အမှိုက်နည်းစနစ်
Vol. 13 Ch. 186
“စီနီယာ..”
ရှင်းဝမ်ကျဲသည် အတိုင်းအဆမဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူ၏ ရင်ထဲမှ အစိုင်အခဲကြီးကျဆင်းသွားခဲ့ပြီဖြစ်သည်။
ရွှယ်လင်းဟန်၏ ဖိအားများပါ ပျောက်ကွယ်သွားပြီမို့ ထျန်းယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် သက်ပြင်းများ ပြိုင်တူချလိုက်မိကြ၏။ သူတို့သည် သေဘေးမှ လွတ်မြောက်နိုင်ကြတော့မည်ဖြစ်သောကြောင့် စိတ်အေးသွားကြသည်။
စိတ်မအေးနိုင်သူများသည်တော့ ရွှယ်လင်းဟန်နှင့် အပေါင်းအပါများပင်ဖြစ်တော့သည်။
လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာသည့် အဖြူရောင်ပုံရိပ်သည် သူတို့အား အသံလှိုင်းထုတ်ဖော်မှုနှင့်ပင် ချိန်းခြောက်ခဲ့၏။
ဟွမ်းသည် ထျန်းယွမ်ကုန်းမြေတွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ သူ၏ မျက်ခုံးနှစ်ခုသည် ထိစပ်လုမတက်ပင် တွန့်ကွေးသွား၏။ ထို့နောက် ရွှယ်လင်းဟန်ကို ကြည့်ကာ ကြီးစိုးစွာ ပြောလိုက်သည်။
“မင်းကိုမင်း သတ်သေလိုက်..”
ရွှယ်လင်းဟန်သည် ဟွမ်း၏ မောက်မာသည့် စကားကို ဒေါသထွက်သွား၏။ ထိုလူ၏ စွမ်းအင် အတိမ်အနက်ကို မခံစားနိုင်သော်လည်း အသံလှိုင်းကြောင့် ရင်ထဲစိုးထိတ်မှုကို ခံစားမိသည်။ သို့သော် သူသည် အလျော့ပေးချင် စိတ်မရှိသောကြောင့် ပြောလိုက်၏။
“မင်းစွမ်းအားကြီးမားတယ်လို့ ထင်မိတယ်၊ မင်းရဲ့စွမ်းအားနဲ့ မောက်မာတဲ့ လေသံနဲ့က ထပ်တူညီရဲ့ လားဆိုတာသိချင်..”
“ဘုန်း..”
ရွှယ်လင်းဟန်သည် စကားပင် ဆုံးအောင် မပြောလိုက်နိုင်ချေ။ ရုတ်ချည်းပေါ်ထွက်လာသည့် ခြေထောက်တစ်ဖက်သည် သူ၏ ရင်ဘက်အား ရိုက်ခတ်သွား၏။
ထိုရိုက်ခတ်ခံရမှုကြောင့် ရွှယ်လင်းဟန်သည် တလိမ့်ခေါက်ကွေးနှင့် ကောင်းကင်ထက်မှ ပြုတ်ကျသွားခဲ့၏။ သူ၏ ဟန်ချက်ကိုပင် ထိန်းနိုင်ခြင်း မရှိတော့ချေ။
“ဝုန်း..”
ရွှယ်လင်းဟန် ပြုတ်ကျသွားသည့် မြေလွှာသည် အက်ကွဲသွားပြီး ချိုင့်ဝှမ်းကြီးသဖွယ်ဖြစ်သွားသည်။ သူသည် ထိုချိုင့်ဝှမ်းအတွင်းမှ ခက်ခက်ခဲခဲ ထရပ်လိုက်ရပြီး သွေးများလည်း အဆက်မပျက် အန်နေရ၏။ သူ၏ ရင်အတွင်း နာကျင်မှုကို ခံစားနေရပြီး ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေသည်။
“ခေါင်းဆောင်..”
နာကျင်မှုများ ခံစားနေရသည့် နောက်လိုက်များသည် သတိဝင်လာပြီး ဟွမ်းအား တိုက်ခိုက်ရန် အပြေးနှင်လာ၏။ သူတို့၏ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ချေ။
“ဟေးယန် ရှင်းလိုက်တော့..”
