လျှို့ဝှက်နယ်မြေမှ ပုံရိပ်ယောင်သားရဲများ
Vol. 13 Ch. 195
“ကျုပ်က ဟွမ်းရှန့်နန်းတော်သခင်ပဲ”
ဟွမ်းသည် ကျန်းအိမ်တော်သို့ရောက်ရှိလာသော်လည်း အစောင့်နှစ်ဦး၏ တားမြစ်ခြင်းကို ခံထားရ၏။
“ကောင်လေး၊ အိမ်တော်ထဲဝင်ချင်တိုင်း လိမ်မနေနဲ့ မင်းသာ နန်းတော်သခင်ဆို တံဆိပ်ပြားထုတ်ပြလေ”
အစောင့်တစ်ဦးသည် ဒေါသထွက်စွာဆိုလိုက်၏။ ထို့အပြင် ဟွမ်းရှန့်နန်းတော်သခင် ဝင်ရောက်ပြီးသည်ကို အတည်ပြုပြီးဖြစ်သည်။
“ကျုပ်..”
ဟွမ်းသည် စွံ့အသွား၏။ သူ့ထံတွင် နန်းတော်သခင် တံဆိပ်ပြားမရှိချေ။
ထိုသို့အရာများ လိုအပ်သည်ဟုမထင်ထားခဲ့သောကြောင့် ‘ဒီလို ညံ့ဖျင်းတဲ့ အမှိုက်ကို အကြီးအကဲဝမ် ယူထားလိုက်’ ဟူသည့် ဝမ်မုန့်ယွင်အား ပေးအပ်လိုက်သည့် အကြောင်းကို တွေးမိသွားသည်။
“သွားသွား ပေါက်ကရတွေပြောပြီး ငါတို့ကိုလာမရှုပ်နဲ့..၊ မင်းပြိုင်ပွဲဝင်ရောက်ချင်တယ်ဆို စောစောလာသင့်တယ်၊ နောက်နှစ်မှထပ်လာခဲ့တော့၊ လူငယ်တွေ ကြိုးစားမှုကိုမရှိဘူး..”
အစောင့်သည် ဟွမ်း တွေဝေနေစဉ် မောင်းထုတ်လိုက်၏။ သူ့အား ပြိုင်ပွဲအတွက်လာရောက်ယှဉ်ပြိုင်သူဟုထင်မှတ်သွားသည်။ ထို့ကြောင့် လိမ်လည်၍ ဝင်ချင်နေခြင်းဖြစ်၏။ ထိုသို့အရာမျိုး လက်မခံနိုင်ချေ။ ထို့အပြင် ပြိုင်ပွဲစတင်သွားသည်မှာ တစ်ရက်ပင်ကြာခဲ့ပြီဖြစ်သည်။
“ငါက နန်းတော်သခင်ဖြစ်ကြောင်း တံဆိပ်ပြားလိုလို့လား”
ဟွမ်းသည် ဒေါသတကြီးပြောဆိုလိုက်၏။ သူ၏ အသွင်ပြင်သည် ထိုအစောင့်များအား ထရိုက်လုမတက်ပင်။ အဆင့်သုံးသာ ရှိနေသည့် ကျင့်ကြံသူသည် သူအား စော်ကားပြောဆိုနေသည်ကို သည်းမခံနိုင်တော့ပေ။
“ထပ်ပြီးနှောက်ယှက်နေရင် မင်းကို ရိုက်ထုတ်ပစ်ရလိမ့်မယ်..၊ ဒုန်း..”
အစောင့်သည် ဟွမ်းအား ဂရုစိုက်ရန် ပျင်းသွား၏။ ထို့ကြောင့် ဝင်ပေါက်တံခါးအား ဆောင့်ပိတ်လိုက်တော့သည်။
“ငါ့မျက်နှာမြင်ရုံနဲ့ နန်းတော်သခင်ဆိုတာ မသိရလောက်အောင်ညံ့ဖျင်းကြတဲ့ ကျန်းမျိုးနွယ်ပါလား..”
