အလယ်ပိုင်းကြယ်နယ်မြေသို့ သွားခြင်း...
Vol. 29 Ch. 441
ဝမ်ယန်ကြယ်နယ်မြေ။ ဝမ်ယန်တော်ဝင်သားတော်က ပေါ့ပေါ့ပါးပါး လဲလျောင်းနေသည်။ သူက ရှစ်စန်းတောင်ထိပ်သခင်နှင့် နှိုင်းယှဉ်ခြင်းကို စွန့်လွှတ်ပြီးကတည်းက သူ၏ စိတ်က ပေါ့ပါးသွားခဲ့သည်။ ထိုလူနှင့် နှိုင်းယှဉ်ခြင်းက ကိုယ့်ဒုက္ခက ကိုယ်ရှာခြင်းသာ ဖြစ်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် ရှစ်စန်းတောင်ထိပ်သခင်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့်အကြောင်းကို တွေးမိသောအခါ သူက တုန်လှုပ်ခဲ့ရလေသည်။ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က အဆင့်တူချင်း ဘယ်လိုလုပ် အလွယ်တကူ သတ်နိုင်ရတာလဲ။
" ဟမ် အလယ်ပိုင်းကြယ်နယ်မြေက သတင်းထုတ်ပြလိုက်တာလား။ "
ဝမ်ယန်တော်ဝင်သားတော်က သတင်းကို ဖွင့်ကြည့်လိုက်သည်။ " ရှစ်စန်းတောင်ထိပ်သခင်က နဝမအလွှာကို တက်လှမ်းသွားတယ်။ "
" ကံကောင်းလို့ အဲ့ဒီကောင်နဲ့ ငါ လိုက်မယှဉ်တော့တာ။ မဟုတ်ရင် ဒီအချိန်မှာ ငါ ဘယ်လောက်တောင် စိတ်ပျက်အားငယ်နေမလဲ။ ဆဋ္ဌမအလွှာမှာရှိတဲ့ ငါက နဝမအလွှာမှာရှိတဲ့သူနဲ့ နှိုင်းယှဉ်ရမှာလား။ " ဝမ်ယန်တော်ဝင်သားတော်က စိတ်သက်သာရာရသွား၏။
လင်းယွမ် နဝမအလွှာသို့ တက်လှမ်းသွားခြင်းက လူသားမျိုးနွယ်သာမက မျိုးနွယ်ခြားများကိုပါ သက်ရောက်ခဲ့သည်။ နောက်တစ်ကြိမ် လင်းယွမ် လှုပ်ရှားခဲ့လျှင် အလတ်စားစစ်မြေပြင်မဟုတ်ဘဲ မျိုးနွယ်စုများ၏ ပင်မစစ်မြေပြင်ဖြစ်သော စစ်မြေပြင်ကြီးများကိုပါ သက်ရောက်ပေလိမ့်မည်။
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အတွင်းကမ္ဘာထဲမှ ထိုက်ယင်မူလစိတ်ဝိညာဉ်က လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။
" လုံးဝ အသွင်ပြောင်းသွားပြီလား။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ဂရုတစိုက် စစ်ဆေးနေသည်။
" တကယ် သွေးသားခန္ဓာပဲ။ စိတ်ဝိညာဉ်ခန္ဓာမဟုတ်တော့ဘူး။ " လင်းယွမ်က နောက်ဆုံးတွင် ကောက်ချက်ချလိုက်သည်။
" သွေးပြန်လည်မွေးဖွားခြင်း ရုပ်ခန္ဓာနတ်စွမ်းရည်...."
ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုနတ်စွမ်းရည်တံဆိပ်ကို သူ၏ ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ စုစည်းလိုက်သည်။ ၎င်းက ဆန်းကြယ်သော ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူရန်အတွက် အရေးကြီးလေသည်။
မျက်စိတစ်မှိတ်အတွင်း သွေးပြန်လည်မွေးဖွားခြင်းက ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် တစ်သားတည်းဖြစ်သွားသည်။ လင်းယွမ် လက်ရှိစုစည်းထားသော နတ်စွမ်းရည်တံဆိပ်က သူ၏ ခန္ဓာကိုယ်အတွက်သာ သင့်တော်လေသည်။ အခြားသူများက ၎င်းကို အပြည့်အဝ နားလည်လျှင်တောင် အသုံးမဝင်ပေ။
သို့သော် ထိုက်ယင်မူလစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က လင်းယွမ်၏ မူလခန္ဓာက်ုယ်နှင့် တူညီလုနီးပါးဖြစ်သောကြောင့် နတ်စွမ်းရည်ကို အသုံးပြုနိုင်လေသည်။
" စုပ်ယူလိုက်။ " လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်ကို ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ပစ်ပေးပြီး ပထမဆုံးအရည်ကို စတင်စုပ်ယူစေလိုက်သည်။
ထိုအချိန်တွင် လင်းယွမ်က တရားဝင်လူသားမျိုးနွယ်မှ သတင်းတစ်ခု ရလိုက်သည်။
" လေးစားရပါသော နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ နဂါးငွေ့တန်းကြယ်သခင်လင်းယွမ် နဝမအလွှာကို တက်လှမ်းလာသူတစ်ယောက်အနေနဲ့ အလယ်ပိုင်းကြယ်နယ်မြေကို လာဖို့ လိုအပ်ပါတယ်။ "
" အလယ်ပိုင်းကြယ်နယ်မြေကို သွားရမယ်။ " လင်းယွမ်က ထိုအကြောင်းကို ကြိုသိထားသည်။
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ အသစ်တိုင်းက အလယ်ပိုင်းကြယ်နယ်မြေသို့ သွားပြီး စကြာဝဠာရတနာ ထာဝရစမ်းချောင်းထဲတွင် တစ်ကြိမ် စိမ်ခွင့်ရရှိလေသည်။
ထာဝရစမ်းချောင်းက ကြယ် ၁၂လုံး စကြာဝဠာရတနာဖြစ်ပြီး ကမ္ဘာသစ်ပင်ထက်ပင် ပိုအဆင့်မြင့်လေသည်။ ထာဝရစမ်းချောင်းမှ ရေများက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူအသစ်များ၏ ရုပ်ခန္ဓာအတွက် အလွန်အကျိုးရှိလေသည်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် အတွင်းကမ္ဘာက အရေးကြီးဆုံး ဖြစ်သော်လည်း ရုပ်ခန္ဓာကလည်း အလွန်အရေးကြီးလေသည်။
အထူးသဖြင့် ရုပ်ခန္ဓာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသော နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် ဖြစ်သည်။ ထာဝရစမ်းချောင်းက အမှန်တကယ် ကြီးမားသော အခွင့်အလမ်းဖြစ်သည်။
" ကောင်းပြီ။ ငါ အလယ်ပိုင်းကြယ်နယ်မြေကို သွားလိုက်မယ်။ " လင်းယွမ်က မတ်တပ်ရပ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ ခြေတစ်လှမ်းက အလင်းနှစ်ပေါင်းထောင်ချီကို ကျော်ဖြတ်သွားသည်။
ကြယ်စကြာဝဠာ။
လေဟာနယ်အလွှာပေါင်းများစွာထဲတွင် ရပ်နေသော လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြယ်ပေါင်းများစွာကို သူ၏နောက်တွင် ချန်ထားခဲ့သည်။
" ပင်မစကြာဝဠာက တကယ်ကျယ်ပြောတာပဲ။ " လင်းယွမ်က ခရီးဆက်ရင်း စိတ်ထဲမှ အံ့ဩနေသည်။
