ကျန်းအိမ်တော်သို့ ရောက်ရှိခြင်း
Vol. 13 Ch. 193
ထျန်းယွမ်ကုန်းမြေမှ ထွက်ခွာသူများကို ပို့ဆောင်လိုက်ပြီးနောက် ဟွမ်းသည် ဟွမ်းယွီအိမ်တော်တွင် ငြိမ်သက်စွာထိုင်နေ၏။ သူ၏ အတွေးတွင် မည်သည့်အရာများ ဝင်ရောက်နေသည်ကိုတော့ မပြောတက်ပေ။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားကာ အစီအရင် အတွင်းသို့ရောက်ရှိလာသည်။ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းထားခြင်း မရှိသောကြောင့် အစီအရင်သည် အလုပ်မလုပ်သေးပေ။
ထို့နောက် ဟွမ်းသည် အစီအရင် အားဖျတ်သိမ်းရန်ကြိုးစားလိုက်သည်။ အစီအရင်တွင် ဖွဲ့စည်းထားသည့် သင်္ကေတအလံများ၊ အစီအရင်ချပ်ပြားများအား သူ့တွေ့မြင်သမျှ ဆွဲဖြုတ်လိုက်၏။
“ဒီလောက်ဆိုရပြီ..”
ဟွမ်းသည် ထိုပစ္စည်းများအား ကြည့်ရှု့ပြီးနောက် သိမ်းဆည်းလိုက်သည်။ နိမ့်ကျသည့် ချပ်ပြားများနှင့် အလံများ ဖြစ်သော်လည်း အသုံးဝင်နိုင်သေး၏။
“လင်းရှန်နယ်မြေက ရွှေရောင်သစ်ပင် စိုက်ပျိုးထားတဲ့ နေရာမဟုတ်ရင် ဝင်အလွယ်တကူတင်ရောက်လို့ မရနိုင်သေးတာ ဆိုးတာပဲ၊ မဟုတ်ရင် ဟွမ်းရှန့်နန်းတော်ကို ချက်ချင်း ပြန်ရောက်နိုင်ပြီ”
ရွှေရောင်သစ်ပင်ငယ်လေးသည် သူ၏ ဝိညာဉ်ပင်လယ်နှင့် ချိတ်ဆက်ထားသောကြောင့် သူ၏ စိတ်ဝိညာဉ်အား လင်းရှယ်နယ်မြေသို့ စေလွှတ်နိုင်သည်။ သို့သော် သူ၏ အစစ်မှန်ခန္ဓာကိုယ်အား ပို့ဆောင်နိုင်ခြင်း မရှိသေးချေ။ ထို့နောက်ဟွမ်းသည် ခေါင်းကို အသာခါယမ်းကာ တုန့်ဆိုင်းခြင်းမရှိ၊ ထွက်ခွာသွားတော့၏။
“အဲ့ဒီစီနီယာ ဘာကြောင့် ဒီအစီရင်ကို ဖျတ်သိမ်းသွားတာလဲ..”
“ကျုပ်တို့ နောက်မှာ ထွက်ခွာချင်တဲ့အချိန်မှာ၊ ထွက်ခွာခွင့်မပေးတော့ဘူးလား..”
“ဒီလူက အတော် ရက်စက်တဲ့လူပဲ..”
“ဒီလိုလူ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး..”