ဟွမ်းသည် တံခါးရှေ့တွင် တီးတိုးရေရွတ်လိုက်၏။ အဆင့်နိမ့်တံဆိပ်ပြားလေးကြောင့် ဤသို့ စော်ကားခံရမည်ဟု မထင်ထားခဲ့ချေ။
လျှို့ဝှက်နယ်မြေအတွင်းတွင် ပိုင်ကျန့်ယွီတို့ရောက်ရှိချိန်တွင် စူးစမ်းမှုများပြုလုပ်နေကြ၏။
“ဒီနယ်မြေရဲ့ အငွေ့အသက်က လေဟာနယ်စစ်တလင်းနဲ့ယှဉ်ရင် အများကြီး နိမ့်ကျတာပဲ..”
ပိုင်ကျန့်ယွီသည် လျှို့ဝှက်နယ်မြေ၏ ခံစားချက်အငွေ့အသက်အား မနှစ်သက်ဟန်နှင့်ဆို၏။
“ဟုတ်တယ် တတိယအစ်ကို၊ အသက်ရှုရတာ သက်တောင့်သက်သာ မရှိလှဘူး..”
လျှိုမင်ယွမ်လည်း ထောက်ခံလိုက်သည်။ သို့သော် သူတို့ဝေဖန်လေကန်နေသည့် လျှိုဝှက်နယ်မြေသည် လေဟာနယ်စစ်တလင်းနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရချေ။ ထို့အပြင် မတူညီသည့် နှစ်မြေနှစ်ခုလည်းဖြစ်နေသည်။
“ပုံရိပ်ယောင်သားရဲတွေလဲ မတွေ့ရသေးဘူး..”
လျှိုမင်ယွမ်သည် သူတို့လျှို့ဝှက်နယ်မြေအတွင်း လျှောက်လှမ်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ပုံရိပ်ယောင်သားရဲနှင့်တူသည့် အိမ်မြှောင်တစ်ကောင်တစ်လေပင် မတွေ့ရပေ။
“ဝေါင်း..ဝေါင်း..”
ပိုင်ကျန့်ယွီ “...”
လင်းယိုဟန် “...”
‘ဒီလောက် တိုက်ဆိုင်ရလား..’
လျှိုမင်ယွမ်လည်း စွံ့အသွား၏။ သို့သော် အကြာကြီးတွေးနေချိန်မရချေ။
အကြောင်းမှာ ပုံရိပ်ယောင်သားရဲများသည် သူတို့ထံ တရကြမ်း တိုးဝင်လာသောကြောင့်ပင်။
“အဆင့်တစ်တွေ အကောင်နှစ်ဆယ်လောက်ရှိတယ်..”
လင်းယိုဟန်သည် ခန့်မှန်းချက်များထုတ်လိုက်၏။ သို့သော် ပိုင်ကျန့်ယွီသည် စိတ်မပူစေရန် ဆိုလိုက်သည်။
“တတိယအစ်ကို ဖြေရှင်းပေးမယ်၊ စိတ်မဟုတ်နဲ့ ငါရဲ့ဓားတစ်ချက်နဲ့တင် ဒီကောင်တွေကို ရှင်းလို့ရတယ်”
“ချွမ်..”
“ချွမ်..”
ဓားဆွဲထုတ်သံ နှစ်ချက်နှင့် အတူ ပုံရိပ်နှစ်ခုသည် ထိုသားရဲများထံ တိုးဝင်သွား၏။ ပိုင်ကျန့်ယွီသည် သူတစ်ယောက်တည်းရှင်းလိုသော်လည်း လင်းယိုဟန်သည် တိုက်ခိုက်ချင်သောကြောင့် သူသည် တစ်ကိုယ်တော်တောက်ပခွင့်မရတော့ချေ။
“ရွှစ်..ရွှစ်..”
ထို့နောက် တိမ်လွှာဓါးနှင့် ကြယ်အလင်းဓား တို့အား ဝှေ့ယမ်းလိုက်ခြင်းကြောင့် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်သားရဲများအား ထိမှန်ကုန်၏။
“ဝေါင်း..”
ပုံရိပ်ယောင်သားရဲများသည် နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် သူတို့၏ အားသာချက်များကိုယ်စီသုံးကာ ပိုင်ကျန့်ယွီတို့အား တိုက်ခိုက်လိုက်ကြ၏။
သို့သော် ထိုနှစ်ဦးထံ ရောက်လုဆဲဆဲတွင် အတားအစီးတစ်ခု ကာကွယ်ထားသည့်အလား ရှေ့ဆက်မတိုးနိုင်တော့ချေ။
လျှိုမင်ယွမ်သည် သူ၏ စိတ်စွမ်းအင်များနှင့် ထိန်းချုပ်ထားလိုက်ခြင်းပင်။
“ရွှစ်..”
