပေါ် အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် မှတ်ယူလိုက်ပေမယ့် သူက ငါ့ကိုအစေခံတစ်ယောက်လို ဆက်ဆံတယ်။ )
လှုပ်ရှားနေလျက်မှ ကောချင်ခမျာ စိတ်ဓာတ်ကျသွားတော့၏။ သွမ့်ကောယွင်နှင့် ရန်ချုံးသည် ရှားပါးရတနာများစွာ အမှန်ပင် ပါရှိချေပြီ။
၎င်းတို့အနက် အဖိုးတန်ဆုံးမှာ ဝိညာဉ်ရေးရတနာသုံးပါးဖြစ်၏။ ပထမဆုံး ရတနာသည် မူလဖျက်ဆီးခြင်းကြေးမှုံ ဖြစ်သည်။
၎င်းသည် ထိပ်တန်းအရည်အသွေးရှိကာ ဝိညာဉ်ထင်ရှားခြင်းအဆင့် တိုက်ခိုက်မှုအပေါ် ခံနိုင်ရည်ရှိ၏။
သို့သော် ထိုရတနာကို အသက်မသွင်းမီ သွမ့်ကောယွင်တစ်ယောက် လည်ပင်ရိုးကျိုး သွားလေသည်။
ဒုတိယရတနာမှာ လေဟာနယ် ပုံဖျက်ခြင်းအဆောင်ဖြစ်၏။ ထူးဆန်းသော အာကာသတာအို ပါဝင်သည်။
အဆောင်ကို အသက်သွင်းနေသမျှ ကာလပတ်လုံး တားမြစ်ဝင်္ကပါ၌ ပိတ်မိသော်မှ လွတ်မြောက်နိုင်၏။ ကံမကောင်းစွာဖြင့် စုရီမှ လှံဖြင့်ထိုးသတ်ခြင်း ခံခဲ့ရသည်။
တတိယရတနာသည် ပျော့ပျောင်းသောချပ်ဝတ်တစ်ထည်ပေပင်။ အလွန်ရှားပါးသော တိမ်ဝိညာဉ်ပိုးဖြင့် ပြုလုပ်ထား၏။
ခြောက်ဆယ့်လေးပါးသော လျှို့ဝှက်ကာကွယ်ရေး အစီရင်များဖြင့် ပေါင်းစပ်ထားသည်။
ဓားနှင့် လှံများ တိုးမပေါက်နိုင်ဘဲ ရေနှင့်မီးကိုဖယ်ရှားလျက် အဆိပ်များ လွင့်ပါး စေ၏။
၎င်း၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍ မရချေ။ ရန်ချုံးအတွက် အသက်ကယ်ဝှက်ဖဲပေပင်။
ကံမကောင်းစွာဖြင့် စုရီလှံသည် ချပ်ဝတ်အစား သူ့လည်ချောင်းကို ထိုးဖောက် သွားခြင်းဖြစ်သည်။
ဤအဖိုးတန်ရတနာသုံးမျိုးအပြင် ဝိညာဉ်ရေးကျောက်တုံးများနှင့် ကုသခြင်းရေး ဆေးများကိုလည်း ရရှိထားသည်။
၎င်းတို့အားလုံးသည် ထိပ်တန်းအရည်အသွေးရှိပြီး လူတိုင်းအတွက် မနာလိုဝန်တိုမှုကို ခံစားရစေမည်။
စုရီက ဝမ်ရှင်းကျောက်အတွက် ကြေးမှုံ၊ ကောချင်အတွက် လေဟာနယ် အဆောင်နှင့် ယွီရှစ်ချန်အတွက် ချပ်ဝတ်တို့ပေးအပ်ကာ အခြားရတနာများ သူယူလိုက်သည်။
“ အစ်ကိုစု၊ ကျေးဇူးအများကြီးတင်ပါတယ်။ ”
ဝမ်ရှင်းကျောက် မျက်လုံးများ တောက်ပလာပြီး အပြုံးများ ချိုမြိန်လျက် ပျော်ရွှင်နေ၏။
( ဒီစုရီနောက်ကို လိုက်ဖို့ အဘိုးကြီးပြောနေခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ )
