ထျန်းယွမ်ကုန်းမြေ၏အခက်အခဲ
Vol. 13 Ch. 184
“ဟုတ်ကဲ့ပါ၊ ဆရာ့စကားအတိုင်း လိုက်နာပါ့မယ်..”
ထိုသို့ပြောရင်း သူမသည် လင်းရှန်နယ်မြေအတွင်း ပတ်ပြေးနေကာ ဆော့ကစားနေတော့၏။ သူမသည် ကျယ်ပြောလှသည့် လင်းရှန်နယ်မြေအတွင်း ပြေးလွှားနေခြင်းသည် မောပန်းပုံပင် မရချေ။
ဟွမ်းသည် ကျောက်ဝမ်အာ ဆော့ကစားနေသည်ကို ကြည့်ရင်း ပြုံးလိုက်၏။ သို့သော် သူ၏ အပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်သွားတော့သည်။
“ငါ့ရဲ့ စွမ်းအင်ထည့်သွင်းထားတဲ့ ကျောက်စိမ်းပြားက ကွဲကြေသွားတယ်..”
ထျန်းယွမ်ကုန်းမြေ၏ ကောင်းကင်ထက်တွင် သွေးနီရောင်များဖုံးလွှမ်းနေပြီး တိုက်ပွဲများပြင်းထန်နေသည်။ တိုက်ပွဲဟု ဆိုသည်ထက် တစ်ဖက်သတ်ဆန်သည့် တိုက်ပွဲဟုဆိုလျှင်ပို၍ မှန်ကန်ပေလိမ့်မည်။ ကုန်းမြေရှိ နယ်မြေအတော်များများ ပျက်စီးနေပြီး ကျင့်ကြံသူများစွာလည်း သေဆုံးကုန်ကြသည်။ သွေးညှီနံ့များသည့်လည်း ထျန်းယွမ်ကုန်းမြေတစ်ခုလုံးအား ဖုံးလွှမ်းနေ၏။
“ဝုန်း..”
“ဝုန်း..”
“ခေါင်းအတော်မာတဲ့ကောင်တွေ..၊ ရွှယ်လင်းကျွင်းကို သတ်တဲ့ကောင်ဘယ်သူလဲ ဆိုတာ ထုတ်ပြောလိုက်ရင် မင်းတို့ရဲ့ သေဘေးက လွှတ်မြောက်နိုင်လိမ့်မယ်..”
ရွှယ်လင်းဟန်သည် ထိုက်ဟုန်ကျွင်းတို့ထံမှ အကြောင်းအရင်းကို သိချင်နေ၏။ သူသည် သွေးအစီအရင်ကြောင့် အဆင့်လေးသို့ ရောက်ရှိလာပြီးနောက် ရွှယ်လင်းကျွင်း၏ သေဆုံးမှုကို စုံစမ်းခဲ့သည်။ သူသည် နှစ်ဝက်လောက် စုံစမ်းပြီးနောက်တွင် ထျန်းယွမ်ကုန်းမြေ၌ ရွှယ်လင်းကျွင်း၏ သွေးစွမ်းအင်များ ကျန်ရှိနေခဲ့သည်ကို သိရှိလိုက်ရသည်။
ထို့ကြောင့် သူ၏ နောက်လိုက်များကို ခေါ်ကာ ထျန်းယွမ်ကုန်းမြေအား ဖျတ်စီးပစ်ရန် ကြံစည်လိုက်၏။ သို့သော် ဤကုန်းမြေသို့ရောက်ရှိချိန်တွင် ရွှယ်လင်းကျွင်း၏ သွေးခြေရာခံနည်းစနစ်အား အသုံးပြုထားခံရသူ တစ်ယောက်မျှ မရှိချေ။ ထိုအပြင် ဤနေရာရှိ ကျင့်ကြံသူများသည် တစ်ယောက်မျှ ရွှယ်လင်းကျွင်းအား သတ်နိုင်စွမ်းမရှိသည်ကို တွေ့ရှိသွား၏။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းတို့အား မေးမြန်းနေခြင်းဖြစ်သည်။
“အဲ့ဒီလူက မင်းစွမ်းအားနဲ့ မတက်နိုင်တဲ့သူပဲ..”