ဗဟိုနယ်မြေတွင် ကျန်ရှိခဲ့သည့် ကျင့်ကြံသူများသည် ဒေါသသံများနှင့် ဆွေးနွေးနေကြတော့သည်။
သူတို့သည် နောင်တွင် ထိုနေရာအား အမှီပြု နေထိုင်ရန်စိတ်ကူးထားခြင်းဖြစ်၏။ အကြောင်းမှာ ထိုနေရာနှင့် ချိတ်ဆက်ထားလျှင် အချိန်မရွေး ဝင်ရောက်နိုင်မည်ဖြစ်၏။
နောင်တွင် ထွက်ခွာလိုသူများကိုလည်း အခကြေးငွေနှင့် စီမံကာ အလွယ်တကူ ပို့ဆောင်ပေးနိုင်ပြီး အန္တရာယ်ကျရောက်မှုရှိလာလျှင်လည်း ထိုအစီအရင်တွင်း ဝင်ရောက်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
သို့သော် သူတို့၏ စိတ်ကူးများအား ရိုက်ချိုးခြင်း ခံခဲ့ရသည်။ ဟွမ်းသည် ထိုလူများအား အခွင့်ရေးပေးခဲ့ပြီး ဖြစ်၏။ သို့သော် ထိုအခွင့်အရေး ငြင်းဆန်ခဲ့သူများအတွက် နောက်ထပ် အခွင့်အရေးပေးတော့မည်မဟုတ်ပေ။
အဆင်ပြေချိန်တွင် လျစ်လျူ၍ ဒုက္ခရောက်ချိန်မှ အကူအညီလိုအပ်သူများအား အချိန်ကုန်ခံ၍ ကယ်တင်ပေးမည်မဟုတ်ပေ။
တစ်ဘက်ရှိ ဝမ်မုန့်ယွင်တို့သည် သွမ့်မုယီ၏ ဝိညာဉ်သင်္ဘောနှင့် လိုက်ပါလာကြသည်။ ထို့အပြင် ဤခရီးတွင် ကျောက်ဝမ်အာလည်း လိုက်ပါလာ၏။ သူသည် ဝိညာဉ်သင်္ဘောထိပ်မှ နေ၍ မြင်ကွင်းများကို သဘောကျစွာ ကြည့်ရှု့နေသည်။
“လူငယ်လေး ရှင်းယန်..အဆင့်သုံးရောက်သွားပြီလား..”
သွမ့်မုယီသည် လုရှင်းယန်ကို ကြည့်ကာ မှင်သက်သွားကာ မေးမြန်းလိုက်၏။ လုရှင်းယန်သည် အနည်းငယ် အနေခက်သွားဟန်နှင့် ဖြေလိုက်သည်။
“ဟုတ်တယ်..ဆရာ့ရဲ့ အကူအညီနဲ့ မတော်တဆ အဆင့်တက်သွားခဲ့တယ်..”
သွမ့်မုယီ “...”
‘ဒီစကား လူက ပြောသင့်တဲ့စကားရောဟုတ်ရဲ့လား..၊ မင်းပုံစံက အဆင့်မတက်ချင်တာကို တစ်ယောက်ယောက်က အတင်းတွန်းပို့လို့ မလွဲသာမရှောင်သာ အဆင့်တက်လိုက်ရတဲ့ ပုံပေါက်နေတယ်..’
သွမ့်မုယီသည် ရင်တွင်းဆို့နစ်သွား၏။ နတ်အင်ပါယာ အဆင့်များသည် အဆင့်သုံး အထိ တက်ရောက်ရန် လွယ်ကူသော်လည်း နှစ်ပေါင်းတစ်ရာကျော်လောက်အထိ အချိန်ပေးရသည်။ သို့သော် နှစ်ငါးဆယ်အောက်သာရှိသေးသည့် လူငယ်သည် အဆင့်သုံးသို့ရောက်ရှိနေခြင်းသည် ထူးချွန်သည့် ထိပ်သီးပါရမီရှင်ဟုပင် ခေါ်ဆိုနိုင်၏။ လက်ရှိကျီယွမ်ကုန်းမြေ၏ ထိပ်သီးပါရမီရှင်များပင် အဆင့်သုံးရောက်ရှိရန် နှစ်တစ်ရာခန့် ကျင့်ကြံကြရသည်။
ထို့အပြင် ခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးသည် အဆင့်သုံးအထွတ်ထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
‘နန်းတော်သခင် မာနကြီးပြီးမောက်မာတာ အလကားသပ်သပ်မဟုတ်ဘူးပဲ..’
သွမ့်မုယီအတွက် ပိုပို အံ့ဩစရာကောင်းလာပြီး ဆန်းကြယ်သည့်သူများနှင့် ဆုံတွေ့နေရသည့်အလားပင်။ သို့သော်လည်း သက်ပြင်းချကာ ဆိုလိုက်၏။
“ဒါဆိုရင်တော့ မင်းတို့နှစ်ဦးက ကျန်းမျိုးနွယ်ရဲ့ လျှို့ဝှက်နယ်မြေကို မဝင်နိုင်လောက်တော့ဘူး..”
“ဘာလို့လဲ..”
