← Chapters

မုဆိုးများ ... ။

Vol. 38 Ch. 454

မုဆိုးများ ... ။

Vol. 38 Ch. 454

“ ဒီမှာ သုံးရက်လောက်ကျင့်ကြံရအောင်။ ”

လှိုဏ်ဂူတစ်ခုအနားတွင် စုရီက အမိန့်ပေးပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက် တော့သည်။

ဤလှိုဏ်ဂူသည် ကြာကန်နှင့် ပေသုံးထောင်အကွာ တောင်တန်းတစ်ခုတွင် တည်ရှိ၏။

ဂူတစ်ဝိုက်တွင် တားမြစ်ဝင်္ကပါ ပုံစံနှစ်မျိုးကိုခင်းကျင်းထားသည်။ ပထမဝင်္ကပါ အမျိုးအစားသည် ရောင်ဝါဖုံးကွယ်သည့် ဝင်္ကပါဖြစ်၏။

ဒုတိယသည် ဝိညာဉ်စွမ်းအင်များ စုဆောင်းပေးသည့် ဝင်္ကပါပေပင်။ နှစ်ခုစလုံး အလွန်ဆန်းပြားချေပြီ။

ကျင့်ကြံမှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုများကို ရန်သူသတိမထားမိစေရန် အထူးရည်ရွယ်၏။

အချိန်များ ကုန်လွန်သွားလေသည်။ ကြွယ်ဝပြီး များပြားလှသော ဝိညာဉ်စွမ်းအင်များ စုရီခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာ၏။

အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များက စွမ်းအင်လမ်းကြောင်း၊ အတွင်းအင်္ဂါများနှင့် အရိုးများဆီသို့ ရောက်ရှိလာခဲ့သည်။

စွမ်းအင်သံသရာ(၃၆)ကြိမ်ခံယူပြီး အဆုံးတွင် အနှစ်သာရအဖြစ်သို့ ပြောင်းလဲကာ ဒါန်တမ်အတွင်း ဝင်လာ၏။

မူလနန်းတော်သည် အင်မော်တယ် နန်းတော်တစ်ခုအလား တောက်ပကာ တာအို မျိုးစေ့အတွင်းသို့ ထိုအနှစ်သာရကို စုပ်ယူလေသည်။

တိမ်နှင့် မြူခိုးများဖြင့် ပြည့်နှက်လာပြီး သာလွန်ဆန်းကြယ်သော လေထုကို ခမ်းနားစွာ ဖန်တီးပေး၏။

တာအိုလှိုင်းပုပ်သံများ ညံလာ၏။ ဓားသံ၊မိုးခြိမ်းသံ၊ ခေါင်းလောင်းတီးသံများ မြည်လာချေပြီ။

အဆုံးတွင် တင်ပျဉ်ခွေထိုင်နေသော စုရီ၏ခန္ဓာကိုယ်၌ တာအိုကျက်သရေများစွာ လွှမ်းခြုံလာတော့သည်။

နံနက်​​ခင်းနေရောင်​ခြည်ကဲ့သို့ ​တောက်​ပ​သွားကာ မြင့်မြတ်​နေ၏။ ဤဒေသသည် တာအို ရှာဖွေရန် မင်္ဂလာရှိသော အရပ်ပေပင်။

အလွန်ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များနှင့်အတူ တာအိုနိယာမများ ထုံမွှန်းနေ၏။ စိတ်ဝိညာဉ်သည် ကောင်းကင်နှင့် မြေကြားကား ပေါင်းစပ်သွားသည်။

စွမ်းအင်ဆေးပြားသို့မဟုတ် ဝိညာဉ်ဆေးပြားတို့ကို သောက်သုံးခြင်းဖြင့် တာအို မရရှိနိုင်ချေ။ ကျင့်ကြံခြင်းဖြင့်သာ ရှာဖွေနိုင်မည်။

‘ကျင့်ကြံခြင်း’ဟူသည် လောက၏ တာအိုများရှာဖွေခြင်းဖြစ်သည်။ ၎င်းသည် အန္တိမပန်းတိုင်ဖြစ်၏။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဝိညာဉ်စွမ်းအင်များ ရှားပါးပြီး မြုံနေသည့်အခါ ဆေးဝါးများ ဖြည့်စွက်သုံးနိုင်သော်လည်း တာအိုနိယာမများ ပါးလျလာသောအခါ နားလည်မှုရရှိရန် ခက်ခဲသွားသည်။