ထိုက်ဟုန်ကျွင်းသည် ဒဏ်ရာများရရှိထားသော်လည်း ကြောက်ရွံ့စိတ်များ ရှိမနေချေ။ ထိုသွေးမျိုးနွယ်က လူသည် ရုတ်တရက်ရောက်ရှိလာခဲ့ပြီး နယ်မြေများစွာကို ဖျတ်စီးပစ်ခဲ့သည်။ ထို့ကြောင့် သူ၏ ဒေါသများ တဟုန်ထိုး တိုးတက်နေခြင်းဖြစ်၏။ သူ၏ စွမ်းအားနှင့် ထိုလူအား အနိုင်မရနိုင်သော်လည်း ခေါင်းမာမာနှင့် တိုက်ခိုက်နေသည်။
“ဒီနယ်မြေတစ်ဝှိုက်မှာ ဒီအရှင်ကို အနိုင်ယူနိုင်မဲ့သူမရှိသေးဘူး..”
ရွှယ်လင်းဟန်သည် ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောကာ ဆိုလိုက်၏။ သို့သော် ရုတ်ချည်းအမူအယာပြောင်းလဲသွားကာ ထပ်မံပြောဆိုလိုက်သည်။
“အသက်မသေချင်ရင်ပြောစမ်း..”
“မင်းမှာ အဲ့ဒီလို အရည်အချင်းမရှိဘူး..”
ထိုက်ဟုန်ကျွင်းသည် ခေါင်းမာလွန်း၏။ ဟွမ်း၏ အကြောင်းကို တစ်စိုးတစ်စိမျှ ဖွင့်ဟရန် စိတ်ကူးမရှိချေ။ မိုက်မဲလွန်းသည်ဟု ဆိုနိုင်သော်လည်း သူ၏ သစ္စာတရားပင်ဖြစ်သည်။
“အဆင့်နှစ်လောက်နဲ့ ခေါင်းမာချင်နေတာ သူ့ကိုအရင် သတ်ကြ..”
ရွှယ်လင်းဟန်သည် လွန်စွာမှပင် ဒေါသထွက်လာ၏။ သူ၏ နောက်လိုက်များအား အမိန့်ပေးလိုက်သည်။
ရွှယ်လင်းကျွင်း၏ နောက်လိုက်များသည် ဆယ်ဦးခန့်သာရှိသော်လည်း ဆယ်ဦးလုံးသည် အဆင့်နှစ် များဖြစ်နေကြသည်။
ထျန်းယွမ်ကုန်းမြေ၏ အင်အားနှင့် အဆင့်လေးဖြစ်သည် ရွှယ်လင်းဟန်ကို ထည့်မတွက်လျှင်တောင် နောက်လိုက်များကိုပင် ဖြေရှင်းရန်ခက်ခဲလှသည်။
ထျန်းယွမ်ကုန်းမြေတွင် အဆင့်သုံးရောက်နေသည့် ချီမင်ယောင်အပြင် အဆင့်နှစ်များဖြစ်ကြသည့် ရှင်းဝေ့ကျန်း၊ ထိုက်ဟုန်ကျွင်းနှင့် ဟေးချုံးတို့သာ ရှိနေသည်။ သို့သော် ချီမင်ယောင်ပင် ရွှယ်လင်းဟန်ကို ရင်ဆိုင်နိုင်စွမ်းမရှိချေ။ သူမသည် နောက်လိုက် နှစ်ဦးကိုသာ ရင်ဆိုင်တိုက်ခိုက်နေရသည်။
အဆင့်တစ် ဖြစ်သည့် ရှင်းဝမ်ကျဲအပါအဝင် ထျန်းယွမ်ကုန်းမြေ၏ လူငယ်များသည် အဆင့်နှစ်တစ်ဦးအား ဝိုင်းဝန်းတိုက်ခိုက်ကာ ထိန်းသိမ်းထား၏။ သို့သော် သူတို့အင်အားနှင့် မည်သို့မျှ မျှတချေ။ ထိုနောက်လိုက်၏ ရိုးရှင်းသည့် ရိုက်ချက်တစ်ချက်နှင့်ပင် အပြင်းအထန် ဒဏ်ရာရကျန်ကြသည်။
အကြီးအကဲနတ်ဘုရင်များသည်လည်း အဆင့်နှစ်တစ်ဦးအား ထိန်းထားကြသည်။
ရှင်းဝေ့ကျန်းတို့သည်လည်း တစ်ယောက်စီ တာဝန်ယူကာ တိုက်ခိုက်နေကြသည်။ သို့သော် ရွှယ်လင်းဟန်မလှုပ်ရှားသေးသောကြောင့်သာ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်၏။
ကျန်ရှိသည့် နောက်လိုက်နှစ်ဦးသည် ရွှယ်လင်းကျွင်းအနားတွင် ရပ်တန့်နေပြီး အမိန့်အားစောင့်ဆိုင်းနေသည့်အလားပင်။
“အဲ့ဒီ မောက်မာတဲ့ကောင်ကို အရင်ရှင်းလိုက်..”
