အနက်ရောင်မျှော်စင်၏ တတိယအထပ်....
Vol. 29 Ch. 449
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်လာသော အလွှာဆယ်သန်းအဆင့် နဝမအလွှာများက အနည်းငယ် ရှိပြီး အားလုံးက တိုးတက်ရန် အခွင့်အလမ်းများ ရှာဖွေကြခြင်းဖြစ်သည်။
ထိုအံ့ဖွယ်ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သော ရတနာက ၎င်း၏ လက္ခဏာများအရ ကြယ်ဆယ်လုံး စကြာဝဠာရတနာဖြစ်နိုင်လေသည်။ ၎င်းက အလွှာတစ်သန်းနှင့် အလွှာဆယ်သန်းအဆင့် နဝမအလွှာ သန်မာသူများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
မကြာမီ လင်းယွမ်က တောင်တန်းများဆီမှ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။ စွမ်းအားအကြွင်းအကျန်များက လေဟာနယ်အလွှာပေါင်းများစွာကို ထိုးဖောက်သွားသည်။
" အလွှာဆယ်သန်းအဆင့်နဲ့ နီးကပ်နေတဲ့ နဝမအလွှာတစ်ယောက် လှုပ်ရှားနေတာ ဖြစ်ရမယ်။ " လင်းယွမ်က သူ၏ စိတ်ထဲမှ တွေးလိုက်သည်။
အလွှာဆယ်သန်း နဝမအလွှာတစ်ယောက်က လေဟာနယ်အလွှာ သန်းပေါင်းများစွာကို ထိခိုက်စေနိုင်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလှသည်။ ထိုလေဟာနယ်အလွှာသန်းပေါင်းများစွာအတွင်း ရှိနေသရွေ့ သူတို့၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
" ဘာပဲဖြစ်ဖြစ် အဲ့ဒါက ငါနဲ့မဆိုင်ဘူး။ " လင်းယွမ်က ပင်မဒေသဆီသို့ ဆက်သွားလိုက်သည်။
အမှန်တော့ အတွင်းဘက်ဒေသတွင် ထိုသို့ ကြီးမားသော အခွင့်အလမ်းတစ်ခုပေါ်လာခြင်းက လင်းယွမ်အတွက် ကောင်းသောအရာတစ်ခု ဖြစ်လေသည်။ အလွှာတစ်သန်းနှင့် အလွှာဆယ်သန်းအဆင့် နဝမအလွှာများက ၎င်းကို အာရုံစိုက်နေကြပေလိမ့်မည်။
လင်းယွမ်အတွက် ကျန်ခရီးက ပိုမိုချောမွေ့လာမည်ဖြစ်ပြီး သူမကိုင်တွယ်နိုင်သော မျိုးနွယ်ခြားများနှင့် တွေ့နိုင်မည့် အခွင့်အရေး လျော့နည်းသွားပေလိမ့်မည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲမှာ အခုထိတော့ အားလုံးအဆင်ပြေနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။ သူ၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က လေဟာနယ်အလွှာများထဲ ပေါင်းစပ်ပြီး ပင်မဒေသဆီသို့ အလွန်လျင်မြန်စွာ သွားနေသည်။
" ငါ နဝမအလွှာကို ရောက်ပြီးကတည်းက အနက်ရောင်မျှော်စင်ရဲ့ တတိယအလွှာကို တစ်ခါမှ မစမ်းကြည့်ရသေးဘူး။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို အသက်သွင်းပြီး နတ်ဆိုးကျောက်စိမ်းနေရာထဲသို့ ဝင်ရောက်သွားသည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာအတွင်းရှိ အနက်ရောင်မျှော်စင်မှ တစ်ထပ်ကို ဖြတ်ကျော်ပြီးတိုင်း ရတနာများရရှိခဲ့သည်။ ကမ္ဘာသစ်ပင်၊ လေဟာနယ်အနက်ဖွင့်ဆိုချက်၊ ပုံရိပ်ယောင်အစစ်အမှန်၊ ဖရိုဖရဲသလင်သကျောက်နှင့် အခြားရတနာများက လင်းယွမ်အတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။
နဝမအလွှာကို ရောက်ပြီးနောက် လင်းယွမ်က ဆင်ခြင်သုံးသပ်ခြင်းကို ရပ်တန့်ခြင်းမရှိခဲ့ပေ။ အထူးသဖြင့် လေဟာနယ်အနက်ဖွင့်ဆိုချက်က လေဟာနယ်နိယာမကို လူသားမျိုးနှင့် မတူညီသော ရှုထောင့်တစ်ခုမှ ရှင်းပြပေးထားသည်။
နတ်ဆိုးကျောက်စိမ်းနေရာထဲတွင် လင်းယွမ်၏ စိတ်အသိကိုယ်ပွား ပေါ်လာသည်။
