အဖြူရောင်ပုံရိပ်
Vol. 13 Ch. 190
ဟွမ်းသည် ထိုမျှနှင့် လက်မလျော့ပေ။ ကံကြမ္မာကြယ်မျိုးနွယ်၏ အကြီးအကဲများအား နည်းမျိုးစုံနှင့် စိတ်ဒုက္ခပေးနေ၏။ အကြီးအကဲများသည် အလွန်ပင် ဒေါသထွက်လာခဲ့ကြသည်။ ဟွမ်းကို လက်ခံထားသည့် ခရမ်းလမျိုးနွယ်ပင် ကျိန်ဆဲမိကြ၏။
သို့သော် ရှင်းဝူဟန်၏ တားဆီးမှုကြောင့် သူတို့၏ ဒေါသများအား ထိန်းချုပ်ထားရသည်။ ထိုသို့နှင့် နှစ်ပေါင်း ငါးဆယ်ခန့်ကြာပြီးနောက်တွင် ဟွမ်း၏ ပုံစံသည် ပြောင်းလဲသွား၏။ အကြီးအကဲများအား မည်သည့် ဒုက္ခမျှ မပေးတော့ချေ။ သူသည် ကောင်းစွာဆက်ဆံမှုများ လုပ်ပေးခဲ့သည်။
သို့သော်လည်း အကြီးအကဲများသည် အမြင်မကြည်ကြတော့ပေ။ သူတို့သည် နှစ်ပေါင်းများစွာ ဒုက္ခများ ခံစားခဲ့ရခြင်းဖြစ်သည်။
ဒုက္ခပေးတက်သူ၏ ရုတ်တရက်ကောင်းမွန်စွာဆက်ဆံလာမှုသည် သူတို့အား ပို၍ သတိထားသည့်အနေအထားသို့ရောက်ရှိသွား၏။
ဟွမ်းသည် ကံကြမ္မာကြယ်မျိုးနွယ်အတွက် လိုအပ်သည့် အရာများကို လုပ်ပေးခဲ့ပြီး ရှင်းဝူဟန်နောက် တကောက်ကောက်လိုက်ခဲ့ရသည်။ သို့သော် နှစ်တစ်ရာဝန်းကျင် ခန့်ကြာသွားပြီးနောက်တွင် ဟွမ်းသည် ရှင်းဝူဟန်ကို ပြောလိုက်သည်။
“ကျုပ် ကံကြမ္မာကြယ်မျိုးနွယ်ကနေ ထွက်သွားတော့မယ်..”
အကြီးအကဲခြောက်ဦးသည် ထိုစကားကြားကာ ဝမ်းသာသွားကြ၏။ သူတို့အား နှစ်ပေါင်းနှစ်ရာခန့် ခြောက်လှန့်နေသည့် အိမ်မက်ဆိုးလေးသည် ထွက်ခွာသွားတော့မည်ဖြစ်သည်။ သို့သော် ရှင်းဝူဟန်သည်တော့ တိတ်တဆိတ်သာရှိနေသည်။ အကြီးအကဲများသည် ပြုံးရွှင်စွာဆိုလိုက်၏။
“နောက်ဆုံးတော့ လက်လျော့ရမဲ့အချိန်ကို သိသွားပြီလား..”
