ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံ...
Vol. 29 Ch. 444
ထာဝရစမ်းချောင်းက ခန္ဓာကိုယ်၏ အခြေခံကိုသာ မြှင့်တင်ပေးနိုင်သော်လည်း ဆန်းကြယ်သော ဘူးသီးခြောက်ကတော့ ခန္ဓာကိုယ်၏ အမြင့်ဆုံးကန့်သတ်ချက်ကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်လေသည်။
ခန့်မှန်းခြေအရ အရည်ခုနှစ်မျိုးကို စုပ်ယူပြီးလျှင် ခန္ဓာကိုယ်၏ တိုးမြှင့်မှုက ၂၃.၃၁ ဆထိ ရောက်ရှိသွားပေလိမ့်မည်။ ထို့အပြင် တိုးမြင့်မှုက အခြေခံတိုးမြင့်မှုသာဖြစ်ပြီး ခွန်အားတိုးတက်မှုလည်း ရှိနေသည်။
သက်တမ်းက ပြောစရာရှိသော်လည်း အတွင်းကမ္ဘာ၏ အခြေခံအရွယ်အစားကို ၂၃.၃၁ဆ ချဲ့ထွင်ပေးခြင်းက အလွန်ကြောက်စရာကောင်းသွားပြန်သည်။
အတွင်းကမ္ဘာ၏ အရွယ်အစားက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် အလွန်အရေးပါလေသည်။ မိုင်တစ်ရာတိုးလာခြင်းကပင် ခွန်အားကို မြင့်တက်စေလျှင် အဆ ၂၃.၃၁ဆ တိုးတက်လာခြင်းကို စဉ်းစားကြည့်နိုင်လေသည်။
နဝမအလွှာနှင့် ဒသမအလွှာများအတွက် သူတို့က အတွင်းကမ္ဘာ၏ လေဟာနယ်အလွှာများကို ဖွင့်လှစ်နေကြပြီဖြစ်ပြီး အတွင်းကမ္ဘာ၏ မူလအရွယ်အစားက အခြေခံသာ ဖြစ်နေဆဲဖြစ်သည်။
မိုင်တစ်ဘီလီယံရှိသော အတွင်းကမ္ဘာက လေဟာနယ်အလွှာ ဆယ်ခု သို့မဟုတ် ထောင်ချီဖွင့်ထားသော နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ကို အလွယ်တကူ ချေမှုန်းနိုင်လေသည်။
" ငါ့ရဲ့ ဘူးသီးခြောက်ကို လျို့ဝှက်ထားရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်လကြာသွားခဲ့သည်။ နဝမအလွှာသို့ တက်လှမ်းခါစ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ထာဝရစမ်းချောင်းထဲတွင် အများဆုံး ခြောက်လသာ စိမ်နိုင်လေသည်။ ထိုထက်ပိုကြာလျှင် စမ်းရေ၏ သက်ရောက်မှုများက လျော့နည်းသွားနိုင်လေသည်။
" အချိန်စေ့ပြီ။ " လင်းယွမ်က ထရပ်လိုက်ပြီး ရေကန်ထဲမှ ထွက်လာသည်။
" ငါ့ရဲ့ ခန္ဓာကိုယ်အလားအလာက ရှစ်ဆယ်ရာခိုင်နှုန်းလောက် တိုးလာတာပဲ။ သက်တမ်းက နှစ်သန်းခုနှစ်ဆယ်။ " လင်းယွမ်က ကျေနပ်သွား၏။
ထာဝရစမ်းချောင်းမှ ထွက်လာပြီးနောက် လင်းယွမ်အတွက် နေထိုင်ရန် အခန်းတစ်ခန်း စီစဉ်ထားလေသည်။ နဝမအလွှာကို ယခုမှ ဝင်ရောက်လာသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ထာဝရစမ်းချောင်းထဲတွင် တစ်ကြိမ် စိမ်ခွင့်ရရှိသည့်အပြင် အစိမ်းရောင်တောင်ထိပ်တွင်လည်း တစ်ညတည်းခိုခွင့်ရှိလေသည်။
အခန်းထဲတွင် လင်းယွမ်က ကျင့်ကြံခြင်း သို့မဟုတ် ဉာဏ်အလင်းရှာဖွေခြင်းများ မပြုလုပ်ဘဲ မိခင်ဂြိုလ်ပေါ်တွင် စီးဆင်းနေသော လျို့ဝှက်ဆန်းကြယ်သည့် အော်ရာကို ခံစားနေသည်။
ထိုဆန်းကြယ်သော အော်ရာက ကျယ်ပြော၍ နက်ရှိုင်းလှပြီး လင်းယွမ်ကို မိခင်၏ ရင်ခွင်ထဲကို ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။