သူပြောသော ကျယ်ပြောခြင်းဆိုသည်မှာ အပေါ်ယံမဟုတ်ဘဲ အဆုံးမရှိသော လေဟာနယ်အလွှာများကို ရည်ညွှန်းလေသည်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူက အလွှာဆယ်သန်အဆင့်ရှိလျှင်တောင် သူတို့၏ အတွင်းကမ္ဘာထဲတွင် ဖန်တီးထားသော လေဟာနယ်အလွှာများက သန်းချီသာ ရှိလေသည်။
သို့သော လေဟာနယ်အလွှာ သန်းချီက ပင်မစကြာဝဠာ၏ ဆံချည်မျှင်တစ်မျှင်လောက်သာ ရှိလေသည်။
" ဒီလောက်နှစ်ပေါင်းများစွာ မျိုးနွယ်စုတွေ တိုက်ခိုက်တာတောင် ပင်မစကြာဝဠာကို နည်းနည်းပဲ ထိခိုက်စေတာ အံ့ဩရာမရှိပါဘူး။ ဒီလိုကြောက်စရာကောင်းတဲ့ အခြေခံအုတ်မြစ်နဲ့ ပုရွတ်ဆိတ်တွေ တိုက်ခိုက်တာ ဘာဖြစ်နိုင်မှာလဲ။ "
လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်များက သူတို့၏ စစ်ပွဲများက သတ်မှတ်ထားသော စစ်မြေပြင်များတွင်သာ ကန့်သတ်ထားခဲ့ကြသည်။
သူတို့က ပင်မစကြာဝဠာကို ဖျက်ဆီးနိုင်သောကြောင့် မဟုတ်ဘဲ သူတို့၏ တိုက်ခိုက်မှုများက ရင်းမြစ်ဂြိုလ်များနှင့် လျို့ဝှက်နယ်မြေများကို ထိခိုက်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။
စစ်ပွဲများ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ အရင်းအမြစ်များအတွက်သာ ဖြစ်သည်။ အရင်းအမြစ်မရှိဘဲ ဘာအတွက် တိုက်ခိုက်မှာလဲ။ ကြီးမြတ်သူများ၏ တိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသော ထာဝရလေဟာနယ်အက်ကြောင်းများက ပင်မစကြာဝဠာအတွက် သာမန်နေရာလွတ်လေးတစ်ခုသာ ဖြစ်သည်။
" ဟင်..." လင်းယွမ်က အချို့လေဟာနယ်အလွှာများထဲတွင် လက်နက်အပိုင်းအစများ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
" တန်ဖိုးမရှိတာတွေပဲ။ " လင်းယွမ်က ၎င်းတို့ကို စိတ်ဝင်စားခြင်း မရှိပေ။
နှစ်ပေါင်းများစွာအတွင်း ခွန်အားကြီးမားသော ပုဂ္ဂိုလ်များက အဆုံးမရှိသော လေဟာနယ်အလွှာများတစ်လျှောက်တိုက်ခိုက်ခဲ့ကြပြီး ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့လေသည်။ မည်သူအနိုင်ရသည်ဖြစ်စေ သူတို့၏ လက်နက်များ၊ ရတနာများက ပျက်စီးခဲ့ကြပြီး လေဟာနယ်အလွှာများအတွင်း ပြန့်ကျဲနေခဲ့သည်။ ထို့ကြောင့် အချို့ နဝမအလွှာများက ရတနာများ ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် လေဟာနယ်အလွှာများအတွင်း လှည့်လည်သွားလာနေတတ်သည်။
ထို့အပြင် ပင်မစကြာဝဠာ၏ နက်ရှိုင်းသော လေဟာနယ်အလွှာများအတွင်း စကြာဝဠာလျို့ဝှက်နယ်မြေများ မွေးဖွားလာကြသည်။ ထိုစကြာဝဠာလျို့ဝှက်နယ်မြေများက ပင်မစကြာဝဠာ၏ ရွေ့လျားမှုနှင့်အတူ ပြင်ပကမ္ဘာနှင့် လမ်းကြောင်းများ ထွက်ပေါ်လာတတ်သည်။ ချီခွန်ကြယ်သခင် သွားရောက်ဖူးသော ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကလည်း နက်ရှိုင်းသော လေဟာနယ်အလွှာအတွင်း တည်ရှိနေသည်။
လင်းယွမ်က အသက်လေးငါးကြိမ်ရှူချိန်အတွင်း အလင်းနှစ်သောင်းချီကို ဖြတ်သန်းသွားသည်။
" ဟမ် ငါ့ရဲ့ စိတ်စွမ်းအားအချို့ ကုန်ခမ်းသွားတာပဲ။ " လင်းယွမ်က သူ၏ ပြောင်းလဲမှုများကို သတိထားမိလိုက်သည်။
ပြည့်စုံသော လေဟာနယ်နိယာမကို ကျွမ်းကျင်ထားသောကြောင့် သူက မဟာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုနိုင်လေသည်။ သို့သော် ထိုစွမ်းရည်ကို အသုံးပြုခြင်းက စိတ်စွမ်းအားကို သုံးစွဲရလေသည်။ လင်းယွမ်က ထိုနှုန်းအတိုင်း ဆက်လက်သွားနေလျှင် ခြေလှမ်းသောင်းချီအတွင်း ပင်ပန်းနွမ်းနယ်လာနိုင်လေသည်။