“ဒီနှစ်တွေအတွင်းမှာ ကံကြမ္မာကြယ်မျိုးနွယ်အကြောင်း နားလည်ခဲ့တယ်၊ ကျုပ်အတွက်နဲ့ အခြားသူတွေ ဒုက္ခရောက်စေမှာ မလိုလားဘူး”
ဟွမ်းသည် ခေါင်းခါယမ်းကာဆိုလိုက်၏။ ဤနှစ်များအတွင်းတွင် သူသည် ကံကြမ္မာကြယ်မျိုးနွယ်၏ မှတ်တမ်းများကို လေ့လာမှတ်သားခဲ့သည်။ အကြီးအကဲများသည် တားမြစ်ကြသော်လည်း ရှင်းဝူဟန်သည် ခွင့်ပြုပေးလိုက်၏။ ထိုမှတ်တမ်းများ ဖက်ရှုပြီးနောက်တွင် ကံကြမ္မာကြယ်မျိုးနွယ်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို သိရှိလာခဲ့သည်။
သူ၏ လက်ရှိ စွမ်းအားသည် မရိုးရှင်းပေ။ ထို့ကြောင့် အတိတ်ကို သိရှိလိုလျှင် တန်ဖိုး ကြီးကြီးမားမားပေးဆပ်ရမည်ဖြစ်သည်။ ထိုသို့ ပေးဆပ်မှုများကို မလိုလားသောကြောင့် အတိတ်ကို သိရှိရန် လက်လျော့လိုက်ခြင်းဖြစ်၏။
ထိုစကားကြားချိန်တွင် အကြီးအကဲများ၏ အပြုံးသည် အေးခဲသွားတော့၏။ ထိုလူငယ်သည် သူတို့အား နှစ်ပေါင်းများစွာ စိတ်အနှောက်အယှက်ပေးခဲ့သော်လည်း ယခု ဤစကားကြားလိုက်ရချိန်တွင် သူတို့၏ စိတ်တွင် လစ်ဟာမှုကို ခံစားလိုက်ရသည်။ ထိုလူငယ်သည် သူတို့အတွက် တွေးပေးမည်ဟုမထင်ထားခဲ့ချေ။ ထို့အပြင် သူ၏ အတိတ်အား သိရှိချင်ရုံမှလွဲ၍ တစ်ခြားမကောင်းသည့် အရာများ မလုပ်ခဲ့ပေ။
ထို့နောက် ဟွမ်းသည် ကံကြမ္မာကြယ်မျိုးနွယ်မှ ထွက်ခွာရန်ပြင်လိုက်သည်။ ထိုအချိန်တွင် တိတ်တဆိတ်သာ ရှိနေသည့် ရှင်းဝူဟန်သည် စတင်ပြောဆိုလိုက်၏။
“မင်း မသိချင်တော့တာ သေချာပြီလား..”
“အမှန်အတိုင်းပြောရရင် သိချင်သေးတယ်၊ ဒါပေမဲ့ တစ်ခြားနည်းလမ်းပဲ ရှာတော့မယ်..”
ဟွမ်းသည် နောက်သို့လှည့်ကြည့်လိုက်ရင်း ဆိုလိုက်၏။ သူ၏ အတိတ်အတွက် ကံကြမ္မာကြယ်မျိုးနွယ်က မည်သည့် ပေးဆပ်မှုမျိုး ပေးဆပ်ရမည်ကို မသိရှိပေ။ သို့သော် သေးငယ်သည့် အရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အခြားနည်းလမ်းသာ ရှာဖွေတော့မည် ဖြစ်သည်။
“ထားတော့..မင်းလိုချင်တဲ့ အဖြေကို ရှာပေးမယ်၊ ကံကြမ္မာဆိုတာ မလွန်ဆန်နိုင်တဲ့ အရာပဲ..”
ရှင်းဝူဟန်သည် သက်ပြင်းချကာ ဆိုလိုက်၏။ ထိုစကားကြောင့် ဟွမ်း အံ့အားသင့်သွားသည်။
“ဘာကို ဆိုလိုတာလဲ..”
ရှင်းဝူဟန်သည် ပြန်မဖြေပဲ ပြုံးလိုက်၏။ ထို့နောက် အကြီးအကဲများကို ခိုင်းစေလိုက်သည်။
“မျိုးနွယ်ရဲ့ အကြီးအကဲတို့ ကံကြမ္မာဖက်ရှုမှုကို ပြုလုပ်လိုက်ရအောင်..”
