ရတနာရှာများ လုယူခြင်း။
Vol. 38 Ch. 456
ဤမတိုင်မီ မိန်ယန်ပိုင်သည် သူ့ကိုယ်သူယုံကြည်မှု အပြည့်ရှိနေခဲ့ပြီးနောက် လွန်ကဲစွာတွက်ဆမိခဲ့သည်။
ယခုမူ မျက်နှာတစ်ပြင်လုံး ပူလောင်နီရဲလာကာ အရှက်နှင့် ဒေါသများ ခံစားလာရသည်။
ပါးရိုက်ခံရသည်ထက်ပင် ရှက်စရာ ကောင်းနေ၏။ ဤအချိန် ကျန်လူများမှလည်း သူ့အပေါ် ရှုမြင်ပုံ ပြောင်းသွားသည်။
“ မြန်မြန် ... ။ ”
တားမြစ်လှိုင်း မြည်သံများသည် ပို၍ကျယ်လောင်လာပြီး ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းကုန်၏။
“ ဝှစ် ... ။ ”
မိန်ယန်ပိုင်မှ တွန့်ဆုတ်မနေဝံ့တော့ဘဲ အဝါရောင်အလံကို ဝှေ့ယမ်းပြီး ထွက်ခွာရန် ဦးဆောင်လိုက်သည်။
“ ဝုန်း ... ။ ”
သို့သော် တားမြစ်ဝင်္ကပါစွမ်းအားသည် ဓားအဖြစ်ပြောင်းလာပြီး လက်ထဲရှိ အဝါရောင် အလံကို ဖျက်စီးသွားတော့သည်။
မျက်နှာ ပြောင်းလဲလျက် ပေါင်တူဆယ့်နှစ်လက်ကို ချက်ချင်းထုတ်ယူ လိုက်တော့၏။
ခဏလေးအတွင်းမှာပင် တားမြစ်ဝင်္ကပါတန်ခိုးကြောင့် ပေါင်တူများ တစ်ခုပြီး တစ်ခု ပျက်စီးသွားသည်။
“ သေစမ်း ... ။ ”
မိန်ယန်ပိုင် မျက်ဝန်းများ နီရဲလျက် အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်တော့၏။ ပုံသဏ္ဍာန်မျိုးစုံနှင့် အရောင်အသွေးမျိုးစုံ ရောနှောနေသော အဆောင်ရတနာများ ရာနှင့်ချီထွက်ပေါ်လာသည်။
သို့သော် ဤတားမြစ်ဝင်္ကပါ၏ ဖြိုခွဲမှုအောက်တွင် အဆောင်ရတနာများသည် အလွန်အားနည်းနေပုံရချေပြီ။
မျက်စိတစ်မှိတ်အတွင်း အားလုံး ပေါက်ကွဲကုန်၏။ ထိုအချိန်တွင် ချင်းယွင်နှင့် ကျန်သူများလည်း ထိတ်လန့်သွားကြသည်။
“ လူတိုင်း ငါ့ကိုကြည့်မနေနဲ့ ... မင်းတို့ရဲ့ဝှက်ဖဲကို မသုံးရင် ငါတို့အားလုံး ဒီမှာ အသတ်ခံရလိမ့်မယ်။ ”
မိန်ယန်ပိုင်မှ အော်ဟစ်လိုက်၏။ ချင်ယွင်ကဦးစွာ လှုပ်ရှားသည်။ ပုလဲတစ်လုံးကို ထွေးထုတ်လိုက်ရာ အစိမ်းရောင်ဓားပျံ တစ်လက် ဖြစ်လာ၏။
ဓားသည် သုံးလက်မခန့်ရှိကာ လခြမ်းပုံသဏ္ဍာန်ရှိပြီး ချင်းရီဓားပျံဟူသော အမည်ကိုရေးထိုးထားလေသည်။
တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံသူအပေါ် ပေါင်းပင်များကဲ့သို့ သတ်နိုင်၏။
“ သွား ... ။ ”
ချင်းယွင်မှ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ သုံးလက်မ ဓားပျံသည် လေထဲသို့လှည့်ပတ်လျက် ထက်မြက်သော ရောင်ဝါများ ထုတ်လွှတ်လာ၏။
“ ဘုန်း ... ။ ”
