စကြာဝဠာနှင့်ပေါင်းစည်းခြင်း...
Vol. 29 Ch. 439
" ငါသာ အချိန်နိယာမကို အတိုင်းအတာတစ်ခုအထိ နားလည်ပြီး ငါ့ခန္ဓာကိုယ်က အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်ရင် အပြင်ကမ္ဘာမှာ နှစ်သောင်းပေါင်းများစွာ ကုန်ဆုံးရင်တောင် ငါ့အတွက် တစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ပဲ ကုန်ဆုံးရင် အဲ့ဒါက အသက်ရှည်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
" နဝမအလွှာမှ လေ့ကျင့်တာက ရှုထောင့်နှစ်ခုရှိတယ်။ တစ်ခုက အတွင်းကမ္ဘာထဲမှာ လေဟာနယ်အလွှာတွေကို ဖွင့်တာပဲ။ အဒါကို အခြေခံပြီး နဝမအလွှာကို အဆင့်တွေ ခွဲခြားထားတယ်။ "
နဝမအလွှာတွင် အဆင့်ငါးဆင့် ပါဝင်လေသည်။ အလွှာတစ်ဆယ်၊ အလွှာတစ်သောင်း၊ အလွှာတစ်သိန်း၊ အလွှာတစ်သန်း၊ အလွှာဆယ်သန်း။ ထိုအလွှာများက အတွင်းကမ္ဘာထဲတွင် ရှိသော လေဟာနယ်အလွှာ အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်။
ထိုအလွှာများက အတွင်းကမ္ဘာ၏ နက်ရှိုင်းမှုကို ရည်ညွှန်းပြီး အတွင်းကမ္ဘာက ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အခြေခံအုတ်မြစ်ဖြစ်လေသည်။
အတွင်းကမ္ဘာက အားကောင်းလာသည်နှင့် ကမ္ဘာစွမ်းအားက ပို၍ ပြင်းထန်လာပြီး ၎င်းက ဆင့်ကဲပြောင်းလဲသူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအားတို့ကို မြှင့်တင်ပေးနိုင်လေသည်။
" ငါ့ရဲ့ အတွင်းကမ္ဘာထဲက လေဟာနယ်အလွှာတွေက အလွှာ ၃၉၀၀၀ နီးပါးကို ရောက်နေပြီဆို့တော့ အလွှာတစ်သောင်းအဆင့်ကို ကျော်လွန်လာပြီလို့ ပြောလို့ရတယ်။ ငါက အလွှာတစ်သောင်းအဆင့်ဆိုတော့ အားမနည်းဘူးပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
" ငါက အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်၊ မူလအဆင့်စကြာဝဠာစွမ်းအားတစ်ခုနဲ့ သာမန်စကြာဝဠာစွမ်းအား အများကြီးကို နားလည်ခဲ့ပြီ။ "
နဝမအလွှာကို စတင်တက်လှမ်းချိန်တွင် သူက လေဟာနယ်အလွှာ လေးသောင်းနီးပါးကို ဖွင့်နိုင်ခဲ့သည်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် သူက နဝမအလွှာကို တက်လှမ်းခါစ ဆင့်ကဲပြောင်းလဲသူများထက် သာလွန်လေသည်။
" အဓိကအချက်က စကြာဝဠာစွမ်းအားတွေက လေဟာနယ်အလွှာတွေကို တိုးချဲ့ပေးတဲ့ သက်ရောက်မှုက တစ်ကြိမ်တည်းမဖြစ်ဘဲ ဆက်တိုက်ဖြစ်ပေါ်နေမှာပဲ။ " လင်းယွမ်က ကောက်ချက်ချလိုက်သည်။ ဆိုလိုသည်မှာ လင်းယွမ်က အခြားနဝမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် လေဟာနယ်အလွှာများကို ပိုပြီး လွယ်ကူစွာ ချဲ့ထွင်နိုင်ပေလိမ့်မည်။