အကြီးအကဲများသည်လည်း သက်ပြင်းချကာ ဟွမ်း၏ ပတ်ပတ်လည်ကို ဝန်းရံလိုက်သည်။ ထို့နောက် သူတို့သည် တူညီသည့် လက်သင်္ကေတများကို ရှုပ်ထွေးသည်အထိ ပြုလုပ်လိုက်၏။ ထိုအချိန်တွင် အစီအရင်နှင့် အလားသဏ္ဌာန်တူသည့် အပြာရောင် အလွှာတစ်ခုသည် ဟွမ်းအား အုပ်မိုးသွားသည်။ ထိုအလွှာတွင် ကြယ်များ လင်းလက်နေသည့်အလား တောက်ပစွာ ထွက်ပေါ်နေ၏။
“အဘိုးကြီးတွေ ဘာလုပ်တာလဲ..ခုချက်ချင်းလွတ်လိုက်”
ဟွမ်း တုန်လှုပ်အံ့ဩသွား၏။ ထိုလူများ ဤမျှသဘောကောင်းဟု မထင်ထားခဲ့ချေ။ ယခင်ကဆိုလျှင်တော့ ထိုသို့ ပြုလုပ်နေသည်ကို ဝမ်းပန်းတသာနှင့် လက်ခံလိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင်တော့ မသိရှိချင်တော့ပေ။
“မရုန်းကန်နဲ့တော့ မင်းစွမ်းအားသုံးပြီး ဖျတ်ဆီးလိုက်တာနဲ့ အကြီးအကဲ ခြောက်ဦးသေသွားရလိမ့်မယ်..၊ ကံကြမ္မာကြယ်မျိုးနွယ်ရဲ့ အနာဂတ်ကို အရင်က တွေ့မြင်ခဲ့ရပြီးပြီ..”
ရှင်းဝူဟန်သည် တလှမ်းခြင်း လျှောက်လာရင်း ဆိုလိုက်၏။ ဟွမ်းမျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။
“ခင်ဗျား မြင်လိုက်ရတာကဘာလဲ..”
“မကြာခင်သိလာလိမ့်မယ်..၊ နောင်မှာ ကံကြမ္မာ မျိုးနွယ်ဝင်တစ်ဦးဦးပေါ်ပေါက်လာခဲ့ရင် စောင့်ရှောက်ပေးစေချင်တယ်..”
ရှင်းဝူဟန်သည် လက်သင်္ကေတ တစ်ခုကို အလျှင်အမြန် ပြုလုပ်နေရင်း ဆိုလိုက်၏။
ထိုစကားကြောင့် ဟွမ်း၏ ရင်ထဲ စိုးထိတ်သွားကာ အော်ဟစ်လိုက်သည်။
“အခုရပ်လိုက်..”
“ကံကြမ္မာကို လွန်ဆန်လို့မရဘူး..”
ရှင်းဝူဟန်သည် ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ကြယ်တာယာစွမ်းအင်များ လည်ပတ်လာပြီး အလင်းလွှာအတွင်းမှ ဟွမ်းထံ ချိတ်ဆက် သွား၏။ အခြားအကြီးအကဲ ခြောက်ဦးသည်လည်း အလားတူပြုလုပ်လိုက်ကာ ရှင်းဝူဟန်ကို ထောက်ပံ့ပေးလိုက်ကြသည်။ သူတို့သည် စုပေါင်း၍ ဟွမ်း၏ အတိတ်ကို ကြည့်ရှုလိုက်ခြင်းပင်။
ထိုအချိန်တွင် ရှင်းဝူဟန်၏ အနက်ရောင်မျက်ဆံများသည် ပျောက်ကွယ်သွားပြီး မျက်လုံးနှစ်ခုလုံး အဖြူရောင်ပြောင်းလဲသွားကာ အလင်းများ ပေါ်ထွက်လာသည်။
“ရပ်လိုက်တော့..”