ရွှယ်လင်းဟန်သည် ထိုက်ဟုန်ကျွင်းကို ညွှန်ပြကာ ရက်စက်စွာပြောလိုက်၏။
ထိုနောက်လိုက်နှစ်ဦးသည် အလျှင်အမြန် ပျံသန်းသွားပြီး ထိုက်ဟုန်ကျွင်းအား သွေးချိန်းကြိုးကြီးများ ပစ်လွှတ်လိုက်သည်။
“ဟုန်ကျွင်း သတိထား..”
ချီမင်ယောင်သည် အဆင့်နှစ် နှစ်ယောက်နှင့် တိုက်ခိုက်နေရသောကြောင့် ထိုက်ဟုန်ကျွင်းထံ ဝင်ရောက်ကူညီခွင့် မရတော့ချေ။ ထိုနှစ်ဦးသည်လည်း သူတို့၏ သွေးချိန်းကြိုးများနှင့် ချီမင်ယောင်ကို ဖိအားပေးတိုက်ခိုက်နေခဲ့သည်။
ထိုက်ဟုန်ကျွင်းသည် သုံးယောက်လုံးအား ရင်ဆိုင်နေရသောကြောင့် အလွန်ပင် ခက်ခဲလာသည်။ သွေးချိန်းကြိုးများအား ရှောင်တိမ်းနေသော်လည်း တရစပ် တိုက်ခိုက်နေမှုများကြောင့် ရှောင်တိမ်းနိုင်စွမ်း လျော့နည်းလာ၏။
“သေလိုက်စမ်း..”
နောက်လိုက်တစ်ဦး၏ ချိန်းကြိုးများနှင့် ထိုက်ဟုန်ကျွင်းအား ရစ်ပတ်မိသွား၏။
“အား..”
ထိုဟုန်ကျွင်းသည် မာန်ဟုန်သွင်းကာ ထိုချိန်းကြိုးအား ဖြတ်တောက်ရန် ကြိုးစားလိုက်သော်လည်း နောက်ထက် ချိန်းကြိုးတစ်ခုသည် ထပ်မံရစ်ပတ်လာပြန်၏။
“ချီးတဲ့မှ..”
ထိုက်ဟုန်ကျွင်းသည် ဒေါသတကြီး ဆဲရေးလိုက်သည်။ သူ၏ ပုံစံသည် မောပန်းနေပြီး သွေးများစွာလည်း စိုရွဲနေခဲ့သည်။
ထိုအချိန်တွင် ကျန်ရှိနေသည့် နောက်လိုက်တစ်ဦးသည် သွေးစွမ်းအင်များကို ဓားအသွင် ပြောင်းလဲစေလိုက်ကာ ထိုက်ဟုန်ကျွင်းအား ခုတ်ပိုင်းလိုက်၏။
“ဟုန်ကျွင်း..”
ချီမင်ယောင်အပါအဝင် အခြားသူများသည် ထိုက်ဟုန်ကျွင်းအား စိုးရိမ်သွားကြကာ လာရောက်ကူညီကြရန် ပြင်ဆင်လိုက်၏။ သို့သော် ရွှယ်လင်းဟန်၏ နောက်လိုက်များသည် ထိုသို့ အခွင့်အရေးမပေးချေ။ သူတို့၏ လမ်းများကို ပိတ်ဆို့ထားကာ တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြသည်။
ချီမင်ယောင်သည် ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာကာ သူမအား တားဆီးထားသည့် နောက်လိုက်နှစ်ဦးကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
“ဝုန်း..ဝုန်း..”