" ဒီနေရာက..." လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။ သူက နဝမအလွှာကို ရောက်ပြီးနောက် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။
ယခု လင်းယွမ်က နဝမအလွှာ ဖြစ်သောကြောင့် အဋ္ဌမအလွှာ ရှိတုန်းနှင့်မတူဘဲ နတ်ဆိုးကျောက်စိမ်းနေရာ၏ အနှစ်သာရကို သတိပြုမိလေသည်။
" လေဟာနယ်အလွှာတွေက လုံးဝ သီးခြားရပ်တည်နေတာပဲ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ဒါကို ဘယ်လိုများလုပ်ခဲ့တာလဲ။ " လင်းယွမ်က အံ့အားသင့်နေသည်။
နတ်ဆိုးကျောက်စိမ်းနေရာက ပင်မစကြာဝဠာနှင့် မသက်ဆိုင်သည်ကို လင်းယွမ်က သိလေသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပင်မစကြာဝဠာမှ သက်ရှိတစ်ယောက်မဟုတ်ပေ။
" အခု တတိယအထပ်မှာ ဘယ်လောက်ထိခံနိုင်မလဲ ကြည့်ရမယ်။ " လင်းယွမ်က အနက်ရောင်မျှော်စင်ဆီသို့ ဦးတည်သွားသည်။
ကျောက်ရုပ်တုရှန်းကျိ၏ စကားအရ တတိယအထပ်ကို နဝမအလွှာ အလွန်သန်မာသူများနှင့် ဒသမအလွှာများအတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်သည်။
လင်းယွမ်က နဝမအလွှာသို့ ရောက်နေသော်လည်း တတိယအထပ်ကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက်မရှိသေးပေ။ သူက အနက်ရောင်မျှော်စင်၏ တတိယအထပ်ကို စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။
ပထမအထပ်နှင့် ဒုတိယအထပ်များက နေရာအနှံ့မှ ဖိအားများကို ခုခံရခြင်းဖြစ်သော်လည်း တတိယအထပ်က ကွဲပြားသည်ဟု လင်းယွမ်က ခံစားခဲ့ရလေသည်။
အနက်ရောင်မျှော်စင်ရှေ့တွင် ကျောက်ရုပ်တုရှန်းကျိပေါ်လာသည်။
" မင်းပျောက်နေတာကြာပါပြီ။ "
လင်းယွမ်က ယခင်နှင့်မတူဘဲ ပြောင်းလဲသွားပြီး သူ၏ စိတ်အသိက လေဟာနယ်အလွှာများနှင့် သဘာဝအတိုင်း ပေါင်းစပ်နေသည်ကို သတိပြုမိလေသည်။
" မင်းက နဝမအလွှာကို ရောက်သွားပြီလား။ " ကျောက်ရုပ်တုရှန်းကျိက စိတ်ရှုပ်ထွေးနေသည်။
လင်းယွမ်ကဲ့သို့ ထူးခြားသော ပါရမီရှင်တစ်ယောက်က နဝမအလွှာသို့ ရောက်ရန် စိန်ခေါ်မှုတစ်ခုမဟုတ်သည်ကို သူကောင်းကောင်းသိသော်လည်း လင်းယွမ်က ထိုအဆင့်သို့ အချိန်တိုအတွင်း ရောက်လာသည်ကို မြင်သောအခါ သူက ထူးခြားသော ခံစားချက်များကို ခံစားနေရသည်။
" ကံက မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" မင်းက တတိယအထပ်ကို စမ်းသပ်ချင်လို့လား။ " ကျောက်ရုပ်တုရှန်းကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
လင်းယွမ်က အဋ္ဌမအလွှာတွင် ရှိနေသေးလျှင် ကျောက်ရုပ်တုရှန်းကျိက တတိယအထပ်ကို စိန်ခေါ်ရန် အကြံပေးမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းက အဓိပ္ပါယ်မရှိသောကြောင့် ဖြစ်သည်။ သို့သော် ယခု နဝမအလွှာကို ရောက်နေပြီဖြစ်သောကြောင့် လင်းယွမ်က တတိအထပ်ကို စမ်းသပ်ကြည့်နိုင်လေသည်။
" သွားပါ။ " ကျောက်ရုပ်တုရှန်းကျိက လမ်းဖယ်ပေးလိုက်သည်။
လင်းယွမ်က အနက်ရောင်မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။
တတိယအထပ်တွင် လင်းယွမ်က ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်စရာကောင်းသော ဖိအားတစ်ခုက နေရာအနှံ့မှ လင်းယွမ်ဆီသို့ ဝင်ရောက်လာသည်။ လင်းယွမ်၏ ခန္ဓာကိုယ်က ပင်မလေဟာနယ်တွင် မရှိသောကြောင့် ဖိအားများက သူ့ကို ဖြတ်သန်းသွားကြသည်။
လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဖိအားများက လေဟာနယ်အလွှာများကို ထိုးဖောက်လာသည်။ ခြေဆယ်လှမ်း လှမ်းပြီးချိန်တွင် ဖိအားက လေဟာနယ်အလွှာ တစ်သောင်းနီးပါးကို ထိုးဖောက်သွားသည်။
လင်းယွမ်က လေဟာနယ်အလွှာ ရှစ်သောင်းကျော်တွင် ရှိနေသော်လည်း ဖိအားအနည်းငယ်ကို ခံစားနေရသည်။ ထို့နောက် သူက ခြေလှမ်းတစ်ရာအထိ ဆက်သွားခဲ့သည်။
ကြီးမားသော ဖိအားက ထိတွေ့နိုင်သကဲ့သို့ ဖြစ်လာပြီး လေဟာနယ်အလွှာ ရှစ်သောင်းကို ပဲ့တင်ထပ်နေသည်။ ၎င်းကို မြင်သောအခါ လင်းယွမ်က ရှေ့ဆက်မသွားရန် ဆုံးဖြတ်လိုက်သည်။
" အနက်ရောင်မျှော်စင်က တတိယအထပ်ရဲ့ စမ်းသပ်မှုက ဖိအားကို ခုခံဖို့မဟုတ်ဘူး။ ဒီဖိအားကို ခုခံလို့မရဘူး။ ဒသမအလွှာတွေတောင် ဖိအားနဲ့ ထိမိရင် သူတို့ရဲ့ စိတ်အသိက ပြိုကွဲသွားမှာပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။
အနက်ရောင်မျှော်စင်မှ တတိယအထပ်၏ စမ်းသပ်မှုက လေဟာနယ်အလွှာများကို သိမ်းပိုက်ခြင်းဖြစ်သည်။ ဖိအားကို ရှောင်တိမ်းနိုင်ရန်အတွက် လေဟာနယ်အလွှာများစွာကို သိမ်းပိုက်ရန် လိုအပ်လေသည်။
လင်းယွမ်အတွက် လေဟာနယ်အလွှာများကို သိမ်းပိုက်ခြင်သက အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာပေါင်းများစွာကို ဖွင့်လှစ်ခြင်းဖြစ်သည်။ အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာများကို ပို၍ ဖန်တီးနိုင်သည်နှင့် ပင်မစကြာဝဠာမှ လေဟာနယ်အလွှာများကို ပို၍ ထိန်းချုပ်နိုင်ပေလိမ့်မည်။
ယခု လင်းယွမ်၏ အတွင်းကမ္ဘာက လေဟာနယ်အလွှာ ၈၇၀၀၀ကို ဖန်တီးထားပြီး ပင်မစကြာဝဠာမှ လေဟာနယ်အလွှာ ၈၇၀၀၀ကို ချက်ချင်း သိမ်းပိုက်နိုင်လေသည်။
" ငါ အခုရောက်နေတဲ့ နေရာက တတိယအထပ်ရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။ ဒီနေရာမှာတောင် ဖိအားက လေဟာနယ်အလွှာ ရှစ်သောင်းကျော်ကို ဖြတ်သန်းနေတာဆိုတော့ တတိယအထပ်ကို ဖြတ်ကျော်နိုင်ဖို့ လေဟာနယ်အလွှာ သန်းတစ်ရာတီးပါးကို သိမ်းပိုက်ဖို့ လိုအပ်မှာမဟုတ်လား။ " လင်းယွမ်က အံ့အားသင့်နေသည်။
တစ်နည်းအားဖြင့် တတိယအထပ်ကို ဖြတ်ကျော်ရန် အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ဖန်တီးထားရန် လိုအပ်လေသည်။
နဝမအလွှာ၏ အဆင့်ငါးဆင့်ထဲမှ နောက်ဆုံးအဆင့် အလွှာဆယ်သန်းအဆင့်က လေဟာနယ်အလွှာ ဆယ်သန်းအား ဖန်တီးခြင်းကို ဆိုလိုလေသည်။ သို့သော် ယခု အနက်ရောင်မျှော်စင်၏ တတိယအထပ်ကို ဖြတ်ကျော်ရန် လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို လိုအပ်လေသည်။
" နဝမအလွှာရဲ့ အထူးသန်မာသူတွေပဲ ဒီအထက်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာ မထူးဆန်းဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ်သန်းအဆင့်က နဝမအလွှာ၏ နောက်ဆုံးအဆင့်ဖြစ်သော်လည်း အသန်မာဆုံးဟု မဆိုလိုပေ။ လေဟာနယ်အလွှာ ဆယ်သန်းကို တည်ဆောက်ပြီးနောက် လေဟာနယ်အလွှာများကို ထပ်မံ ဖန်တီးနိုင်လေသည်။
သို့သော် ၎င်းက အလွန်ခက်ခဲလေသည်။ လေဟာနယ်အလွှာ ဆယ်သန်းကို တည်ဆောက်ထားသော နဝမအလွှာများက ထိုအဆင့်သို့ ရောက်ရန် အချိန်များ၊ အင်အားများ ထုတ်ခဲ့ရလေသည်။
အလွှာဆယ်သန်းအဆင့်ကို နဝမအလွှာ၏ နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်ခြင်းမှာ လေဟာနယ်အလွှာ ဆယ်သန်းသို့ ရောက်သည်နှင့် ဒသမအလွှာသို့ တက်လှမ်းရန် ကြိုးစားနိုင်သောကြောင့် ဖြစ်သည်။