သာမန် နဝမအလွှာနှင့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများက ပင်ပန်းနွမ်းနယ်ခြင်းမခံကြပေ။ အကြောင်းမှာ ၎င်းက သူတို့၏ စွမ်းဆောင်ရည်ကို ထိခိုက်စေသောကြောင့်ဖြစ်သည်။
ယခင် ဒုမျှော်စင်သခင် နာလန်က ကြီးမြတ်သူရှချင်၏ အမိန့်နှင့် ကြယ်ဒေသများကို ဖြတ်သန်းပြီး စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို ယူဆောင်လာပေးခဲ့သည်။ ၎င်းက သခင်နာလန်၏ ခွန်အားကြောင့်ဖြစ်သည်။ ခွန်အားပိုကြီးလေ ပင်ပန်နွမ်းနယ်ခြင်း ပိုနည်းလေဖြစ်သည်။
" အာကာသယာဉ်နဲ့ သွားတာပဲကောင်းပါတယ်။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အေအဆင့် အာကာသယာဉ်က သူ၏ ရှေ့တွင် ပေါ်လာသည်။
ထိုအချိန်တွင် လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ငါ့ရဲ့ စိတ်စွမ်းအားက ပြန်ကောင်းလာတာလား။ "
စိတ်စွမ်းအားကုန်ခမ်းခြင်းက သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာလေသည်။ သို့သော် လင်းယွမ်၏ ပြန်လည်ကောင်းမွန်နှုန်းက သဘာဝထက် ပိုမြန်နေသည်။
" အတွင်းကမ္ဘာထဲက ကမ္ဘာသစ်ပင်..." လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားပြီး မီတာတစ်ရာကျော်မြင့်သော ကမ္ဘာသစ်ပင်ကို ကြည့်လိုက်သည်။
အစိမ်းရောင်အလင်းများက ကမ္ဘာသစ်ပင်၏ အနှစ်သာရနှင့်အတူ အတွင်းကမ္ဘာထဲသို့ ပေါင်းစပ်ဝင်ရောက်နေသည်။ ထို့နောက် ကမ္ဘာစွမ်းအားက လှည့်ပတ်ပြီး လင်းယွမ်၏ သွေးသား၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့ကို အားဖြည့်ပေးနေသည်။ အစိမ်းရောင်အလင်းက လင်းယွမ်၏ စိတ်စွမ်းအားကို အားဖြည်းပေးနေခြင်းဖြစ်သည်။
" ဒါဆို ကမ္ဘာသစ်ပင်က ဒီလိုလည်း အသုံးဝင်တာပဲလား။ " လင်းယွမ်က ပြုံးလိုက်သည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ကုန်ခမ်းမှုက ပြန်လည်ကောင်းမွန်ရန် လွယ်ကူလေသည်။ သို့သော် စိတ်စွမ်းအားကို ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်သော ရတနာများက အလွန်တန်ဖိုးကြီးကြလေသည်။
" ဒါနဲ့ဆို ငါ မဟာရွှေ့ပြောင်းခြင်းစွမ်းရည်ကို ဆက်သုံးလို့ရပြီ။ ခြေတစ်လှမ်းအကွာအဝေးကို နည်းနည်း လျှော့လိုက်ရုံပဲ။ "
" ခြေတစ်လှမ်းကို အလင်းနှစ် ကိုးရာ... မဟုတ်သေးဘူး။ အလင်းနှစ် ရှစ်ရာ မဟုတ်သေးပြန်ဘူး။ အလင်းနှစ် ခုနှစ်ရာ မဟုတ်သေးဘူး။ "
လင်းယွမ်က စိတ်စွမ်းအား ကုန်ခမ်းမှုနှင့် ပြန်လည်ကောင်းမွန်လာနှုန်းတို့ကြား ညီမျှသော အမှတ်ကို ရှာဖွေရန် စမ်းသပ်နေသည်။
နောက်ဆုံးတွင် ခြေတစ်လှမ်းကို အလင်းနှစ် ၅၃၀ နှုန်းဖြင့် သွားခြင်းက စိတ်စွမ်းအား ကုန်ခမ်းမှုနှင့် ကမ္ဘာသစ်ပင်၏ အားဖြည့်မှုတို့ကြား ညီမျှသွားခဲ့သည်။
ဆိုလိုသည်မှာ လင်းယွမ်က ခြေတစ်လှမ်းကို အလင်းနှစ် ၅၃၀ နှုန်းဖြင့် ထိန်းထားနိုင်သရွေ့ သူ၏ စိတ်စွမ်းအားက မကုန်ခမ်းဘဲ ပင်ပန်းနွမ်းနယ်ခြင်း ရှိမည်မဟုတ်ပေ။
" ဒီလိုမှပေါ့။ " လင်းယွမ်က ကြယ်စကြာဝဠာထဲတွင် အလယ်ပိုင်းကြယ်နယ်မြေသို့ ဦးတည်သွားလိုက်သည်။