သူမ၏ အတင်းကြပ် တိုက်ခိုက်မှုကြောင့် နောက်လိုက်နှစ်ဦးသည် အဝေးသို့ လွင့်စင်သွားသည်။ သူမသည် ချက်ချင်းပင် ထိုက်ဟုန်ကျွင်း၏ အကြပ်အတည်းကို ဖြေရှင်းရန် အရှိန်အဟုန်မြင့်နှင့် ပြေးလာ၏။
“ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူးကွ..သေလိုက်စမ်း..”
နောက်လိုက်သည် ဟက်ဟက်ပတ်ပတ်နှင့်ရယ်မော့ကာ သူ၏ သွေးစွမ်းအင်ဓားကို ခုတ်ပိုင်းလိုက်သည်။
“မဟုတ်ဘူး..”
ချီမင်ယောင်သည် အမြန်နှုန်းနှင့်လာနေသော်လည်း ထိုက်ဟုန်ကျွင်းအနားရောက်ရန် နောက်ကျသွားပြီဖြစ်၏။
“ခရက်..”
သွေးစွမ်းအင်ဓားသည် ထိုက်ဟုန်ကျွင်း၏ လည်ပင်အား ဖြတ်ပိုင်းလုဆဲဆဲတွင် မှန်တစ်ကွဲကြေသွားသည့် အသံတစ်ခုထွက်ပေါ်လာသည်။
“စီနီယာ..”
ထိုက်ဟုန်ကျွင်း၏ ရုန်းကန်မှုသည် ရပ်တန့်သွားသည်။ အကြောင်းမှာ ဟွမ်းပေးအပ်ထားသည် ကျောက်စိမ်းပြားလေးသည် ကွဲကြေသွားပြီ ဖြစ်ပြီး အနီရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။
“ဝုန်း..”
“ခလွမ်း..”
ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ထိုက်ဟုန်ကျွင်းအား ချည်နှောင်ထားသည် ချိန်းကြိုးများ ပြတ်တောက်သွားပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည့် အရှိန်အဝါတစ်ခုသည် ရုန့်ရင်းကြမ်းတမ်းစွာပေါ်ထွက်လာ၏။
“ဝေါ့..”
ထိုအရှိန်အဝါကြောင့် ရွှယ်လင်းဟန်၏ နောက်လိုက်သုံးဦးသည် သွေးအန်လိုက်ရသည်။ ထိုအရှိန်အဝါ၏ ဖိအားကို ထိုက်ဟုန်ကျွင်းနှင့် ရှင်းဝေ့ကျန်းမှ အပ ထျန်းယွမ်ကုန်းမြေပေါ်တွင် ရှိနေသည့် ကျင့်ကြံသူအားလုံး ခံစားလိုက်ရ၏။
ထျန်းယွမ်ကုန်းမြေ၏ အလွန်ဝေးကွာသော ကောင်းကင်ထက်တွင် ရှိနေသည့် ရွှယ်လင်းဟန်ပင် ထိုသတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
“ဘယ်လိုစွမ်းအားမျိုးလဲ..လင်းကျွင်းကို သတ်သွားတာ အဲ့ပုံရိပ်ပိုင်ရှင်ဖြစ်နိုင်မလား..”
ရွှယ်လင်းဟန်၏ စိတ်အတွင်း ခန့်မှန်းချက်အတွေးများ ဝင်ရောက်လာသည်။ သူသည် ထိုသတ်ဖြတ်လိုစိတ်ရှိသည့် ပုံရိပ်၏ ပစ်မှတ်ထားခြင်း မခံရသောကြောင့် ၎င်း၏ ပြင်းထန်မှုကို မခံစားမိပေ။
သို့သော် ထိုက်ဟုန်ကျွင်းအား တိုက်ခိုက်ခဲ့သည် နောက်လိုက်သုံးဦးသည်တော့ မတူညီပေ။