" ငါတို့ လူသားမျိုးနွယ်ရဲ့ မျိုးနွယ်ကာကွယ်ရေးလက်နက်က မိခင်ဂြိုလ်ပေါ်မှာ ရှိတယ်လို့ ကြားဖူးတယ်။ ဒါကြောင့်ပဲ မိခင်ဂြိုလ်နဲ့ အလယ်ပိုင်းကြယ်နယ်မြေကို မျိုးနွယ်ခြားတွေက မကျူးကျော်ရဲတာပဲ။ "
မျိုးနွယ်ကာကွယ်ရေးလက်နက်ရှိလျှင် ကြီးမြတ်သူတစ်ယောက် လှုပ်ရှားလျှင်တောင် အလယ်ပိုင်းကြယ်နယ်မြေကို ကျူးကျော်နိုင်မည်မဟုတ်ပေ။ သူတို့က ကြီးမားသော ဆုံးရှုံးမှုနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
" အရမ်းနေလို့ကောင်းတာပဲ။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး မိခင်ဂြိုလ်၏ အော်ရာကို ခံစားကြည့်နေသည်။
ထိုအချိန်တွင် ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာတစ်ခုမျိ မရေတွက်နိုင်သော အလင်းနှစ်များကို ဖြတ်သန်းလာသော ခေါ်သံတစ်ခုက အကြောင်းရင်းတစ်ခုကြောင့် လင်းယွမ်နှင့် ဆက်သွယ်မိသွားသည်။
ထိုခေါ်သံကို လင်းယွမ်တစ်ယောက်သာ ခံစားနိုင်လေသည်။ မိခင်ဂြိုလ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများစွာနှင့် ပြောင်းလဲမှုအားလုံးကို စောင့်ကြည့်နေသော မျိုးနွယ်ကာကွယ်ရေးလက်နက်ပင် အာရုံခံနိုင်ခြင်းမရှိခဲ့ပေ။
မိခင်ဂြိုလ်ကို အမြဲတမ်းဖုံးလွှမ်းထားသော ကြီးမြတ်သူများ၏ အာရုံများကလည်း ၎င်းကို သတိထားမိခဲ့ခြင်းမရှိပေ။ အရာအားလုံးက မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသည်။
လင်းယွမ်တစ်ယောက်တည်းသာ ရှင်းလင်းသော ခေါ်သံကို ခံစားလိုက်ရခြင်းဖြစ်သည်။
" ဘယ်သူလဲ။ လင်းယွမ်က မျက်လုံးများဖွင့်ပြီး ခေါ်သံ၏ မူလအစ ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာသို့ စိုက်ကြည့်လိုက်သည်။
" ငါ့ကို ဘယ်သူခေါ်နေတာလဲ။ " လင်းယွမ်က အံ့အားသင့်သွားသည်။
ခေါ်သံက မှိန်ဖျော့ပြီး အချိန်မရွေး ပြတ်တောက်သွားနိုင်သော်လည်း အရေးပါသော အဓိပ္ပါယ်တစ်ခုကို သယ်ဆောင်လာသည်။
" ဘယ်နေရာကလဲ။ " လင်းယွမ်က ခေါ်သံ၏ ဦးတည်ရာနေရာကို ကြည့်လိုက်သည်။
" အဲ့ဒါ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေလား။ "
သူကြည့်နေရာသော ဦးတည်ရာတွင် ကြယ်နယ်မြေများစွာနှင့် ကြယ်မဟာမိတ်များအပြင် အခြားအရာများ ရှိနေလေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ထိုထဲမှ တစ်ခုဖြစ်သည်။
သို့သော် လင်းယွမ်၏ ပင်ကိုအသိစိတ်အရ ထိုခေါ်သံက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လာခြင်းဖြစ်သည်ကို အတည်ပြုလိုက်နိုင်သည်။
" ငါက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခဲ့လို့လား။ " လင်းယွမ်က တွေးလိုက်မိသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ရှာတွေ့ပြီးနောက် လူသားဆင့်ကဲပြောင်းလဲသူများနှင့် မျိုးနွယ်ခြား အင်အားကြီးမားသူများက ရှာဖွေရန် ဝင်ရောက်ခဲ့ကြသည်။ သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံကို ဘယ်သူမှမကြားခဲ့ပေ။
