← Chapters

ပဉ္စမတပည့်

Vol. 13 Ch. 183

ပဉ္စမတပည့်

Vol. 13 Ch. 183

“ဒါက..”

ကျောက်ယီချင်းသည် တွေဝေသွား၏။ ဟွမ်း ထိုသို့ပြောမည်ကို ထင်မထားခဲ့ပေ။ ဟွမ်းသည် ကျောက်ယီချင်း၏ မျက်နှက်ထက်တွင် ရုန်းကန်နေရသည့် အမူအရာကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်သည် မသိမသာ တွန့်ကွေးသွားသည်။

“ထားပါတော့..လက်ရှိ ငါ့အခြေအနေက ထူးခြားဆန်းကြယ်ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက်ပိုလာတော့လဲ သိပ်ပြီး ထူးခြားသွားမှာမဟုတ်ပါဘူး..”

ဟွမ်းသည် တီးတိုးရေရွတ်ရင်း သူ၏ ပုလ္လင်ပေါ်မှ ဆင်းလာ၏။

“ကလေး..ငါ့ကို မင်းရဲ့ ဆရာအဖြစ်သတ်မှတ်ချင်လား”

ဟွမ်းသည် ကျောက်ဝမ်အာ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး သူမကို ငုံ့ကြည့်ရင်းမေးလိုက်၏။

“ဝမ်အာ ဘာလုပ်နေတာလဲ ဆရာ့ကို အမြန်အရိုအသေပေးလိုက်လေ..”

ကျောက်ယီချင်းသည် သူ၏ သမီးအား တိုက်တွန်းလိုက်၏။ သူ၏ စိတ်များလည်း လှုပ်ရှားနေမိသည်။

“အကြီးအကဲက တကယ်အစွမ်းထက်တာလား..”

ရှစ်နှစ်အရွယ်ကလေးမလေးသည် မေးခွန်းထုတ်လိုက်၏။ ကျောက်ယီချင်း၏ မျက်နှာသည် ရှုံမဲ့သွားကာ သူ၏ သမီးအား တားဆီးလိုက်သည်။

“ဆိုပါတော့..ဘာကြောင့် ဒီလိုမေးရတာလဲ..”

ဟွမ်းသည် ကျောက်ဝမ်အာ၏ မေးခွန်းကို စိတ်ထဲမထားသည့်အလား ဖြေလိုက်၏။ သူမ၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားသွားသည်။

“ဖေဖေနဲ့ မေမေက အဲ့ဒီနေ့ကတည်းက ကျွန်မအတွက် တွေးပြီး စိတ်ဒုက္ခရောက်နေကြတာ၊ သူတို့ကို ထပ်ပြီး စိတ်မဆင်းရဲစေချင်လို့ အရမ်းစွမ်းအားကြီးတဲ့သူရဲ့ တပည့်ဖြစ်ချင်တာပါ”

ကျောက်ဝမ်အာသည် သူမ၏ အတွေးကို ထုတ်ပြောလိုက်၏။ အသက်နှင့် မလိုက်ဖက်အောင် တွေးတောနိုင်သည့် ကလေးမလေးပင် ဖြစ်နေသည်။

သူမ၏ အတွေးကြောင့် ဟွမ်းသည် ခေါင်းတညိတ်ညိတ်နှင့် ပြုံးလိုက်သည်။ ဟွမ်းသည် မိဘအတွက် သိတက်သည့် ကလေးမလေးအား သဘောကျသွား၏။

“မင်းရဲ့ အတွေးထဲမှာ ဘယ်သူက စွမ်းအားအကြီးဆုံးလိုထင်လဲ..”

ဟွမ်း၏ မေးခွန်းကြောင့် ကျောက်ဝမ်အာသည် အနည်းငယ် စဉ်းစားပြီးနောက် အဖြေပေးလိုက်သည်။

“ဖေဖေပြောတာတော့ ကျီယွမ်မဟာမိတ်ခေါင်းဆောင်က စွမ်းအားအကြီးဆုံးလို့ ကြားဖူးတယ်..”

“အဲ့လိုလူမျိုး ဆယ်ယောက်လောက်ရှိရင်တောင် ငါ့ကို အနိုင်မယူနိုင်ဘူး..”