“ဟုတ်ကဲ့သခင်..”
ဟွမ်းသည် ထိုအမှိုက်များအား အရေးယူဆက်ဆံချင်ဟန်ပင် မရချေ။ ဟေးယန်ကိုစေခိုင်းလိုက်၏။
ဟေးယန်သည် ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင်မီးတောက်များ အသွင်သို့ ပြောင်းလဲသွားကာ ထိုနောက်လိုက်ခုနှစ်ဦးအား လောင်ကျွမ်းစေလိုက်သည်။
“အား..”
ထိုနောက်လိုက်များသည် နာနာကျင်ကျင်နှင့် ခဏတာရုန်းကန်မှုများသာ ပြုလုပ်နိုင်လိုက်၏။ တစ်ခဏအတွင်း အနက်ရောင်မီးတောက်များ၏ ဝါးမြိုမှုကြောင့် သေဆုံးသွားကြတော့သည်။
“အားနည်းလွန်းတယ်..”
ဟေးယန်သည် သူ့ကိစ္စများပြီးဆုံးသွားပြီးနောက် ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။
“အဟွတ်..”
ရွှယ်လင်းဟန်သည် ခက်ရာခဲစစ် ချိုင့်ဝှမ်းအတွင်းမှ တက်လာခဲ့ပြီးနောက် နာကျင်မှုကို အံတုနေရသည့် လေသံမျိုး ထုတ်ဖော်လိုက်သည်။
“မင်းက..ဘယ်သူလဲ..”
“ငါဘယ်သူလဲ အရေးမကြီးတော့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက သေရတော့မှာပဲ..”
ဟွမ်းသည် ကောင်းကင်ထက်တွင် ရပ်တန့်နေဆဲဖြစ်ကာ ရွှယ်လင်းဟန်ကို အချိန်မရွေးနင်းချေလိုက်၍ရသည့် ပုရွက်စိတ်တစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးနှင့်ပင်။ သူ ဒေါသထွက်နေခြင်းဖြစ်သည်။ ထျန်းယွမ်ကုန်းမြေအား အားနည်းလွန်းသောကြောင့် ယခင်က ဂရုမစိုက်သော်လည်း ဤနယ်မြေရှိ ကျင့်ကြံသူများသည် အလွန်ပင် စည်းလုံးကြသည်။
ထို့အပြင် သူတို့သည် သဘောကောင်းကာ ကြင်နာတက်သူများ ဖြစ်နေကြ၏။ ထိုသို့ ကျင့်ကြံသူများကို တိုက်ခိုက်သတ်ဖြတ်ချင်းအား သူ့သည်းခံနိုင်သည့် စည်းကိုကျော်လွန်သွားပြီဖြစ်သည်။
ထို့နောက် ရွှယ်လင်းဟန်အနားသို့ တလှမ်းချင်းဆင်းလာရင်း ထပ်မံ ပြောဆိုလိုက်၏။
“မင်းကို သေဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ၊ ဒါကိုငြင်းဆန်ခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”
“ရောင်းရင်း..၊ ကျုပ်က သွေးမျိုးနွယ်ရဲ့ ပင်မမျိုးနွယ်ဝင်တစ်ဦးပါ၊ ကျုပ်ရဲ့ သွေးရင်းတစ်ယောက်သေဆုံးသွားမှုကြောင့် စိတ်မထိန်းနိုင်ဖြစ်သွားခဲ့ပါတယ်၊ ရောင်းရင်းရဲ့ နယ်မြေမှန်းမသိပဲ ကျုးကျော်မိတာကို ခွင့်လွှတ်ပေးပါ”
ရွှယ်လင်းဟန်သည် ပြာပြာသလဲတောင်းဆိုလိုက်၏။ သူ၏ စကားများသည် နိမ့်ချကာပြောဆိုပုံရသော်လည်း ‘သွေးမျိုးနွယ်မှ’ ဟူသည့်စကားကို ဖိကာ ပြောလိုက်ခြင်းဖြစ်သည်။ သွေးမျိုးနွယ်နှင့် ချိန်းခြောက်ချင်သည့်အလားပင်။ သူ၏ ခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအင်များ လှည့်ပတ်နေရင်း ဒဏ်ရာများကို ကုသနေ၏။
“သွေးမျိုးနွယ်လား..”
ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။ ရွှယ်လင်းဟန်၏ နှုတ်ခမ်း မသိမသာ တွန့်ကွေးသွားသည်။ အဆင့်သုံးနယ်မြေများတွင် သွေးမျိုးနွယ် ဟုဆိုလိုက်သည်များ ကျင့်ကြံသူ အဖွဲ့အစည်း အတော်များများက လက်ရှောင်သွားကြသည်ကို သိနေပြီးဖြစ်၏။ ထို့ကြောင့် ဟွမ်း၏ အမူအယာကိုကြည့်ကာ စိတ်အတွင်း ပျော်ရွှင်မှုများ ဝင်ရောက်လာသည်။ သို့သော် ဟွမ်းသည် ဂရုမစိုက်သည့် လေသံနှင့် ပြောဆိုလိုက်၏။
“မင်းက အဲ့ဒီသွေးမျိုးနွယ်ကကောင် အတွက် ဒီကုန်းမြေကို ဒုက္ခပေးနေတာမဟုတ်ဘူးလား၊ အဲ့ဒီကောင်ကို ငါသတ်လိုက်တာ..”
ရွှယ်လင်းကျွင်းသည် ထိုစကားကြောင့် သူ၏ရင်အတွင်း ဒေါသများ ‘လှိုက်ကနဲ့’ ထွက်ပေါ်လာသော်လည်း အလျှင်အမြန် ချုပ်တီးနိုင်လိုက်၏။ သူ၏ နေုက်လိုက်များသည် သွေးခြေရာခံနည်းစနစ်နှင့် အာရုံမခံနိုင်သည်မှာ မထူးဆန်းတော့ချေ။ ထိုလူသည် အဆင့်မြင့် နတ်အင်ပါယာတစ်ဦးဖြစ်နေသောကြောင့်ပင်။ သူ၏ မျက်နှာသည် မည်သည့်ခံစားချက်မျှ ထွက်ပေါ်မနေသည့်အလားဆိုလိုက်သည်။
“အဲ့ဒီကိစ္စကို ထပ်ပြီး အစဖော်တော့မှာမဟုတ်ပါ့ဘူး၊ ဒါကြောင့် ကျုပ်ကိုလွှတ်ပေးရင် သွေးမျိုးနွယ်က ကျေးဇူးတင်နေမှာပါ၊ ပြီးတော့ ရောင်းရင်းနဲ့ သွေးမျိုးနွယ်က မိတ်ဆွေတွေတောင် ဖြစ်လာနိုင်ပါတယ်”
“ငါ့ကို ချိန်းခြောက်နေတာလား..၊ အမှိုက်မျိုးနွယ်က ငါနဲ့ မိတ်ဆွေဖြစ်ဖို့ အဆင့်မှီတယ်ထင်နေပုံပဲ..”
ဟွမ်း၏ ခြေလှမ်းများသည် ရွှယ်လင်းဟန်နှင့် နီးကပ်လာပြီဖြစ်သည်။
“ဒါဆို သေလိုက်တော့..”
ရွှယ်လင်းဟန်သည် သွေစွမ်းအင်များ အလျှင်အမြန် လည်ပတ်စေလိုက်ပြီး ရှုပ်ထွေးသည် လက်သင်္ကေတများ ပြုလုပ်လိုက်သည်။
သွေးစွမ်းအင်များသည် ဝဲကတော့တစ်ခု အဖြစ်လည်ပတ်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ ထိုဝဲကတော့မှ သွေးစွမ်းအင်ဖိအားများ ရုန့်ရင်းကြမ်းတမ်းစွာ ပေါ်ထွက်လာ၏။ ထျန်းယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် ထိုဖိအားအောက်တွင် အသက်ရှုရခက်ခဲလာသည်။
“တိုက်ခိုက်စမ်း..”