ဓားပျံနှင့် ဓားရိပ်ကြီးတိုက်မိသွားသည်။ ဓားရိပ်ကြီးမှာ တုန်ခါလျက် ပြိုကျလာတော့မည့် အချိန်တွင် ရွှေကြိုးတစ်ချောင်း ပျံတက်လာပြီး ချင်းရီပျံဓားဆွဲယူသွားတော့၏။
“ ဟမ့် ... ။ ”
ထိုမြင်ကွင်းကြောင့် လူတိုင်း၏ အမူအရာများ ပျက်ယွင်းသွားသည်။ ချင်းယွင်မှာ အဆိုးဆုံးဖြစ်၏။ နှလုံးသားများပင် သွေးယိုစီးကျလာသည်။
အသက်တရှိုက်စာအတွင်း ရတနာကို လုယူခံလိုက်ရ၏။ မျိုးနွယ်စု အကြီးအကဲများက ဝိညာဉ်တာအိုနယ်ပယ်သို့ ခြေတစ်လှမ်းချနိုင် သဖြင့် ပေးအပ်သော ဆုလာဘ်ဖြစ်သည်။
စစ်မှန်သော ဝိညာဉ်တာအိုနယ်ပယ် တက်လှမ်းပြီးနောက်တွင် လက်နက်ဝိညာဉ်ကို ထည့်သွင်းပေးမည်ဖြစ်သည်။
ယခုမူ အသက်တရှိုက်စာအတွင်း ပျောက်ကွယ်သွားချေပြီ။ တစ်ဖက်တွင် ဖုန်တု တစ်ယောက် မျက်လုံးပြူးလာ၏။
“ အဲဒီကြိုး ... ။ ”
ဤသည်မှာ နတ်ဆိုးဟွမ်မျိုးနွယ်၏ မှော်ရတနာကိုးပါးအနက်မှ တစ်ပါးဖြစ်သော ‘ဝိညာဉ်ချည်ကြိုး’ပေပင်။
အလွန်တရာမှော်ဆန်ပြီး တူညီသော အဆင့်ရှိ ဝိညာဉ်ရတနာများကို အလွယ်တကူ နှိမ်နင်းနိုင်မည်။
“ တကယ်ပဲ နတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ ဝိညာဉ်ချည်ကြိုးက စုရီလက်ထဲကို ဘယ်လိုများ ရောက်နေရတာလဲ ... ။ ”
နင်းလီမှ မျက်မှောင်ကြုတ်လိုက်၏။ အကြောင်းရင်းကို ခန့်မှန်း၍ မရသော်လည်း ဤမြင်ကွင်းသည် သူတို့၏နှလုံးသားထဲ အမှောင်များ ဝင်ရောက်လာစေသည်။
လက်ရှိအခြေအနေသည် တားမြစ်ဝင်္ကပါအတွင်း ပိတ်မိနေရုံသာမက အလွန်အန္တရာယ်များလာပြီဖြစ်၏။
“ ကြိုးစားပါရစေ ... ။ ”
နင်းလီက အသံနက်ကြီးဖြင့် ပြောကြားလိုက်ပြီး သူ့နောက်ကျောရှိဓားကို ဆွဲထုတ်လိုက်သည်။
“ ချွင် ... ။ ”
ဓားသွားသည် သွေးကဲ့သို့ နီရဲနေကာ ထူးခြားဆန်းကြယ်သည့် အနက်ရောင် အမိန့်စာ များဖြင့် ဖုံးအုပ်ထား၏။ သွေးနက်ဓားဟူသည် ရှေးဟောင်း တစ္ဆေရတနာဖြစ်သည်။
“ ဘိုးဘေး ... ဒီဂျူနီယာနင်းလီကို ကူညီပေးဖို့ တောင်းဆိုပါတယ်။ ”
ဆင့်ခေါ်သံအဆုံးတွင် သွေးနက်ဓားမှ အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးတက် လာလေသည်။ ထိုအလင်းများအတွင်း ပုံသဏ္ဍာန်တစ်ခုကို ယောင်ဝါးဝါးမြင်နိုင်၏။
ဤသည်မှာ သွေးစွန်းနေသော၀တ်စုံကို ဝတ်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအိုဖြစ်သည်။ သူသည် တစ္ဆေရောင်ဝါများ ထုတ်ဖော်လျက် ပတ်ဝန်းကျင်၌ မြူခိုးများ တက်လာစေ၏။