" နဝမအလွှာ လေ့ကျင့်မှုရဲ့ ဒုတိယရှုထောင့်ကတော့ အချိန်နိယာမကို နားလည်ဖို့ပဲ။ ဒါပေမယ့် အဲ့ဒါက သိပ်အရေးမကြီးသေးဘူး။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက အချိန်နိယာမကို ခံစားနိုင်ရုံသာ ဖြစ်ပြီး ထိတွေ့နိုင်ရန် ခက်ခဲလှသည်။
" အဲ့လောက်ပါပဲ။ ပြန်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က သူ၏ ပြောင်းလဲမှုများကို ခံစားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အဝေးတွင်ရှိနေသော အလယ်ပိုင်းကြယ်နယ်မြေကပင် အေအဆင့်စွမ်းအားလှိုင်းကို သတိထားမိခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများက ထိုစွမ်းအားကို ပို၍ တိကျစွာ ခံစားခဲ့ရပြီး ထိတ်လန့်ကြောက်ရွံ့ခဲ့ရလေသည်။ ထိုစွမ်းအားလှိုင်းကို ရင်ဆိုင်ရသောအခါ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ခုခံနိုင်စွမ်းမရှိသည်ကို ခံစားခဲ့ရသည်။
" ဘာဖြစ်တာလဲ။ "
" ဒီလောက်ပြင်းထန်တဲ့ စွမ်းအားလှိုင်းက ဘယ်လိုလုပ်ပေါ်လာတာလဲ။ "
ဟုန်ပိနှင့် လုယန်တို့က ချီခွန်ပင်မကြယ်ကို စီမံခန့်ခွဲ့ခဲ့ပြီး လင်းယွမ်အတွက် နဂါးငွေ့တန်းပင်မကြယ်ကိုလည်း နှစ်များစွာကြာအောင် စီမံခန့်ခွဲပေးခဲ့သည်။
" မဟုတ်သေးဘူး။ "
" စွမ်းအားလှိုင်းက လူသူမရှိတဲ့ နေရာက ထွက်ပေါ်လာလို့ လက်ရှိမှာ ဘာဆုံးရှုံးမှုမှမဖြစ်ဘူး။ " ချွန်းပိုနှင့် ကျားလီတို့က မသက်မသာဖြင့် ခေါင်းခေါင်းခါလိုက်ကြသည်။
သူတို့က မျိုးနွယ်ခြားများ ကျူးကျော်မှုအပါအဝင် ဖြစ်နိုင်ချေ အများအပြားကို သုံးသပ်ခဲ့ကြသည်။ မျိုးနွယ်ခြားများ ကျူးကျော်ခြင်းဖြစ်လျှင် ၎င်းက နဝမအလွှာ မျိုးနွယ်ခြား ဆယ်ယောက်ကျော် ဖြစ်ပေလိမ့်မည်။
" ဒီကိစ္စကို ကြယ်သခင်ဆီ သတင်းပို့ပြီးပြီလား။ " ချွန်းပိုက သူ၏ စိတ်ကို စုစည်းပြီး မေးလိုက်သည်။
လင်းယွမ်က နဂါးငွေ့တန်းကြယ်သခင် ဖြစ်သောကြောင့် ၎င်းက မျိုးနွယ်ခြားများ ကျူးကျော်လာခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သတင်းပို့ရမည်ဖြစ်သည်။
" ဆက်သွယ်ပြီးပါပြီ။ ဒါပေမယ့် ကြယ်သခင်က အကြောင်းမပြန်သးပါဘူး။ " ဟုတ်ပိက ပြောလိုက်သည်။
" အကြောင်းမပြန်ဘူးလား။ " ကျားလီက အံ့ဩသွားသည်။ "ထပ်ပြီးဆက်သွယ်ကြည့်ပါဦး။ "
ထိုအချိန် ခန်းမထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
" စိုးရိမ်ဖို့ မလိုဘူး။ " လင်းယွမ်က သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
" ကြယ်သခင်..."
