← Chapters

ထွက်သွားစမ်း

Vol. 13 Ch. 185

ထွက်သွားစမ်း

Vol. 13 Ch. 185

အနီရောင်ပုံရိပ်၏ ထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအေးစက်နေပြီး သူတို့သည် ရက်စက်သည့် ငရဲတစ်ခုကို ကျရောက်သွားသည့် အလားပင်။ ၎င်း၏ ပစ်မှတ်မဟုတ်သည် ချီမင်ယောင်ပင် သူမ၏ သွေးများ အေးစက်လာမှုကို ခံစားနေရသည်။

၎င်း၏ ပစ်မှတ်ဖြစ်သည့် နောက်လိုက်သုံးဦးသည်တော့ သူတို့၏ သွေးများ အေးခဲလာကာ ခန္ဓာကိုယ်သွေးလည်ပတ်မှု ရပ်တန့်သွားသည့်အလား ခံစားနေရ၏။ ထို့အပြင် မမြင်ရသည့် ဖိအားတစ်ခုသည် သူတို့၏ စိတ်ဝိညာဉ်အား ဆုတ်ဖြဲနေသည့်အလားပင်။ သူတို့၏ ဒွါရကိုးပေါက်များ သွေးများ ယိုစီးလာပြီး ခန္ဓာကိုယ်ပင် စတင်ပျက်စီးလာသည်။

“အဖွဲ့ခေါင်းဆောင် ကျုပ်တို့ကို ကယ်ပါဦး..”

သူတို့သည် သတ်ဖြတ်လိုစိတ်များ အောက်တွင် ရုန်းကန်နေရပြီး အသက်ပင် ရှုနေချိန်မရတော့ချေ။ ထို့နောက် အနီရောင်ပုံရိပ်သည် အလင်းတန်းသုံးခုအဖြစ် ခွဲလိုက်ကာ ထိုသုံဦးထံ အလျှင်အမြန် ဦးတည်သွားပြီး အဆုံးသတ်ပစ်လိုက်သည်။

“မဟုတ်ဘူး..အား..”

နောက်လိုက်သုံးဦး၏ ခန္ဓာကိုယ်များ ဆွေးမြေ့ပျက်စီးကာ သေဆုံးသွားရတော့သည်။ ထိုသုံးဦးသည် မသေဆုံးခင် တစ်ဘဝစာကြာမြင့်သည် အသက်ရှင်လျှက်နှင့် ငရဲသို့ ကျရောက်ခဲ့ကြ၏။ သို့သော် သေဆုံးချိန်တွင်လည်း ခန္ဓာကိုယ်ပင် မကျန်ခဲ့ချေ။

ထိုသုံးဦးသေဆုံးသွားပြီမို့ အနီရောင်ပုံရိပ်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအခါမှ လေထုသည် ပြန်လည်နွေးထွေးလာပြီး အားလုံးသည် အသက်ကိုပင် အမောတကောရှုနေကြရ၏။

ထိုက်ဟုန်ကျွင်းသည် အားနည်းလွန်းနေပြီမို့ သူ၏ ခန္ဓာကိုယ်ကိုပင် ဟန်ချက်မထိန်းနိုင်တော့ချေ။ ကောင်းကင်ထက်မှ တဟုန်ထိုး ကျဆင်းလာသည်။

“ဟုန်ကျွင်း..”

ချီမင်ယောင်သည် အသက်ပင် ဖြောင့်ဖြောင့် မရှုနိုင်ချေ။ ကျဆင်းသွားသည် ထိုက်ဟုန်ကျွင်းကို အလျှင်အမြန် ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။

“ကျုပ်အားနည်းလွန်းနေတယ်..”

ထိုက်ဟုန်ကျွင်း၏ လေသံသည် တိုးလျနေပြီး အဆင့်နှစ်သုံးဦး၏ သေလုနီးပါးတိုက်ခိုက်မှုကြောင့် အလွန်နွမ်းနယ်နေပြီဖြစ်သည်။

“ကျွန်မ ရှင့်ကို ဆုံးရှုံးလိုက်ရပြီထင်တာ..”

ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းကို ပွေ့ဖက်ထားကာ ရင်ထဲဆို့နစ်နေ၏။ ရွှယ်လင်းကျွင်း၏ နောက်လိုက်များကိုပင် အနိုင်ယူရန်ခက်ခဲနေသည်။ သို့သော်သူမတို့၏ အားနည်းမှုသည် ကုန်းမြေကွာခြားချက်ကြောင့်လည်းဖြစ်၏။ သူမတို့သည် နိမ့်ကျသည့် ထျန်းယွမ်ကုန်းမြေ၏ ဝိညာဉ်စွမ်းအင်များကိုသာ ကျင့်ကြံရသောကြောင့် အခြားကုန်းမြေများ၏ အဆင့်တူများကိုပင် အနိုင်ယူရန်ခက်ခဲနေခြင်းဖြစ်သည်။

“အဲ့ဒီလူပေါ့..”

ရွှယ်လင်းဟန်သည် ရှင်းဝေ့ကျန်းထံ လျှောက်လှမ်းလာကာ မေးမြန်းလိုက်၏။ စွမ်းအင်တစ်စွန်းတစနှင့်ပင် သူ့၏ နောက်လိုက်သုံးဦး အစအန မကျန်အောင် သတ်ဖြတ်ခံလိုက်ရသည်။ ထိုစွမ်းအားက သူ့ပင် တုန်လှုပ်စေ၏။ သို့သော် နောက်ဆုတ်လိုစိတ်မရှိပေ။

“ခင်ဗျား နောင်တမရချင်ရင် အခုထွက်သွားတာ ပိုကောင်းလိမ့်မယ်..”

ရှင်းဝေ့ကျန်းသည် ဂရုမစိုက်ဟန် နှင့်ဆိုလိုက်၏။ အကြောင်းမှာ သူ့တွင် ဟွမ်း၏ ကျောက်စိမ်းပြားတစ်ချပ် ကျန်ရှိနေသေးသောကြောင့်ပင်။ သို့သော် သူ၏ရင်ထဲ တုန်လှုပ်နေမှုများကို အတင်းချိုးနှိမ်ထားရခြင်းဖြစ်သည်။

ဟွမ်း၏ စွမ်းအင် တစ်စွန်းတစ်စသည် အလွန်ပင် ကြမ်းတမ်းလွန်းသော်လည်း ကျောက်စိမ်းပြားပိုင်ဆိုင်သူအား သတ်ဖြတ်မည့် သူများကိုသာ သုတ်သင်ရှင်း ရှင်းလင်းပေး၏။

ဟွမ်းသည် ထိုသို့ ပြုလုပ်ထားရခြင်းအကြောင်းအရင်းမှာ ထိုကျောက်ပြားတွင် သူ၏ စိတ်စွမ်းအင် ထည့်သွင်းမထားသောကြောင့်ပင်။ ကျောက်စိမ်းပြားသည်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင် ဒဏ်ကို ခံနိုင်ရည်မရှိချေ။ ထို့ကြောင့် ပုံရိပ်ထွက်ပေါ်လာပါက ပိုင်ဆိုင်သူမှလွဲ၍ အားလုံးကို သတ်ဖြတ်မိသွားမည်စိုးသောကြောင့် ထိုသို့ စီစဉ်ထားရခြင်းဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်အား ခံနိုင်ရည်ရှိသည့် သလင်းကျောက်များမှသာ ထိုပြသနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ရွှယ်လင်းဟန်ပင် နာနာကျင်ကျင်နှင့် သေဆုံးရမည်ဖြစ်သည်။

“အဲ့ဒီစွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းတယ်..”

ရွှယ်လင်းဟန်သည် သူ၏စကားကို ခေတ္တရပ်တန့်လိုက်ပြီးနောက် မထိတရိအပြုံးနှင့် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ရည်ရွယ်ချက်ရှိတဲ့ သူကိုပဲ သတ်ဖြတ်သွားတာ..”

ရှင်းဝေ့ကျန်း၏ နှလုံးသားသည် ပြင်းပြင်းထန်ထန် ခုန်ပေါက်သွား၏။ ထိုအကြောင်းကို ရွှယ်လင်းဟန် ရိပ်မိသွားပြီလော။

“လက်အောက်ငယ်အားတို့..မင်းတို့ ခေါင်းဆောင်ဟောင်းအတွက် သေဖို့အသင့်လား..”