ကြောက်မက်ဖွယ်ကောင်းကာ ငရဲမှထွက်လာသော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးဝိညာဉ်နှင့်တူချေပြီ။
“ ဝိညာဉ်တာအိုနယ်ပယ် တစ္ဆေဝိညာဉ်။ ”
ဖုန်တုမှ အသက်ပြင်းပြင်းရှူလိုက်သည်။ နင်းလီလက်ထဲမှ ဝှက်ဖဲသည် ဤမျှအစွမ်းထက် နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ကျန်လူများသည်လည်း အံ့သြသွားကြ၏။
လူတိုင်းသည် ကျွန်းသို့ ဝင်ရောက်လာသောအခါတွင် ဝှက်ဖဲများကို အသီးသီးပြင်ဆင်ခဲ့ကြသည်။
သို့သော် နင်းလီသည် ထိုမျှ ကြောက်စရာကောင်းသော အဖိုးအို၏ဝိညာဉ်ကို သယ်ဆောင်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
“ ဒါ ... တားမြစ်ဝင်္ကပါလေးတစ်ခုပဲ မင်းတို့အတွက်လွတ်မြောက်ဖို့ လမ်းဖွင့်ပေးမယ် ခဏစောင့်ပါ။ ”
ရောင်ဝါများ ပေါက်ကြားလာပြီး သွေးနီရောင် ၀တ်စုံဝတ် အဖိုးအိုဝိညာဉ်မှ သွေးနက်ဓားဖြင့် ရုတ်တရက် ခုတ်ချ လိုက်တော့သည်။
စူးရှတောက်ပသော သွေးနီဓားစွမ်းအင်တစ်ခုသည် ကောင်းကင်ကို ဖြတ်ကာကျဆင်းသွားသည်။
“ ဝုန်း ... ။ ”
တားမြစ်ဝင်္ကပါသည် ရေလှိုင်းများကဲ့သို့ ရုန်းကြွလာပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုသွေးနီဓားစွမ်းအင်ကို ချေဖျက်ပစ်လိုက်၏။
“ ဟမ့် ... ။ ”
အဖိုးအိုခမျာ အကြည့်များ အေးစက်သွားပြီးနောက် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လေသည်။
“ ဝှစ် ... ။ ”
သို့သော် ရုတ်တရက် လေဟာနယ်အတွင်း ကြေးမှန်တစ်ချပ်ပေါ်လာပြီး သွေးစွန်းနေသော မျက်လုံးတစ်လုံးပေါ်လာသည်။
“ ရွှပ် ... ။ ”
၎င်းမျက်လုံးမှ သွေးရောင်အလင်းဖြင့် ပစ်လွှတ်လိုက်သောကြောင့် သွေးနီရောင်ဝတ် အဘိုးအိုခမျာ ချက်ချင်းရှောင်တိမ်းလိုက်၏။
“ ဘန်း ... ။ ”
သို့သော် မအောင်မြင်ချေ။ သွေးနီရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက် နာကျင်စွာ ညည်းတွားသံပြုတော့၏။
ဝိညာဉ်တစ်ခုလုံး ပြိုလဲတော့မည့် လက္ခဏာများ ပြသလာသည်။ တိုက်ခိုက်မှုသည် အလွန်ကြောက်စရာ ကောင်းလွန်းချေပြီ။
“ ဒါ ... ဒါဟွမ်မိသားစုရဲ့ ဝိညာဉ်ဝါးမျိုးခြင်းရတနာကြေးမှန်ပဲ။ ”
အဆုံးတွင် သွေးနီရောင် ၀တ်စုံဝတ် အဖိုးအိုခမျာ ထိတ်လန့်စွာဖြင့် သွေးဓားနက်ထဲ ချက်ချင်ဝင်ပြေးသွားတော့သည်။
ထိုမြင်ကွင်းသည် ရယ်စရာ ကောင်းလွန်းသော်လည်း မည်သူမျှ မရယ်ဝံ့ တော့သည်မှာ သဘာဝပေပင်။
“ ဝိညာဉ်ကို ဝါးမျိုခြင်းကြေးမှန် ... ။ ”
ကောင်းကင်၌ လွင့်မျောနေသော ကြေးမှန်ကိုမော့ကြည့်ကာ နင်းလီမျက်နှာသည် ဒေါသများဖြင့် ဖြူဖျော့လာ၏။