ဤသည်မှာ ယနေ့မိုးပြာတိုက်ကြီးရှိ ကျင့်ကြံသူများ ကြုံတွေ့နေရသော ပြဿနာ ပေပင်။ အခြေခံအုတ်မြစ်နှင့် အားနည်းခြင်း၏ အကြောင်းရင်းလည်းဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသည့် အရပ်ဒေသတွင် တာအိုနိယာမများ ပေါများထင်ရှားပေမည်။

အခြားအခွင့်အရေးများ ပိုင်ဆိုင်ခြင်း မရှိလျှင်ပင် ဤနေရာတွင် ဉာဏ်အလင်းရရုံဖြင့် အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။

လက်ရှိအချိန်ပ မည်မျှလျင်မြန်စွာ ခွန်အားများတိုးပွားပြီး အဆင့်ကျော်ဖြတ်မည့် အပေါ် စိတ်မဝင်စားချေ။

ယင်းအစား ဤလျှို့ဝှက်ဒေသကြီးတွင် သူ့တာအိုအုတ်မြစ်ကို ပိုမိုခိုင်မာလာစေရန် အထူးပြုမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှင်းကျောက်တို့ သုံးယောက်သည်လည်း အကျိုးကျေးဇူးများကို ခံစားနေရသည်။

၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များသည် တာအိုဉာဏ်အလင်း၌ နှစ်မြုပ်သွားတော့၏။

တစ်ရက်တာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ စုရီသည် တရားထိုင်ရာမှ နိုးထလာ​၏။ သူ့မူလနန်းတော်သည် အပြည့်အဝ ပြီးမြောက်သွားချေပြီ။

“ လက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ကြယ်စုစည်းခြင်းအဆင့်ရောက်ဖို့ မခက်သင့်ဘူး ဒါပေမယ့် အဲဒီမတိုင်ခင်မှာ ယန်တာအိုကို နားလည်ဖို့လိုနေပြီ မဟုတ်ရင် ပြိုင်ဘက်ကင်း တာအိုရှာဖို့ ခက်သွားလိမ့်မယ်။ ”

ကြယ်စုစည်းခြင်းအဆင့်တွင် ယင်ယန်ဝင်ရိုးကို ဖန်တီးရပေမည်။ ဤနည်းဖြင့် ဒြပ်စင်ငါးပါးတာအိုသည် ထိုဝင်ရိုးပေါ်၌ စက်ဝိုင်းပုံစံလည်ပတ်ပြီး ထိုက်ချိဝင်ရိုးနှစ်ထပ် လည်ပတ်ခြင်းကို ရရှိမည်ဖြစ်၏။

မိုးကြိုးတာအိုသည် ထို့အဆင့်တွင် ထပ်မံပေါင်းစည်းခြင်းဖြင့် အဆင်ပြေပေမည်။ ယန်တာအိုအတွက်မူ ထိုမတိုင်မီ လိုအပ်၏။

ဆိုလိုသည်မှာ ဒြပ်စင်ငါးပါးသည် အုတ်မြစ်ဖြစ်ပြီး ယင်-ယန်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်တီးကာ လေ-မိုးကြိုးသည် အရာခပ်သိမ်းကို မွေးဖွားပေးသည်။

ဤနည်းဖြင့် ဝိညာဉ်တာအိုနယ်ပယ်သို့ ခြေချသောအခါ အမြင့်ဆုံးသော တာအိုသုံးပါး ပေါင်းစည်းကာ ပြိုင်ဘက်ကင်းတာအိုထံ ဦးတည်နိုင်ပေမည်။

ယန်ဟူသည် မူလအစဖြစ်သည်။ မူလအစတွင် ယန်စွမ်းအင်သည် အရာခပ်သိမ်း မွေးဖွားပေးနိုင်၏။

တစ်ချိန်တည်းမှာပင် ကြာကန်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော လေထုအလယ် လူအချို့ ပျံသန်းလာနေသည်။

“ ဒီစုရီက ... အခွင့်အရေးကို သိမ်းပိုက်ထားတယ် အန္တရာယ်ကြုံလာရင် မင်းတို့ငါ့ကို အပြစ်မတင်ကြနဲ့ သတိထားပါ။ ”

အနီရောင် သားရဲအရေခွံကို ဝတ်ဆင်ထားသောဖုန်တုက လေးနက်သည့် အမူအရာဖြင့် ပြောကြားလာသည်။