ဟွမ်းသည် ကျောက်ဝမ်အာကို လေးလေးနက်နက်ပြောလိုက်၏။ သူ့အနေနှင့် ကလေးမလေးယုံကြည်အောင် ထိုသို့ ပြောနေရခြင်းသည် ရယ်စရာကောင်းသည်ဟု ခံစားမိသွားသည်။ ထို့နောက် ကျောက်ဝမ်အာသည် ကလေးမျက်နှာလေးနှင့် မလိုက်ဖက်အောင် လေးလေးနက်နက်ပြောလိုက်၏။

“ဆရာ့ကို အရိုအသေပေးပါတယ်..”

ဟွမ်း “...”

‘ချက်ချင်း ယုံသွားတာပဲလား’

ကျောက်ဝမ်အာသည် မည်သို့ပင် စဉ်းစား တွေးခေါ်တက်ပါစေ ရှစ်နှစ်အရွယ် ကလေးမလေးသာ ဖြစ်နေသေး၏။ သူမအတွက် ကျီယွမ်မဟာမိတ် ခေါင်းဆောင်ကဲ့သို့ လူမျိုး ဆယ်ဦးကို အနိုင်ယူနိုင်သည်ဆိုသည့်စကားမှာ အမှန်ပင်ဟု ယုံမှတ်သွားသည်။ သို့သော် သူမလေးမသိသေးသည်မှာ ကျီယွမ်မဟာမိတ်ခေါင်းဆောင်ကဲ့သို့လူမျိုး အယောက်တစ်ရာရှိလျှင်တောင်ဟွမ်းကို အနိုင်ယူနိုင်စွမ်း မရှိသည်ကိုပင်။

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်..”

ကျောက်ယီချင်းသည် ကျေးဇူးတင်စကားဆိုလိုက်၏။ သူ၏ သမီးအတွက် စိတ်အေးသွားရပြီဟု ခံစားမိသွားသည်။ ထို့နောက် သူသည် သိုလှောင်လက်စွပ်တစ်ကွင်းအား ဟွမ်းထံ ပေးအပ်လိုက်၏။

“နန်းတော်သခင် ဒီအရာကို လက်ခံပေးပါ..”

ထို သိုလှောင်လက်စွပ်သည် ကျောင်းရုံထံမှ ရရှိခဲ့သည့်အရာ ဖြစ်သည်။ ၎င်း အတွင်း ဝိညာဉ်ကျောက်တုံး တစ်သန်းခန့်ပါဝင်နေ၏။ ကျောင်းရုံသည် အဆင့်ခြောက် တစ်ဦးဖြစ်သည်နှင့်အညီ အလွန်ပင် ကြွယ်ဝလှသည်။ ကျောက်ယီချင်းသည် ဟွမ်းကြောင့်ရရှိခဲ့ခြင်းဖြစ်၏။ သို့သော် ဟွမ်း၏ အကူအညီကြောင့်သာ အဆင်ပြေခဲ့ရသောကြောင့် သူသည် လက်ခံထားရန် မသင့်ဟုတွေးမိသည်။ ထို့ကြောင့် ဟွမ်းကို ပြန်လည်ပေးအပ်လိုက်၏။

ဟွမ်းသည် လက်ခံလိုက်၏။ သူ့တွင် ငြင်းဆန်စရာ အကြောင်းမရှိပေ။ တပည့်တစ်ဦးတိုးလာပြီဖြစ်သောကြောင့် ဝိညာဉ်ကျောက်တုံးများ လိုအပ်နေပြီဖြစ်သည်။

ကျောက်ဝမ်အာသည် သူမ၏ဖခင်အား မခွဲခွာလိုသည့် အကြည့်များနှင့် ကြည့်နေ၏။

“သမီး ဟွမ်းရှန့်နန်းတော်နဲ့ ကျောက်အိမ်တော်က နီးနီးလေးပါ၊ ဖေဖေတို့ မကြာခဏတွေ့ရမှာပဲ...”

ကျောက်ဝမ်အာကို နှစ်သိမ့်လိုက်ပြီးနောက် ကျောက်ယီချင်းသည် ဟွမ်းရှန့်နန်းတော်မှ ထွက်ခွာသွားသည်။

“ဒါဆရာတူညီမလေးပေါ့..”

လင်းရှန်နယ်မြေအတွင်း လုရှင်းယန်တို့သည် သဘောကျ နှစ်သက်စွာ အပြုံးများကိုယ်စီနှင့် ကျောက်ဝမ်အာကို ကြည့်ရှုနေကြ၏။

“မင်ယွမ် ငါတို့အိမ်မက်တွေလက်တွေ့ဖြစ်တော့မယ်..”