ဝမ်မုန့်ယွင်သည် ဝင်ရောက်မေးမြန်းလိုက်၏။ သူမ၏ မျက်ခုံးနှစ်ခုသည် တွန့်ကွေးသွားသည်။
“အဲ့ဒီနေရာက အဆင့်နှစ်တွေနဲ့အောက်ပဲဝင်ခွင့်ရှိတာ..”
သွမ့်မုယီသည် ထိုလျှို့ဝှက်နယ်မြေအကြောင်းရှင်းပြလိုက်၏။ ကျန်းမျိုးနွယ်သည် ထိုသို့ လျှို့ဝှက်နယ်မြေကို ကျန်းကျာ့နယ်မြေရှိ လူငယ်များအား ဝင်ရောက်စေသည်။ ထိုလူငယ်များမှ သူတို့နှစ်သက်သဘောကျသူရှိပါက ကျန်းမျိုးနွယ်တွင် နေရာပေးကာ ကျင့်ကြံရေးရင်းမြစ်များစွာပေး၍ ပျိုးထောင်ပေးမည်ဖြစ်၏။
“အဲ့လိုလား..”
လုရှင်းယန်သည် နားလည်သွားပြီးနောက် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်အားကြည့်လိုက်သည်။
“စိတ်မပူနဲ့ ဒုတိယအစ်ကို ဟွမ်းရှန့်နန်းတော်အတွက် ကျင့်ကြံသူတွေကြား နာမည်ကြီးဖို့ အကောင်းဆုံးကြိုးစားမယ်..”
ပိုင်ကျန့်ယွီသည် လေးလေးနက်နက်ပြောလိုက်၏။ သူတို့၏ ဆရာသည် ကျန်းမျိုးနွယ်သို့ သွားရောက်စေလိုသည့် အဓိက ရည်ရွယ်ချက်မှာ ဟွမ်းရှန့်နန်းတော်အား ကျင့်ကြံသူများသိရှိလာစေရန်ဖြစ်သည်။
“ဟုတ်တယ်ဒုတိယအစ်ကို၊ အားလုံးကို ပြားကပ်နေအောင် ရိုက်ပစ်လိုက်မယ်..”
လျှိုမင်ယွမ်လည်း ဆိုလိုက်၏။ သူသည် ပြိုင်ဘက်များအားလုံးကို အနိုင်ယူရန် ဆုံးဖြတ်ထားသည်။
သွမ့်မုယီ “...”
သွမ့်မုယီနှင့်ပါလာသည့် အဆင့်တစ် တပည့်များသည် တုန်ယင်သွားကြသည်။
“အစ်ကိုမင်ယွမ်..၊ ပြားကပ်သွားအောင် ရိုက်တာ မသင့်လျော်ဘူး..၊ ဒါ့ကြောင့် ဓားနဲ့ တစ်ချက်တည်း ခုတ်ဖြတ်လိုက်ရုံပဲလေ..”
လင်းယိုဟန်သည် သူမ၏ ဓားကို လျှိုမင်ယွမ်အား မြှောက်ပြလိုက်၏။ ပိုင်ကျန့်ယွီလည်း ထောက်ခံသည့်အလားခေါင်းညိတ်လိုက်သည်။ အလုပ်ရှုပ်ခံပြီး ရိုက်နှက်မနေချင်ပေ။
လျှိုမင်ယွမ် “...”
‘ကျုပ်က စကားအဖြစ်ပြောတာလေ’
ဆရာတူညီအစ်ကိုများ ဆွေးနွေးနေကြခြင်းဖြစ်သော်လည်း ဘေးနားရှိ ချင်ကန်းဂိုဏ်းတပည့်များသည် ချွေးများ ‘တဒီးဒီး’ နှင့် စီးကျနေသည်။
“ကျုပ်တို့ရောက်ပြီ..”
သွမ့်မုယီသည် ကျန်းအိမ်တော်သို့ ရောက်ရှိပြီးနောက် ဂိတ်တံခါးမှ ဦးဆောင်ကာ ဝင်ရောက်သွားလိုက်၏။
ကျန်းမျိုးနွယ်၏ အစောင့်များသည် သွမ့်မုယီအား သိရှိသော်လည်း ဝမ်မုန့်ယွင်ကို မမြင်တွေ့ဖူးချေ။
“ဟွမ်းရှန့်နန်းတော်ရဲ့ အကြီးအကဲတစ်ဦးပါ..”