သူနှင့်အတူ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက် လိုက်ပါလာခဲ့ချေ၏။

“ အစ်ကိုဖုန် ... မင်းအရမ်းကြီး သတိထားနေတာပဲ ငါတို့ရဲ့ပေါင်းစပ်အင်အားနဲ့ စုရီကိုသေချာပေါက် နှိမ်နင်းနိုင်ပါလိမ့်မယ်။ ”

ဤသည်မှာ ရွှေရောင်ဝတ်ရုံဖြင့် မိန်ယန်ပိုင်ဖြစ်သည်။ သူသည်လည်း ရှေးခေတ် အကြွင်းအကျန်တစ်ဦးဖြစ်ပြီး သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ၌ အဆင့်(၉)ရရှိထား၏။

“ အနိုင်အရှုံးက တစ်ခုတည်းသော အဆုံးအဖြတ်ပေးတဲ့ပွဲမျိုးမဟုတ်ဘူး အသက်နဲ့ သေခြင်းမှာ မင်းဘာလို့စုရီကို ကြောက်နေရတာလဲ။ ”

ချင်းယွင်၏ မျက်လုံးများ အေးစက်ပြီး တင်းမာနေခဲ့၏။ ခရမ်းရောင် ချပ်ဝတ်၀တ်ဆင် ထားပြီး တာအိုဆွေးနွေးပွဲ၌ အဆင့်(၁၂) ဖြစ်သည်။

ကျန်တစ်ယောက်မှာ နင်းလီဖြစ်၏။ အနက်ရောင်ဝတ်ရုံဖြင့် စကားမဆိုဘဲ သတ်ရန် ရည်ရွယ်ချက်များသာ ပြသထားသည်။

သူ့ နောက်ကျောတွင် သွေးနီဓားတစ်လက် ကိုင်ဆောင်ကာ အသက်ရှူကြပ်ဖွယ် ဖိအားမျိုး ပေးစွမ်းထားလေသည်။

“ အစ်ကိုဖုန် ... မင်းရဲ့အရည်အချင်းနဲ့ စုရီကိုမကြောက်သင့်ဘူးမဟုတ်လား မင်းဘာလို့ ဒီလောက်သတိထားနေရတာလဲ။ ”

သော်ခိုမှ နားမလည်ဟန်ဖြင့် စိတ်ရှုပ်ထွေးစွာမေးသည်။ သူမ၏ အနက်ရောင် ဆံပင်ရှည်များက ရေတံခွန်ကဲ့သို့ ဖြာကျနေ၏။

နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် အလွန်ချစ်စရာကောင်းပြီး အနီရဲရဲအင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။ တာအိုဆွေးနွေးပွဲ၌ အဆင့်(၁၆)ဖြစ်၏။

သူတို့အားလုံးသည် ရှေးခေတ် နတ်ဆိုးများကြားတွင် ထူးချွန်သူများပေပင်။ နောက်ကွယ်မှ အင်အားစုအချင်းချင်း အဆက်အသွယ်ရှိကာ ဤကျွန်းတွင် အတူတကွ လုပ်ဆောင်ရန် သဘောတူထားသည်။

“ မကြောက်ပါဘူး ... ဒါပေမယ့် လျှော့တွက်မှာလည်း မဟုတ်ဘူး ဟွမ်ရှောင်ယု အပေါ် အလွယ်တကူ ဖိနှိပ်နိုင်တဲ့ လူကို ဘယ်သူ အလေးအနက်မထားဘဲ နေဝံ့မှာလဲ။ ”

သို့သော် မနေ့ညက စုရီနှင့်ရန်ပွဲအကြောင်း တွေးလိုက်မိသောအခါတွင် သူ့နှလုံးသားအတွင်း လေးလံမှုများ ပြည့်နှက်လာသည်။

“ အစ်ကိုဖုန်ပြောတာ မှန်တယ် ... စုရီကသတိထားသင့်တဲ့ ရန်သူပဲ ငါတို့အားလုံး သတိထားရမယ်။ ”

မိန်ယန်ပိုင်က သတိပေးသည်။ လေးယောက်သညား စကားစမြည်ပြောလျက် ပျံသန်းနေစဉ် တောင်ကြားလွင်ပြင်ကို မြင်လာရချေ၏။

“ ငါတို့ သဘောတူညီချက်အရ စုရီကိုသတ်ပြီးရင် ယင်ယန်နတ်မီးကြာပန်းကို ဝေမျှယူကြရအောင်။ ”