ပိုင်ကျန့်ယွီ ပြုံးရွှင်စွာဆိုလိုက်၏။ သူနှင့် လျှိုမင်ယွမ်သည် ဆရာတူညီလေး၊ ညီမလေးတစ်ဦး အလိုရှိနေခဲ့ကြသည်။ သို့မှသာ သူတို့ဂျုနီယာလေး အနိုင်ကျင့်ခံရပါက ရှေ့မှမားမားမတ်မတ်ရပ်တည်ကာ အနိုင်ကျင့်သူကို ဆုံးမပေးနိုင်မည်ဖြစ်သည်။

ကျောက်ဝမ်အာသည် သူမ၏ စီနီယာအစ်မကြီးနှင့် အစ်ကိုများကို အသေအချာကြည့်ကာ မှတ်သားနေသည်။ သူမ၏ အစ်မကြီးဖြစ်သူ၏ ထူးခြားသည့် ပုံစံကို ကြည့်ကာ အံ့ဩမှင်သက်နေ၏။ ထိုသို့ ဆံနွယ်များခရမ်းရောင်ဖြစ်နေသည်ကို သူမ မမြင်ဖူးချေ။

လုရှင်းယန်၏ အကြည့်များကြောင့် သူမ၏ စိတ်တွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ပိုင်ကျန့်ယွီသည် ထူးခြားစွာပင် သူ၏ စူးရှသည် မျက်ဝန်းများသည် ကျောက်ဝမ်အာ မထိခိုက်စေရန် ဂရုစိုက်ကြည့်နေသည့်အလားပင်။

ပုံမှန်ကဲ့သို့ လျှိုမင်ယွမ်တွင် အေးစက်မှုများရှိမနေချေ။ ကျောက်ဝမ်အာသည် လင်းယိုဟန်၏ ကလေးဆန်သည့်မျက်နှာလေးကိုပင် တအံ့တဩကြည့်မိနေ၏။ လင်းယိုဟန်သည် သူမ၏ နှလုံးသားများ နာကျင်နေသည်ဟုခံစားရသည်။ သူမသည် နတ်အင်ပါယာ အဆင့်ရောက်ရန် နှစ်ပေါင်းနှစ်ဆယ်ကျော် ဖြတ်သန်းကာ ကြိုးစားကျင့်ကြံခဲ့ရသည်။ ထို့အပြင် ဟွမ်းနှင့် မဆုံတွေ့လျှင် နတ်အင်ပါယာအဆင့်ကိုပင် ရောက်ရှိသေးမည်မဟုတ်ချေ။

‘အနှီမိန်းကလေးက မွေးကတည်းက နတ်အင်ပါယာ ဖြစ်နေသည်တဲ့လား၊ တရားမျှတမှုကဘယ်မှာလဲ’

အားလုံး၏ အတွေးသည် တူညီနေကြ၏။

“ဒါဆိုရင် မင်းတို့တွေ ပိုပြီး ကြိုးစားကျင့်ကြံသင့်တယ်..သူမက အသက်ရှုလေ့ကျင့်ခန်းလုပ်ရုံနဲ့တင် အဆင့်တွေတက်နိုင်တယ်..”

ဟွမ်း၏ စကားကြောင့် ထိုစီနီယာဖြစ်သူများသည် ရေခဲမြစ်ထဲကန်ချ ခံလိုက်ရသည့်အလား အေးခဲသွားကြသည်။ ထိုမိန်းကလေး၏ အဆင့်ကြောင့် အံ့ဩမှင်သက်နေ၍ မဆုံးသေးချေ။ ထပ်မံ၍ မယုံနိုင်ဖွယ်ရာကို ကြားသိလိုက်ရပြန်၏။ အားလုံး၏ ရင်ဘက်ထဲမှ သွေးများ လည်မျိုသို့ ဆန်တက်လာသည်ဟုပင် ခံစားမိနေကြသည်။

တပည့်များ “...”

ယွဲ့ဝူယောင်အပါအဝင် တပည့်များသည့် သူတို့၏ နောက်မှ ဖိအားကြီးတစ်ခုရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။

“စီနီယာအစ်ကို ဒီမိန်းကလေးက အဲ့လောက်ထိ ထူးခြားတာလား..”

