← Chapters

မိုးကြိုးနဂါးထွက်ပေါ်လာမှု

Vol. 13 Ch. 187

မိုးကြိုးနဂါးထွက်ပေါ်လာမှု

Vol. 13 Ch. 187

“ဝုန်း..”

ဟွမ်းအား ဝါးမြိုနေသည့် ဝဲကတော့သည် ယိုယွင်းလာပြီး သွေးစွမ်းအင်များသည် ပြိုကွဲလာ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ..”

ရွှယ်လင်းဟန်သည် တုန်လှုပ်သွား၏။ အကြောင်းမှာ ဟွမ်း ဖျတ်စီးလိုက်သောကြောင့် ထိုဝဲကတော့ကြီး ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အပြင် ဟွမ်း၏ ဝတ်စုံပင် မည်သည့်အရာမျှ စွန်းထင်းထားခြင်းမရှိချေ။ ကြည့်ရသည်မှာ ထိုဝဲကတော့အား ဖျတ်စီးရန် မည်သည့် စွမ်းအားမျှ စိုက်ထုတ်ထားခြင်း ရှိဟန် မရချေ။ ထိုမျှ ရက်စက်ကြမ်းကြုတ်သော ဝဲကတော့အား နူးညံ့သည့် ပန်းတစ်ပွင့်ကို လုံးချေ ဖျတ်စီးလိုက်သည့်အလားပင်။

ရွှယ်လင်းဟန်သည် သူ၏ နည်းစနစ်ကိုပင် သံသရဝင်သွားတော့၏။ သို့သော် သူတွေးတောနေချိန်မရတော့ပေ။

“ဘုန်း..”

ဟွမ်း၏ လက်သီးချက်သည် သူ၏ ခန္ဓာကိုယ်အား ထိမှန်သွားတော့သည်။

“ဒီအမြန်နှုန်း...”

ရွှယ်လင်းဟန်သည် ဗလုံးဗထွေး ရေရွတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်စင်သွားခြင်းကြောင့်ပင်။

‘ဒီလူ ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ..’

သူ၏ ရင်ဘက်အရိုးများ ကျိုးကြေသွားကာ သွေးများ အန်ထွက်လာပြန်သည်။ ထို့နောက်သူ၏ သွေးများနှင့် မြေပြင်အား သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။

ဟွမ်းသည်လည်း သူ၏ လက်အတွင်း ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် ရွှယ်လင်းဟန်ကို အဆုံးသတ်ရန် ထပ်မံတိုက်ခိုက်လိုက်၏။ သူသည် ထျန်းယွမ်ကုန်းမြေ၏ တစ်ဝက်ကျော်ခန့်ကို ဖျတ်စီးထားသည့် ရွှယ်လင်းဟန်အား အလွတ်ပေးရန် မစဉ်းစားထားချေ။

“သွေးမျိုးနွယ်ရဲ ဘယ်သူစော်ကားရဲတာလဲ..”

ရွှယ်လင်းဟန်၏ နောက်မှ ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။ ထိုပုံရိပ်သည် သွေးမျိုးနွယ်၏ ဘိုးဘေး ဖြစ်ပြီး ပုံစံသည် အိုမင်းနေဟန်ရသော်လည်း သန်မာသည့်စွမ်းအင်များ ပေါ်ထွက်နေသည်။ ထို့နောက် သူသည် အရှိန်အဝါတစ်ခု ထုတ်ဖော်လိုက်ကာ ဟွမ်းကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။

သို့သော် ဟွမ်း၏ အရှိန်သည် လျော့ကျသွားဟန်မရချေ။ အားပြင်းပြင်းနှင့် ရွှယ်လင်းဟန်၏ ဦးခေါင်းအား ထိုးချလိုက်သည်။ ရွှယ်လင်းဟန်သည် ကြောက်လန့်တကြားအော်ဟစ်လိုက်ရ၏။

“ဘိုးဘေး ကယ်ပါဦး..”

“မင်းလုပ်ရဲတယ်လား..”

သွေးမျိုးနွယ်ဘိုးဘေး၏ ပုံရိပ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ အနီရောင်အလင်းလွှာ တစ်ခုသည် ရွှယ်လင်းဟန်အား ရစ်ပတ်လိုက်ပြီး ကာကွယ်ပေးလိုက်သည်။

“ဘုန်း..”