ထိုအချိန်တွင် ပိုင်ကျန့်ယွီသည် ရပ်တန့်နေသည့် သားရဲများအား သူ၏ တိမ်လွှာဓားနှင့် အလျှင်အမြန် ခုတ်ပိုင်းလိုက်၏။
သူ၏ သေသပ်သည့် ဓားချက်များကြောင့် ပုံရိပ်ယောင်သားရဲ များသည် ဘာဖြစ်သွားမှန်း မသိလိုက်သည့် အမူအယာများနှင့် ကြောင်အစွာ ကြည့်ရှု့နေ၏။
ပိုင်ကျန့်ယွီ “???”
‘ငါ့ဓားက မထက်တော့ဘူးလား..’
သူအမှတ်မမှားလျှင် ထိုသားရဲများအား အလျှင်အမြန် ခုတ်ပိုင်းခဲ့သည်မှာ အသေအချာပင်။ သူတို့၏ ခန္ဓာကိုယ်ထက်တွင် ပိုင်ကျန့်ယွီ၏ ဓားရာများ ကျန်ရှိနေသော်လည်း သွေးထွက် သံယိုဖြစ်ခြင်းမရှိချေ။
ထိုသားရဲများသည် မြေပြင်အား ‘တဒုန်းဒုန်း’ နှင့် ခြေများ ဆောင့်ကာ မာန်ဖီလိုက်ကြ၏ ထို့နောက် ပိုင်ကျန့်ယွီထံ တရောသောပါး ပြေးဝင်လာကြသည်။
“သေစမ်း..”
ပိုင်ကျန့်ယွီသည် ထိုသားရဲများအား ကြိမ်းမောင်းကာ ထပ်မံခုတ်ပိုင်းမှုများ ပြုလိုက်၏။ သူ၏ ဓားချက်များသည် အဆင့်တစ်များ ခံနိုင်သည့် အရာမဟုတ်ချေ။
သို့သော် သားရဲများသည် ဒဏ်ရာများသာ ရရှိကြပြီး သေဆုံးခြင်း မရှိချေ။ ထို့အပြင် အားလျော့သွားဟန်လည်း မရချေ။
“ဒီသားရဲတွေက ထူးဆန်းနေတယ်..”
ပိုင်ကျန့်ယွီသည် သူ့၏ပါးအား ဖြတ်ရိုက်ခံရသည့်အလား ခံစားလိုက်ရသည်။ သူ၏ ဓားတစ်ချက်နှင့် ရှင်းနိုင်သည်ဟု ဆိုခဲ့သော်လည်း ထိုသားရဲများသည် အကြောတင်းဟန်ရ၏။
“ရွှစ်..”
လင်းယိုဟန်လည်း ထို့အတူပင် သူမ၏ ဓားနှင့် ထိုးစိုက်မိသော်လည်း ထိုသားရဲများသည် နာကျင်ဟန်ပင် မရချေ။
“တတိယအစ်ကိုထိန်းထားလိုက်ဦး..၊ ကျုပ် သူတို့ရဲ့ အားနည်းချက်ကို ရှာလိုက်မယ်..”
လျှိုမင်ယွမ်သည် ချက်ချင်း လက်သင်္ကေတတစ်ခု ထုတ်ဖော်လိုက်ပြီး ထိုသားရဲများအား သူ၏ စိတ်စွမ်းအင်များနှင့် ဖုံးလွှမ်းလိုက်သည်။
“ကောင်းပြီ..”
ထို့နောက် ပိုင်ကျန့်ယွီ တိမ်လွှာဓားကို မြောက်တင်လိုက်ပြီးနောက် သားရဲတစ်ကောင်အား နှစ်ပိုင်းခြမ်းလိုက်၏။
ထိုသားရဲ၏ ခန္ဓာကိုယ်ကြီးသည် နှစ်ခြမ်းကွဲသွားသည်။ သို့သော်လည်း ခနအတွင်း အစိမ်းရောင်အလင်းများနှင့်အတူ ထိုသားရဲ၏ ခန္ဓာကိုယ်သည် ပြန်ဆက်သွားတော့၏။
“ဒီသားရဲတွေက အစစ်လို့ထင်ရပေမဲ့ အစစ်မဟုတ်ဘူးလား..”