သွေးနီရောင် ၀တ်စုံဝတ် အဖိုးအိုသည် သူ၏အကြီးမားဆုံးသော အထောက်အပံ့ဖြစ်ပြီး စုရီအပေါ် စိန်ခေါ်ရဲသည့် အကြောင်းရင်း တစ်ရပ်လည်းဖြစ်သည်။
သို့သော် တစ်ကြိမ်တည်းဖြင့် ထိုအဘိုးအိုသည် ရှုံးနိမ့်သွားခဲ့ပြီး ထွက်မလာဝံ့ တော့ချေ။ ရှက်စရာပေပင်။
မိန်ယန်ပိုင်တို့သည်လည်း အမူအရာများ သိသိသာသာ ပြောင်းသွား၏။ ဝိညာဉ်ချည်ကြိုး သည်ပင် သူတို့မျှော်လင့်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
ဤကြေးမှုံသည် လက်ကျန် တိုက်ပွဲဝင်စိတ်ကို ကုန်ခမ်းသွားစေ၏။ နတ်ဆိုး ဟွမ်မျိုးနွယ်၏ တန်ခိုးကြီးရတနာများစုရီတွင် အဘယ့်ကြောင့် ရှိနေရသည်ကို နားမလည်နိုင်တော့ချေ။
“ ချွင် ချွင် ... ။ ”
သို့သော် တားမြစ်ဝင်္ကပါစွမ်းအင်သည် တွေးတောရန် အချိန်မပေးဘဲ ဓားရောင်ဝါဖြင့် မိုးသက်မုန်တိုင်းကို ဖန်တီးလာသည်။
သော်ခိုက အံကြိတ်လျက် သူမအင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။ ခမ်းနားထည်ဝါသော အလင်းရောင်များ ကောင်းကင်ပေါ် ထိုးတက်လာ၏။
အနီးကပ် စစ်ဆေးကြည့်လိုက်သော အခါတွင် ရောင်စုံငှက်မွှေးယပ်တစ်ချောင်း ဖြစ်လေသည်။
၎င်းထံမှ အလင်းတန်းသည် ကောင်းကင်တခွင် ပြည့်နှက်လာကာ ရောင်စုံ အလင်းဒိုင်းသဖွယ် တားမြစ်ဝင်္ကပါလှိုင်းများကို တားဆီးပေးတော့၏။
ဤသည်မှာ သော်ခို၏ အသက်ကယ် ဝှက်ဖဲချပ်များအနက် မျိုးနွယ်စု၏ ဝိညာဉ်တာအို ဘိုးဘေးတစ်ဦးထံမှ အမွေဆက်ခံထားသော ရတနာဖြစ်သည်။
ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ဦး တိုက်ခိုက်မှုကို တားဆီးရန် လုံလောက်သည့် ရောင်စဉ်ငါးသွယ်အလင်းဒိုင်းဖြစ်စေ၏။
“ ဘောင်း ... ဘောင်း ... ။ ”
မိုးသက်မုန်တိုင်းကဲ့သို့ ဓားရှည်များ အချင်းချင်း ရိုက်ပုတ်နေဟန် ကျယ်လောင်သော အသံဗလံများ ထွက်ပေါ်၏။
ထို့နောက်တွင် တားမြစ်ဝင်္ကပါ စွမ်းအားသည် မိုးရေစက်များကဲ့သို့ တဖွဲဖွဲ လွင့်ပါးလာခဲ့သည်။ ဤမြင်ကွင်းက လူအုပ်ကို သက်ပြင်းချမိစေသည်။
“ ရွှပ် ... ။ ”
သို့သော် လေဟာနယ်ကို ထိုးခွဲနေသော ဓားတစ်လက်အသံကြားလာရပြီး ချင်းရီဓားပျံ ထွက်ပေါ်လာ၏။
ထို့နောက် ရောင်စုံအလင်းဒိုင်း အလွှာများသည် ချင်းရီဓား၏ ထက်ရှမှုအပေါ် မခံနိုင်တော့ဘဲ တဖြည်းဖြည်း အက်ကြောင်း ထင်ဟပ်လာတော့သည်။
တစ်ဖက်တွင် ချင်းယွင်သည် ဒေါသအရမ်းထွက်လာပြီး သွေးအန်လုမတတ် နာကျင်သွား၏။ အထူးသဖြင့် သူ့ဝှက်ဖဲသည် အလင်းဒိုင်းကို ထိုးဖောက်နေသောကြောင့် ဖြစ်သည်။