ကောချင်က တုန်လှုပ်သွားပြီး မျက်ရည်ကျလုမတတ်ပေပင်။ ဤခရီးတွင် စုရီ၏ အကာအကွယ်ကိုသာမက ရတနာများပင် ရရှိစေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
စုရီအမြင်တွင် ကောချင်သည် မျိုးဆက် နှစ်ဆက်ခြားနေသည့် ‘မြေးတပည့်’တစ်ဦးမျှသာ ဖြစ်နေသည်။
လူကြီးတစ်ယောက်အနေနှင့် လူငယ်တစ်ယောက်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံဝံ့မည် မဟုတ်ချေ။
ခွဲဝေပြီးနောက် စုရီတစ်ယောက် အလုပ်များသွားသည်။ ကျောက်စိမ်းအလွတ်များ ထုတ်ယူပြီး ဝင်္ကပါပြားများအဖြစ် သန့်စင်လိုက်၏။
“ ဆရာစု ... ဘာလုပ်နေတာလဲ။ ”
ကောချင်မှ လေးလေးစားစားမေး၏။ ငွေကြေးဟူသည် လူသားတို့၏နှလုံးသားကို နွေးထွေးစေသည်။
ကောချင်သည် လာဘ်မထိုးသော်လည်း စုရီထံမှ လက်ဆောင်ကိုရရှိပြီးနောက် သတိကြီး တတ်သော သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။
“ ငါဝင်္ကပါတစ်ခုချနေတာ သုံးရက်အတွင်း ဆူဖြိုးတဲ့သားကောင် ... ဘယ်လောက်များများ ဖမ်းနိုင်မလဲဆိုတာ ကြည့်ရအောင်။ ”
ကောချင်မှ အံ့ဩသွားပြီး အေးစက်သောလေကို ရှုရှိုက်လိုက်ရသည်။ မာနကြီးပြီး ဘဝင်မြင့်လွန်းသော ဤစုရီသည် ယုတ်မာသော စိတ်ထားရှိလိမ့်မည်ဟု မထင်ထားချေ။
“ ကောင်းလိုက်တာ ဖုန်တုနဲ့အတူ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ကြိုးစားသူတွေကို ထောင်ဖမ်းပြီး သတ်ပစ်မယ် ပြီရင်သူတို့ရဲ့ ရတနာတွေကို သိမ်းမယ် ... ။ ”
ဝမ်ရှင်းကျောက် အသံသည် ကြည်လင်ပြတ်သားပြီး မျှော်လင့်ခြင်းများနှင့် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပါရှိနေ၏။ ယွီရှစ်ချန်က ခေါင်းညိတ်လျက်၊
“ မှန်တယ် ... ယင်ယန်နတ်တော် မီးကြာပန်းတွေ ရင့်ကျက်ဖို့ သုံးရက်လောက် အချိန်ယူရမယ်ဆိုရင် ဒီသုံးရက်အတွင်းမှာ ငါးဘယ်လောက်မိမလဲ ကြည့်ရအောင်။ ”
-ဟု သသေဘာတူလာ၏။
သဘာဝအတိုင်း လှပသော အမျိုးသမီးနှစ်ယောက်ထံ၌ ဤသို့ လုယူလိုစိတ် ဖြစ်ပေါ်နေလိမ့်မည်ဟု ထင်ရာမရှိချေ။
ကောချန်အမြင်၌ ကိုယ်ရည်ကိုယ်သွေးနှင့် အသွင်ပုံသဏ္ဍာန်သည် ကွဲလွဲနေချေပြီ။ သို့သော် ချက်ချင်း ပြုံးလျက်၊
“ ဆရာစုရဲ့ ဉာဏ်ရေဉာဏ်သွေးက တကယ့်ကို ထက်မြက်ပါပေတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်ရလေသည်။
***