သို့သော် ဟွမ်း၏ တိုက်ခိုက်မှုအောက်တွင် ထိုအလင်းလွှာရော ရွှယ်လင်းဟန်၏ ဦးခေါင်းရော အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ ရွှယ်လင်းကျွင်းသည် ရုပ်ပျက်စင်းပျက်နှင့် သေဆုံးသွားရတော့သည်။

“မင်း..၊ ကောင်းတယ်..ကောင်းတယ်၊ သွေးမျိုးနွယ်သားကို သတ်ရဲတယ်၊ မင်းနဲ့အတူ ဒီကုန်းမြေတစ်ခုလုံးကို မြှပ်နှံပစ်မယ်..”

သွေးဘိုးဘေး၏ ပုံရိပ်သည် ဒေါသတကြီး ကြုံးဝါးရင်း မှုန်ဝါးပျောက်ကွယ်သွားသည်။ သူ၏ သွေးမျိုးနွယ်ဝင်အား မျက်စိရှေ့တွင် သတ်ဖြတ်ရဲခြင်းဖြစ်သည်။

သူသည် ရွှယ်လင်းဟန် သွေးနှင့် ဆင့်ခေါ်ထားသည့် ပုံရိပ်ယောင်သာ ဖြစ်နေသောကြောင့် အစွမ်းကုန် ထုတ်သုံးနိုင်ခြင်းမရှိပေ။ သူစွမ်းအား၏ တစိတ်တပိုင်းမျှသာ ပါဝင်ပြီး သွေးမျိုးနွယ်ကို ဒုက္ခပေးသူများအား ခြောက်လှန့်စေယုံမျှသာဖြစ်သည်။ ထို့အပြင် ဟွမ်းပင် ဤကုန်းမြေသို့ရောက်ရှိလာရန် အချိန်ယူခဲ့ရသောကြောင့် သွေးဘိုးဘေးသည် တစ်ခဏအတွင်း ရောက်ရှိမလာနိုင်ချေ။

သွေးဘိုးဘေးသည် သူ၏ မျိုးနွယ်ဝင်များကို နယ်မြေအနှံ့စေလွှတ်ထားကာ သွေးစွမ်းအင်များစုဆောင်းစေခြင်းဖြစ်သည်။ သို့မှသာ သွေးမျိုးနွယ်သည် အားကောင်းလာပေမည်။ ထို့အတွက်ကြောင့် ပင်မမျိုးနွယ်ဝင်များကို သွေးဆင့်ခေါ်ခြင်းနည်းစနစ်အား သင်ကြားပေးထားခြင်းဖြစ်သည်။

ဟွမ်းသည် ထိုပေါက်ကရပြောသွားသည့် ဘိုးဘေးဆိုသူအား စိတ်ပင်မဝင်စားတော့ချေ။ ထိုသို့ စကားမျိုး သူ၏ ဘဝတစ်လျှောက်လုံး ကြားနေခဲ့ရခြင်းဖြစ်သည်။

“စီနီယာ..”

ထိုက်ဟုန်ကျွင်းတို့သည် အားနည်းနေကြသော်လည်း ဟွမ်းအနားသို့ရောက်ရှိလာကြသည်။

ထိုက်ဟုန်ကျွင်းတို့ကိုကြည့်ရင်း ဟွမ်းသည် ဆေးပုလင်းများ ထုတ်ပေးလိုက်၏။

“စီနီယာ ရောက်လာတာ မြန်လို့ မဟုတ်ရင် ကျုပ်ရဲ့ ဆရာကို ဆုံးရှုံးလိုက်ရတော့မှာ..”