“ ခရစ် ... ။ ”
“ ဘောင်း ... ဘောင်း ... ။ ”
ရောင်စုံအလင်းဒိုင်းအလွှာပေါ်၌ ပေါက်တစ်ခုပေါ်လာပြီး ရောင်စုံအလင်းမှုန်များ တဖွဲဖွဲရွာကျလာချေပြီ။
သော်ခိုခမျာ အမူအရာပြောင်းသွားပြီး ငှက်မွှေးယပ်ဖြင့် ထပ်မံဝှေ့ယမ်းလျက် အားဖြည့် တော့မည့်အချိန်တွင် ရွှေကြိုးတစ်ချောင်းက သူမလက်ကို ရစ်ပတ်လာ၏။
“ ဝှစ် ... ။ ”
လက်ကောက်ဝတ်တစ်ခုလုံး နာကျင်သွားကာ ရောင်စုံငှက်မွှေးယပ်ကို လွှတ်ပေးလိုက်ရလေသည်။
“ သေစမ်း ... ။ ”
ဒေါသတကြီး အော်ဟစ်ကာ ချက်ချင်း ဖမ်းယူရန်ကြိုးစား၏။ သို့သော် တားမြစ်ဝင်္ကပါ စွမ်းအားသည် ချွန်ထက်သောဓားအဖြစ် သူမကို နောက်ပြန်ဆုတ်စေခဲ့သည်။
ထိုဖြစ်စဉ်သည် လျင်မြန်လွန်းပြီး ဓားအရိပ်စွမ်းအားနှင့် ချင်ရီဓားပျံကိုရပ်တန့်ရန် မည်သူမျှ အချိန်မရှိခဲ့ချေ။
တစ်ဖက်တွင် သော်ခိုသည် သူမ၏ ရောင်စုံငှက်မွေးယပ်ကို သိမ်းယူခံလိုက်ရသဖြင့် ကူကယ်ရာမဲ့စွာ အံကြိတ်လိုက်ရသည်။
ဤခံစားချက်သည် သူမနှလုံးသားမှ အပိုင်းအစကို ဖြတ်ထုတ်သွားသလို ပေပင်။ နာကျင်လွန်းသဖြင့် အသက်ရှူ မဝနိုင်။
“ အစ်ကိုမိန်၊ မြန်မြန် ... ဝင်္ကပါကို ချိုးဖြတ်ပါ ။ ”
နင်းလီက အော်ဟစ်လိုက်သည်။ ဤအခိုက်တွင် တားမြစ်ဝင်္ကပါစွမ်းအားသည် ကျယ်လောင်စွာ မြည်လျက် လှုပ်ရှားလာ၏။
“ ငါ ... ။ ”
မိန်ယန်ပိုင်မှ တစ်ခုခုပြောချင်သော်လည်း အသံထွက် မလာချေ။ သူ့ရင်ဘတ်အောင့်ကာ မျက်နှာပြင် ကြည့်ရဆိုးသွားသည်။
မည်သူသည် ဤဝင်္ကပါကို မချိုးဖျက်လိုသနည်း။ ဖုန်တုက သူ့အဖြေကို စောင့်မနေတော့ဘဲ၊
“ လူတိုင်း၊ မင်းတို့ရဲ့ဝှက်ဖဲကို သုံးပါ။ ”
-ဟု အလွန်စိုးရိမ်စွာ အော်ဟစ်လိုက်၏။
“ ဟမ့် ... ဝှက်ဖဲကို အခုထိ သုံးချင်နေတုန်းလား ... ဒါက စုရီအတွက် ငါတို့ ဘဏ္ဍာတွေကို လုယူဖို့ ... အခွင့်အရေး ပေးနေတာနဲ့ အတူတူပဲ။”
ချင်ယွင်မှ ဒေါသတကြီး ကျိန်ဆဲ၏။
“ ဒါပေမယ့် ငါတို့ဝှက်ဖဲကို မသုံးဘဲ ဒီဝင်္ကပါကို မချိုးဖျက်နိုင်ရင် ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ ”
သော်ခိုမှ မေးခွန်းထုတ်လိုက်သည်။ လုံးဝထိတ်လန့်နေပြီး အခြေအနေ မကောင်း လှကြောင်း နားလည်လာ၏။ ဤအခိုက်တွင် စုရီ၏အသံ ထွက်ပေါ်လာတော့သည်။
“ မင်းတို့ အသက်ရှင်ချင်သလား ... ဒါဆိုမင်းတို့ရဲ့ ရတနာတွေကို ချန်ထားခဲ့ပါ ထွက်သွားခွင့်ပေးမယ်။ ”
***
Book-38