ပိုင်ကျန့်ယွီသည် သားရဲများ၏ ထူးခြားမှုကို တွေ့ရှိသွား၏။ ထိုအချိန်တွင် လျှိုမင်ယွမ်၏ အသံထွက်ပေါ်လာသည်။
“တတိယအစ်ကိုနဲ့ ယိုဟန် သူတို့ ခန္ဓာကိုယ်မှာ အစိမ်းရောင် အလင်းထွက်ပေါ်နေတဲ့ နေရာရှိတယ်၊ အဲ့နေရာကို တိုက်ခိုက်ကြည့်..”
ပိုင်ကျန့်ယွီသည် လျှိုမင်ယွမ်၏ စကားကြောင့် သားရဲတစ်ကောင်၏ လည်ဂုတ်တွင် ရှိနေသည့် အစိမ်းရောင်အမှတ်အသားကို တွေ့ရှိလိုက်၏။ ထို့ကြောင် သားရဲများကြားတွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ ထိုသားရဲ၏ ကျောပြင်ပေါ်သို့ ခုတ်တက်လိုက်သည်။
“သေစမ်း..”
ထို့နောက် သူ၏ ဓားအား လက်နှစ်ဖက်နှင့် နောက်ပြန်ကိုင်ကာ ထိုးစိုက်ချလိုက်၏။
“ဝေါင်း..”
ထိုသားရဲသည် စူးရှစွာ ဟစ်အော်လိုက်ပြီး လဲကျသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် မြူမှုံအလား ပျက်ပြယ်ကာ ပျောက်ကွယ်သွားတော့၏။
“ဟုတ်ပြီကွ..”
ပိုင်ကျန့်ယွီသည် အားနည်းချက်ကို သိရှိသွားပြီးနောက် ထိုသားရဲများ၏ အစိမ်းရောင်အမှတ်အသားရှိရာ နေရာများသို့ တိုက်ခိုက်လိုက်တော့သည်။
ထိုအမှတ်အသားများသည် သားရဲတစ်ကောင်နှင့်တစ်ကောင် တူညီသည့် နေရာတွင် ရှိမနေချေ။ ထို့ကြောင့် ပိုင်ကျန့်ယွီသည် သွက်သွက်လက်လက် လှုပ်ရှားကာ သူ၏ ဓားနှင့် ထိုးစိုက်လိုက်ရသည်။ မိနစ်အနည်းငယ်အတွင်း သားရဲဆယ်ကောင်ခန့် သေဆုံးကုန်ကြ၏။ အားနည်းချက်ကို သိရှိသွားသည့် ပိုင်ကျန့်ယွီအတွက် အဆင့်တစ် သားရဲများသည် ပြိုင်ဘက်မဟုတ်ခဲ့ချေ။
လင်းယိုဟန်သည် အားကောင်းသော်လည်း သူမ၏ စွမ်းအားသည် အကန့်အသတ်ရှိနေ၏။ စိတ်လိုလက်ရ လှုပ်ရှားခြင်းမပြုနိုင်ပေ။ သို့သော်လည်း သူမ၏ စွမ်းအားနှင့် သားရဲ သုံးကောင်ခန့်အား အဆုံးသတ်ပေးလိုက်နိုင်သည်။
“ရှောင်ဟန် ကျန်တဲ့ကောင်တွေကို ငါတာဝန်ယူလိုက်မယ်..”
ပိုင်ကျန့်ယွီသည် လျှင်လျှင်မြန်မြန်နှင့် လှုပ်ရှားလိုက်ပြီး ထိုသားရဲများအား ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်မှုများလုပ်လိုက်၏။ သူသည် သားရဲများ၏ နားနည်းချက်အမှတ်အသားများကိုသာ ဦးတည်၍ တိုက်ခိုက်လိုက်၏။ ပိုင်ကျန့်ယွီ၏ အလျှင်အား သားရဲများ အန်မတုနိုင်ခဲ့ချေ။