ဖုန်တုက အဝေးရှိ ကြာကန်ကို မျှော်ကြည့်ကာ ပြောကြားလိုက်၏။ လူတိုင်း ယင်ယန်နတ်မီးကြာပန်းကို သတိထားမိလာပြီး စိတ်လှုပ်ရှားကုန်တော့သည်။ ရှားရှားပါးပါး အခွင့်အရေးပေပင်။

“ အစ်ကိုဖုန် စိတ်မပူပါနဲ့ ငါပူးပေါင်းဖို့ သဘောတူပြီးကတည်းက ငါ့ကတိကို ဖျက်မှာ မဟုတ်ပါဘူး။ ”

“ အစ်ကိုဖုန် ... စုရီ မတွေ့ပါလား။ ”

“ ဟားဟားဟား ... သူ တောင်တွေကြားမှာ ပုန်းနေတာ ဖြစ်နိုင်တယ်။ ”

မိန်ဘန်ပိုင် တောင်တန်းကြီးများထံ မော့ကြည့်ကာ ရယ်မောလျက် ပြောကြားသည်။

“ ဟမ့် ... ဒီကောင်က တော်တော် လိမ္မာပါးနပ်တယ် ကြာပန်းရေကန်အနားမှာ တားမြစ်ဝင်္ကပါတစ်ခု ခင်းထားတယ်။ ”

မိန်ယန်ပိုင်၏စကားကြောင့် နင်းလီ၊ သော်ခိုနှင့် ချင်းယွင်သည် တားမြစ်ဝင်္ကပါကို မခံစားမိသောကြောင့် တုန်လှုပ်သွား၏။

သို့သော် ချင်းယွင်က လှောင်ပြုံးဖြင့်၊

“ ဟမ့် ... ဒါပေမယ့် ကံမကောင်းစွာနဲ့ ... အစ်ကိုမိန်လို ကျွမ်းကျင်သူတစ်ယောက် ရှေ့မှာ ဒီဝင်္ကပါလေးက သူ့ကိုယ်သူ အရှက်ခွဲနေတာနဲ့ အတူတူပဲမဟုတ်လား။ ”

-ဟု မြှောက်ပင့်ပေးလိုက်သည်။

မိန်မျိုးနွယ်သည် ဝင်္ကပါပညာရှင်များ ဖြစ်သည်။ ဝင်္ကပါသခင်များစွာသည် ၎င်းတို့၏ မျိုးနွယ်မှ ပေါ်ထွက်လာခဲ့ကြ၏။

ထို့ကြောင့် မိန်မျိုးနွယ်မှ တိုက်ရိုက် ဆင်းသက်လာသော မိန်ယန်ပိုင်ကဲ့သို့သော တစ်စုံတစ်ယောက်အနေဖြင့် ဆိုဖွယ်မရှိချေ။

သူ နားလည်ထားသော ဝင်္ကပါအသိသည် ဝိညာဉ်ထင်ရှားခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ရန် လုံလောက်ချေ၏။

( တကယ်ပဲ စုရီက အရှက်ခွဲခံဖို့ စောင့်နေတာလား။ )

ဖုန်တုက သံသယဖြင့် သက်ပြင်းချသည်။ ယခင် သွမ့်ကောယွင်၊ ရန်ချုံးတို့နှင့်ပူးပေါင်းကာ တစ်ဖက်လူအပေါ် လုပ်ကြံဖူး၏။

ထိုအချိန်တွင် စုရီနှင့်အဖွဲ့သည် သူ့ထောင်ချောက်ထဲ ရောက်ရှိလာသော်လည်း လွတ်မြောက်သွားသေးသည်။

“ ဝင်္ကပါပညာမှာ ... ဒီစုရီရဲ့အောင်မြင်မှုကို သွားကြည့်ရအောင်။ ”

မိန်ယန်ပိုင်က ယုံကြည်မှုအပြည့်နှင့် ပြုံးလျက်ဦးဆောင်သဖြင့် အတွေးများရပ်ကာ လိုက်ပါသွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ မိန်ယန်ပိုင်အသွင်က တည်ငြိမ်နေ၏။

တစ်စုံတစ်ဦးသည် သူ့လမ်း၌ ဝင်္ကပါခင်းကျင်းဝံ့သည်လော။ အကြင်သူသည် သူ့အပေါ်အရှက်ခွဲရန် တောင်းဆိုနေခဲ့ခြင်း ပေပင်။

***

All Chapters