ရှင်းဝမ်ကျဲသည် ခါးကျိုးမတက် ဦးညွှတ်နေသည်။ လုရှင်းယန်တို့၏ ဆေးလုံးသည် အရည်သွေးကောင်းလွန်းသည်ဟုဆိုရပေမည်။

ရှင်းဝေ့ကျန်း ဆေးလုံးများ သောက်သုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

လုရှင်းယန်တို့သည် သူတို့၏ ဆေးလုံးအား ဝိညာဉ်ဆေးပင်များနှင့် တွဲဖက်၍ ဖန်တီးဖော်စပ်ခဲ့သောကြောင့်ပင်။

သို့သော် ထိုဆေးလုံးသည် သွမ့်မုယီတို့ ဒဏ်ရာရရှိခဲ့စဉ်က အနည်းငယ်ပြန်လည်သက်သာစေရန်သာ အကူအညီဖြစ်ခဲ့သည်။

ကွဲပြားချက်မှာ ရှင်းဝေ့ကျန်းတို့သည် အဆင့်နိမ့်ကျနေပြီး ဝိညာဉ်စွမ်းအင် နည်းပါးသောကြောင့်ပင်။ ထို့ကြောင့် ဆေးလုံး၏ အကျိုးသက်ရောက်မှုသည် မြင့်မားသွားခြင်းဖြစ်၏။

“ကျေးဇူးတင်ပါတယ် ရောင်းရင်းဟွမ်း..”

ရှင်းဝေ့ကျန်းသည် လေးနက်သည့် အမူအယာနှင့်ဆိုလိုက်သည်။ အားလုံးသည်လည်း ကျေးဇူးတင်သည့် အမူအယာများနှင့် ဟွမ်းကို ကြည့်နေကြ၏။ သူတို့သည် သေဘေးမှ ကင်းလွတ်သွားပြီဖြစ်သည်။

သို့သော် ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ထိုအချင်းအရာကြောင့် ရှင်းဝေ့ကျန်းတို့သည် အံ့ဩသွားသည်။ ထို့နောက် ကောင်းကင်ထက် သို့ ကြည့်လိုက်ရာ အပြာရောင်တိမ်တိုက်များ စုဝေးလာနေသည်ကို တွေ့လိုက်ရ၏။ ထိုအပြာရောင်တိမ်တိုက်များမှ ထွက်ပေါ်လာသည့် ဖိအားသည် ထျန်းယွမ်ကုန်းမြေအား ဖိနိပ်ထားသည့်အလားပင်။

သူတို့သည် ထိတ်လန့်ကုန်ပြီး တူညီသည့် မေးခွန်းများ ထွက်ပေါ်လာသည်။

“ကပ်ဘေး မိုးကြိုးလား၊ တစ်ယောက်ယောက် နတ်အင်ပါယာအဆင့် ချိုးဖြတ်နိုင်သွားတာလား”

“ဒါက မိုးကြိုးကပ်ဘေး မဟုတ်ဘူး..၊ ဒီတိမ်တိုက်တွေက ဒီကုန်းမြေကို ဖျတ်စီးပစ်ဖို့ လုပ်နေတာ..”

ဟွမ်း၏ အမူအရာသည် လေးနက်နေ၏။ တိုက်ပွဲများတွင် ဟွမ်း၏ လေးလေးနက်နက် တိုက်ခိုက်ပုံကို မတွေ့ဖူးသေးချေ။ မော့ရွှယ်အာ၏ မိုးကြိုးကပ်ဘေးအား တားဆီးခဲ့စဉ်ကပင် ဤမျှလောက် အလေးအနက်မရှိပေ။ ထို့ကြောင့်ပင် ရှင်းဝေ့ကျန်းတို့၏ ရင်ထဲတင်းကြပ်လာကြသည်။

“စီနီယာ..၊ ကျုပ်တို့ကို ဘယ်သူက ဖျတ်စီးချင်နေတာလဲ..”

ထိုက်ဟုန်ကျွင်းသည် ရွှယ်လင်းဟန်ရောက်ရှိလာစဉ်ကပင် ဤမျှ မစိုးထိတ်ခဲ့ပေ။ သို့သော် ဟွမ်း၏ အမူအယာကြောင့် သူ၏ရင်ထဲ စိုးထိတ်နေ၏။

ထိုက်ဟုန်ကျွင်း၏ မေးခွန်းကြောင့် ဟွမ်းသည် တိတ်ဆိတ်သွား၏။ ထိုကဲ့သို့ ကပ်ဘေးမိုးကြိုးမဟုတ်သည့် တိမ်တိုက်မျိုးကို တစ်ကြိမ် တွေ့မြင်ဖူးလေသည်။ အမှန်ပင် ကံကြမ္မာကြယ်မျိုးနွယ် ဖျတ်စီးခံရစဥ် အခါကဖြစ်၏။ ထို့နောက် ဟွမ်းသည် ရှင်းဝမ်ကျဲကို ကြည့်မိသွားရင်း သူ၏စိတ်တွင် အတွေးများစွာ ဝင်ရောက်လာသည်။