ထိုဝဲကတော့အား ဟွမ်းထံ ဦးတည်၍ ပစ်လွှတ်လိုက်၏။
ထိုဝဲကတော့ကြီးသည် လျှင်မြန်သည့် အရှိန်နှင့် ရောက်ရှိလာပြီး ဟွမ်းအား ဝါးမြိုသွားသည်။
“စီနီယာ..”
ရှင်းဝမ်ကျဲသည် ဝဲကတော့တွင်း ဟွမ်းကျရောက်သွားသည်ကို ကြည့်ကာ ထိတ်လန့်သွားကြ၏။ သူသည် ရှင်းဝေ့ကျန်းအား ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးနေခြင်းဖြစ်သည်။ ထို့အပြင် အားလုံးသည် သွေးစွမ်းအင် အရှိန်အဝါကြောင့် ခက်ခဲနေ၏။
ထိုက်ဟုန်ကျွင်းလည်း အလားတူပင် စိတ်ပူပန်မိသွား၏။ ချီမင်ယောင်၏ ဖေးမမှုကြောင့် သူ၏ ဖြူဖျော့နေသည့် မျက်နှာသည် သွေးရောင်ပြန်လွှမ်းလာခဲ့သည်။
“မောက်မာတဲ့ကောင်သေစမ်း..”
ရွှယ်လင်းဟန်သည် မထီမဲ့မြင် အပြုံးနှင့် ဆိုလိုက်၏။ သူသည် ဟွမ်းနှင့် စကားများပြောဆိုနေချိန်ကတည်းက တိတ်တဆိတ် ဝိညာဉ်စွမ်းအင်များကို လည်ပတ်ထားစေခဲ့သည်။ ဟွမ်း သတိလက်လွတ်ဖြစ်နေသည်ဟု ယူဆလိုက်သည်နှင့် ချက်ချင်း အသုံးပြုလိုက်ခြင်းဖြစ်၏။
သွေးစွမ်းအင်ဝဲကတော့၏ ဦးတည်ခြင်း ခံလိုက်ရသူသည် ထိုဝဲကတော့အတွင်းမှ လွတ်မြောက်နိုင်စွမ်း မရှိချေ။ ထို့အတွင်း ကျရောက်သွားသည့် သူတိုင်း သွေးစွမ်းအင်များအား ခမ်းခြောက်သွားသည်အထိ တဖြည်းဖြည်းစုပ်ယူခြင်းခံနေရမည်ဖြစ်သည်။ ကြမ်းတမ်းလှသည် သွေးစွမ်းအင်များအတွင်း ပြန်လည်ခုခံနိုင်စွမ်းပင် လွတ်ကင်းသွားမည်ဖြစ်၏။ ထိုနည်းစနစ်သည် သူနှင့် အဆင့်တူများပင် တုန့်ပြန်နိုင်ခြင်း မရှိပေ။
အဆင့်ငါးများပင် ထိုနည်းစနစ်မှ ရုန်းထွက်နိုင်ရန် ကြီးမားသည့် ပေးဆပ်မှုများပြုလုပ်ရမည်ဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ပင် ရရှိသွားနိုင်သည်။ ရွှယ်လင်းဟန်သည် ဟွမ်းကို တစ်ချက်တည်းနှင့် ပွဲသိမ်းစေရန် အကြမ်းတမ်းဆုံးနည်းစနစ်ကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ထွက်ပေါ်လာသည့် အသံကြောင့် သူ၏ အပြုံးများ အေးခဲသွားတော့၏။
“နည်းစနစ်ကအစ အမှိုက်ပဲ..”
‘စီနီယာ..’
ထိုက်ဟုန်ကျွင်းတို့လည်း ထိုမှသာ စိတ်အေးသွားတော့သည်။ ဟွမ်း၏ စွမ်းအားကြီးမားမှုကို သိရှိထားသော်လည်း သူတို့သည် ထိုခန့်မှန်းရခက်သည့် ဝဲကတော့ ကြောင့်စိတ်ပူပန်ခဲ့ရသည်မှာ အမှန်ပင်။