ရွှယ်လင်းဟန်သည် မာန်ဟုန်ပြင်းပြင်းနှင့် ဟစ်ကြွေးလိုက်သည်။

“ကျုပ်တို့ အသင့်ပါပဲ..”

ကျန်ရှိနေသည့် နောက်လိုက်ခုနှစ်ဦးသည် တပြိုင်နက်တည်း ဟစ်ကြွေးလိုက်သည်။

“မင်းတို့ရဲ့ သေဆုံးမှုက အချည်းအနှီးမဖြစ်စေရဘူး..၊ ဒီကုန်းမြေကို မင်းတို့အတွက်ပါ သွေးနဲ့ဆေးပေးမယ်..၊ ဒီလူကို သတ်ဖြတ်လိုက်ကြ..”

ရွှယ်လင်းဟန်သည် အားလုံးကို အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် အရပ်မျက်နှာ အသီးသီးမှ သူ၏ နောက်လိုက်များသည် ရှင်းဝေ့ကျန်းထံ တဟုန်ထိုး ပြေးဝင်လာကြ၏။ ဟေးချုံးတို့သည် တုန့် ပြန်ရန် ပြင်လိုက်သော်လည်း ရွှယ်လင်းဟန်သည် အရှိန်အဝါနှင့် ဖိနှိပ်လိုက်သည်။

သူတို့သည် ရှင်းဝေ့ကျန်းအား နောက်လိုက် ခုနှစ်ဦး ဝိုင်းဝန်းတိုက် ခိုက်နေသည်ကို နာနာကျင်ကျင်နှင့် ကြည့်ရှုနေရ၏။ သူတို့၏ အကူအညီမဲ့မှုကို ထပ်မံခံစားလိုက်ရပြန်သည်။

“အဲ့ဒီကျောက်စိမ်းပြား မရှိတော့ရင် မင်းတို့ ဘာနဲ့ ခုခံဦးမလဲ ကြည့်မယ်”

ရွှယ်လင်းဟန်သည် သရော်ပြုံးပြုံးလိုက်၏။ သတ်ဖြတ်မှုအရှိန်အဝါသည် ပိုင်ရှင်ကို သတ်ဖြတ်ချင်သူများကိုသာ တုန့်ပြန် တိုက်ခိုက်မှန်း သိရှိသွားခဲ့သည်။ ထို့အပြင် ထိုအရှိန်အဝါကို ပေါ်ထွက်နေသည့် ကျောက်စိမ်းတစ်ခုသည် ရှင်းဝေ့ကျန်း ထံတွင် ရှိနေသေးမှန်းခံစားမိ၏။

ထို့ကြောင့် နောက်လိုက်များကို စတေးကာ ထိုပုံရိပ်ကို ဖျောက်ဖျတ်ရန် ကြိုးစားခြင်းဖြစ်သည်။ ထိုပုံရိပ်မရှိတော့လျှင် ဤကုန်းမြေတွင် သူ့အား တားဆီးနိုင်သူ မရှိတော့ချေ။ သူ၏ အကြံသည် ကိုယ့်အဖွဲ့သားများ အပေါ်တွင် ရက်စက်လှသော်လည်း နောက်လိုက်များသည် ပြန်ရှာလျှင် ရနိုင်သည်။

“ဆရာ..”

ရှင်းဝမ်ကျဲသည် နာကျင်စွာ ဟစ်အော်လိုက်ပြီး သူ၏ နှလုံးသားအား ဓားပါးပါးနှင့် အမွန်းခံနေရသည့်အလားပင်။ သို့သော် ရွှယ်လင်းဟန်၏ ဖိအားအောက်တွင် လှုပ်ရှားနိုင်ခြင်းမရှိပေ။

နောက်လိုက်ခုနှစ်ဦးကြောင့် ရှင်းဝေ့ကျန်းသည် ခန္ဓာကိုယ်အနှံ့သွေးများရွဲနေနေပြီး ဒဏ်ရာများစွာလည်း ရရှိနေပြီ ဖြစ်သည်။ သူသည် ပြန်ပင်မတိုက်နိုင်တော့ချေ။

“အဆုံးသတ်လိုက်တော့..”