" ကြယ်သခင် ရောက်လာပြီလား။ "
အားလုံးက စိတ်ပူပန်မှုများ လျော့ကျသွားပြီး မိုလီနှင့် ဝူလန်တို့ကတော့ လင်းယွမ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့က နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် နေထိုင်ခဲ့ကြသော်လည်း လင်းယွမ်နှင့် မတွေ့ခဲ့ရပေ။
" ကြယ်သခင် စိုးရိမ်စရာမလိုဘူးလို့ ပြောတာက..." ချွန်းပိုက မဝံ့မရဲနှင့် မေးလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက နားစွင့်လိုက်ကြသည်။ စွမ်းအားလှိုင်းက ပြင်းထန်ပြီး နဂါးငွေ့တန်းကြယ်နယ်မြေအနီးတွင် ထွက်ပေါ်လာသောကြောင့် အားလုံးက စိုးရိမ်နေကြသည်။
" အဲ့ဒီစွမ်းအားလှိုင်းက ငါနဝမအလွှာကို တက်လှမ်းလို့ ဖြစ်ပေါ်လာတာပဲ။ အဲ့ဒါက လူသူမရှိတဲ့နေရာဆိုတော့ အသက်ဂြိုလ်တွေ ရင်းမြစ်ဂြိုလ်တွေကို ထိခိုက်မှုရှိမှာမဟုတ်ဘူး။ " လင်းယွမ်က သာမန်အတိုင်းပြောလိုက်သည်။
" ဒါဆို အဲ့ဒါက ကြယ်သခင်ကြောင့်ပေါ့။ "
ချွန်းပိုက ခေါင်းညိမ့်ရင်း ရုတ်တရက် တုန်ယင်သွားသည်။ " ကြယ်သခင် နဝမအလွှာကို တက်လှမ်းတာလို့ ပြောလိုက်တာလား။ "
အခြားသူများကလည်း မှင်သက်သွားကြပြီး လင်းယွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူ နဝမအလွှာသို့ ရောက်သွားသည့်အကြောင်းကို လူသားမျိုးနွယ်က မကြာမီ ကြေညာတော့မည်ဖြစ်သောကြောင့် လျို့ဝှက်ထားရန် မလိုအပ်ပေ။
လူသားမျိုးနွယ် လက်ရှိမျိုးဆက်၏ ပါရမီရှင်ဖြစ်သော လင်းယွမ်ကို လူသားမျိုးနွယ်က ဖုံးကွယ်ထားမည်မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ်က နှိမ့်ချနေရန် မလိုအပ်ဘဲ ကြယ်စကြာဝဠာအတွင်းရှိ အထွတ်အထိပ် မျိုးနွယ်များကပင် လူသားမျိုးနွယ်ကို ကြောက်လန့်နေကြပြီဖြစ်သည်။
" ကြယ်သခင်က နဝမအလွှာကို ရောက်သွားပြီလား။ " ဟုန်ပိနှင့် လုယန်တို့က ကြောင်တောင်တောင် ဖြစ်နေကြသည်။
ယခင် ချီခွန်ကြယ်သခင်က သူတို့ကို လင်းယွမ်၏ နောက်လိုက်များအဖြစ် ပေးအပ်ခဲ့သည်။ သာယာဝပြောသော ချီခွန်ကြယ်နယ်မြေမှ နယ်စပ်ကြယ်နယ်မြေသို့ အဋ္ဌမအလွှာ တားဆီးမရသူ ချီခွန်ကြယ်သခင်ဆီမှ အဋ္ဌမအလွှာ တက်လှမ်းခါစ ကြယ်သခင်ဆီသို့ ပြောင်းလဲခံလိုက်ရသောကြောင့် သူတို့က အခြားအတွေးများ မတွေးရဲခဲ့သော်လည်း ဆုံးရှုံးမှုကိုတော့ ခံစားရဆဲ ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က နဝမအလွှာကို တက်လှမ်းသွားခဲ့ပြီး ချီခွန်ကြယ်သခင်ကို လုံးဝကျော်လွန်သွားခဲ့သည်။
" ကြယ်သခင်..." မိုလီက စိတ်ရှုပ်ထွေးနေသည်။
ယခင် ရှစ်စန်းတောင်ထိပ်သခင်က ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားသောကြောင့် သူက ရှစ်စန်းတောင်ထိပ်သို့ ဝင်ရချိန်တွင် အလွန်ဝမ်းသာခဲ့ရသည်။ ရှစ်စန်းတောင်ထိပ်ကို ဝင်ရောက်ခြင်းဖြင့် သူက အားကောင်းသော နောက်ခံကို ရရှိနိုင်လေသည်။