လင်းယွမ်အတွက် ဖြစ်နိုင်ခြေတစ်ခုမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ ဖြစ်သည်။ ထိုအရာက သူနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတို့ကြား တစ်ခုတည်းသော ဆက်နွယ်မှုဖြစ်သည်။
လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဓိက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဖြစ် မထားခဲ့သော်လည်ူ ၎င်းက သူကျင့်ကြံခဲ့သော လမ်းစဉ်များထဲမှ တစ်ခုဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း ရွှမ်ဟွမ်စွမ်းအားက လည်ပတ်နေသည်။
" ဆရာရရှိခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မျှော်လင့်ထားတာထက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနဲ့ ပိုကြီးတဲ့ ဆက်နွယ်မှုရှိနေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခဲ့ရုံနှင့် မရေတွက်နိုင်သော အလင်းနှစ်များကို ဖြတ်ပြီး ခေါ်နိုင်လေသည်။ ထိုခေါ်သံက သူ၏ မိခင်ဂြိုလ်ပေါ်မှ သီးခြားစနစ်အားလုံးကို လျစ်လျူရှုနိုင်ပြီး ကြောက်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်လေသည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ.... " လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူက ထိုစကြာဝဠာလျို့ဝှက်နယ်မြေကို စိတ်ဝင်စားပြီးသားဖြစ်သည်။ ယခုတော့ ပို၍ ပြင်းထန်လာလေသည်။ လင်းယွမ်က ထိုခေါ်သံ၏ မူလအစကို သိချင်လေသည်။ ၎င်းက လျို့ဝှက်နယ်မြေကိုယ်တိုင်လား သို့မဟုတ် လျို့ဝှက်နယ်မြေအတွင်းမှ တစ်စုံတစ်ခုလား။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲကို ဝင်ကြည့်ရမယ်။ " လင်းယွမ်က စိတ်ပိုင်းဖြတ်လိုက်သည်။
အမှန်တွင် နဝမအလွှာ မပြောနှင့် ကြယ်စကြာဠာထဲတွင် စတင်သွားလာနိုင်သော ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပင် လျို့ဝှက်နယ်မြေများကို စတင်စူးစမ်းနေကြပြီဖြစ်သည်။
လူသားမျိုးနွယ်၏ နယ်မြေအတွင်း တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ထားသော လျို့ဝှက်နယ်မြေများ ပေါများလေသည်။ ထိုလျို့ဝှက်နယ်မြေများက နက်ရှိုင်းသော လေဟာနယ်အလွှာများတွင် ရှိခြင်းမဟုတ်ဘဲ ပင်မစကြာဝဠာနှင့်လမ်းကြောင်းများ ဆက်သွယ်ထားနိုင်လေသည်။
လင်းယွမ်က နဝမအလွှာသို့ ရောက်နေပြီဖြစ်သော်လည်း လျို့ဝှက်နယ်မြေကို တစ်ခါမှ မစူးစမ်းဖူးပေ။ သို့သော် ယခု ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံကြောင့် သွားရောက်စူးစမ်းရန် သေချာသွားခဲ့သည်။
ရလဒ်က မည်သို့ပင်ဖြစ်စေ လင်းယွမ်အတွက် ဆုံးရှုံးမှု မရှိပေ။ အဆိုးဆုံးအနေဖြင့် သူ၏ မူလစိတ်ဝိညာဉ် ကျဆုံးသွားရုံသာဖြစ်သည်။ လင်းယွမ်၏ ရင်းမြစ်များနှင့် မူလစိတ်ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းရန် သိပ်ခက်ခဲမည်မဟုတ်ပေ။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက တစ်ကြိမ်ပွင့်တိုင်း နှစ်တစ်ရာကြာတယ်။ အချိန်ကုန်တာနဲ့ အဲ့ဒါက ပိတ်သွားပြီး အတွင်းမှာ ကျန်နေတဲ့ သက်ရှိတွေအားလုံး ချက်ချင်း သေဆုံးရလိမ့်မယ်။ "