ချုးယွီဟွာသည် သိချင်စိတ်နှင့် မေးလိုက်၏။ အားလုံးလည်း အလားတူပင်။ ထို့ကြောင့် ဟွမ်းသည် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်အကြောင်း အသေးစိတ်ရှင်းပြလိုက်သည်။

လုရှင်းယန်တို့သည် လည်လိမ်ခံထားရသည် ကြက်များသဖွယ်ဆို့နစ်နေကြ၏။ ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် သုံးဦးပင် ထိုမွန်းစတားလေးလောက် အံ့ဩစရာမကောင်းဟု ခံစားလိုက်ရသည်။

သို့သော် သူတို့၏ဂျုနီယာညီမလေး၏ အပြစ်ကင်းစင်သည့်အပြုံးလေးသည် သူတို့၏ နှလုံးသားများအား အရည်ပျော်သွားစေသည်။

“ဒါပေမဲ့ နတ်ဝိညာဉ်နဲ့ မွေးဖွားလာတဲ့သူတွေက သက်ဆိုးမရှည်ကြဘူး၊ အကြောင်းကတော့ သူတို့ရဲ့ နတ်ဝိညာဉ်ကို လုယုချင်ကြတဲ့သူတွေများပြားပြီး ဝိုင်းဝန်းသတ်ဖြတ်တာခံရလို့ပဲ..”

ဟွမ်းသည် ထူးခြားမှု၏ နောက်ကွယ်မှ ဆိုးကျိုးများကို ရှင်းပြလိုက်၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

အရှိန်အဝါလေးခုသည် ရုတ်ချည်းပေါ်ထွက်လာပြီး ကျောက်ဝမ်အာ၏ ပတ်ပတ်လည်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သွား၏။ ထို့နောက် သံပြိုင်လေးခုပေါ်ထွက်လာသည်။

“ဝမ်အာရဲ့ နတ်ဝိညာဉ်လိုချင်တဲ့သူတွေက ကျုပ်တို့ ခန္ဓာကိုယ်တွေကို အရင်နင်းချေသွားနိုင်မှပဲ ရလိမ့်မယ်..”

လေထုတွင် အရိုးထဲအထိစိမ့်မတက်အေးခဲသွားနိုင်သည့် အရှိန်အဝါ၊ ထိုလေထုအားဖီဆန်ကာ လောင်ကျွမ်းပစ်‌ချင်နေသည့် မီးစွမ်းအင်အရှိန်အဝါ၊ လေထုပင် အပိုင်းပိုင်း ခွဲခြမ်းလုမတက်ဖြစ်နေသည့် ဓားအရှိန်အဝါများနှင့် ထိုလေထုအား လိုရာပုံသွင်းလိုသည့် စိတ်စွမ်းအင်အရှိန်အဝါများသည် ကြမ်းကြမ်းတမ်းတမ်း လည်ပတ်နေကြ၏။

သူတို့ဆရာ၏ နောက်ဆုံးတပည့်ဖြစ်သူ ဂျုနီယာညီမလေးအား ကာကွယ်ရန်အသင့်ဖြစ်နေသည့်အလားပင်။

“သွားကျင့်ကြံချေကြတော့..”

ဟွမ်းသည် လူငယ်များ စိတ်တက်ကြွနေပုံကို ကြည့်ရင်း သဘောကျစွာပြုံးလိုက်မိသည်။

“ဆရာ..သမီးက ကျင့်ကြံရတော့မှာလား..”

ကျောက်ဝမ်အာလေးသည် အပြစ်ကင်းစင်သည့် မျက်နှာလေးနှင့် မေးလိုက်၏။

“မလောနဲ့..၊ ဆရာထဲမှာ ဝမ်အာရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကျင့်စဉ်မရှိသေးဘူး..၊ ဆရာက အကောင်းဆုံး နည်းစနစ်တစ်ခုကို ရှာဖွေပေးမယ်၊ ဒါကြောင့် အသက်ရှုသွင်း နည်းစနစ်ပဲ အရင်ကျင့်ကြံနေချေ..”

ဟွမ်းသည် ကျောက်ဝမ်အာအတွက် သာမန်ကျင့်စဉ်များကို မကျင့်ကြံစေချင်ပေ။ သူထံတွင်နတ်ဘုရာလောကကြီး၏ ထိပ်တန်းကျင့်စဉ်များ ရှိသော်လည်း ကျောက်ဝမ်အာအတွက် ပိုကောင်းသည့် နည်းစနစ်ကို ရှာဖွေပေးချင်နေမိ၏။

All Chapters