သွမ့်မုယီသည် ဂိတ်စောင့်အား ရှင်းပြကာ ဝမ်မုန့်ယွင်ဘက်မှ ထောက်ခံချက်ပေးလိုက်သည်။ အစောင့်များသည် သွမ့်မုယီအား မယုံကြည်၍ မဟုတ်သော်လည်း လက်လွတ်စပယ် ဝင်ခွင့် မပြုရဲချေ။
“ရော..”
ထိုအချိန်တွင် ဝမ်မုန့်ယွင်သည် ကျန်းအိမ်တော်မှ ပေးအပ်ထားသည့် ဟွမ်းရှန့်နန်းတော်ဟူသည် တံဆိပ်ပြားတစ်ချပ်ကို ထုတ်ပြလိုက်၏။
“ကျုပ်တို့ကို အပြစ်မမြင်ပါနဲ့ နန်းတော်သခင်..”
အစောင့်များသည် တောင်းပန်ကာ တင်ခွင့်ပြုလိုက်သည်။ သွမ့်မုယီသည် အံ့ဩနေ၏။ ထိုတံဆိပ်သည် အဖွဲ့အစည်းခေါင်းဆောင်များသာ ကိုင်ဆောင်ခွင့်ရခြင်းဖြစ်သည်။ ထို့အတွက် ဝမ်မုန့်ယွင်ထံတွင် တွေ့ရှိလိုက်ရခြင်းကို မှင်သက်နေခြင်းဖြစ်၏။
“အကြီးအကဲဝမ်..အဲ့ဒီတံဆိပ်ပြားက..”
သွမ့်မုယီသည် သေချာစေရန် မေးမြန်းလိုက်သည်။ ထိုအခါ ဝမ်မုန့်ယွင်သည် မတက်သာသည့် လေသံနှင့်ဆို၏။
“ဒီတံဆိပ်ကို နန်းတော်သခင်က အရည်အသွေးနိမ့်ကျလို့ မလိုချင်ဘူးတဲ့”
သွမ့်မုယီ “...”
သွမ့်မုယီသည် ပြောစရာစကားပင် ပျောက်ရှသွားသည်။
‘ကျန်းကျာ့နယ်မြေတစ်ခုလုံးမှာ ဒီလိုတံဆိပ်ပြားမျိုး လိုချင်လွန်းလို့ ကြိုးစားနေတဲ့သူတွေ မနည်းမနောလေ..’
ဝမ်မုန့်ယွင်လည်း ဟွမ်းပြောသည့် ‘အမှိုက်တံဆိပ်ပြား’ ဟူသည့်စကားကို လျော့ပေါ့ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုစကားသာ ကျန်းမျိုးနွယ်ကြားသိပါက ဆွေ့ဆွေ့ခုန်နေမှာ ကျိန်းသေပင်။
ထို့နောက် သွမ့်မုယီတို့သည် ကျန်းမျိုးနွယ်အစေခံများ၏ လမ်းပြမှုနှင့် ရင်ပြင်သို့ရောက်ရှိလာခဲ့သည်။ ထိုရင်ပြင်တွင် ကျန်းကျာ့နယ်မြေရှိ အိမ်တော်ငယ်များမှ လူငယ်များစွာနှင့် ဂိုဏ်းငယ်လေးများမှ လူငယ်များစွာလည်း ရောက်ရှိနေကြပြီးဖြစ်၏။
“ဂိုဏ်းချုပ်သွမ့်..”
သွမ့်မုယီဝင်ရောက်လာချိန်တွင် ရင်းနှီးမှုများရှိသည့် အိမ်တော်ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်အချို့သည့် နှုတ်ဆက်လိုက်ကြ၏။ သူတို့သည် သက်လတ်ပိုင်းအရွယ်များစွာပါဝင်ပြီး လူအိုအရွှယ်များလည်းရှိကြသည်။
ထို့နောက်သူတို့သည် သွမ့်မုယီနောက်တွင်ပါလာသည့် အမျိုးသမီးထံ အကြည့်များ ကျရောက်သွားကြ၏။
‘ဒီလိုအလှမျိုး..’