" သေဆုံးရတဲ့ အကြောင်းရင်းက မရှင်းလင်းဘူး။ အချို့က ကိုယ်ပွားတွေကို တမင်ထားခဲ့တာတောင် သူတို့ကိုယ်ပွားတွေ ဘယ်လိုသေဆုံးလဲဆိုတာ မသိရဘူး။"
" ဒါကြောင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဝင်ရင် အရေးကြီးဆုံးက မပိတ်ခင်ပြန်ထွက်လာနိုင်ဖို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး ကိုယ်ပွားပျက်ဆီးသွားလျှင် အခြားသူတွေက လင်းယွမ်ကဲ့သို့ မူလစိတ်ဝိညာဉ်ကို အလွယ်တကူ ပြန်လည်ဖွဲ့စည်းနိုင်စွမ်းမရှိကြပေ။
အဓိကအချက်မှာ နယ်မြေအတွင်းက အကျိုးအမြတ်အားလုံးက အထဲမှာပဲ ဆုံးရှုံးသွားပေလိမ့်မည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ပက်သက်သော အချက်အလက်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းက အထွတ်အထိပ်မျိုးနွယ်များ၏ အားသာချက်ပင် ဖြစ်သည်။
သာမန်အားနည်းသော မျိုးနွယ်များမှ သန်မာသူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲ ဝင်နိုင်လျှင်တောင် အကျိုးအမြတ်များ ရရှိပြီး အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခြေ နည်းလေသည်။ သူတို့က လျို့ဝှက်နယ်မြေအတွင်းမှ အန္တရာယ်များနှင့် တားမြစ်ချက်များစွာကို မသိကြဘဲ အချိန်မရွေး သေဆုံးသွားနိုင်လေသည်။
လူသားမျိုးနွယ်မှ ပိုင်ဆိုင်ထားသော လျို့ဝှက်နယ်မြေနှင့် ပက်သက်သည့် အချက်အလက်များက မရေတွက်နိုင်သော အသက်များကို ပေးဆပ်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ရက်တွင် လင်းယွမ်က အစိမ်းရောင်တောင်ထိပ်မှ ထွက်ခွာလာခဲ့သည်။
" တစ်ကြိမ်စိမ်ဖို့ ကုန်ကျစရိတ်က ဒီလောက်မများဘူးဆိုရင် ငါ့ရဲ့ မူလစိတ်ဝိညာဉ်နှစ်ခုလုံးကို ခေါ်လာချင်မိတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ထာဝရစမ်းချောင်း၏ သက်ရောက်မှုများက ဆန်းကြယ်သော ဘူးသီးခြောက်လောက် မကြီးမားသော်လည်း ကုန်ကျစရိတ်က ကောင်းမှုအမှတ်ငါးသန်းရှိလေသည်။
" လူသားမျိုးနွယ်မဟာမိတ်မှာ ကောင်းမှုအမှတ်တွေက အားလုံးအတွက် အရေးပါတာပဲ။ "
လင်းယွမ်က ကောင်းမှုအမှတ်များ၏ အရေးပါးပုံကို နားလည်လေသည်။ လူသားမျိုးနွယ်အတွင်း အရင်းအမြစ်များကို ယဉ်ကျေးမှုငွေ၊ စကြာဝဠာငွေ သို့မဟုတ် ရောင်းဝယ်ခြင်း မပြုလုပ်နိုင်ဘဲ ကောင်းမှုအမှတ်များနှင့်သာ ရရှိနိုင်လေသည်။
ကောင်းမှုအမှတ်များ လုံလောက်လျှင် ကြယ်၁၂လုံး ရတနာဖြစ်သော ထာဝရစမ်းချောင်းကိုပင် ဝယ်ယူနိုင်လေသည်။
" သွားဖို့ အချိန်ကျပြီ။ " လင်းယွမ်က မိခင်ဂြိုလ်မှ လေဟာနယ်လမ်းကြောင်းအတိုင်း ထွက်ခွာလာပြီး ပြောင်းရွှေ့ခြင်းဂြိုလ်သို့ ရောက်လာသည်။