‘ငါ ဒီကုန်းမြေကို ကယ်တင်လိုက်လို့လား၊ ဒါဆို ယောင်အာကို ကယ်ခဲ့တုန်းက ဘာကြောင့် ဒီတိမ်တိုက်တွေက ထွက်ပေါ်မလာခဲ့တာလဲ..၊ အဲ့ဒီကောင်လေးနဲ့ သက်ဆိုင်မလား..’

သို့သော် သူ၏ အတွေးများအား ကောင်းကင်ထက်ရှိ အပြာရောင်တိမ်တိုက်ကြီးက နှောက်ယှက်လိုက်၏။

“ဝေါင်း..”

ထိုတိမ်တိုက်ကြီးသည် ပေါင်းစည်းသွားပြီးနောက် နဂါးတစ်ကောင်၏အသွင်ဖြစ်တည်သွားကာ ကြမ်းကြမ်းတမ်းတမ်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် ကောင်းကင်ထက်မှ ထျန်းယွမ်ကုန်းမြေအားကြည့်ကာ တဟုန်ထိုး ပြေးဆင်းလာ၏။

“ကျင့်ကြံသူတွေ ဒီနေရာကနေ ခပ်ဝေးဝေးထိရှောင်ခိုင်း..”

ဟွမ်းသည် ရှင်းဝေ့ကျန်းတို့ကို စေခိုင်းလိုက်၏။ ရှင်းဝေ့ကျန်းတို့သည့် အသက်ရှုချိန်ပင် မရရှိခဲ့ချေ။ ထျန်းယွမ်ကုန်းမြေမှ အသက်ရှင်ကျန်နေသေးသည့် ကျင့်ကြံသူများကို ရှောင်တိမ်းစေလိုက်သည်။

“သူ့ရဲ့ဦးတည်ချက်က..”

ဟွမ်းသည် ထိုနဂါး၏ ပစ်မှတ်ကို ခန့်မှန်းလိုက်ပြီးနောက် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးကြားနိုင်လောက်သည့် အသံလှိုင်း ထုတ်ဖော်လိုက်သည်။

“ရှင်းဝေ့ကျန်း ခင်ဗျားက အရှေ့ပိုင်းနယ်မြေကိုအမြန်သွား..၊ တစ်ခြားသူတွေ မိစ္ဆာနယ်မြေအထိ အားလုံးသွားကြ..”

အားလုံးသည် ဟွမ်း၏ စကားကို နားထောင်ကြကာ အသီးသီးထွက်ခွာသွားကြ၏။

“ရောင်းရင်းဟွမ်း..၊ ဒီနဂါးကြီးက ကျုပ်ကိုဦးတည်နေတာလား..”

ရှင်းဝေ့ကျန်းသည် နားလည် သဘောပေါက်သွားဟန်ရကာ မေးမြန်းလိုက်သည်။ သူ၏ရင်ထဲ စိုးထိတ်မှုများနှင့် ပြည့်နှက်နေ၏။

ရှင်းဝမ်ကျဲ၏ အိမ်မက်နိမိတ်အား မလွန်ဆိုင်နိုင်တော့ပြီလား။ သူသည် မုချ သေရမည်လော။

“ကျုပ်ထင်တာ မမှားရင် ခင်ဗျားကို သတ်ဖို့ပဲ..”

ဟွမ်းသည် ထိုနဂါးထွက်ပေါ်လာမှုကို အနည်းငယ်နားလည်သွားဟန်ရသည်။ ထိုအရာသည် ကံကြမ္မာကြယ်မျိုးနွယ်နှင့် ဆက်စပ်နေ၏။ ထို့ကြောင့် ရှင်းဝမ်ကျဲ ကြိုတင်မြင်ရခဲ့သည့် ဖြစ်ရပ်များ ကို လွန်ဆန်၍မရနိုင်ချေ။ သို့သော် ဟွမ်း၏ စိတ်တွင် ရှုပ်ထွေးမှုများ ရှိနေဆဲပင်။

All Chapters