သို့သော် သူတွေ့ထားသော နောက်ခံက ယခုလောက်ထိ ကြီးမားလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။ တွေးမိခဲ့လျှင်တောင် ယခုလောက်ထိ မြန်မည်မဟုတ်ပေ။
" ကြယ်သခင် နဝမအလွှာကို တက်လှမ်းခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ " ဝူလန်က ပြောလိုက်သည်။
သူမက ပထမဆုံး တုန့်ပြန်နိုင်သည့် အကြောင်းရင်းမှာ နဝမအလွှာ၏ အရေးပါမှုနှင့် သက်ရောက်မှုကို ကောင်းကောင်းနားမလည်သေးသောကြောင့် ဖြသ်သည်။
" ကြယ်သခင် နဝမအလွှာကို တက်လှမ်းခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ " အခြားသူများကလည်း ဂုဏ်ပြုစကား ပြောလိုက်ကြသည်။
" အားလုံး ထကြပါ။ " လင်းယွမ်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကြယ်သခင်..." ကျားလီက သတိထားပြီး ပြောလိုက်သည်။ " နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက မဟာစကြာဝဠာနဲ့ ပေါင်းစည်းနိုင်တယ်ဆိုတာ အမှန်ပဲလား။ "
" မဟာစကြာဝဠာနဲ့ ပေါင်းစည်းတာလား။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။ " အဲ့ဒါက ပိုနက်ရှိုင်းတဲ့ လေဟာနယ်အလွှာထဲကို ဝင်ရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာများကို ဖန်တီးခဲ့သောကြောင့် ပင်မစကြာဝဠာ၏ လေဟာနယ်အလွှာများကို ပို၍ နက်ရှိုင်းစွာ စူးစမ်းနိုင်ကြလေသည်။
သူတို့၏ အတွင်းကမ္ဘာထဲရှိ လေဟာနယ်အလွှာများကို ပင်မစကြာဝဠာ၏ လေဟာနယ်အလွှာများနှင့် ပဲ့တင်ထပ်စေပြီး အတွင်းသို့ ပေါင်းစည်းဝင်ရောက်ခြင်းဖြစ်သည်။
နဝမအလွှာတစ်ယောက်က တိကျသော လေဟာနယ်အလွှာထဲမှာ မရှိသရွေ့ ပြင်ပတိုက်ခိုက်မှုများကို လျစ်လျူရှုထားနိုင်လေသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် အခြားလျိူ့ဝှက်ဆန်းကြယ်သော တိုက်ခိုက်မှုများက တူညီသော လေဟာနယ်အလွှာတွင်းမရှိသရွေ့ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
မဟာစကြာဝဠာနှင့် ပေါင်းစည်းသော ထိုလျို့ဝှက်နည်းစနစ်က နဝမအလွှာတိုင်းအသုံးပြုနိုင်သော သာမန်နည်းလမ်းတစ်ခုသာ ဖြစ်သည်။
နဝမအလွှာတွင် တိုက်ခိုက်ခြင်းက လေဟာနယ်ယှဉ်ပြိုင်မှုပင်ဖြစ်သည်။ ထိုရှုထောင့်တွင် လေဟာနယ်အလွှာများ ပိုဖွင့်ထားသော နဝမအလွှာက အသာစီးရနေပေလိမ့်မည်။ ၎င်းက လေဟာနယ်အလွှာများမှ စွမ်းအားကြောင့်သာမက လေဟာနယ်အလွှာများကို ပေါင်းစည်းနိုင်ခြင်းလည်းဖြစ်သည်။
ယခုကဲ့သို့ လင်းယွမ်က ဟုန်ပိ၏ ရှေ့တွင် ရပ်နေသည်ဟု ထင်ရသော်လည်း သူ၏ မူလခန္ဓာကိုယ်က မည်သည့်လေဟာနယ်အလွှာထဲတွင် ရှိနေသည်ကို မသိနိုင်ပေ။
ထို့နောက် လင်းယွမ်က ညွှန်ကြားချက်အချို့ ပေးခဲ့ပြီး နဂါးငွေ့တန်းပင်မကြယ်ပေါ်မှ နေထိုင်သူများကို စိတ်မပူစေရန် လုပ်ဆောင်စေခဲ့သည်။
သူ၏ နဝမအလွှာသို့ တက်လှမ်းချိန်တွင် ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းကို သာမန်ဆင့်ကဲပြောင်းလဲသူများပင် ခံစားနိုင်လေသည်။