နောက်လိုက်တစ်ဦးသည် ရှင်းဝေ့ကျန်းအား အားနှင့် လွှဲကန်လိုက်သည်။ ရှင်းဝေ့ကျန်းသည် အရှိန်ပြင်းပြင်းနှင့် ကောင်းကင်ထက်သို့ လွင့်စင်သွား၏။ ထိုအချိန်တွင် အခြား နောက်လိုက်တစ်ဦးသည် ရဲရဲတောက် နီမြန်းနေသည့် ဓားကြီးနှင့် ရှင်းဝေ့ကျန်းကို ထိုးစိုက်ရန် ချဉ်းကပ်လာသည်။

“ဒိန်း..”

ရှင်းဝမ်ကျဲ၏ ရင်တွင်း မိုးကြိုးအစင်းတစ်ရာလောက် ပစ်ကြဲခံလိုက်ရသည့်အလားပင်။ သူအိမ်မက်၏ ပုံရိပ်သည် လက်ရှိဖြစ်နေသည့် ပုံစံနှင့် တထပ်တည်းတူညီနေ၏။ သူ၏ နှလုံးသားများ နာကျင်လွန်း၍ သွေးများပင် အန်ထွက်လာသည်။

သူ၏ အိမ်မက်သည် ရွှယ်လင်းကျွင်း၏ ဖြစ်စဉ်ကတည်းက ပြီးဆုံးပါစေဟု အထပ်ထပ် ဆုတောင်းနေမိခဲ့သည်။ သို့သော် ထိုအိမ်မက်ဆိုးသည် ရွှယ်လင်းကျွင်းမဟုတ်ပဲ ရွှယ်လင်းဟန်၏ နောက်လိုက်တစ်ဦးဖြစ်နေခဲ့သည်။ ဟွမ်း၏ ကျောက်စိမ်းပြားမှ ပုံရိပ် အမြန်ထွက်လာစေရန် တတွတ်တွတ် ရေရွတ်နေ၏။ သူ၏ မျက်လုံးများမှပင် သွေးများစီးကျလာကာ စူးစူးရှရှ ဟစ်အော်လိုက်ရသည်။

“ဆရာ..၊ မဟုတ်ဘူး..”

အကြောင်းမှာ ရှင်းဝေ့ကျန်းသည် လေထဲတွင် လွင့်မျောနေပြီး ဟန်ချက်ထိန်းရင်ပင် စွမ်းအားမရှိတော့ချေ။ ထို့အပ်ြု နောက်လိုက်၏ ဓားသည် သူ့အား ထိုးစိုက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

“သေလိုက်တော့..”

နောက်လိုက်သည် ရက်စက်သည့် အပြုံးနှင့် ထိုးစိုက်လိုက်၏။

“ထွက်သွားစမ်း..”

ဒေါသထွက်နေဟန်ရသည့် အသံလှိုင်းတစ်ခုသည် ထျန်းယွမ်ကုန်းမြေတစ်ခုလုံး ဖုံးလွှမ်းသွား၏။ ထို့အသံ ညင်သာသော်လည်း နောက်လိုက်များ၏ နားများထုံကျင်သွားပြီး နားအတွင်းမှ သွေးများပင် ယိုစီးလာသည်။

ရှင်းဝေ့ကျန်းအား ထိုးစိုက်ရန်ပြင်ဆင်နေသည့် နောက်လိုက်သည် ထိုးစိုက်နိုင်ခြင်း မရှိတော့ပဲ သူ၏ ဓားပင် လွတ်ကျသွား၏။ ကိုယ်တွင်းရှိသွေးများပင် ထိန်းချုပ်မှု လွတ်ကင်းသွားကာ ကောင်းကင်ထက်မှ ပြုတ်ကျကုန်ကြသည်။

ရွှယ်လင်းဟန်ပင် သူ၏ နှလုံးသား အပြင်းထန် ခုံပေါက်နေမှုကို မထိန်းနိုင်တော့ချေ။

“အသံလှိုင်းနဲ့တင် ဒီလောက် ကြောက်စရာကောင်းတာလား..”

All Chapters