ဟွမ်းသည် အလောတကြီး ဟစ်အော်လိုက်သည်။ သူအား ဖုံးလွှမ်းထားသည့် အလင်းလွှာကိုလည်း မဖျတ်ဆီးရဲချေ။ သူသည် အစီအရင်နှင့် ပတ်သတ်၍ ကျွင်းကျင်မှု မရှိသောကြောင့် ထိုအလင်းလွှာအား မဖြေရှင်းနိုင်ပေ။ သို့သော် ရှင်းဝူဟန်၏ စကားကြောင့် ဖျတ်စီးရန် မဝံ့ရဲချေ။ အကူအညီမဲ့ သလို ခံစားလိုက်ရသည်။
ရှင်းဝူဟန်၏ အမြင်အာရုံတွင် အတိုင်းအဆမဲ့သည့် အဖြူရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုသို့ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရှင်းဝူဟန်သည် သွေးများ ဆက်တိုက်အန်လိုက်ရ၏။
ရှင်းဝူဟန်၏ မျက်လုံးရှိ အဖြူရောင်အလင်းတန်းများလည်း ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုအချိန် ကောင်းကင်ထက်တွင် အပြာရောင်တိမ်တိုက်များ စုဝေးလာ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရှင်းဝူဟန်နှင့် အကြီးအကဲ ခြောက်ဦးအပေါ် အလင်းတန်း ခုနှစ်ခု ကျဆင်းလာခဲ့သည်။
သို့သော် အကြီးအကဲများသည် ထိုအချင်းအရာအား သိရှိထားသည့် ပုံစံနှင့် ဟွမ်းကို ချိုသာစွာ ပြုံးပြလိုက်သည်။
ထိုအပြုံးများကြောင့် ဟွမ်း၏ နှလုံးသားသည် ရေခဲမြစ်သို့ ကျဆင်းသွားသည့် အလားအေးခဲသွားသည်။ ကံကြမ္မာကြယ်မျိုးနွယ်၏ အနာဂတ်သသည် ပျက်သုန်းခြင်းသာ ဖြစ်သည်။
“ကောင်လေး..၊ ဒါကမင်းကြောင့် မဟုတ်ဘူး..၊ ငါ့တို့ရဲ့ လွန်ဆန်ခွင့်မရှိတဲ့ကံကြမ္မာပဲ..၊ ငါတို့ မစူးစမ်းသင့်တဲ့ တည်ရှိမှုကို တွေ့မိသွားခဲ့လို့..”
ရှင်းဝူဟန်၏ စကားမဆုံးသေးခင်တွင် အလင်းတင်းများသည် သူတို့ ခုနှစ်ဦး၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားကာ အလင်းတန်းများနှင့် အတူ ပျောက်ကွယ်သွားကြတော့သည်။ သူတို့ခုနှစ်ဦးပေါင်းကာ ဟွမ်း၏ ကံကြမ္မာကို ကြည့်ရှုခဲ့သော်လည်း အဖြူရောင်ပုံရိပ်တစ်ခုသာမြင်တွေ့ခဲ့ရသည်။
ရှင်းဝူဟန်သည် ကံကြမ္မာမျိုးနွယ် ပျက်သုန်းရမည်ကို သိရှိခဲ့ရပြီးဖြစ်၏။ အဘယ်သို့ အကြောင်းအရာကြောင့် ပျက်သုန်းရမည်ကိုတော့ မသိရှိခဲ့ပေ။
သို့သော် ဟွမ်း သူတို့မျိုးနွယ်ထံရောက်ရှိလာချိန်တွင် အရိပ်အမြွက်တွေးမိခဲ့သည်။ နောက်ပိုင်းတွင် အကြီးအကဲများအား တိုင်ပင်ဆွေးနွေးခဲ့၏။
အကြီးအကဲများနှင့် ရှင်းဝူဟန်သည် ဖြစ်ပျက်လာမည့် အကြောင်းအရာများကို မလွန်ဆန်နိုင်မှန်းသိရှိပြီးဖြစ်သည်။ ထို့ကြောင့် ဟွမ်းအား စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြပြီး သူတို့သည် ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်၏။
နှစ်ပေါင်းနှစ်ရာခန့်အတွင်းတွင် ဟွမ်းနှင့် ကတောက်ကဆများ အဆက်ပြတ်သည်ဟူ၍ မရှိသော်လည်း ဟွမ်းကို သဘောကျခဲ့ကြသည်။ သူတို့၏ ပျင်းရိဖွယ်ကောင်းပြီး တိတ်ဆိတ်နေသည့် လူအိုကြီးများ၏ ဘဝသည် ဟွမ်းရောက်လာပြီးနောက် သက်ဝင်လှုပ်ရှားလာကာ ဆူညံမှုများနှင့် ပြည့်နှက်သွားခဲ့၏။
ထို့နောက် သူတို့သည် ဟွမ်း၏ ကံကြမ္မာကို ကြည့်ရှုကြရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့်ပင် အပြုံးများနှင့် ဤလောကကြီးမှ ထွက်ခွာသွားကြရတော့သည်။